Monday, December 13, 2010
ငါ...များတဲ့သူတွေ ----- သတိ
လောကကြီးမှာ   ငါသာပထမ
ငါသာအမှန်              ငါသာကောင်းတာမို့
အချိန်တိုင်းငါ         ဟိုနေရာမှာငါ
နေရာတိုင်းငါ       ဒီနေရာမှာငါ
ငါသာအနာဂတ်    ငါသာကမ္ဘာပတ်
ငါသာပညာတတ်         အတိတ်မှာ ငါ့အသက်
ပစ္စုပ္ပန်ဟာ ငါ့အတွက်     အချိန်တိုင်းဟာ ငါ့ရမ္မက်
ပြိုင်ဘက်မရှိငါ    နိုင်လက်ရှိတဲ့ငါ
အပိုင်ကွက်သိတဲ့ငါ   ယိုင်ပျက်မှုမရှိတဲ့ငါ
ပြည့်စုံတဲ့ငါ   စေ့ငုံတဲ့ငါ
လုံခြုံတဲ့ငါ     ကုံလုံတဲ့ငါ
ငါစကားလုံး အခါခါသုံး   ငါ့အသက်ငါရှူရင်း
ငါ့ထမင်းငါစားရင်း   ငါ့ငွေငါသုံးရင်း
ငါ့အချိန်ငါဖြုံန်းရင်း            ငါ့အကြောင်းငါတွေးရင်း
ငါ့အကောင်း ငါရေးရင်း       ငါ့ကိုယ်ငါ ချီးမြှောက်ရင်း
ငါ့အလိုငါ ခရီးထောက်ရင်း  နောက်ဆုံးတော့ငါ
မလွဲနိုင်တဲ့ ငရဲအိုင်မှာ လက်မထောင်ပြီး
ငါ ငါ ငါ လို့ အော်နိုင်သေးလား ?
သူများတွေ တရားပွဲမှာ ဝေတဲ့ လက်ကမ်းစာစောင်လေးထဲက နှစ်သက်မိလို့  သံဝေဂ အလို့ငှာ ပြန်လည်ဖြန့်ဝေတာပါ။ ကဗျာရေးသူရဲ့ အမည်တော့ ဖေါ်ပြမထားလို့ ပိုင်ရှင်ဖတ်မိရင် Comment မှာ ရေးထားပေးနိုင်ပါတယ်။ ထပ်မံဖြည့်စွက်ပေးပါ့မယ်။
Tuesday, November 30, 2010
သီလအမျိုးမျိုး
 သီလ ဟူသည် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု၏ စင်ကြယ်ခြင်းများ ပင်ဖြစ်ပါသည်။ ဟိရီသြတ္တပ္ပတရား နှစ်ပါး (အဟိရက+အနောတ္တပ) ရှိမှ သီလကို ဆောက်တည်နိုင် စောင့်ထိန်းနိုင်သောကြောင့် ဟိရီသြတ္တပ္ပ တရားနှစ်ပါး သည် သီလ၏ အနီးဆုံးသော အကြောင်းလည်းဖြစ်သည်။ 
        အဟိရက = မကောင်းမှုပြုရန်မရှက်ရွံ့ခြင်း၊
        အနောတ္တပ္ပ = မကောင်းမှုပြုရန် မကြောက်လန့်ခြင်း၊
 ဆိုသော တရားနှစ်ပါးမရှိမှ သာလျှင် သီလကိုလုံခြုံစွာ စောင့်ထိန်းနိုင်မည် ဖြစ်သည်။
၁။ ဤအမှုကို ပြုရမည်ဟု ပညတ်တော်မူအပ်သော အာစရိယ၀တ် အစရှိသော သိက္ခာပုဒ်များကို ဘုရားရှင်  အလိုတော်ကျအတိုင်း လိုက်နာပြုကျင့်ခြင်းသည် "စာရိတ္တသီလ" ဖြစ်သည်။
၂။ ဤအမှုကို မပြုကျင့်ရဟု ပညတ်တော်မူအပ်သော ပါရာဇိက အစရှိသည့် သိက္ခာပုဒ်တို့ကို ဘုရားရှင် အလိုတော်ကျအတိုင်း စောင့်စည်းထိန်းသိမ်း ခြင်းသည်  "၀ါရိတ္တသီလ" ဖြစ်သည်။
၃။ မဂ်သီလ၊ ဖိုလ်သီလနှင့် ပြည့်စုံစေရန် ဟောကြားပညတ်အပ်သော အာဇီဝဋ္ဌမကသီလမှ ကြွင်းသော သီလအစုသည်  "အာဘိသမာစာရိက သီလ" ဖြစ်သည်။
၎။ မြတ်သော အရိယာမဂ် အကျင့်ကိုရရန် ရှေးဦးစွာ ဤတရားစုကို ကျင့်ကြံစေရမည်ဟု ဟောကြားအပ်သော အာဇီဝဋ္ဌမကသီလသည် "အာဒိဗြဟ္မစရိယသီလ" ဖြစ်သည်။
၅။ ကောင်းသော စကားပြောခြင်း၊ ကောင်းသော အမှုကိစ္စပြုလုပ်ခြင်း၊ ကောင်းသောအသက်မွေးမှု ပြုခြင်း တည်းဟူသော ၀ိရတီစေတသိက် သုံးပါးသည် "၀ိရတီသီလ" ဖြစ်သည်။
၆။ စေတနာ၊ အလောဘ၊ အဒေါသ၊ အမောဟနှင့် သံဝရငါးပါး အ၀ီတိက္ကမတရားတို့သည် "အ၀ိရတိသီလ" ဖြစ်သည်။
၇။ တဏှာကိုဖြစ်စေ၊ ဒိဋ္ဌိကိုဖြစ်စေ အမှီပြု၍ စောင့်ထိန်းအပ်သော သီလသည် "နိဿိတသီလ" ဖြစ်သည်။
၈။ တဏှာဒိဋ္ဌိနှစ်ပါးကို အမှီမပြုပဲ မြတ်သောအကျင့်ကို ငါကျင့်မည်ဟူ၍ နှလုံးသွင်းပြီး ကျင့်အပ်သော သီလသည် "အနိဿိတသီလ" ဖြစ်သည်။
၉။ မိစ္ဆာအယူရှိသော အလေ့အကျင့် သီလမျိုးသည် "ဒိဋ္ဌိနိဿသီလ" ဖြစ်သည်။ (ဤသီလကို ဗုဒ္ဓဘာသာဝင်များ စောင့်သုံးခြင်းမရှိပါ။)
၁၀။ အလိုရှိသလောက် ကာလကိုပိုင်းခြား၍ စောင့်သုံးအပ်သောသီလသည် "အာပါဏကောဋိကသီလ" ဖြစ်သည်။
၁၁။ ကာလကို မပိုင်းခြားပဲ အသက်ထက်ဆုံး စောင့်သုံးအပ်သော သီလသည် "အာပါဏကောဋိသီလ" ဖြစ်သည်။
၁၂။ ဥစ္စာ၊ အခြံအရံ၊ ဆွေမျိုး၊ အင်္ဂါကြီးငယ်၊ အသက် ဤငါးပါးတို့တွင်  တစ်ပါးပါးကြောင့် ချိုးဖျက်လိုက်ရသော သီလသည် အဆုံးရှိသော "သပရိယန္တသီလ" ဖြစ်သည်။
၁၃။  ဤငါးပါးတို့ဖြင့် ဖျက်၍မရဘဲ ကောင်းစွာ စောင့်သုံးအပ်သော သီလသည် အဆုံးမရှိသော "အပရိယန္တသီလ"  ဖြစ်သည်။
၁၄။  အာသဝေါတို့၏ အာရုံဖြစ်သော အာသဝေါတရားတို့ အာရုံအပြုခံရသော သီလသည် "လောကီယသီလ" ဖြစ်သည်။
၁၅။ အာသဝေါတရားတို့၏ အာရုံမဟုတ်သော အာသဝေါတရားတို့၏ အာရုံ အပြုမခံရသော သီလသည် "လောကုတ္တရသီလ" ဖြစ်သည်။
၁၆။ ကျော်စောဂုဏ်သတင်းကို လိုလား၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် အညံစား "ဟီနသီလ" ဖြစ်သည်။
၁၇။ ကောင်းမှု၏ ဘ၀ချမ်းသာကို လိုလားတောင့်တ၍ ဆောက်တည်ကျင့်သုံး အပ်သော သီလသည် အလတ်စား "မဇ္ဈိမသီလ" ဖြစ်သည်။
၁၈။ တရားတော်၏ မြင့်မြတ်မှုကို နှလုံးသွင်းကာ ဆောက်တည်ကျင့်သုံး  အပ်သော သီလသည် အမြတ်စား ဖြစ်သော "ပဏီတသီလ" ဖြစ်သည်။
၁၉။ မိမိ၏ မသင့်လျော်သော အကျင့်အကြံများကို စွန့်ပစ်လိုသဖြင့် မိမိကိုယ်ကို မိမိအလေးပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် "အတ္တာဓိပတေယျသီလ" ဖြစ်သည်။
၂၀။ လူအများ ကဲ့ရဲ့ရှုတ်ချခြင်းကို ပယ်ရှားလိုသဖြင့် လူအများကို အလေးဂရုပြု၍ ဆောက်တည်ကျင့်သုံး အပ်သော သီလသည် "လောကာဓိပတေယျသီလ" ဖြစ်သည်။
၂၁။ တရားတော်၏ မြင့်မြတ်မှု ဂုဏ်ကျေးဇူးကို ပူဇောလိုသဖြင့် တရားတော်ကို အလေးဂရုပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် "ဓမ္မာဓိပတေယျသီလ" ဖြစ်သည်။
၂၂။ တဏှာဒိဋ္ဌိ တို့ဖြင့် လွဲမှားသုံးသပ်အပ်သော သီလသည် "ပရာမဋ္ဌသီလ" ဖြစ်သည်။
၂၃။ ကလျာဏ ပုထုဇဉ်တို့ ဆောက်တည်ကျင့်သုံးအပ်သည့် မဂ်၏ အဆောက်အဦဖြစ်သော သီလသည် လည်းကောင်း၊ သေက္ခအရိယာ ပုဂ္ဂိုလ်တို့၏ မဂ်ခဏ၌ဖြစ်သော သီလသည်လည်းကောင်း "အပရာမဋ္ဌသီလ" ဖြစ်သည်။
၂၄။ ဖိုလ်စိတ်လေးပါး၌ ရှိသောသီလသည် "ပဋိပဿဒ္ဓိသီလ" ဖြစ်သည်။
၂၅။ စင်ကြယ်သောပုဂ္ဂိုလ်၏ သီလသည် "၀ိသုဒ္ဓိသီလ" ဖြစ်သည်။
၂၆။ မစင်ကြယ်သောပုဂ္ဂိုလ်တို့၏ သီလသည် "အ၀ိသုဒ္ဓိသီလ" ဖြစ်သည်။
၂၇။ ယုံမှားသံသယရှိနေသော ပုဂ္ဂိုလ်၏ သီလသည် "ဝေမတိကသီလ" ဖြစ်သည်။
၂၈။ မဂ်တရား လေးပါး၊ အောက်ဖိုလ် သုံးပါးတို့နှင့် ယှဉ်သောသီလသည် "သေက္ခသီလ" ဖြစ်သည်။
၂၉။ အရဟတ္တဖိုလ်နှင့် ယှဉ်သောသီလသည် "အသေက္ခသီလ" ဖြစ်သည်။
၃၀။ ထိုမှကြွင်းသော သီလအစုသည် "နေ၀သေက္ခနာသေက္ခသီလ" ဖြစ်သည်။ (ပုထုဇဉ်တို့၏ သီလအစုပင် ဖြစ်ပါသည်။)
၃၁။ ယုတ်လျော့သွားမည်သာဖြစ်သော သီလသည် "ဟာနဘာဂိယသီလ" ဖြစ်သည်။
၃၂။ တည်တံ့နေမည်သာဖြစ်သော သီလသည် "ဌိတိဘာဂိယသီလ" ဖြစ်သည်။
၃၃။ ထူးမြတ်မည်သာ ဖြစ်သောသီလသည် "၀ိသေသဘာဂိယသီလ" ဖြစ်သည်။
၃၄။ ကိလေသာအမှောင်ထုကို ဖောက်ထွင်းဖြိုခွဲနိုင်သော သီလသည် "နိဗ္ဗေဓဘာဂိယသီလ" ဖြစ်သည်။
၃၅။ ရဟန်းယောင်္ကျားများ စောင့်ရှောက် ထိန်းသိမ်းအပ်သော သီလသည် "ဘိက္ခုသီလ" ဖြစ်သည်။
၃၆။ ရဟန်းမများ စောင့်ရှောက် ထိန်းသိမ်းအပ်သော သီလသည် "ဘိက္ခုနီသီလ" ဖြစ်သည်။
၃၇။ သာမဏေယောက်ျား/မ များ စောင့်ထိန်းကျင့်သုံးအပ်သော ဆယ်ပါးသီလသည် "အနုပသမ္ပန္နသီလ"  ဖြစ်သည်။
၃၈။ လူတို့စောင့်သုံးအပ်သော ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့သည် "ဂဟဋ္ဌသီလ" ဖြစ်သည်။
၃၉။ လူအများကျင့်သုံးအပ်သော သီလအဖြစ်ဖြင့် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့အပြင် ဗြဟ္မစရိယ ပဉ္စမသီလလည်းရှိသေး၏။ ယင်းသီလမှာ ငါးပါးသီလပင်ဖြစ်၏။ ပကတိငါးပါးသီလမှ ကာမေသုမိစ္ဆာရ သိက္ခာပုဒ်အစား "အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ဟူ၍ ဆောက်တည် လိုက်လျှင် "ဗြဟ္မစရိယ ပဉ္စမသီလ" ဖြစ်သည်။
၄၀။ "ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ" ဟူ၍လည်းရှိသေး၏။ ဧကဘတ္တိကဟူသည် နံနက်စာ ထမင်း တစ်ထပ်တည်းကိုသာ စားရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းသီလကို စောင့်သုံးလိုလျှင် ဗြဟ္မစရိယပဉ္စမသီလ စောင့်သုံး ခံယူသည့်အခါ အဆုံးတွင် "၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ဟု သိက္ခာပုဒ် တစ်ခုတိုး၍ ဆောက်တည်လိုက်လျှင် "ဗြဟ္မစရိယပဉ္စမ ဧကဘတ္တိယသီလ" ဖြစ်သွားသည်။
၄၁။ လူတို့သည် ပါဏာတိပါတ စသောသိက္ခာပုဒ်ငါးပါးတို့ကို မလွန်ကျူးခြင်းသည် ပင်ကိုယ်သဘောအားဖြင့် ပြည့်စုံသော "ပကတိသီလ"  ဖြစ်သည်။
၄၂။ အမျိုးအားဖြင့်ဖြစ်စေ၊ အရပ်ဒေသအားဖြင့်ဖြစ်စေ၊ ပါသဏ္ဍခေါ် အယူဝါဒအားဖြင့် ဖြစ်စေ မိမိတို့၏ ရှေးလူကြီးများက ထားရှိခဲ့သော အပိုင်းအခြားစည်းကမ်းအတိုင်း ကျင့်ကြံခြင်းသည် "အာစာရသီလ" ဖြစ်သည်။
၄၃။ မိမိတို့ အမျိုးအစဉ်အဆက် ရှောင်ကြဉ်လာသော မကောင်းမှု ဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် "ကုလအာစာရသီလ" ဖြစ်သည်။
၄၄။ မိမိတို့ အရပ်ဒေသမှာ အများရှောင်ကြဉ်ကြသော မကောင်းမှု ဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် "ဒေသအာစာရသီလ" ဖြစ်သည်။
၄၅။ တဏှာဒိဋ္ဌိ ကျော့ကွင်းတို့ကို ဖြစ်စေတတ်သော ပါသဏ္ဍအယူဝါဒ အရ ရှောင်ကြဉ်ခြင်းသည် "ပါသဏ္ဍသီလ" ဖြစ်သည်။
၄၆။ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသည့်အခါမှစ၍ မယ်တော်၏ စိတ်သန္တာန်တွင် ယောက်ျားများ၌ ကာမဂုဏ်အတွက် နှစ်သက်မက်မော သည့် စိတ်မရှိခြင်းတည်းဟူသော သီလသည် "ဓမ္မတာသီလ" ဖြစ်သည်။
၄၇။ ရှေးရှေးဘ၀များစွာက ကျင့်သုံးခဲ့ဖူးသော ကံကြောင့် ယခုဘ၀မှာ မည်သူကမျှ မဟောပြရဘဲ အလိုအလျောက် စောင့်သုံးဖြစ်ပေါ်လာသော သီလကြီး လေးပါးလည်းရှိသည်။ ယင်းတို့မှာ -
          (က) ပါတိမောက္ခသံဝရသီလ၊
        ( ခ ) ဣန္ဒြိယသံဝရသီလ၊
        ( ဂ ) အာဇီဝပါရိသုဒ္ဓိသီလ၊
        (ဃ) ပစ္စယသန္နိဿိတသီလ၊
ဟူ၍ဖြစ်ပါသည်။ ထိုလေးပါးတို့မှာ ရဟန်းနှင့် အထူးသက်ဆိုင်သော သီလဖြစ်ပါသည်။
၄၈။ လူ သာမဏေတို့၏ သီလသည် အရေအတွက်အားဖြင့် အပိုင်းအခြားရှိ၍ စင်ကြယ်စေအပ်သော သီလ ဖြစ်သောကြောင့် "ပရိယန္တပါရိသုဒ္ဓိသီလ" ဖြစ်သည်။
၄၉။ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော ရဟန်းတို့၏ ၀ိနည်း ကျင့်ဝတ်များကို သင်္ဂါယနာတင် အရှင်မြတ် များက အကျဥိးချုပ် ပြဆိုတော်မူ ကြသော သိက္ခာပုဒ် သီလအပေါင်းသည် "အပရိယန္တပါရိသုဒ္ဓိသီလ" ဖြစ်သည်။
၅၀။ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်တို့၏ အပြည့်အစုံ စင်ကြယ်စေအပ်သော သီလသည် "ပရိပုဏ္ဏပါရိ သုဒ္ဓိသီလ" ဖြစ်သည်။
၅၁။ သေက္ခအရိယာပုဂ္ဂိုလ်တို့၏ ဒိဋ္ဌိဖြင့်မသုံးသပ်အပ်သော သီလနှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ တဏှာရာဂဖြင့် မသုံးသပ်အပ်သော သီလများသည် "အပရာမဋ္ဌပါရိသုဒ္ဓိသီလ" ဖြစ်သည်။
၅၂။ ရဟန္တာပုဂ္ဂိုလ်စသည်တို့၏ သီလသည် အလုံးစုံသော ကိလေသာ အပူအပင် ဟူသမျှ ငြိမ်းချမ်းခြင်းဖြင့် စင်ကြယ်သည်၏ အဖြစ်ကြောင့် "ပဋိပဿဒ္ဓိသီလ" ဖြစ်သည်။
၅၃။ အဆင့်ဆင့်သော ကုသိုလ်တရားဖြင့် ပယ်ရှားသင့်သော အရာ ဟူသမျှကို ပယ်ရှားခြင်းသည် "ပဟာနသီလ" ဖြစ်သည်။
၅၄။ ပါဏာတိပါတ စသော ရှောင်ကြဉ်ဖွယ်တို့ကို ရှောင်ကြဉ်ခြင်း ၀ိရတီ စေတသိက်ပြဋ္ဌာန်းသည့် ကုသိုလ် စေတသိက်စုသည် "ဝေရမဏိ သီလ" ဖြစ်သည်။
၅၅။ ပါဏာတိပါတ စသည်တို့ကို ပယ်ရှားရှောင်ကြဉ်မှုနှင့် စိတ်ကို တွဲစပ်စွဲမြဲစေသော စေတနာတရားသည် "စေတနာသီလ" ဖြစ်သည်။
၅၆။ သတိစေတသိက် ပြဋ္ဌာန်းသည့် ကုသိုလ်စေတသိက်စုသည် "သံဝရသီလ" ဖြစ်သည်။
၅၇။ ပယ်ရှားရှောင်ကြဉ်အပ်သော ပါဏာတိပါတ စသော အမှုတို့ကို မလွန်ကျူးသောအားဖြင့် ဖြစ်သော ကုသိုလ် စေတသိက် တရားစုသည် "အ၀ီတိက္ကမသီလ" ဖြစ်သည်။
ဗုဒ္ဓဘာသာကောင်းတစ်ယောက်(သာထွန်းပြန့်) စာအုပ်မှ ဖေါ်ပြပါသည်။
သီလ ကို အဘိဓာန်တွင်  -
သီလ = (န) အလေ့။ အလေ့အကျင့်။ အလေ့သဘော။ သီလ
ဟု ဖွင့်ဆိုထားရာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ နေ့စဉ် ပြုလုပ်သော အလေ့အထကို သီလဟုလည်း အဓိပ္ပါယ်ကောက်နိုင်ပါသည်။
ထို့ကြောင့် သီလဟု ဆိုရာ၌  ကောင်းသောအကျင့်ကိုသာ ဆိုလိုပါသည်။
Saturday, November 27, 2010
မရောင်းကောင်းသောကုန်စည်(၅)မျိုး
ဗုဒ္ဓဘာသာဝင် ဥပသကာ(သရဏဂုံတည်သူ) တစ်ယောက်အနေဖြင့် မရောင်းကောင်း/သင့်သော  ကုန်ပစ္စည်း(၅)မျိုး ကို မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်ကို အဂုင်္တ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ၀ဏိဇ္ဇသုတ်တော်တွင် တွေ့ရပါသည်။ ထိုငါးမျိုးတို့မှာ-
၁။ သတ္ထ၀ဏိဇ္ဇာ = အများသေစေကြောင်း လေး မြား စသောလက်နက် အမျိုးမျိုးတို့ကို ရောင်းခြင်း။
                         (လက်နက်အားလုံး အကျုံးဝင်ပါသည်။)
၂။ သတ္ထ၀ဏိဇ္ဇာ = ဆင်မြင်းလူ စသော အစေခံ သတ္တ၀ါများကို ရောင်းခြင်း။
၃။ မံသ၀ဏိဇ္ဇာ = ၀က်၊ အမဲ၊ သမင် စသော အသားစားရန်အတွက် သတ္တ၀ါများကို ရောင်းခြင်း။
၎။ မဇ္ဇ၀ဏိဇ္ဇာ = သေရည်အရက် အမျိုးမျိုးကို ရောင်းခြင်း။
၅။ ၀ိသ၀ဏိဇ္ဇာ = သတ္တ၀ါ အများကိုသေစေတတ်သော အဆိပ်အမျိုးမျိုး ရောင်းခြင်း။
        ဗုဒ္ဓမြတ်ဘုရားသည် ဓား လှံ လေးမြား သေနတ်စသော (လူသတ်) လက်နက်တို့ကို မိမိကိုယ်တိုင် ပြုလုပ်၍ လည်းကောင်း၊ သူတစ်ပါးကို ပြုလုပ်ခိုင်း၍လည်းကောင်း၊  သူတစ်ပါးပြုလုပ်ပြီးသည်ကို တဆင့်ဝယ်ယူ၍ လည်းကောင်း၊ ရောင်းဝယ်ခြင်းမပြုရဟု တားမြစ်တော်မူပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ လက်နက်တို့သည် တပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။
        ဗုဒ္ဓမြတ်ဘုရားသည် မိစ္ဆာစာရ(မကောင်းသောအသက်မွေးမှု)ဖြင့် အသက်မွေးသော မိန်းမပေါ့/ပျက်(ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊ လူအများကိုကျွန်ဖြစ်စေရန် ရောင်းဝယ်ခြင်းစသော ကူးသန်းရောင်းဝယ်ခြင်းကို မပြုလုပ်ရဟု တာမြစ်တော်မူပါသည်။ အကြောင်းမှာ သူ့ကျွန်၏အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။
      ဗုဒ္ဓမြတ်စွာသည် သား သမင် နွား ကြက် ၀က် စသော ဟင်းလျာ သတ္တ၀ါတို့ကို မွေးမြူ၍လည်း၊ သူတပါးထံမှ တဆင့်ဝယ်ယူ၍လည်းကောင်း ရောင်းဝယ်ခြင်းကို တာမြစ်တော်မူပါသည်။ အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်းဟူသော အကုသိုလ်ကြောင့် ဖြစ်ပါသည်။
       မြတ်စွာဘုရားရှင်သည် လတ်တလောသေစေတတ်သော အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး ကိုယ်ဝန်ကို ပျက်စေတတ်သော ဆေးမျိုး ရောင်းစားခြင်းကို မပြုလုပ်အပ်ဟု တားမြစ်တော်မူပါသည်။ သတ္တ၀ါတို့ကို သေစေတတ်သောကြောင့် ဖြစ်ပါသည်။
     ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်း မပြုပဲ ရှောင်ကြဉ်ရပါမည်။ ထိုသို့ရှောကြဉ်မှသာလျှင် နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော သုစရိုတ်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။ သို့မှသာ ကောင်းမြတ်သောစိတ်ထား ပြည့်ဝပြီး သင့်တင်ညီညွှတ်မျှတသော ကုန်သွယ်မှု (သမ္မာအာဇီဝ)၊ ကောင်းသောအသက်မွေးမှု ဖြစ်ပေမည်။
Monday, November 22, 2010
ကလေးနှင့်ကစားခြင်း
ကလေးများကို ကြိမ်လုံးနှင့်ရိုက်မှဉာဏ်ထွက်မည်ဟု ရှေးအခါကလူအများ ယုံကြည်ခဲ့ကြ၏။ ယခုခေတ် ပညာရှိတို့ကမူ ထိုစံနစ်ဆိုးကို သဘောမကျဘဲ ဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတွင်ကျယ်စေရန် ကလေးများ စိတ်တိုင်းကျ ကစားခြင်းကိုအားပေးကြသည်၊ ကလေးများ ပညာသင်ကြားရေး ကစားခြင်းသည် စာသင်ကြားပေးခြင်းနှင့် ထပ်တူထပ်မျှ အရေးကြီးလေသည်၊ ကစားခြင်းအားဖြင့် ကလေးတို့၏ ကာယဗလသာမက ဉာဏဗလပါ ဖွံ့ဖြိုးတိုး တက်နိုင်လေသည်၊ ကလေးတိုင်း  ကစားခြင်းဖြင့်သာ အချိန်ကုန်လွန်လိုကြ၏။ ကစားရမည်ဆိုလျှင် မည်သည့်ကလေးမှငြင်းပယ်လိမ့်မည်မဟုတ်ချေ။
လူတို၏နဂိုစိတ်သည်ပင် ကလေးအရွယ်၌ကစားရန်သာ စိတ်အားထက်သန်၏။ ကလေးများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၌ရှိသော အင်အားများသည် လိုသည် ထက်ပိုနေသဖြင့် ထိုအားပိုများကိုအသုံးချရန် ကစားပေးရသည်ဟုဆိုလေသည်၊ မကစားသောကလေးသည် ကျန်းမာရေး၌လည်းကောင်း၊ ဉာဏ်ပညာဖွံ၏ဖြိုးရေး၌လည်းကောင်းချို့တဲ့တတ်သည်၊  ကစားရမည့် အရွယ်တွင် ကစားပေးမှသာအရာရာ တိုးတက်နိုင်ပေမည်၊ လူတို့သည် အမိမွေးကတည်းက ပုခက်တွင်းဝယ် ခြေလက် လှုပ်ရှားကစားလာခဲ့ကြ၏။ တဖြည်းဖြည်းပြေးကာလွှားကာနှင့် ကစားတတ်လာပြီးနောက် ကြီးပြင်းလာသောအခါ ကစားကွင်းများ၌ စနစ်တကျကစားကြလေတော့သည်။ ထိုသို့ ကစားသွားယင်းနှင့် မိမိ၌မည်ကဲ့သို၏ အကျိုးရှိလာသည်ကို သိနားလည်သောအခါလူကြီးများပင် ကိုယ်လက် လှုပ်ရှား ကစားခြင်းကို အလေ့အကျင့် ပြုလုပ်ကြလေသည်။
 ကလေးသူငယ်များကို အကျိုးဖြစ်ထွန်းစေမည့် ကိုယ်လက်လှုပ်၇ှားကစားခြင်း၌၀ါသနာပါအောင် သွန်သင်ပေးရန်အထူးလိုအပ်ပေသည်၊စိတ်ပညာပါရဂူများသည် ကလေးတို့၌စိတ်ကိုမစုံစမ်းမီ တိရစ္ဆာန်ကလေးများ၏ စိတ်ကိုအလျင် လေ့လာကြည့်ကြ၏၊
ထိုသို့လေ့လာကြည့်ရာတွင်ကလေးများပြုမူပုံနှင့် တိရစ္တာန်များ ပြုမူပုံသည် မခြားနားလှကြောင်းကိုတွေ့ရ၏၊ တိရစ္ဆာန်ငယ်ကလေးများသည်လည်း ကလေးများနည်းတူ ကစားရန်သာ စိတ်သန်ကြ၏။သဘာဝကပင် ကလေးများအဖို့ ကစားရမည့်အခြေအနေမျိုးကို ဖန်တီးထားရာ ကလေးတိုင်း ကစားသင့်ပေသည်။
    ထို့ပြင် သူတို့သည်ထိုသို့ကစားရခြင်းမှာ နောင်လူကြီးဖြစ်လာသောအခါ လူမှုကိစ္စလုပ်ငန်း အ၀၀တို့၌ ကျွမ်းကျင်လိမ္မာလာစေရန် ဖြစ်သည်ဟုဆိုနိုင်ပေသည်၊ တိရစ္ဆာန်ကလေးများကို ကြည့်မည်ဆိုလျှင် ကြောင်ကလေးသည် သိုးမွေးလုံးကို တို့ကာမြှောက်ကာ ကစားနေခြင်းသည် နောင်သူကြီးပြင်းလာသောအခါ သူ၏အစာဖြစ်သော ကြွက်ကို မည်ကဲ့သို၏ဖမ်းယူကာ ကျီစယ်ကစားရမည်ကို ယခုကပင် သင်နေသကဲ့သို့ ဖြစ်၏။ ခွေးငယ်ကလေးများတစ်ကောင်ပေါ်တစ် ကောင်ထပ်၍ သတ်ပုတ်တမ်းလိုက်တမ်းပြေးတမ်း ကစားခြင်းသည် နောင်ကြီးပြင်းလာ၍ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ ခုခံရှောင်တိမ်းတတ်အောင်
လေ့ကျင့်နေသည်နှင့် တူတော့သည်။
လူ့သဘာဝတွင်လည်း တိရစ္ဆာန်ကလေးများကဲ့သို့ပင် ဖြစ်ရာ မိန်းကလေးများသည် အိုးပုတ်ကလေးများဖြင့် ထမင်းဟင်းချက်တမ်း။ အရုပ်ကလေးများဖြင့် ကလေးထိန်းတမ်းစသော မိန်းမမှုနှင့်ဆိုင်သည့် ကစားနည်းများကို ကစားလေ့ရှိ၏။ ယောက်ျားကလေးများကလည်း သစ်ပင်တက်တမ်း၊ ကစားစရာသေနတ်၊ တုတ်၊ ဓါးများကိုင်၍ စစ်တိုက်တမ်း၊ နပန်းလုံးတမ်းစသည်ဖြင့် ကစားတတ်ကြ၏။
ထိုသို့ကစားခြင်းမှာ တစ်နည်းအားဖြင့် နောင်ရေးအတွက် လေ့ကျင့်ခြင်းဖြစ်သည်ဟု ဆိုရပေမည်၊ ငယ်ရွယ်စဉ်တွင် လူကြီးများပြုမူလုပ်ကိုင်သည်တို့ကို အတုယူကာ အမျိုးမျိုးအဖုံဖုံ ကစားခြင်းဖြင့် သူတို့၏ဉာဏ်ပွင့်လင်းခြင်း၊ မြော်မြင်တတ်ခြင်း၊ စိတ်ဓါတ်ပိုမိုခိုင်မာလာခြင်း စသော အကျိုးထူးများ ရနိုင်လေသည်။
ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှသာ စိတ်ဓာတ်သည်ကြည်လင်ရွှင်လန်း နိုင်၏။  ကိုယ်နှင့်စိတ်သည် ဒွန်တွဲနေသောကြောင့် ကိုယ်ကလှုပ်ရှားမှ တကိုယ်လုံးရှိ သွေးသားများကောင်းစွာ လှည့်ပတ်သွားလာနိုင်ပြီးလျှင် ဦးနှောက်သည် ကောင်းစွာအလုပ်လုပ်နိုင်ပေမည်၊ ထိုကြောင့်ကစားခြင်းသည် ဦးနှောက်အလုပ် ကောင်းကောင်းလုပ်နိုင်ရန်အတွက် အထူးလိုအပ်သဖြင့် ပညာသင်ကြားရေး၌ ကစားခြင်းကိုပါ ထည့်သွင်းထားကြလေသည်။
တစ်နည်းဆိုရသော် ကစားခြင်းကိုမှီး၍ပညာသင်ကြား ပေးသည်။ ကစားခြင်းကိုမှီး၍ပညာသင်ကြားပေးသည် ဟုဆိုရာတွင် အလုပ်သဘောမပါဘဲ အကစားသက်သက်နှင့် အချိန်ဖြုန်းခြင်းဖြစ်သည်ဟု မထင်မှတ်သင့်ပေ၊ လုပ်ရမည့်အလုပ်ကို ငြီးငြီးငွေ့ငွေ့ ညည်းညည်းညူညူနှင့် စိတ်မပါ့တပါမဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နှင့်
ခပ်တွင်တွင်ပြီးအောင် ပြုလုပ်ပေးခြင်းသာ ဖြစ်လေသည်။
    ဤသို့ဖြင့်ကလေးစိတ်တိုင်းကျ ကစားခြင်းနှင့်ယှဉ်မှီးသော ပညာသင်နည်းကိုစထွင်ခဲ့ကြ၏။ ပညာရေး၌ ကစားခြင်းသည်အလွန်အသုံးကျ အရေးကြီးကြောင်းကိုခေတ်မီပညာရှင်များ  ကပင်ဝန်ခံကြလေ သည်။ ကလေးလူကြီးအားလုံး အကစားနှင့်အလုပ် တသဘောတည်းကျသောအခါ အားသန်သန် စိတ်ပါလက်ပါပြုလုပ်ဆောင်ရွက်တတ်ကြသည်။ လူကြီးပင်ဖြစ်စေ  သူ ၀ါသနာပါသည့်အလုပ်တစ်ခုကို လုပ်နေရလျှင်ပင်ပန်းသည်ဟုသဘောမထား။ အပျင်းပြေကစားနေရသည်ဟုပင်ထင်မှတ်တတ်၏။ နှစ်ခြိုက်ရာအလုပ်ကို လုပ်နေရလျှင်ပျော်ပိုက်လာ၍ စိတ်ကူးစိတ်သန်းများလည်း ဆတက်ထမ်းပိုး တိုးတက်လာမည် ဖြစ်ပေသည်၊  စိတ်ပါဝင်စားသောကြောင့် အလုပ်တွင် အာရုံစူးစိုက်နိုင်ပြီးလျှင် ကြံရည်ဖန်ရည်များ ထုတ်ကာကြီးပွားတိုးတက်ရာလမ်းစကို စထွင်နိုင်လေသည်။
ထိုကြောင့် ကလေးများကို သူတို၏စိတ်အပါဆုံးဖြစ်သည့် ကစားခြင်းဖြင့်သာ ပညာသင်ပေးလျှင် အလွန်ပင်သင့် လျော်လေသည်။
မြန်မာ့စွယ်စုံကျမ်းအတွဲ(၁) အပိုင်း(က)မှ ဖေါ်ပြပါသည်။
Sunday, November 14, 2010
ပုံပြင်
တစ်ခါက အရက်အမြဲမူးပြီး မောင်းတဲ့ ကား ဒရိုင်ဘာ တစ်ယောက်နဲ့ ဓမ္မကထိက ဆရာတော်တစ်ပါး ကားစီးသွားကြသတဲ့။ ဒရိုင်ဘာက အမူးလွန်ပြီး မောင်းတော့ ကားမှောက်ပြီး နှစ်ဦးစလုံး သေသွားကြတယ်တဲ့။ သေသွားတော့ သူတို့ကို ငရဲပြည်က ယမမင်းဆီရောက်သွားတာပေါ့။
ပထမဦးဆုံး ဓမ္မကထိကဆရာတော်က ယမမင်းထံမှာ အရင်အစစ်ခံတယ်တဲ့။ သူကတော့ လူ့ပြည်မှာ တရားတွေဟောတဲ့ ဘုန်းကြီးဆိုတော့ ကောင်းတဲ့ ဘုံရောက်မှာပဲ ဆိုတဲ့ အတွေးနဲ့ ပြုံးပြုံးလေး ယမမင်းရဲ့ အခန်းထဲဝင်သွားတယ်တဲ့။ သူ့နောက်ကတော့ အရက်မူးတဲ့ ဒရိုင်ဘာက ကုပ်ချောင်းကုပ်ချောင်းနဲ့ ယမမင်းကို ကြောက်ကြောက်လန့်လန့်နဲ့ အသာလေး ဓမ္မကထိကနောက်မှာ ရပ်နေတယ်တဲ့။
ယမမင်းကြီးက ပထမ၀င်လာတဲ့ ဓမ္မကထိကကို မေးတယ်တဲ့။
အသင်လူ့ပြည်မှာ ဘာလုပ်ခဲ့တုံး ဆိုတော့ ဓမ္မကထိက ကရင်ကော့ပြီး သူလူ့ဘ၀တုံးက ဓမ္မကထိကလုပ်ခဲ့တဲ့အကြောင်းပြန်ဖြေတယ်တဲ့။ အဲတော့ ယမမင်းကြီးက ဒါဆို အသင် ငရဲကျခံစေဆိုပြီး အမိန့်ချလိုက်တယ်။ ဓမ္မထိကလည်း မကျေနပ်တော့ ယမမင်းကို ပြန်ပြောတယ်တဲ့။ ယမမင်းကြီး တစ်ခုခုတော့ မှားနေပြီထင်တယ်လို့ ဆိုတော့ ယမမင်းကြီးက သင်လူ့ဘ၀တုံးက ဓမ္မကထိက လုပ်ခဲ့တယ်ဆိုရင် ကျွန်ုပ်ရဲ့ ဆုံးဖြတ်ချက်မမှားပါဘူးဆိုပြီး ပြန်ပြောတယ်တဲ့။ ဒါနဲ့ ဓမ္မကထိကလည်း သူ့နောက်က အရက်မူးဒရိုင်ဘာကို ဘယ်လိုအမိန့်ချမလဲဆိုပြီး စောင့်ကြည့်လိုက်ဦးမယ်ဆိုပြီး ဘေးမှာ ဘာမှထပ်မပြောတော့ပဲ ရပ်ပြီး ကြည့်နေတယ်တဲ့။
ယမမင်းက ထုံးစံအတိုင်း အမူးသမားကိုမေးတာပေါ့ ။ လူ့ဘ၀တုံးက ဘာလုပ်ခဲ့သလဲ ဆိုပြီးတော့ပေါ့။ အမူးသမားလည်း မလိမ်ဘဲ အမှန်အတိုင်းပဲ အရက်မူးပြီး ကားမောင်းတဲ့အကြောင်းပြောပြတာပေါ့။
အဲတော့ ယမမင်းကြီးက ဟာ.. ဒါဆို နတ်ပြည်တက်စေဆိုပြီး အမိန့်ချတယ်တဲ့။
ဆိုတော့ ဘေးမှာရပ်နေတဲ့ ဓမ္မကထိက က၀င်ပြီး ကန့်ကွက်တယ်တဲ့။ ယမမင်းကြီး မတရားဘူးပေါ့ဗျာ။
လူ့ပြည်မှာ လူတွေအသိတရားရအောင် ဆောင်ရွက်ခဲ့တဲ့ သူကျတော့ ငရဲခံရပြီး အရက်မူးသမားဒရိုင်ဘာကိုကျတော့ နတ်ပြည်မှာစံရတယ်ဆိုပြီးတော့ ထချဲတော့တာပေါ့။
ဒီတော့ ယမမင်းက သူဆုံးဖြတ်တာတစ်ခါမှ အမှားအယွင်းမရှိခဲ့တဲ့အကြောင်း အခုလည်း သူဘာကြောင့် ဒီလိုဆုံးဖြတ်ရသလဲဆိုတာ ရှင်းပြမယ်ဆိုပြီး ရှင်းပြတယ်တဲ့။
ပထမ ဓမ္မကထိကဆရာတော်ကတော့ လူတွေအသိရအောင်ဆိုပြီး တရားဟောတာပါပဲ ဒါပေမယ့် ဟောတဲ့တရားက လူတွေနားမလည်ပဲ သူသိတဲ့ ဘုရားစာ(ပါဠိ)တွေပဲ (နှစ်နာရီ-သုံးနာရီ) ရွတ်သွားတော့ တရားနာတဲ့ ပရိသတ်က တရားမရပဲ ငိုက်မျဉ်းကုန်ကြတယ်။ ငိုက်မျဉ်းတယ်ဆိုတာ ထိနမိဒ္ဓ ကိလေသာ ဖြစ်တဲ့အတွက် လူတွေကို အကုသိုလ်တွေပဲတိုးပွားစေတယ်။ ဒါကြောင့် ငရဲကျစေဆိုပြီး အမိန့်ချတာပါတဲ့။
အဲ.. အမူးသမားဒရိုင်ဘာကတော့ အရက်မူးပြီး ကားကိုတရားမောင်းတော့ နောက်ကစီးနင်းလိုက်ပါတဲ့ ခရီးသည်တွေက ကြောက်လန့် ပြီး ရသမျှ ဘုရားစာ၊ သဗ္မုဒ္ဓေ၊ ဂုဏ်တော်တွေ ရွတ်ပြီး လိုက်ကြရသတဲ့။ ဒါ့ကြောင့် လူအများ ကုသိုလ်တိုးပွားစေပါတယ်။ ဒါကြောင့် နတ်ပြည်ပို့ရတာပါတဲ့... ကဲ...မှတ်ကရော။။
တခလမှ တရားပွဲတွင် အရှင်ဇ၀န(မေတ္တာရှင်)ဆရာတော်ပြောပြတဲ့ ဟာသပုံပြင်လေးပါ။ :)
Friday, November 12, 2010
အတွေးအခေါ်
ညက တရားပွဲသွားတော့ ရခဲ့တဲ့ လက်ကမ်းစာစောင်ထဲက နှစ်သက်မိတဲ့ အတွေးအခေါ်လေးတွေကို မျှဝေပါတယ်။
ဓမ္မကထိက ဆရာတော်ကတော့ အရှင်ဇ၀န (မေတ္တာရှင်) ဖြစ်ပါတယ်။ ပရိတ်သတ် နှစ်သောင်းလောက်ဆိုတော့ ကွင်းပြင်ထဲမှာ နှင်းရည်စိုရွဲ ချမ်းအေးတဲ့ တရားပွဲဖြစ်ပါတယ်။ တ ခ လ မှာတော့ တော်တော်အေးနေပြီ..။
မွေးမည့်မွေးလျှင် ကြက်တွေ ဘဲတွေ ၀က်တွေသာမွေးပါ။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကို မမွေးပါနှင့်၊ အကုသိုလ်ဖြစ်တာချင်း၊ အပါယ်ကျတာချင်းတူသော်လည်း ကြက်တွေ ဘဲတွေ မွေးခြင်းက ကြက်ဥ ဘဲဥစားပြီးမှ အပါယ်ကျရသည်။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကိုမွေးခြင်းကား ဘာမျှမစားရဘဲ အပါယ်သို့ကျရသောကြောင့်တည်း။
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ လ၊ ရက်၊ နှစ်စသော အချိန်တိုလေးများကို ပေါင်းစည်းထားခြင်းကိုပင် အသက်ဟုခေါ်သည်။ ထို့ကြောင့် အချိန်ဟူသည် အသက်၊ အသက်ဟူသည်အချိန် အသက်ကိုတန်ဖိုးထားသူသည် အချိန်ကို တန်ဖိုးထားရမည်။ အချိန်ကို တန်ဖိုးထားလျှင် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ဥစ္စာ၊ ပညာ ဤသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ရအောင်ယူရမည်။
မိမိတရားရ၊ မရကို လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိစသော ကိလေသာများလျော့ပါးကုန်ပျောက်သွားခြင်း ရှိ မရှိ ဟူသောအချက်ဖြင့်သာ တိုင်းတာကြည့်ရ၏။
သဒ္ဓါဓာတ်များတဲ့ ပုဂ္ဂိုလ်အတွက် လှူစရာပစ္စည်းတွေ အမြဲတမ်း ပေါများပိုလျှံနေတတ်ပါတယ်။
လောဘဓာတ်များတဲ့ ပုဂ္ဂိုလ်အတွက် ယူစရာပစ္စည်းတွေဟာ အမြဲတမ်းလောက်ငတယ်လို့ကို မရှိပါဘူး။
သတ္တ၀ါတို့သည် မိမိကိုယ်ကို မိမိတို့ ဖန်ဆင်းကြခြင်းဖြစ်၏။
ထိုဖန်ဆင်းသူကား (စေတနာ=ကံ) ပင်ဖြစ်သည်။
မျှော်လင့်ချက်ဖြင့်ပေးကမ်းမှုသည် အမြတ်ရဖို့ အရောင်းအ၀ယ် လုပ်ခြင်းတစ်မျိုးဖြစ်သည်။
မျှော်လင့်ချက်မပါဘဲ ပေးကမ်းမှုသည်သာ လောဘဦးဆောင်သော ကိလေသာကုန်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဒါနပါရမီ ဖြည့်ဆည်းခြင်းဖြစ်သည်။
ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသောကျင့်ထုံးများကို ကျင့်သုံးနေပါက မိမိသည်ပင်လျှင် သာသနာပျောက်ကွယ်အောင် ဖန်တီးနေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။
"တရားရှိတယ်" ဆိုတာ လောဘဖြစ်စရာ အာရုံနဲ့တွေ့ရင် လောဘမဖြစ်အောင် ဒေါသဖြစ်စရာ အာရုံနဲ့တွေ့ရင် ဒေါသမဖြစ်အောင် နှလုံးသွင်းဆင်ခြင်နေနိုင်တာပါ။
Sunday, October 24, 2010
ဉာဏ်စဉ်
လောကုတ္တရာဉာဏ်စဉ်(၁၆)ပါး
၁။ နာမရူပပရိစ္ဆေဒဉာဏ်    -ဤကားနာမ်၊ ဤကားရုပ် ခွဲခြားသိသောဉာဏ်
၂။ ပစ္စယပရိဂ္ဂဟဉာဏ်        -နာမ်ဖြစ်ပေါ်ခြင်းအကြောင်းတရား၊ ရုပ်ဖြစ်ပေါ်ခြင်းအကြောင်းတရားတို့ကို                     သိမ်းကျုံးစုစည်းသိမြင်နိုင်သောဉာဏ်၊   
၃။ သမ္မသနဉာဏ်        -ရုပ်သဘော၊နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဉာဏ်၊
၎။ ဥဒယဗ္ဗယဉာဏ်        -ရုပ်နာမ်အဖြစ်အပျက်တို့ကိုသိမြင်သောဉာဏ်၊
၅။ ဘင်္ဂဉာဏ်            -ရုပ်နာမ်နှစ်ပါးတို့၏(အဖြစ်ကိုမမီလိုက်ပဲ)အပျက်ကိုသာမိလိုက်၍သိမြင်နိုင်                     သောဉာဏ်
၆။ ဘယဉာဏ်            -ရုပ်နာမ်နှစ်ပါးတို့၏အဖြစ်အပျက်ကို ဘေး ဟူ၍ရှုမြင်သောဉာဏ်
၇။ အာဒီန၀ဉာဏ်        -ထို ဘေး ကိုအပြစ်ဟူ၍ရှုမြင်သောဉာဏ်
၈။ နိဗ္ဗိန္ဒဉာဏ်            -ရုပ်နာမ်နှစ်ပါးတို့၏အဖြစ်အပျက်တွေအပေါ်ငြီးငွေ့ လာသောဉာဏ်
၉။ မုစ္စိတုကမျတာဉာဏ်        -ဖြစ်ပျက်ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဉာဏ်
၁၀။ ပဋိသင်္ခါဉာဏ်        -ထိုဒုက္ခတို့မှလွတ်မြောက်ရာလွတ်မြောက်ကြောင်းကို ဆင်ခြင်သောဉာဏ်
၁၁။ သင်္ခါရုပက္ခာဉာဏ်        -သင်္ခါရတရားတွေချည်း(အဖြစ်အပျက်တွေချည်း) ရှုမြင်နေသောဉာဏ်
၁၂။ အနုလောမဉာဏ်        -မဂ်ဖိုလ်နိဗ္ဗာန်အား ရဖို့အလျှော်ဖြစ်သောဉာဏ်
၁၃။ ဂေါတြဘဉာဏ်        -ပုထုဇဉ်အနွယ်ကိုဖြတ်၍အရိယာအနွယ်ကို ဖြစ်စေတတ်သောဉာဏ်
၁၄။ မဂ်ဉာဏ်            -နိဗ္ဗာန်ကိုမြင်သောဉာဏ်
၁၅။ ဖိုလ်ဉာဏ်            -နိဗ္ဗာန်ကိုပင်မြင်သောဉာဏ်
၁၆။ ပစ္စဝေက္ခဏဉာဏ်        -ရခဲ့ပြီးသောတရားတို့ကိုပြန်လည်ဆင်ခြင်သောဉာဏ်
    ၁။ သမ္မသနဉာဏ်       
    ၂။ ဥဒယဗ္ဗယဉာဏ်       
    ၃။ ဘင်္ဂဉာဏ်           
    ၄။ ဘယဉာဏ်           
    ၅။ အာဒီန၀ဉာဏ်
    ၆။ နိဗ္ဗိန္ဒဉာဏ်
    ၇။ မုစ္စိတုကမျတာဉာဏ်
    ၈။ ပဋိသင်္ခါဉာဏ်
    ၉။ သင်္ခါရုပက္ခာဉာဏ်
    ၁၀။ အနုလောမဉာဏ် တို့ဖြစ်ကြသည်။
    ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး
    ဤသို့ဉာဏ်စဉ်တွေရှိကြသော်လည်း မိုးကုတ်ဆရာတော်ကြီးကမူ အကုန်ထုတ်ဖော်ဟောမိန့်လေ့မရှိ၊
ယောဂီတို့ဉာဏ်မှာရှုပ်ထွေးကုန်မှာစိုးသည်။ ထို့ကြောင့်အရေးကြီးတဲ့ဉာဏ်(၃)မျိုးလောက်သာဟော၏။
၁။ ဥဒယဗ္ဗယဉာဏ်    -ရုပ်နာမ်တို့၏အဖြစ်အပျက်ကိုမြင်သောဉာဏ်
၂။ နိဗ္ဗိန္ဒဉာဏ်        -အဖြစ်အပျက်တို့အပေါ်မှာ မတွယ်တာမုန်းလာသောဉာဏ်
၃။ မဂ်ဉာဏ်        -အဖြစ်အပျက်တို့ရဲ့အဆုံး(အဖြစ်အပျက်တွေမရှိရာနိဗ္ဗာန်)ကိုမြင်သောဉာဏ်
အတိုချုပ်အားဖြင့် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး တို့ဖြစ်သည်။
Saturday, October 9, 2010
ကျွန်တော်မသိသော မြန်မာစာလုံးများ
က
- ကချလာ
- ကစိန်းက၀ါး
- ကပျစ်ကညစ်
- ကမချသင်ရိုး
- ကယီ
- ကာရဏူပစာ
- ကေဋုဘကျမ်း
- ကောလီကျေ
- ကောက်တကျစ်
- ကင်းသန်းဗွေ
- ကောင်ဟန်
- ကန်းသရီဗွေ
- ကုဗ္ဘီးထမင်း
- ကျကျောက်နာ
- ကျီးအက်ကြောင်ဝင်
- ကျိုက်ချ
- ကျတ်ငန်ရေ
- ကျတ်ရေ
- ကျိတ်လိတ်သေ
- ကျပ်လျား
- ကြလှဲဝဲ
- ကြံပပ်
- ကြက်ရင်း
- ကြွယ်ပုပ်ကြွယ်စပ်
- ခါတင်က
- ခိုဂျာ
- ခင်တုရင်
- ခန်မင်း
- ချင်ရဲပြေ
- ချုံပုပ္ပောင်း
- ခြုတ်ခြုတ်ထိ
- ချွတ်လား
- ဂရို့ချိုး
- ဂုဏ၀န်
- ဂံဒယ်
- ဃောသအက္ခရာ
- ငိုသံကြားဗွေ
- ငန်းသန္နိပါတ်နာ
- စကြောအိမ်
- စမြင်းဒေါသ
- စုတေ့ချုပ်
- စိုင်လျော်မြင်း
- စည်းတိမ်သောင်တိမ်
- စည်းထုတ်ဖန်
- စန္ဒြမာသ
- စမ္မခဏ်
- စုံရေမျက်ပြဲ
- ဆံလျဉ်
- ဆင်ကွပ်(စုန်း)
- ဆင်ရာတိမ်မိုး
- ဆောင်ဖြီးနာ
- ဆတ်ဆန်တည်
- ဆယ်ရံ့ရံဖန်
ဒီနေ့တော့ ခေါင်းမူးသွားပီ ဒီလောက်ပဲ... :P
Sunday, October 3, 2010
တဏှာ
တဏှာကို အဘိဓာန်မှာတော့-
 တပ်ခြင်း၊ တပ်မက်မောခြင်း၊ တောင့်တခြင်း၊ ရေသိပ်ခြင်း၊ လောဘ။
 အဲဒီလို ဖွင့်ဆိုထားပါတယ်။
သတ္တ၀ါတွေ သံသရာလည်စေတဲ့ အကြောင်းရင်းနှစ်ခုထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဒါကြောင့် တဏှာ ကိုလည်း သိထားသင့်တယ်လို့ထင်ပါတယ်။
အဓိက တဏှာကတော့ သုံးမျိုးရှိပါတယ်။
၁။ ကာမတဏှာ
           ငါးဖြာအာရုံကာမဂုဏ်ကို နှစ်သက်တပ်မက်ခြင်း
၂။ ဘ၀တဏှာ
           ဘုံဘ၀ကိုနှစ်သက်တပ်မက်ခြင်း
၃။ ၀ိဘ၀တဏှာ
            ဘ၀ပြတ်သည်ကို တပ်မက်ခြင်း
အဲဒီ အဓိက တဏှာသုံးမျိုးကို အာရုံခြောက်ပါးနဲ့ မြှောက်ပါက ဆိုင်ရာ အာရုံအလိုက် တဏှာများဖြစ်ပေါ်လာပါသည်။
အာရုံခြောက်ပါး (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ၊ ကြံတွေးစရာ(ဓမ္မာရုံ))
 ထိုအခါ တဏှာ တစ်ဆယ့်ရှစ်မျိုးရှိလာပါသည်။ ယင်းတစ်ဆယ့်ရှစ်မျိုးကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတဲ့ ကာလသုံးပါနဲ့ မြှောက်ပါ။
(၅၄)ပါး ဖြစ်လာပါသည်။
ထိုတဏှာ (၅၄)ပါးကို အဇ္ဈတ္တ၊ ဗဟိဒ္ဓ ဆိုတဲ့ သဏ္ဍာန်နှစ်ပါးနဲ့ ထပ်မြှောက်ရင် (၁၀၈)ပါးရှိသွားပါပြီ။
တဏှာ စုစုပေါင်း တစ်ရာ့ရှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။
မူလ တဏှာ  ၃
အာရုံ      ×  ၆
               ၁၈
ကာလ     × ၃
               ၅၄
သဏ္ဍာန်   × ၂
              ၁၀၈ (တဏှာအစစ် တရာ့ရှစ်)
တဏှာသုံးတန် အရင်းခံ အာ၊ ကာ၊ သဏ် နဲ့မြှောက် လို့ စာချိုးရှိပါတယ်။
Saturday, September 25, 2010
မိမိကိုယ်ကို မေတ္တာပို့ရအောင်
       မိမိကိုယ်ကို မေတ္တာပို့ခြင်းသည် ပြုသင့်ပြုထိုက်သော ကိစ္စဖြစ်ပါသည်။ အခြားသူများ ကို မေတ္တာမပို့သခင် ရှေးဦးစွာ ပြုသင့်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မေတ္တာပို့သည်ဆိုရာဝယ် မိမိ၏ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်နေမှသာ တစ်ပါးသူအား မေတ္တာဖြန့်ဝေခြင်း စစ်စစ်ဖြစ်နိုင်ပါသည်။
      မိမိကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းနေစဉ် သူတစ်ပါးအား မေတ္တာပို့ပါက မေတ္တာမထွက်ပဲ လောဘ၊ ဒေါသ များသာထွက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အေးချမ်းအောင် အရင်ဦးစွာ မိမိကိုယ်ကို မေတ္တာပို့သင့်ပါသည်။
အဟံအဝေရောဟောမိ    - (အကျွန်ုပ်သည် ဘေးရန်မရှိ ဖြစ်ပါစေသတည်း။)
အဗျာပဇ္ဇော ဟောမိ        - (စိတ်စိုးရိမ်ကြောင့်ကြ ဗျာပါဒမရှိ ဖြစ်ပါစေသတည်း)
အနီဃော ဟောမိ           - (စိတ်ဆင်းရဲ ငြိုငြင်ပူပန်ခြင်းမရှိသည်ဖြစ်ပါစေသတည်း)
သုခိအတ္တာနံ ပရိဟရန္မိ    - (မိမိရုပ်ခန္ဓာကိုယ်ကို စိတ်ချမ်းကြည်သာစွာ တည်ဆောက် နိုင်ပါစေသတည်း။)
ဒုက္ခမုစ္စန္တိ                     - ( ဆင်းရဲအပေါင်းမှ လွတ်မြောက်ပါစေသတည်း။)
ယထာလဒ္ဒ သမ္ပတ္တိတော  - (အကြင်ကြင်ရအပ်သော စည်းစိမ် ဥစ္စာဟူသမျှတို့သည်မကျိုး
မာဝိဂစ္ဆ န္တု                       မပေါက်၊ မပျက်မစီး တည်တံ့ ခိုင်မြဲပါစေသတည်း)
ကမ္မဿကော               - (ရှေးကယခုပြုခဲ့ဘူးသော ကံအတိုင်းသာလျှင် ရှိပါစေသတည်း)
Wednesday, September 15, 2010
ချမ်းသာသုခအမျိုးမျိုး
ချမ်းသာသုခ(၄)မျိုး ဘုရားဟောမှာရှိပါတယ်။
    (၁) ကာမသုခ
    (၂) ဈာနသုခ
    (၃) ဖလသုခ
    (၄) နိဗ္ဗာနသုခ
    ရယ်လို့လေးမျိုးရပါတယ်။ ကိလေသာကာမဖြင့် သုံးဆောင်ခံစားခြင်းကြောင့် ကာမသုခ မည်၏။ ပထမဈာန်အစ နေ၀သညာနာသညာယတနဈာန်အဆုံး၊ အလုံးစုံသော ဈာန်ချမ်းသာသည် ဈာနသုခ မည်၏။
သောတာပတ္တိဖိုလ်အစ၊ အရဟတ္တဖိုလ်အဆုံး အလုံးစုံသော ဖိုလ်ချမ်းသာသည် ဖလသုခ မည်၏။ ဒုက္ခအပေါင်း ချုပ်ရာချုပ်ကြောင်း ချမ်းသာစစ်စစ် အနှစ်ဖြစ်သော နိဗ္ဗာန်ချမ်းသာ သည် နိဗ္ဗာနသုခ မည်၏။
    ကာမချမ်းသာသည် အညံ့ဆုံး ဟီနချမ်းသာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၄င်းချမ်းသာကို ခံစားလျှင် အကုသိုလ်တရားတို့ကို ပွားများစေတတ်သောကြောင့်လည်းကောင်း၊ ယုတ်သော သောက ပရိဒေ၀စသော ဒုက္ခအပေါင်းတို့ကို ဖြစ်စေတတ်သော သဘောတို့ကြောင့်တည်း။
    ဈာန်တရားတို့၌ရှိသော ဈာနသုခ သည် အလယ်အလတ်ဖြစ်သော မဇ္ဇျိမချမ်းသာ (အလယ်အလတ်ချမ်းသာ) မည်၏။ အကြောင်းသော်ကား ကာမသုခနှင့် လောကုတ္တရာသုခ ၂-ပါးတို့၏ အကြားတွင်ရှိခြင်းကြောင့်တည်း။
ဖိုလ်လေးပါးတို့၌ရှိသောချမ်းသာသည် အမြတ်ဖြစ်သော ပဏီတချမ်းသာမည်၏။ ၄င်းဖိုလ်ချမ်းသာမှာ တပါးသောကိစ္စကိုမပြုမူ၍ တစ်နေ့ပတ်လုံး သုံးဆောင်ဝင်စား၍ နေသော်လည်း အားရရောင့်ရဲခြင်း မဖြစ်နိုင်ပဲ နေနိုင်သောကြောင့်တည်း။
ဤဋီကာအလို ချဲ့ရသော် -
    မီးသည် လောင်စာဖြင့်မရောင့်ရဲ၊
မဟာသမုဒ္ဒရာသည် မြစ်ကြီးမြစ်ငယ်တို့မှ စီးဝင်လာသော ရေတို့ဖြင့် မရောင့်ရဲ။
မင်းတို့သည် တိုင်းပြည်နယ်ပယ်တို့ဖြင့် မရောင့်ရဲ။
အလိုကြီးသော ပုဂ္ဂိုလ်တို့သည် ဥစ္စာပစ္စည်းတို့ဖြင့် မရောင့်ရဲကြကုန်။
ထို့အတူ သေက္ခပုဂ္ဂိုလ်တို့သည် နိဗ္ဗာန်ကိုအာရုံပြု၍ ဖြစ်သော မိမိတို့ ဖလသမ္မာပတ်၌ မရောင့်ရဲနိုင်ပေ။ ဤသို့ ဖိုလ်လေးပါးတို့၌ရှိသော သုခသည် သုံးဆောင်ခံစား၍ အားရရောင့်ရဲခြင်းကို မဖြစ်စေတတ်သောကြောင့် ပဏီတသုခမည်၏။
    ထို့ကြောင့် တမဂ်တဖိုလ်ရ၍ သောတာပန်အဆင့်အတန်းမျှ ရရှိပါမူ၊ မိမိကိုယ်တိုင်လည်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံသို့ မကျရောက်တော့ပဲ ရသေ့တစ်ပါးသည် နတ်သမီး အတွေ့နှင့် ၃-နှစ်တိုင်တိုင်မေ့သည်ဆိုရသော ကာမသုခထက် အဆပေါင်းများစွာ သာလွန်မွန်မြတ်သော ဖလသုခကို အလိုရှိသလောက် ခံစားနိုင်ရာ၏။ နိဗ္ဗာန်ချမ်းသာသုခသည်ကား အထက်၌ပြဆိုခဲ့သော ကာမသုခ၊ ဈာနသုခ၊ ဖလသုခတို့ထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် လွန်ကဲမွန်မြတ် လှပေတော့၏။ နိဗ္ဗာန်သုခ ချမ်းသာနှင်တူသော သုခချမ်းသာသည် မရှိ။ ထို့ကြောင့် ဘုရားရှင်သည် နိဗ္ဗာနံ ပရမံသုခံ ဟုဟောတော်မူခဲ့လေသည်။
    ချမ်းသာလေးမျိုးထဲမှာ ကာမချမ်းသာဆိုတာ ချမ်းသာစစ်ချမ်းသာမှန် မဟုတ်ပါဘူး။ ကာမဂုဏ် အာရုံတွေကို ချမ်းသာတယ်လို့ ခံစားနေပေမယ့်လည်း အဲဒီခံစားမှုတွေဟာ ဖြစ်ပြီးပျက်တဲ့သဘော ပဲရှိတယ်။ မျက်စိတမှိတ် လျှပ်တပြက်မှာတောင် ကုဋေတစ်သိန်းကျော် ချုပ်ပျောက် ပျက်စီးနေတယ်။ အနှစ်သာရမရှိ အနိစ္စသဘောသာ ဖြစ်သောကြောင့်လည်းကောင်း၊ အဲဒီကာမချမ်းသာတွေ ခံစားစံစား နိုင်ဖို့အတွက် ပင်ပင်ပန်းပန်း ရှာဖွေနေရသောကြောင့်လည်းကောင်း၊ ဘယ်လောက်ကောင်းမွန်တဲ့ အာဟာရပဲဖြစ်ဖြစ်၊ ဗိုက်ပြည့်နေတဲ့အချိန်၊ မဆာလောင်တဲ့အချိန်မှာ သူ့အတွက်ချမ်းသာမပေးနိုင်ပါဘူး။
ဥပမာ - လူတစ်ယောက် သင်္ဘောပျက်၊ ရေမျောကမ်းတင်ဖြစ်ပြီး ကျွန်းတစ်ကျွန်းရောက်သွားတယ်။
အဲဒီကျွန်းပေါ်မှာ စားစရာ သောက်စရာ တစ်ခုမှမရှိဘူး။ ဒါပေမယ့် တောထဲတောင်ထဲမှာ အင်မတန် များပြားလှတဲ့ ရွှေချောင်းတွေတွေ့တယ်ဆိုပါတော့၊ အဲဒီရွှေချောင်းတွေက သူ့ကို ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။ လိုချင်တာက အစာအာဟာရ၊ ရနေတာက ရွှေချောင်းဆိုတော့ ဘယ်လိုမှ အချိုးမတည့်ဘူး။ ဒါကြောင့် ချမ်းသာအစစ်မဟုတ်ဘူးပြောတာပါ။ လူတစ်ယောက်ကျန်းမာရေး ချို့တဲ့ပြီး အိပ်ယာထဲ ဗုန်းဗုန်းလဲနေမယ်၊ မစားနိုင်မသောက်နိုင်ဖြစ်နေမယ်။ သူက အင်မတန်တော့ ချမ်းသာ ကြွယ်ဝတယ်ဆိုပါတော့ တိုက်တွေ၊ ကားတွေ၊ တီဗီတွေ၊ မိန်းမလှလေးတွေနဲ့ ဘယ်လိုကာမဂုဏ်တွေပဲ ဖြစ်ဖြစ် သူ့အတွက်ဘာမှအချိုးမတည့်တော့ဘူး။ ဒါကြောင့် အဲဒီကာမချမ်းသာတွေဟာ ချမ်းသာ အစစ် မဟုတ်ဘူးလို့ပြောတာပါ။
    ဒါကြောင့် တကယ်ချမ်းသာစစ်ဖြစ်တဲ့ မဂ်ဖိုလ်ချမ်းသာရအောင်သာ ကြိုးစားအားထုတ်ရမှာ သာဖြစ်ပါတယ်။ မဂ်ဖိုလ်ချမ်းသာရဖို့ကလည်း ၀ိပဿနာတရားကို အားထုတ်ရမှာဖြစ်ပါတယ်။ ၀ိပဿနာအားထုတ်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကို ပယ်သတ်တဲ့ သဘောပါပဲ။ ကိလေသာတရားတွေ ထူပြောရင် ရာသီဥတုဖောက်ပြန်မယ်။ ကပ်ကြီးသုံးပါး ဆိုက်ရောက်မယ်။ မြေဆီမြေလွှာတွေ ခန်းခြောက်မယ်။ အသီးအနှံတွေ အာဟာရမဖြစ်တော့ဘူး။ အာဟာရမဖြစ်တော့ အာဟာရတွေကို သုံးဆောင်နေတဲ့ လူတွေရဲ့ကျန်းမာရေးတွေ ချို့တဲ့လာမယ်၊ သက်တမ်းတွေလည်း တဖြည်းဖြည်း တိုလာတာပေါ့။
အကောင်းဆုံး ချမ်းသာကို ရှိနိုင်ကြပါစေ...
Thursday, September 9, 2010
ဒါန၊ သီလ၊ ဘာဝနာ
-မြတ်စွာဘုရား အဆုံးအမ၊ သာသနာ၏အနှစ်အချုပ်မှာ -
     ဒါန၊ သီလ၊ သမထ-၀ိပဿနာဟု ဆိုကြရာတွင်၊
    -ယခုဘ၀၌ပင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရက်တိုတိုနှင့် ရလိုရောက်လိုသူသည်၊ ဒါနကို ပြု၍ နေဖွယ်မရှိ၊
    -နောင် လွယ်လွယ်နှင့်နိဗ္ဗာန်ကို ရလိုရောက်လိုသူတို့မှာကား-
     ဒါနကိုလည်း ပွား၊ သီလကိုလည်း ပွား၊
- ဒါနမရှိလျှင်          - ရိက္ခာမပါသော ခရီးသွား၊
  ဒါနနည်းလျှင်        - ရိက္ခာနည်းသော ခရီးသွားနှင့် အလားတူ၏။
- သီလမရှိလျှင်          - ခြေကျိုးသော ခရီးသွား၊
  သီလနည်းလျှင်        - ခြေမသန်သော ခရီးသွားနှင့် အလားတူ။
  - ၀ိပဿနာမရှိလျှင်      - မျက်စိမမြင်သော ခရီးသွား၊
- ဒါနဖြစ်စေ၊ သီလဖြစ်စေ၊ ဘာဝနာဖြစ်စေ၊ ကုသိုလ်မှန်လျှင်-
  မိမိတို့ ဆန္ဒပဏိဓိအားလျော်စွာ၊ လိုရာအကျိုးကို ပေးနိုင်၊ ရစေနိုင်၊ ရောက်စေနိုင်သည်သာ ဖြစ်ရကား။
  - နိဗ္ဗာန်ကို ရလို ရောက်လိုသူ မှန်လျှင်-
    ဒါနကို ခင်သည်၊ သီလကို ခင်သည်၊ ၀ိပဿနာကို ခင်သည်၊
    နှစ်လုပ်စာရလျှင် စားသူရှိက တစ်လုပ်ကို ပေးဝေနိုင်သည်သာလျှင်တည်း။
                        ( ဒီပဲယင်းဆရာတော် ဘုရားကြီး)
Thursday, August 26, 2010
ဘုရားရှင်ရသော ဉာဏ်သုံးဉာဏ်
    ၁။ ပုဗ္ဗေနိဝါသဉာဏ် (ညဥ့်ဦးယံတွင်ရတော်မူသည်။)
    ၂။ ဒိဗ္ဗစက္ခုဉာဏ် (သန်းခေါင်ယံတွင်ရတော်မူသည်။)
    ၃။ အာသ၀က္ခယဉာဏ် (မိုးသောက်ယံတွင်ရတော်မူသည်။)
    ပုဗ္ဗေနိဝါသဉာဏ်ဆိုတာက ဘ၀ပေါင်းများစွာကို မြင်နိုင်တဲ့ဉာဏ်ကိုခေါ်တာ၊ အဲဒီဉာဏ်တော်နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုကြည့်လိုက်မယ်ဆိုရင် တစ်ဝီထိလို့ခေါ်တဲ့ မျက်စိတမှိတ် လျှပ်တပြက်
အချိန်ကာလလေးမှာ အဲဒီပုဂ္ဂိုလ်ရဲ့ဘ၀ပေါင်း ကမ္ဘာသိန်းချီပြီးမြင်နိုင်တယ်လို့ဆိုပါတယ်။
(မျက်စိတမှိတ် လျှပ်တပြက် အချိန်သည် တစ်စက္ကန့်၏ လေးဆယ့်ရှစ်ပုံတစ်ပုံအချိန်နှင့်ညီမျှသည်) 
အဲဒီလို ဉာဏ်တော်နဲ့ ကြည့်လိုက်လို့ ဘုရားရှင်ရဲ့သက်တမ်းသာကုန်သွားမယ် သတ္တ၀ါတစ်ဦးဦးရဲ့ အစကို မတွေ့နိုင်ဘူးတဲ့။ သံသရာအဲလောက်တောင်ရှည်လျားတယ်။ ဒါကြောင့် သတ္တ၀ါတစ်ဦးရဲ့ အစကို ပုဂ္ဂိုလ်သတ္တ၀ါအနေနဲ့ မဟောနိုင်ဘူးတဲ့၊ ဓမ္မအနေနဲ့သာ အ၀ိဇ္ဇာနဲ့ တဏှာက စတယ်လို့သာ ဟောခဲ့တာ ဖြစ်ပါတယ်တဲ့။
    ဒိဗ္ဗစက္ခုဉာဏ်ဆိုတာက နတ်မျက်စိကဲ့သို့ လျှင်မြန်စွာ ထိုးဖောက်မြင်နိုင်တဲ့ ဉာဏ်ကိုပြောတာပါ။ တောင်တွေကမ်းပါးတွေကိုလည်းဖေါက်ထွင်းမြင်နိုင်တယ်၊ ကမ္ဘာမြေကြီးထုကိုလည်း ဖေါက်ထွင်းမြင် နိုင်တယ်။ အခြားစကြ၀ဠာတွေကိုလည်း ဖောက်ထွင်းမြင်နိုင်ပါတယ်။
အာသ၀က္ခယဉာဏ်ဆိုတာကတော့ အကြောင်းအကျိုးတရားဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော် ကြီးကို ထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ဖြစ်ပါတယ်။ သတ္တ၀ါတွေ အ၀ိဇ္ဇာ မသိတာကစပြီး ဇရာမရဏ အဆုံးတိုင်အောင် ဆက်ခါဆက်ခါလည်နေရတဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းသံသရာကြီးကို အစမှ အဆုံးတိုင် ရှင်းရှင်းလင်းလင်း ထိုးထွင်း သိမြင်နိုင်တဲ့ ဉာဏ်ဖြစ်ပါတယ်။ အဲဒီ အာသ၀က္ခယဉာဏ်ရပြီးမှသာ ဘုရားဖြစ်တယ်လို့ ဥဒါန်းကျူးရင့်တာဖြစ်ပါတယ်။
စိတ်ဆိုးသူ
ဒေါသလွှမ်းမိုး စိတ်ဆိုးသူထံသို့ ရန်သူတွေလိုလားတောင့်တတဲ့ အပြစ်ခုနှစ်ပါးရောက်လာ နိုင်တယ်။ ဒေါသလွှမ်းမိုး စိတ်ဆိုးနေသူဟာ ဒေါသလွှမ်းမိုး စိတ်ဆိုးနေလို့
၁။ မည်မျှပင် ပြုပြင်ချယ်သ အလှဆင်ထားစေကာမူ ရုပ်အဆင်းမလှဖြစ်ရ၏။
၂။ မည်မျှပင် အိစက်ညက်ညောသည့်အိပ်ရာမှာအိပ်စေကာမူ အိပ်မပျော်ဖြစ်တတ်သည်။
၃။ သင့်၊ မသင့်ကို မနှိုင်းချင့်ဘဲ မိမိထင်ရာကိုသာ ပြုတတ်သောကြောင့် အကျိုးစီးပွား ပျက်တတ်သည်။
၎။ ဒေါသအလျောက် ရာဇ၀တ်မှုကျူးလွန်ပါက စည်းစိမ်ဥစ္စာ ကုန်ခန်းတတ်သည်။
၅။ လူမုန်းများသဖြင့် ရရှိထားသော အခြံအရံ၊  အကျော်အစောမှ ဆုတ်ယုတ်တတ်၏။
၆။ မလုပ်သင့် မပြောသင့်သည်ကို ပြုလုပ်သဖြင့် ဆွေမျိုးမိတ်ဆွေများ၏ ပစ်ပယ်ခြင်းကိုခံရတတ်၏။
၇။ ဒေါသအလျောက် ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် မကောင်းမှုကိုပြုကျင့်ပါက သေသောအခါ အပါယ်သို့         ရောက်ရ၏။   
                                           (ကောဓသုတ်၊ အဗျာကတ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တရနိကာယ)
စိတ်ဆိုး စိတ်တို စိတ်ကောက် ဒေါသထွက်ခြင်း ကင်းနိုင်ကြပါစေ...
Monday, August 23, 2010
နိဝရဏတရားငါးပါး
နီဝရဏတရားဆိုတာ မဂ်ဥာဏ်မရအောင် ဖုံးအုပ်တဲ့တရား၊ နိဗ္ဗာန်ကို မရအောင်ကန့်ကွက်တဲ့ တရား၊ ပဋိစ္စသမုပ္ပါဒ်ကိုဆက်အောင်လုပ်တဲ့တရား၊ သစ္စာလေးပါးကိုမသိအောင် ပြုလုပ်တဲ့တရားတွေသာ ဖြစ်ပါတယ်။ ညဘက်ကောင်းကင်မှာ တိမ်သလ္လာတွေဖုံးနေရင် ကြယ်တွေလတွေကို ကောင်းစွာ မမြင်နိုင်၊ အမှန်ကိုမသိနိုင်သလို တရားရှုမှတ်တဲ့ယောဂီဟာ တရားအားထုတ်ဆဲမှာ ဒီနိဝဏတရားတွေဖုံးနေမယ် ဆိုရင် သမ္မာဒိဋ္ဌိအမြင်မှန်မရနိုင်ပါဘူး။ ဒါကြောင့်ဝိပဿနာအးထုတ်တဲ့သူအတွက် အင်မတန် အရေးကြီးတဲ့အတွက် ရှောင်ရန်၊ ဆောင်ရန် အချက်တွေကို တင်ပြလိုက်ပါတယ်။ နီဝရဏတရား ၅-ပါးရှိပါတယ်။
၁။ ကာမစ္ဆန္ဒနီဝရဏ(လိုချင်တပ်မက်ခြင်း)
    မိမိလိုချင်ဖြစ်ချင်တာတွေကိုကြံတွေးပြီး မနောမှာပုံတွေဖေါ်မယ်။ (ဥပမာ- နောက်နှစ်မှာ အိမ်ဆောက်မယ်။ ကားဝယ်မယ်။ သားသမီးတွေကျောင်းထားမယ်။ နိုင်ငံခြားသွားမယ်) စသည်ဖြင့် စီမံချက်တွေချပြီး ကြံစည်တွေးတောနေတာမှန်သမျှ ကာမစ္ဆန္ဒနီဝရဏတွေသာဖြစ်ပါတယ်။
    အဲဒီကာမစ္ဆန္ဒနီဝရဏတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ ရှေ့ရှုကြံစည်ခြင်းဆိုတဲ့ အဘိဇ္ဈာဓာတ် ကြောင့် အနာဂါတ်ကာလပေါ်လာတဲ့အတွက် စီမံချက်တွေဖြစ်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကာမစ္ဆန္ဒကိုသတ်ချင်ရင် အဘိစ္ဈာဓာတ်ကိုသတ်ရမှာဖြစ်ပါတယ်။ အဘိဇ္ဈာသတ်နည်းကတော့ ရှေ့မှာ ဖေါ်ပြပြီးဖြစ်ပါတယ်။
၂။ ဗျာပါဒနီဝရဏ (အမျက်ထွက်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆင်းရဲခြင်း)
    မိမိလိုချင်ဖြစ်ချင်တာတွေဖြစ်မလာမှာစိုးတာဖြစ်ပြီးသား ပိုင်ဆိုင်ပြီးသား ပစ္စည်းဥစ္စာ သားသမီး၊ ဇနီးမယားဆွေမျိုးတွေ ပျက်စီးဆုံးရှုံးမှာစိုးရိမ်တာ၊ ဖြစ်ချင်တာနဲ့ လက်ရှိမဖြစ်သေးတဲ့အခြေအနေ ကွားခြားမှုကိုကြည့်ပြီး မကျေမနပ်ဖြစ်နေတာတွေမှန်သမျှဟာ ဗျာပါဒနိဝရဏဖြစ်ပါတယ်။ ဥပမာ- ကားဝယ်ချင်တယ်ဆိုရင်-
    ဖြစ်ချင်တာက ကားဝယ်ချင်တာ၊ လက်ရှိအခြေအနေက ကားမရှိတာဆိုတဲ့ကွာဟလို့ မကျေနပ်တာ၊ ၀ယ်ဖို့အတွက် ငွေကြေးမရမှာစိုးရိမ်တာ ၀ယ်ပြီးသားကားအကြောင်းတစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးသွားမှာ စိုးရိမ်တာ၊ ဆုံးရှုံးသွားလို့ ပူလောင်တာ တစ်နည်းပြောရရင်-
    မရှိလို့လိုချင်နေတဲ့အတွက် ပူလောင်တာ
    လိုချင်တာမရမှာစိုးတဲ့အတွက် စိုးရိမ်တာ
    ရပြီး ပျက်စီးဆုံးရှုံးမှာစိုးတဲ့အတွက် ပူလောင်တာ ဒီသဘောတွေပါပဲ။ ဗျာပါဒနီဝရဏကို သတ်ချင်ရင်လည်း အဘိဇ္ဈာဓာတ်ကိုပဲ သတ်ရမှာဖြစ်ပါတယ်။
၃။ ထိနမိဒ္ဓနီဝရဏ (ငိုက်မျဉ်းခြင်း၊ မိမိစိတ်စေတသိက်တွေကို မနိုင်ပဲ ငိုက်သွားခြင်း)
    ဒီ ထိနမိဒ္ဓတရားကတော့ ရဟန္တာကျမှ ပယ်နိုင်တယ်လို့ ဆရာတော်က အမိန့်ရှိထားပါတယ်။ဒါကြောင့် ဒီထိနမိဒ္ဓတရားတွေကို အတင်းတိုက်လို့မရပါဘူး။ ကြိုတင်ပြီးကာကွယ်ထားဖို့သာ လိုပါတယ်။ အိပ်ရေးကိုဝအောင်အိပ်ထားမယ်၊ တရားအားမထုတ်မီ မျက်နှာသစ်မယ်၊ ရေချိုးထားမယ် ဆိုရလို့ရှိရင် ထိနမိဒ္ဓလာစရာမရှိတော့ပါဘူး။ အားထုတ်ဆဲ ထိနမိဒ္ဓ၀င်လာရင်လည်း အားထုတ်တာ ခေတ္တနားပြီး လမ်းလျှောက်မျက်နှာသစ်၊ ရေချိုးချင်ရင်ချိုး၊ ပြီးမှပြန်အားထုတ်ပါလို့ ဆရာတော်က မိန့်ကြားထားပါတယ်။ အဲဒီလိုလုပ်လို့မှ မရရင်တော့ အိပ်လိုက်ပါတော့တဲ့။ အိပ်ရေးဝမှပြန်အားထုတ် ပါတဲ့။ ဒါဆိုရင် ထိနမိဒ္ဓမလာနိုင်တော့ပါဘူး။
၎။ ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ(စိတ်ပျံ့လွင့်ခြင်း၊ စိတ်မငြိမ်ခြင်း၊ နောင်တတစ်ဖန်ပူပန်ခြင်း)
    ဥဒ္ဓစ္စ = စိတ်ပျံ့လွင်ခြင်း။ ကုက္ကုစ္စ = နောင်တတစ်ဖန်ပူပန်ခြင်း။
    တရားအားထုတ်တဲ့အခါ အရှုခံအာရုံအပေါ် သတိလွတ်သွားတဲ့အချိန်မှာ စိတ်တည်ကြည်မှု (သမာဓိ) မရှိတော့တဲ့အတွက် စိတ်တွေက သားအကြောင်း၊ သမီးအကြောင်း စီးပွားရေးအကြောင်း၊ ဘော့လုံးပွဲအကြောင်း၊ ရုပ်ရှင်အကြောင်း၊ လုပ်ငန်းအကြောင်းစသည့် အာရုံတွေဘက်ကို ပျံ့လွင့်သွားတတ် ပါတယ်။ အဲဒီသဘောကို ဥဒ္ဓစ္စလို့ခေါ်ပါတယ်။ စိတ်တွေပျံ့လွင့်ပြီးရင်လည်း ဒီအတိုင်းမနေဘူး။ ဖြစ်ချင်တဲ့ ကာမစ္ဆန္ဒနိဝရဏတွေ မဖြစ်မှာစိုးတဲ့၊ ဖြစ်ပြီးပျက်မှာစိုးတဲ့ ဗျာပါဒနိဝရဏတွေ ပါဝင်လာ ပြန်ပါတယ်။
အဲဒီလိုမဖြစ်အောင် သတိထားပြီး ကြိုးစားအားထုတ်က ပညာနဲ့ရှုရမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက သတိထား၊ ၀ိရိယစိုက်၊ ပညာနဲ့စောင့်ကြည့် လို့ဆုံးမထား ပါတယ်။
    ကုက္ကုစ္စဆိုတာကတော့ ဥဒ္ဓစ္စဖြစ်ပြီးစိတ်တွေပျံ့လွင့်တာကို သိလိုက်တဲ့အခါ ပညာနဲ့ဆက်လက် မရှုမှတ်နိုင်တော့ပဲ စိတ်တွေပျံ့လွင့်ရလေခြင်း၊ ငါညံ့လိုက်တာ၊ ဒီလိုမပျံ့လွင့်အောင် မရှုမှတ်နိုင်ခဲ့ဘူး၊ စသည်ဖြင့် ပြီးခဲ့တဲ့ကိစ္စတွေကို ယူကြုံးမရ နောင်တတစ်ဖန်ပူဆွေးနေတဲ့သဘော ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အချိန်က ရှုမှတ်ရမယ့်အခွင့်အရေး ဆုံးရှုံးသွားတာကို နောင်တရနေတာရယ်၊ မပြုလုပ်သင့်တဲ့ စိတ်ပျံ့လွင့်မှုဖြစ်တာကို ပြန်တွေးပြီး မကျေမနပ်နဲ့ နောင်တတစ်ဖန်ပူဆွေးတာ စသည်တို့ကို ကုက္ကုစ္စ တရားတွေပဲ ဖြစ်ပါတယ်။ မဂ်Óဏ်ဖိုလ်Óဏ်ကို ပိတ်ပင်ထားဆီးတဲ့ နိဝရဏတရားတွေပဲ ဖြစ်ပါတယ်။
    ဒါကြောင့်မို့လို့ တရားအားထုတ်သူယောဂီဟာ စိတ်ပျံ့လွင့်တဲ့အပေါ်မှာလည်း အရှုခံပေါ်တယ် လို့သိပြီး ရှုမှတ်ရမှာဖြစ်ပါတယ်။ အိမ်အကြောင်း၊ စီးပွားအကြောင်း၊ အလုပ်အကြောင်း၊ သားသမီးအကြောင်းတွေ တွေးရင်လည်း ကာလမခြား မနောမှာပုံသဏ္ဍာန်အမူအရာတွေပေါ်နေမှာပါဘဲ။ အဲဒါအရှုခံခန္ဓာငါးပါးပဲ။ ၊ မိုးကုတ်ဆရာ တော်ဘုရားကြီးက ဆုံးမထားတာရှိပါတယ်။ ]] ခင်ဗျားတို့က ညဘက် အမေကဟင်းလာပေးတာကို သရဲမှတ်လို့ ထွက်ပြေးဆိုတာ ဖြစ်နေပြီ}} တဲ့။ ဟင်းလာပေးတယ်ဆိုတာ အရှုခံလာတာကိုပြောတာပါ။ အဲဒါကို ရမယ့်ကိစ္စ မရှုပဲနဲ့ အနှောက်အယှက်ပေးတယ်ထင်ပြီး ကြောက်နေတာ သရဲမှတ်လို့ထွက်ပြေး တာနဲ့တူတယ်လို့ ပြောတဲ့သဘောသာ ဖြစ်ပါတယ်။
    ဒါကြောင့် စိတ်ပျံ့လွင့်လို့ပေါ်လာတဲ့အာရုံတွေကိုလည်း အရှုခံခန္ဓာငါးပါးလို့သိပြီး ရှုမှတ်ပေးလိုက်ရင် ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စတရားတွေ ဘယ်လိုပဲ ပေါ်လာပေါ်လာ အရှုခံအဖြစ်ရှုမှတ်နိုင်မှာဖြစ်ပါတယ်။
၅။ ၀ိစိကိစ္ဆာနိဝါရဏ (ယုံမှားသံသယဖြစ်ခြင်း)
    ဘုရား၊ တရား၊ သံဃာကို မယုံကြည်တာ ၀ိစိကိစ္ဆာဖြစ်ပါတယ်။ ဘုရားကိုယုံကြည်ရမှာဖြစ်သလို ဘုရားဟောတဲ့တရားတော်တွေကိုလည်း ယုံကြည်ရပါမယ်။ ဘုရားရှင်ရဲ့သားတော်တွေဖြစ်တဲ့ သံဃာတော်တွေကိုလည်း ယုံကြည်၊ မိမိကိုတရားပြ တရားသင်ပေးတဲ့ ဆရာသမားအပေါ်ကိုလည်းယုံကြည်ပြီး ဆရာပြောတဲ့အတိုင်း စောဒကမတက်တော့ပဲ ရှုမှတ်ပွားများ ဖို့လိုပါတယ်။  ဒီတရားတွေကဘုရားဟောတာကော ဟုတ်ရဲ့လား ဒီတရားရှုမှတ်နည်းအတိုင်း ရှုမှတ်လို့ကော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရပါ့မလား။ သင်ပေးတဲ့ဆရာတော် သံဃာတော်တွေ ဟောတဲ့သင်ပြတဲ့ နည်းတွေကရော ဘုရားဟောတာတွေဟုတ်ပါ့မလား၊ စသည်ဖြင့် ယုံမှားသံသယရှိနေရင် ၀ိစိကိစ္ဆာနိဝါရဏ ဖြစ်နေတဲ့အတွက် တရားမရနိုင်တော့ပါဘူး။ ဒါကြောင့်  ဘုရား တရား သံဃာနဲ့ ဆရာသမားအပေါ်မှာလည်း တကယ့်ကို နှစ်နှစ်ကာကာယုံကြည်မယ်ဆိုရင် ၀ိစိကိစ္ဆာနိဝါရဏ တရားမရှိတော့ပါဘူး။
Saturday, August 21, 2010
ရိုးမအလှ
အငယ်မ သိပ်ကြိုက်တဲ့သီချင်းလေးပါ...။ မျှဝေခံစားနိုင်ခြင်းငှာ.. တင်လိုက်သည်။
Sunday, June 27, 2010
ရှေးဦးမှတ်ဖွယ်(၂)
(နောက်တစ်နာရီလောက် အားထုတ်ပြီးပြန်လာတော့)
 ''မင်း အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာ ဟာ ၀ီရိယရှိလို့ပေါ့။ အဲဒါ 'သမ္မာဝါယမ' လို့ခေါ်တယ်။ မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း ရင်ညွှန့်ကိုရောက်တိုင်း ရောက်တိုင်း သိရဲ့လား။ (သိပါတယ်ဘုရား)
     အေး... မင်းအဲဒါကိုသိနေတယ်ဆိုတာ သတိကို လက်မလွတ်လို့ သိတာ၊ အဲဒါ "သမ္မာသတိ" လို့ခေါ်တယ်။ မင်း အာနာပါနကို အားထုတ်နေတုန်း မင်းစိတ်ဟာ ထားတဲ့ ရင်ညွှန့်မှာပဲရှိနေပြီး တခြားအာရုံသို့ ရောက်မသွားတာကို "သမ္မာသမာဓိ" လို့ခေါ်တယ်။ စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
     အေး ... မင်းသမာဓိတော့ရပါပြီ၊ ဒါပေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်ရန် လိုနေသေးတယ်။ ၀င်လေ- ထွက်လေ ရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်။ ပါးစပ်ကမရှူရဘူး၊ နှာခေါင်းက ရှူလည်း ဘယ်ကရှူတယ်၊ ညာဘက်ကရှူတယ်ဆိုတာ တွေ လိုက်နေဖို့မလိုဘူး။ သမာဓိရဖို့ပဲ အရေးကြီးတယ်။ နှာခေါင်းကရှူရင် ရှူတာသိရမယ်။ ရှိုက်ရင် ရှိုက်တာသိရမယ်။
မင်းကို ပထမအာနာပါန အားထုတ်ခိုင်းစဉ်ကလည်း စိတ်ကို ရင်ညွှန့်မှာ အကပ်ခိုင်းတယ်။ အခုတစ်ခါ အားထုတ်ရမှာက (နှာသီးဖျား ရင်ညွှန့် ၊ ချက်) ရောက်တိုင်းရောက်တိုင်း ၀င်လေရှူလိုက်တဲ့အခါ နှာသီးဖျားကအစ၊ ရင်ညွှန့်အလယ်၊ ချက်အဆုံး ၀င်တာကိုသိရမယ်။ လေထုတ်လိုက်တဲ့အခါမှာလည်း ချက်အစ၊ ရင်ညွှန့်အလယ်၊ နှာသီးဖျားအဆုံး ထွက်တာကိုသိလိုက်ရမယ်။ ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတခြားထွက်မသွားပဲ၊ သမာဓိ ကောင်းကောင်းကြီးရနိုင်တယ်။
နောက် အလေ့အကျင့် ကောင်းကောင်းရသွားရင် ၁၅-မိနစ်လောက်နဲ့ သမာဓိ ထူထောင်နိုင်တယ်။
          မင်းသိဖို့ရာက မင်း အခုရှူရှိုက်နေတာက ရုပ်၊ ဒီရှူရှိုက်နေတာကို သိတာက နာမ်၊ အဲဒီရုပ်နာမ် ၂-ပါး ပိုင်းခြားသိတဲ့အခါ 'နာမရူပ ပရိစ္ဆေဒဉာဏ်' ။ ၀ိသုဒ္ဓိလိုပြောရင် 'ဒိဋ္ဌိဝိသုဒ္ဓိ' တစ်ပေါင်းတည်းဖြစ်လာတယ်။ မြဲမြဲမှတ်ထားနော်၊ မင်း ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ သိဖို့ရာက -
၁။ အာရုံနဲ့ သိမှတ်တဲ့စိတ်လို့ ၂-မျိုး မှတ်ထားရမယ်။
၂။ အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှုရမယ်။
၃။ အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။
၎။ ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ စိတ်က ဘာတစ်ခုမှ မစဉ်းစားနဲ့၊ ဘာအာရုံမှ ၀င်မလာစေနဲ့။
     မင်းဟာ စိတ်တစ်လုံးကို နိုင်အောင် ဆုံးမနိုင်ရင် ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်။
     စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလို မင်းချမ်းသာရာ ရမှာမဟုတ်ဘူး။  လောကုတ္တရာအလိုလည်း ထောင့်ငါးရာကိလေသာနူနာ အမြစ်ပြတ်မှာမဟုတ်ဘူး။
        မင်းစိတ်ကို နိုင်အောင် ဒီလိုဆုံးမ၊ ငါဥပမာလေးပြမယ်။
၁။ နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာ ကြိုးနဲ့မြဲမြဲချည်ပြီး ဆုံးမသလိုပဲ၊
ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း 'အာရုံ' မှာ၊ နွားရိုင်းနဲ့တူတဲ့ "စိတ်" ကိုကြိုးနဲ့တူတဲ့ 'သတိ' တရားဖြင့် တင်းတင်းကြပ်ကြပ် ချည်ပြီး ဆုံးမရမယ်။ မင်းစိတ်ကို ဒီအတိုင်းဆုံးမ။ 
၂။ ကဲကွာ - မင်းကို နောက်တစ်မျိုးထပ်ပြောပါဦးမယ်။
    အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာ ရှိနေတဲ့ ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင် အပေါက် ၅-ပေါက်ကို လုံအောင်ပိတ်၊ ကျန်တဲ့ အပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကို မိသလို၊ မင်းရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ ဒွါရ ၅-ပေါက်ကို ပိတ်ပြီး ကျန်တဲ့ မနောဆိုတဲ့ အပေါက် စောင့်ဖမ်းရင် မင်းရဲ့ ဖွတ်နဲ့တူတဲ့ စိတ်ကို မိရောပေါ့။ 
ကဲ ... ကဲ.. မင်းသမာဓိကို ကောင်းကောင်းရအောင် ထပ်ပြီး အားထုတ်ချေဦး။
(နောက်တစ်နေ့ရောက်တော့)
မင်းမနေ့က သမာဓိကောင်းကောင်းရရဲ့လား၊
(ထိနမိဒ္ဓ(အိပ်ငိုက်ခြင်း) ၀င်လို့ သမာဓိခပ်ကျဲကျဲပဲရတယ်ဘုရား)
မင်း... တယ်ရှော်တာကိုး။ အဲဒါ မင်း သမာဓိလွန်လို့ပဲ၊ သမာဓိလွန်တော့လဲ ထိနမိဒ္ဓ ၀င်တာပဲ။ အဲဒီအချိန်မှာ မင်းထိုင်တဲ့ဣရိယာပုထ်ကို ဖျက်ပြီး လမ်းလျှောက်ရင် အားထုတ်ရတယ်။ မင်းမြဲမြဲ မှတ်ထား။ သတိသာလွန်တယ်လို့မရှိတာ၊ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယ ဆိုတာကို ညီတူတစ်ပြိုင်တည်း လွှတ်ရတယ်။ တစ်ပြိုင်တည်း တညီတညွှတ်တည်းဖြစ်အောင် အားမထုတ်နိုင်ရင် ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မှု) ဖြစ်ဖြစ်၊ ထိနမိဒ္ဓ (စိတ်ထိုင်းမှိုင်းမှု) ဖြစ်ဖြစ် တစ်ခုခုတော့ဝင်လာမှာပဲ၊
(အခုအားထုတ်ခိုင်းတာက) သမထသက်သက် သမာဓိရရုံခိုင်းတာ၊ ၀ိပဿနာနဲ့ မရောစေနဲ့ဦး။
"သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယ" တို့ကို အပိုအလိုမရှိ၊ မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို အားထုတ်ရမယ်။ မင်းက တစ်ခါမှ အားမထုတ်ဖူးလို့ ငါက ဒါလောက် အချိန်ကုန်ခံပြီး ပြောပြနေရတာ။ ဒီအာနာပါန ၀င်လေထွက်လေ ရှူရှိုက်ပြီး အားထုတ်တာ၊ ဘာခက်တာလိုက်လို့၊ ကဲ အကျင့်ရအောင် သွားအားထုတ်စမ်း၊ သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။
(၂-နာရီလောက် အားထုတ်ပြီး ပြန်လာတော့)
မင်းသမာဓိ ကောင်းကောင်းရပြီလား၊
(ရပါပြီဘုရား)
မင်းက သမာဓိကောင်းကောင်းရတယ် သာပြောတာ၊ မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာမဟုတ်သေးဘူး။ သမာဓိရတဲ့ လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ အပုံကြီးခြားနားတယ်ဆိုတာ နောက်တော့ ငါပြောပြမယ်။ မင်းအခု ထမင်းစား၊ ရေချိုး နောက် ခန္ဓာဝန်ကိုပြည့်စုံအောင်ဆောင်ရွက်၊ တရားထိုင်ချိန်ကျမှ အခင်းကြီး၊ အခင်းလေးတွေ မပေါ်စေနဲ့၊ ဒီကိစ္စတွေဟာ အများကြီး အနှောက်အယှက်ဖြစ်တယ်။
ကဲ - ဒါတွေပြည့်စုံအောင်လုပ်ပြီး အားထုတ်ချေ။
(၂- နာရီလောက်အားထုတ်ပြီး ပြန်လာတော့)
မင်းသမာဓိ ကောင်းကောင်းရပြီလား
(ရပါပြီဘုရား)
အေးဒါလောက်ဆိုရင် တော်လောက်ပြီ။ ဒီတစ်ခါ ၀ိပဿနာရှုရမယ်။
ရှေးဦးစွာ သမာဓိကောင်းကောင်းထူထောင်ရမယ်။ နောက် ၀ိပဿနာဘက်ပြောင်းပြီး ရှုရမယ်။ ၀ိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွှတ်ပြီး ရုပ်နာမ်လက္ခဏာဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ။
ယခုလက်ရှိခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး သေသည့်တိုင်အောင် မပြတ်မစဲ၊ ထပ်တလဲလဲ ဖြစ်ပျက်နေကြပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာရေး ၃-ပါးတို့သာ မုချဧကန် ဖြစ်ပျက်နေကြပါတကား လို့သိမြင်ရမယ်။
ရုပ်နာမ်နှစ်ပါးတို့သည်ကား မမြဲ၊ ဆင်းရဲ၊ ငါလည်းမဟုတ်၊ ရုပ်နာမ်တွေဟာ "အနတ္တ" ဟုထင်မြင်မှုများလာတဲ့အခါ၊ ဖြစ်လိုက် ချုပ်လိုက်နဲ့ ချုပ်ပျောက်နေကြတာကို တွေ့မြင့်တဲ့အခါ 'ဥဒယဗ္ဗယဉာဏ်' ရောက်တယ်လို့သိရမယ်။ နားလည်ပြီလား။ တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုမရှင်းထားရင် ခရီးရောက်မှာမဟုတ်ဘူး။ အဲဒီတော့ ဒိဋ္ဌိ ၀ိစိကိစ္ဆာကို ထပ်ပြီး ပါယ်ပေးရဦးမယ်။
မင်း သောတာပန်ဖြစ်ချင်ရင် "ဒိဋ္ဌိ ၀ိစိကိစ္ဆာ" ကိုအရင်ပါယ်ရမယ်။
ဆက်ရန်..
Sunday, May 30, 2010
ရှေးဦးမှတ်ဖွယ်
      "မောင်ကျော်သိန်း - မင်းတရားအားထုတ်ဖို့ အချိန်တော်ပြီ၊ အသေက ဦးသွားအုံးမယ်။ ငါသည် ရခဲသော လူ့ဘ၀ ကြုံကြိုက်ခဲလှသော ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊ အို ၊ နာ၊ သေ၊ မွဲ၊ ကွဲ ဆိုတဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ၀ိပဿနာ အကျင့်မြတ်ကို အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။
ပြီးတော့ မင်းရဲ့ အရောင်းအ၀ယ် အလုပ်ဆီကို လုံးဝစိတ်မရောက်ရဘူး။ ပစ္စည်းဥစ္စာ သားမယားကို တစ်ခါတည်း ဥာဏ်နဲ့စွန့်ပစ်ထားပါ။ အဓိပတိ ၃-ပါး ဆိုတာက
- အတ္တာဓိပတိ၊
- လောကာဓိပတိ၊
- ဓမ္မာဓိပတိ  လို့  ၃-မျိုးရှိတယ်။"
(1) မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါဟာ စားစရာ နေထိုင်စရာ မရှိလို့ အားထုတ်တာမဟုတ်ဘူး။ အိုဘေး ၊ နာဘေး၊ သေဘေး၊ မွဲ ကွဲတည်းဟူသော သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောင်လို့ တရားအားထုတ်ခြင်းဖြစ်တယ်။ အဲဒါ 'အတ္တာဓိပတိ' လို့ခေါ်တယ်။
(2) လောကကြီးကိုလဲ အဓိပတိထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်တယ်လို့ အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တရားတွေ ဖုံးလွှမ်းပြီး အရောင်းအ၀ယ်ကိစ္စတွေ စဉ်းစားတွေးတော မနေနဲ့၊ ထိနမိဒ္ဓလဲ မဖြစ်နဲ့၊ ပျင်းလဲ မပျင်းနဲ့၊ အိပ်လဲ မအိပ်နဲ့ စိတ်ကလဲ လေလွင့် မနေနဲ့၊ မတော်တာတွေ လုပ်နေရင် ကိုယ်စောင့်နတ်နှင့် သမ္မာဒေ၀နတ်ကောင်း နတ်မြတ်များကလဲ သိတယ်။ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလည်းသိတယ်။ ဒါကြောင့် လောကကြီးကို အဓိပတိထားပြီး အားထုတ်လို့  "လောကာဓိပတိ" လို့ခေါ်တယ်။
(3) တရားတော်ကိုလဲ အဓိပတိထားပြီး ရိုသေလေးစားပြီး တရားအားထုတ်ရမယ်။ တရားတော်ကို ၀ိပဿနာဥာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားမမြင် တရားမပေါက်တာဟာ တရားမရှိလို့မဟုတ်ဘူး။ ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကို "ဓမ္မာဓိပတိ" လို့ခေါ်တယ်။
      ပြီးတော့ တရားအားထုတ်တဲ့အခါ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။ ပြီးတော့-
"ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို၊ ဖြစ်ချုပ်ဥာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ်ရကြောင်း" ဆိုတဲ့ ဆောင်ပုဒ်ကို အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။
တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ-၅ပါး (ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စ ၅-ခု) ကိုလုပ်ဆောင်ရမယ်။
(1) တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထား၊
(2) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ  ကန်တော့ပါ၏ လို့ဆို၊
(3) ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နဲ့တကွ သတ္တ၀ါအားလုံးအား ဘေးရန်ကင်း၍ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာစိတ်ကို ပွားများပေးရမယ်။
(4) ရှေးဘ၀ယခုဘ၀ ငါပြုသမျှသော ဒါနစတဲ့ ကုသိုလ်တို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်း၊ လို့ဆို၊
(5) မရဏာနုဿတိ = ငါသည် ဘ၀များစွာက သေခဲ့တာများလှပြီ၊ ယခုဘ၀မသေခင်မှာ တရားအားထုတ်မှပဲ လို့ သေခြင်းတရားကို ပွားများပြီး အားထုတ်မှုအရှိန်ပြင်းထန်အောင် မိမိကိုယ်ကို တိုက်တွန်းပါ။
         တရားအားထုတ်တော့မယ်ဆိုရင် ရှေးဦးစွာ ရုပ်နဲ့နာမ် ခွဲတတ်ရမယ်။ ငါပြောပြမယ်။ မင်းမြင်စရာအဆင်းနဲ့ မြင့်တဲ့ မျက်စိက ရုပ်ပဲ။ သိမှုက နာမ်လို့ခေါ်တယ်။ အာရုံခြောက်ပါးမှာ အဲဒီလို ရုပ်နဲ့နာမ် ဟာအမြဲတွဲနေတာပဲ။
 ပြီးတော့ တရားအားထုတ်ရာမှာ ပရိညာ(၃)ပါးနဲ့ သိ- သိသွားရမယ်။
(၁) ဥာတပရိညာ- ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာကရုပ်၊ ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး သိ-သိသွားရမယ်။
(၂) တိရဏပရိညာ- ဖြစ်ဆဲရုပ်နာမ်တို့၏ "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" သဘောကို ပိုင်းခြားသိရမယ်။
(၃) ပဟာနပရိညာ- ရုပ်နာမ်တို့အပေါ်မှာ ၊ ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာငါပဲဆိုတဲ့ မာနစွဲ၊ ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။
       တရားအားထုတ်ရာမှာ မင်းရုပ်နာမ်ကို ပိုင်းခြားသိရမယ်။ ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ပဲ၊ သမာဓိရရုံလောက်သာ သမထကို အားထုတ်ပြီး၊ သမာဓိရလာတာနဲ့ တပြိုင်နက် ၀ိပဿနာကို ပြောင်းပြီးလုပ်ရမယ်။ ၀ိပဿနာကိုပြောင်းတယ်ဆိုတာ မီးရထား ခေါင်းတွဲ လမ်းလွှဲသလို သမထ(သမာဓိ) လမ်းကနေ ၀ိပဿနာ(ပညာ)လမ်းကို စိတ်လွှတ်ပြီး ၊ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်နေတဲ့ လက္ခဏာကို ဆင်ခြင်တာပါပဲ။ အဲဒါကဉာဏ်က ဦးစီးတယ်လို့မှတ်၊ အဲဒီတော့ မင်း အာနာပါန ကမ္မဋ္ဌာန်းကို အရင်လုပ်၊ အာနာပါနဆိုတာ ၀င်လေထွက်လေ(၀င်သက်-ထွက်သက်)ကိုခေါ်တယ်။ ဒီဝင်လေထွက်လေကို ရှူရာမှာ လေကို ၀အောင်ရှူ။ လျော့ပြီးလည်းမရှူရဘူး၊ သိပ်ပြင်းပြင်းထန်ထန်လည်းမရှူရဘူး၊ မှန်မှန်ပဲ ရှူရမယ်။ ရှိုက်ရမယ်။
ပြီးတော့ မင်းစိတ်ကို နှာသီးဖျား၊ အထက်နှုတ်ခမ်း၊ ရင်ညွှန့်ဆိုတဲ့ ၃-နေရာမှာ ကြိုက်ရာနေရာမှာ ထားပါ။ သတိနဲ့ကပ်ထားရမယ်။ မလစ်စေရဘူး၊ ၀င်လေ ထွက်လေရှူရှိုက်တဲ့အခါမှာ နှာသီးဖျားမှာ ထိတာကိုသိရမယ်။ သူ့သဘောအတိုင်း မှန်မှန်လေး (၀င်သက်- ထွက်သက်) ကို သိနေတဲ့ အာရုံမှတစ်ပါး တစ်ခြားဘယ်ကိုမှ မရောက်ရဘူး။ အာရုံမပြုရဘူး။
         အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ ရုပ်နာမ် ၂-ပါးကို ပိုင်ခြားသိပြီး ခန္ဓာ ၅-ပါးဆိုတာလည်း ပိုင်းခြားသိရမယ်။ 
၁။ ရုပ်က ရူပက္ခန္ဓာ 
၂။ သိစိတ်က ၀ိညာဏက္ခန္ဓာ  
၃။ ခံစားမှု ဝေဒနာက ဝေဒနက္ခန္ဓာ  
၎။ မှတ်သားမှု သညာက သညက္ခန္ဓာ  
၅။ စေ့ဆော်မှု ဖဿစေတနာ စတဲ့ ကျန်စေတသိက် ၅၀-က သင်္ခါရက္ခန္ဓာ  လို့သိမှတ်ရမယ်။
           ဒါတွေသိပြီးနောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွါရဦးမယ်။ ဒီလိုသိမှုကို အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်။ ဒီတော့ ခန္ဓာ ၅-ပါးကိုပိုင်းခြားပြီး သိမြင်ပြီးရင် ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့ အ၀ိဇ္ဇာ(မသိခြင်း)၊ တဏှာ(အာရုံကပ်ငြိခြင်း)၊ သင်္ခါရ(ပြုပြင်မှု)တို့ဟာ အကြောင်းတရား၊ ဒီရုပ်နာမ် ခန္ဓာတို့ဟာ အကျိုးတရားလို့ အကြမ်းအားဖြင့် မင်းသိမြင်ရမယ်။
        ကဲ..... မင်းတရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်း လိုက်ဆို၊
"ကမ္မဋ္ဌာနံ၊ မေ ဘန္တေ ဒေထ၊ သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ။"
ဘန္တေ - အရှင်ဘုရား။
မေ- တပည့်တော်အား။
သံသာရ၀ဋ္ဋဒုက္ခတော- သံသရာဝဋ်ဆင်းရဲအပေါင်းမှ။
မောစနတ္ထာယ - ထွက်မြောက်ပါစေခြင်းအကျိုးငှာ။
ကမ္မဋ္ဌာနံ - မဂ် ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို။
ဒေထ - ကရုဏာရှေ့ထားပေးသနားတော်မူပါဘုရား။
              အဲဒါကို သုံးခေါက်ဆိုပါ။ ကဲ ငါပြောသလို "အာနာပါန" ကိုသွား အားထုတ်ချေတော့.....။
ဆက်ပါဦးမည်..
Saturday, May 1, 2010
ဆရာသည် အရေးကြီးဆုံး
         မောဟစရိုက်သမား သွားကြည့်လို့ရှိရင် ခြေလှမ်းမဖြောင့်ဘူးတဲ့။ တောင်နင်းလိုက် မြောက်နင်းလိုက် ဒီလိုသွားတယ်။ ဖြောင့်ဖြောင့်ကို မသွားဘူး၊ သူက တွေဝေပြီး သွားတာပဲ။ အဲဒီလို ဆရာသမားက စရိုက်တွေ အကုန်သိပြီးမှ ကမ္မဋ္ဌာန်းပေးလို့ရတယ်။
နို့မို့လို့ နေတဲ့နေရာ ဆိုလို့ရှိရင်ဖြင့် ကြိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုတဲ့ အဓိပ္ပါယ်မျိုးရောက်မှာပဲ။ ဒါကြောင့် ကဲ - ဆရာသည် အရေးကြီးတယ်
ဆရာအရေးကြီးဆုံး
            ဒါကြောင့် ရှင်အာနန္ဒာကို ပြောပေါ့။ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ညီတော်အာနန္ဒာ ဆရာသမားများ ဘယ်လောက် အရေးကြီးသတုံးကွ
ဆရာသမားကြောင့်ဘုရား... နိဗ္ဗာန်ရောက်တဲ့နေရာမှာ ထက်ဝက်ပဲ သူ့တာဝန်ပါဘုရား
တယ်ဖျင်းပါလား၊ မင်းက သာဝကကိုးကွ၊ သာဝကဥာဏ်ကလေးလောက်နဲ့ ပြောနေတာ၊ မဟုတ်ဘူးကွ၊ မဟုတ်ဘူး။
သူ့တာဝန်လုံးလုံး၊ သူအမှီကောင်းမှ ရမယ်တဲ့
သူ့အမှီမကောင်းလို့ရှိရင်၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားနာရ၊ တရားတောင်းရ၊ ကိုယ်အလိုရှိလို့ အရွယ်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်း ရှာကြပြန်တော့လည်း ဒီဆရာများနဲ့ တွေ့မှာ စရိုက်အကဲမခတ်တတ်ပဲနဲ့ ပေးနေတဲ့ ကမ္မဋ္ဌာန်းတိုက်တွေနဲ့ တွေ့မှာလည်း စိုးရိမ်ရတယ်။
         အဲဒါ ယနေ့တော့ဖြင့် ရှင်းရှင်းလင်းလင်းပြောတယ်ဆိုတော့ ၊ သြော်... တော်တော်အရေးကြီးပါလား ဆိုတာ ပါလာတယ်။ ကြည့် အရှင် အနုရုဒ္ဓါဆိုတာ အဘိညာဉ်နေရာမှာ ဆိုရင်ဖြင့် ဧတဒဂ်ရ၊ အဘိညာဉ် ဆိုတာ သေရင် ဘယ်သွားမယ်ဆိုတာ ချက်ချင်းသိတယ်။ အဲဒီကိုယ်တော်ကြီးဟာ သောတာပန်၊ သကဒါဂါမ် တည်ပြီး အနာဂါမ်၊ ရဟန္တာမဖြစ်ပဲ၊ ဖြစ်နေတယ်။ ဘာ့ကြောင့် မဖြစ်တာတုံးဆိုတော့ သူ့မှာတဲ့ ဒကာ ဒကာမတို့ မာနခံနေတယ်။ 
သြော်.. ငါလိုကြည့်နိုင်တဲ့ပုဂ္ဂိုလ် ရှားပါလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မာနခံနေတယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးဆီ သွားကပ်ရတယ်လို့ အဂုင်္တ္ထိုရ်ပါဠိတော်မှာလာတယ်။ ရှင်သာရိပုတ္တရာက မင်းဟာကွာတဲ့ အထက်မဂ်ဖိုလ်တွေ ရမယ့်ဥစ္စာ ၊ ဒီဟာမှ မသတ်ဘဲကိုး ဆိုတော့ သူဟာ သူ့စရိုက်ရှုမိတဲ့အခါကျတော့မှ..
             မာနစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်၊ မာနဆိုတာက ဒေါသကလာတာကိုး ---။ ပညာက ထက်လွန်းလို့လည်း အဲဒီဘက်ကူးသွားတတ်တယ်။ ဒါကြောင့် မာနဘက် ထိုးထွင်းပြီး ပညာရှိတဲ့ ပုဂ္ဂိုလ်က မာနကို ရှိတတ်တယ်။ အဲဒါကြောင့် မာနက နောက်ကလိုက်တော့ အထက်မဂ် အထက်ဖိုလ် တက်လို့မရဘူး။
အနုရုဒ္ဓါ --မင်းသည်ကား ဆိုလို့ရှိရင် မာနကြပ်ကြပ် ရှုစမ်းကွ ဆိုတဲ့အခါကျတော့မှ မာနခံနေလို့ အထက်မဂ်မရတာ မာနဖြစ်ပျက်ရှုမှ တက်သွားတယ်။ ရှင်သာရိပုတ္တရာကြီးက အကဲခတ်ပြီး တည့်ပေးသွားတယ်လို့ ဆိုနိုင်ပါတယ်။
       အေး... ပညာစရိုက်က သူက အားကြီးလို့ သူသည် ပညာလွန်ပြီးနေတော့ ကွေ့ကောက်နေတယ်။ ဆိုတဲ့ အဓိပ္ပါယ်သိတော့မှ မာနကြောင့် ကွေ့ကောက်နေတယ်ဆိုတာ သိတော့ မာနဖြစ်ပျက် ရှုခိုင်းပစ်ရတယ်။
ဒီတော့မှ တက်သွားတယ်။ ကောင်းပြီ - ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ စရိုက်ရှင်းတမ်းကို တော်တော်လေးပြောပြီးပါပြီ။ တော်တော်လေး ပြောပြီးတော့ သတိပဋ္ဌာန်လေးပါး ဘယ်နှယ်ကြောင့် ပြားရသတုံးဆိုတော့ စရိုက်ပြားလို့ ပြားရတယ်။
သတိပဋ္ဌာန်တစ်ပါးတည်း ဟောပါတော့လားလို့ မေးတဲ့အခါကျတော့ ---
ဖြေတတ်ပါပြီ၊ စရိုက်များလို့ ပြားရတယ်လို့မှတ်။
           အဲဒါစရိုက်များလို့ ပြားရသည်ဆိုတော့ ခင်ဗျားတို့ အင်မတန် ရွေးချယ်ဖို့ အရေးကြီးလာပြီဆိုတာ ပေါ်လာတယ်။ ရမ်းပေးတဲ့ ဆရာနဲ့ဆို မရပါဘူး။ မရပေဘူးလေဗျာ..။
ကောင်းပြီ - ဒါဖြင့် ဒကာဒကာမတို့ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်မှာ ထင်ထင်ရှားရှားဖြစ်တဲ့ရုပ်ကို ၊ လေးလေးကန်ကန် ဖြစ်တဲ့ရုပ်ကို ရှုရမယ်။ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်ဟာ ရုပ်ကိုရှုရပါမယ်။ ကာယနုပဿနာရှု၊
 ဥာဏ်ကတော့ ထက်ပါတယ်တဲ့ တဏှာများနေတဲ့ ပုဂ္ဂိုလ် ကျလို့ရှိရှု ဝေဒနာနုပဿနာရှုရမယ်လို့မှတ်။
ဥာဏ်က ထက်တယ် မာနများနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာနုပဿနာရှု၊ 
ဥာဏ်ထက်ထက်နဲ့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ္တနုပဿနာကိုပေး။
ရွေးလာတော့ ခက်ပါတယ်၊ ဒီလို မရွေးဘဲနဲ့ဆို နောက်က ဒကာ၊ ဒကာမတွေ သိတဲ့အတိုင်းဘဲတဲ့ ကြိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ရှေးကတော့ စောင်းကြိုးက ကျစ်ကျစ်ပြီး ထည့်ရတာကိုး။
        အခုခေတ်လို ကြေးနန်းကြိုးတွေ ဘာတွေက မဟုတ်တော့ ကြိုးတွေသာကုန်တယ်၊ သူ့စောင်းတီးတဲ့ အတတ်က မတတ်ပါဘူး။ အဲဒီလိုဖြစ်နေတယ်။ ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးကြောင်းသိတဲ့ အခါကျတော့ တစ်ခါ ဒါက ရှေးဦးစွာ ကမ္မဋ္ဌာန်းကိုပြောဆိုတာ။
           ကဲ - ဒါဖြင့် ဒီလောက်ဆို ဒကာ၊ ဒကာမတွေ သြော် ... ကိုယ်စရိုက်နဲ့ ကိုယ် လျော်တဲ့ ကမ္မဋ္ဌာန်း ကိုယ်ယူပြိး ဒိဋ္ဌိအရင်ခွာရဦးမယ်။
ကမ္မဋ္ဌာန်းကတော့ စရိုက်အတိုင်းယူမယ်။ ယူပြီးတော့ ဒိဋ္ဌိခွာရပါမယ်။ ဒိဋ္ဌိခွါရပါမယ်။
ကမ္မဋ္ဌာန်းကတော့ဖြင့် စရိုက်နဲ့ လျော်တဲ့ ကမ္မဋ္ဌာန်းယူပြီး ဒိဋ္ဌိ အရင်ခွါရပါမယ်။ ဒိဋ္ဌိခွါပြီးမှ ဖြစ်ပျက် ရှုရပါမယ်။
ဒါ - ဒီနေ့ အစီအစဉ်ပေးပြီး ဒကာ၊ ဒကာမတို့ သတိပဋ္ဌာန်လေးပါး စရိုက်နဲ့လျော်တာယူရပါမယ်။
Thursday, April 29, 2010
ကမ္မဋ္ဌာန်းရွေးနည်း၊ ၀ိပဿနာရှုနည်း (ယောဂီသစ်များအတွက်)
(ကာယနုပဿနာသတိပဋ္ဌာန်၊  ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်)
ကာယနုပဿနာ ဆိုတာ ရုပ်ကိုရှုတယ်။
ဝေဒနာနုပဿနာ ဆိုတာက  ဝေဒနာကိုရှုတာပါ။
အေး - စိတ္တာနုပဿနာဆိုတာက စိတ်ကိုရှုတာပါ။
ဓမ္မနုပဿနာဆိုတာက သညာ၊ သင်္ခါရ နှစ်ခုကို ရှုတာပါဘဲ။
          သတ္တ၀ါစရိုက်မတူတာနဲ့ လေးမျိုးပြားလိုက်ရတယ်။ တရားဟာ အားလုံးပဲ သိပြီးသား ရမ်းပေးလို့ မဖြစ်ဖူး။ တချို့ယောဂီတွေက အမျိုးမျိုးအဖုံဖုံ ရှိကြပါတယ်။ သူတို့ဆီရောက်ရင် သူတို့ဟာ ပေးတာပဲ၊ ဘာစရိုက် - ညာစရိုက် မရွေးပါဘူး။ ဒါဖြင့် ကိုက်ပါ့မလား။
မကိုက်ပါဘူးတဲ့။  ဒါတွေကို ခင်ဗျားတို့က စဉ်းစား၊ ရှေ့နောက် အစဉ်လွဲလို့ မှားတာကတစ်မျိုး၊ ကမ္မဌာန်းအပေးလွဲလို့ မှားတာကတစ်မျိုးပါ။ ဒါဖြင့် မှားစရာအချက်တွေ များနေပါတယ်။
ကဲ - ဒါဖြင့် ဉာဏ်နဲ့ ကျပ်ကျပ်စဉ်းစားပြီး သြော် .. တို့ -  ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို လိုချင်သော်  ငြားသော်လည်း၊ ခေါင်းဆောင်ကောင်း တော်တော်အရေးကြီးတယ်။
အခုဘယ်လိုသိရတုံးဆိုတော့ ဒိဋ္ဌိမခွါဘဲနဲ့ ၀ိပဿနာ ရှုနေသော်လည်း အလကားဝိပဿနာ၊ စရိုက်မသိပဲနဲ့ ကမ္မဋ္ဌာန်းပေးနေလို့ရှိရင်လဲ၊ အလကားဆရာဖြစ်ရမယ်။
ဘာဖြစ်လို့ အလကားဆရာဖြစ်ရတုံး ဆိုတော့  ဒီ အားထုတ်တဲ့ ပုဂ္ဂိုလ်ပန်းရုံပဲ၊ ဘုရားက သတိပဋ္ဌာန် လေးပါး ဘာဖြစ်လို့ ဝေဖန်ရတုံးဆိုတော့ စရိုက်နဲ့ ဝေဖန်တာ၊ စရိုက်နဲ့ ဥာဏ် အနုံ့ အထက်နဲ့ ဝေဖန်တာ။
တရားပေးတဲ့အခါ မတူဘူးဆိုတဲ့  သတ္တ၀ါစရိုက်တွေ မတူဘူးဆိုတာ သိပြီး ဝေဖန်တဲ့ အဓိပ္ပါယ်ပဲ။
အဲဒါ ဘုန်းကြီးတို့ ဒီမှာ တစ်ခါတလေ တချို့ ဝေဒနာပေးတယ်၊ တချို့ကျတော့ စိတ်ပေးတယ်။ သူ့စရိုက်ကို အကဲခတ်ရတာကို ပေးရပါတယ်။ အင်း တချို့ကျတော့လည်း ရုပ်ကိုပေးရတယ်။ တချို့ကျတော့လည်း သစ္စာပိုင်းကချည်း ပေးရတယ် ဓမ္မာနုပဿနာက သစ္စာ
        အင်း ... မင်းဒုက္ခသစ္စာကြီး ရှုစမ်း၊ ဒီလိုလည်း ပေးရတာရှိတယ်။ ကဲ - ဒါဖြင့် ဒကာဒကာမတို့ သတိပဋ္ဌာန် လေးပါး ပြန်ကောက်ကြစို့နော်။ ဘယ်နှယ်ကြောင့် လေးပါး ဝေဖန်ရပါလိမ့်ဆိုတော့ သတ္တ၀ါတို့၏ စရိုက်ကြောင့်နော်၊ ဒါဖြင့် သတ္တ၀ါစရိုက် သူ့စရိုက်နဲ့တော်တဲ့ ကမ္မဋ္ဌာန်းကို သူ့ပေးရမှာပါဘဲ။ သူ့စရိုက်နဲ့ မတော်တဲ့ ကမ္မဋ္ဌာန်းကို သူ့ပေးမိလို့ရှိရင် မျောက် အုန်းသီးရဖြစ်လိမ့်မယ်။ မျောက် အုန်းသီးရတော့ မခွဲစားတတ်ဖူးလို့ မှတ်ပါ။
ပါးစပ်နဲ့ကိုက်ရမှာလည်းခက်၊ ပေါက်ခွဲလို့ရှိရင်ကော မရပါဘူး၊ အဲ သူ့စရိုက်နဲ့ မတော်တဲ့ ကမ္မဋ္ဌာန်းဆရာက ပေးမိလို့ရှိရင် ခင်ဗျားတို့ မျောက်အုန်းသီးရဖြစ်လိမ့်မယ်ဆိုတာ ရှင်းပြီးနော်၊ ဒါဖြင့် ဟောတဲ့ ဆရာဘုန်းကြီးက အစုံဟောလိမ့်မယ့်။
အစုံဟောမယ်၊ ကာယနုပဿနာလည်းဟော၊ ဝေဒနာနုပဿနာလည်းဟော၊ စိတ္တာနုပဿနာဟော၊ ဓမ္မနုပဿနာလည်းဟော အကုန်ဟောလိမ့်မယ်။ ဟောတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့က -
အချည်ကြိုက်လို့ရှိရင် ဒေါသသမားလို့မှတ်၊ 
အချိုကြိုက်လို့ရှိရင် လောဘသမားလို့မှတ်ပါ။ အချိုများများကြိုက်ရင် လောဘသမားပါ။
အဆိမ့်ကြိုက်ရင် မောဟသမားပါ။ အခါးတို့ အဆိမ့်တို့ ကြိုက်ရင် မောဟသမားပါ။ 
အဲဒါကိုယ့်အစာနဲ့ကို အကဲခတ်၊ အိမ်ကျတော့မှ အကဲခတ်၊ ... အေး... အိမ်ကျတော့ ကဲ အချဉ်ကြိုက်ရင် ဒေါသသမားပါပဲ။
အချိုကြိုက်ရင်လောဘသမားပါ၊ အင်း အခါးတို့ အဆိမ့်တို့ကြိုက်ရင် မောဟသမားပါ၊ လောဘ၊ ဒေါသ၊ မောဟ တော့ သေချာပါတယ်။ ဒါ သူ့စရိုက်နဲ့သူ စားတယ်။ သူ့စရိုက်နဲ့သူစားတယ်။ အဲ ...-
လောဘသမားဖြစ်ခဲ့လို့ရှိရင် ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း သူကိုင်ရမယ်။
ကိုင်း.. ဒေါသသမားလည်း ဥာဏ်နဲ့နီးတယ်။ ဒေါသသမားဆိုရင် ဓမ္မနုပဿနာပေးရမယ်။ သူက ငါမလုပ်တော့ဘူး ဆိုလို့ရှိရင် ဒေါသသမားက မလုပ်တော့ဘူး။ ပျော့နွဲ့ပြီး ဟိုကပ် ဒီကပ် လုပ်မနေတော့ဘူး။ မလုပ်ဆို မလုပ်ဘူးဟေ့၊ ဒါ ဒေါသသမား၊ အဲ - ဒေါသဖြုတ်လို့ရှိရင် ဥာဏ်ဘက်လှည့်သွားတယ်။ ကောင်းပြီး ဒါဖြင့် ဒကာဒကာမတို့ ကိုယ့်ဟာကို ချိန်တဲ့ အခါကျလို့ရှိရင် ဒါ တချို့ကျတော့လည်း အလုပ်တစ်ခုလုပ်မယ် ကြံလို့ရှိရင် ကြံလုံးဖန်လုံးတွေ ရှိသေးတယ်။ ဖြုန်းကနဲ အလုပ်မသွားသေးဘူး၊ အဲဒီဥစ္စာကျတော့ ၀ိတက်သမား ၀ိတက်စရိုက်ရှိတယ်။
ဝိတက်စရိုက်ရှိရင် ကာယာနုပဿနာဖြစ်တဲ့ အာနပါန စလုပ်၊ ဒါမှရမယ်။ နို့မို့လို့ရှိရင် ကမ္မဋ္ဌာန်းလွဲမယ်။
ဒါဖြင့် ကမ္မဋ္ဌာန်းနဲ့ လူဟာလည်း လူနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ စရိုက်နဲ့ ၊ စရိုက်ဆိုတာက သေသေချာချာမှတ်ပါ၊ ဘ၀များစွာက အမြဲတမ်းအထုံပါလာခဲ့တယ်၊ အထုံက ဘယ်နည်းနဲ့မှ မစွန့်ဘူး၊ ရှင်သာရိပုတ္တရာကိုယ်တော်ကြီး ချောင်းခုန်သလို မှတ်ပါ။ ရဟန္တာဖြစ်တာတောင် ချောင်းခုန် ကူးပါတယ်နော်..။
မျောက်ဖြစ်ခဲ့တာများလွန်းလို့ ဆိုတော့ သေချာပါတယ်။ အဲတော့ ဒကာဒကာမတို့တဲ့ အင်မတန် အရေးကြီးတဲ့ ရွေးနည်းပါပဲ၊ ရွေးတတ်ကြပလား...။ ရွေးတတ်လို့ရှိရင် ဒီဥစ္စာ တရားဟောတဲ့ ဘုန်းကြီးက အစုံးပေးသော်ငြားလည်း ခင်ဗျားတို့က ကိုယ်စရိုက်နဲ့ကိုယ် - ကိုယ်ကြိုက်တဲ့၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ၊ ကိုယ့်စရိုက်နဲ့ လိုက်တာရှု...။ အင်း -
ဒိဋ္ဌိများလို့ရှိရင် စိတ္တာနုပဿနာရှုရလိမ့်မယ်၊ ပညာစရိုက်များတဲ့ ပုဂ္ဂိုလ် သစ္စာရှု၊ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ် ရုပ်ရှု။
သတိပဋ္ဌာန်လေးပါးဟာ စရိုက်လိုက်ပြီး ထားရတယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်နော်။ သတိပဋ္ဌာန်လေးပါးထားရတာက စရိုက်မတူလို့ပါ၊ စရိုက်က အမျိုးမျိုးရှိတယ်လို့ မှတ်ထားရမယ်။
တချို့က ရာဂစရိုက် လောဘအားကြီးတယ်၊ တချို့ကျတော့လည်း ဒေါသစရိုက်အားကြီးတယ်။ တချို့က မောစရိုက်ရှိတယ်။ စရိုက်သုံးပါး နေပါတယ်။ တချို့က သဒ္ဒါစရိုက်ရှိတယ်။ တချို့က ၀ိတက်စရိုက်ရှိတယ်။ တချို့က ပညာစရိုက်ရှိတယ်။
စရိုက်ခြောက်ပါး မှတ်မိကြပီလား ....။
လောဘစရိုက် ၊ ဒေါသစရိုက်၊ မောဟစရိုက် ဒါကလူတိုင်းသိပြီးသား၊ သဒ္ဓါစရိုက်ဆိုတာက သဒ္ဓါတရား လွန်ကဲနေတာပဲ၊ သူဟာ ပညာမပါဘူး၊ ဘုရားချည်းပဲ ကြည်ညိုနေတော့တာပဲ၊ တစ်ခါတည်း လူမြင်ရလို့ရှိရင်လည်း တစ်ခါတည်း သက်ကြီးဝါကြီးလည်း ကြည်ညိုနေတာပဲ၊ သဒ္ဓါစရိုက်သာ အားကြီးနေတာပဲ ပညာက မပါဘူး။
ဒီလိုလည်းရှိရသေးတယ်၊ ၀ိတက်စရိုက်ဆိုတဲ့ ဥစ္စာလည်း သူတွေ့လိုက်လို့ရှိရင် ကြံဖန်နေတာနဲ့ပဲ ပြီးသွားတာပဲ။ ပွားရတယ်၊ ရှုရတယ်မရှိဘူး ဒီလို ၀ိတက်စရိုက်လည်းရှိပါတယ်။ ပညာစရိုက်ဆိုတာကတော့ ထိုးထိုးထွင်းထွင်း သူကလာတယ်၊ အဲတော့ စရိုက်က ခြောက်ပါးရှိတယ်။
        စရိုက်ခြောက်ပါးရှိတော့ လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာနုပဿနာရှု လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ် ဝေဒနာနုပဿနာရှုရပါမယ်။ သြော်... ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး ဆိုတော့ ဝေဒနာ နိရောဓောဖြစ်မှ တဏှာနိရောဓော ဖြစ်မှာကိုး ။ ဝေဒနာနိရောဓောဖြစ်မှ တဏှာနိရောဓော ဖြစ်မှာပါပဲ။
        သူ့ကို ဝေဒနာကမ္မဋ္ဌာန်းပေးပါ။ ဒီလိုမှ တည်အောင် မပေးလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်ဟာ လွဲနေမှာပဲ။ လွဲနေလို့ရှိရင် စဉ်းစားတာပေါ့။ သြော်... အချိန်ကြာသလောက် ခရီးမပေါက်ဘူး။
       ရှင်သာရိပုတ္တရာတောင် အချိန်လွဲပါတယ်ဆိုတာ ပြောထားပေါ့၊ ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကျလို့ရှိရင် ပညာနဲ့နီးပါတယ်နော်။ ဒေါသစရိုက်ရှိနေတဲ့ပုဂ္ဂိုလ် ပညာနဲ့ နီးတယ်ဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဓမ္မနုပဿနာ ဒုက္ခသစ္စာပေး။
မောဟစရိုက် ရှိတဲ့ပုဂ္ဂိုလ် လာပါတယ်။ မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အင်မတန် ဥာဏ်မလေးပေဘူးလား။ အဲဒီပုဂ္ဂိုလ်ကျတော့ ခုနင်က လေးလေးဖြစ်တဲ့ အဖြစ်ကလည်းနှေး၊ အပျက်ကလည်းနှေးနဲ့၊ ရုပ်တရားများကို ပေးရမယ်ဆိုတော့ သူ့စရိုက်နဲ့သူ မလျော်ရင် တော်ပါ့မလား။
ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်လည်း ၀ိတက်က တောင်ပြေး မြောက်ပေးနဲ့ သြော်... ဒါဖြင့် အာနာပါန ပေးမှကိုက်မှာပေါ့။ မပြေးတဲ့တရား အာနာပါနဆိုတော့ စိတ်က ပြေးခွင့်မရပါဘူး။ ဒီလိုပေးရတယ်။
ပညာစရိုက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကျတော့လည်း သစ္စာပေးပါ။ သစ္စာကမ္မဋ္ဌာန်းသာပေးလိုက်၊ ခဏလေးနဲ့ရတယ်။ ကောင်းပြီ။ ဒါဖြင့် ဒကာ- ဒကာမတို့ စရိုက်နဲ့ လျော်တာကို ဘုန်းကြီးကတော့ ရှင်းပြပေးနေတယ်။
ဒကာဒကာမတွေဟာ အလုံးစုံပဲ အပါယ်လေးပါးတံခါးပိတ်ပြီး သုဂတိဒုက္ခတွေတောင်မှ မတွေ့စေလိုဘူး။ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်စေချင်တော့ ဒီထဲစရိုက်ကလည်း အမျိုးမျိုးရှိတယ်။ အဲတော့ ကိုယ်စရိုက်နဲ့ကိုယ် ကြိုက်ပြီး၊ ကိုယ်နဲ့ တော်တဲ့ ကမ္မဋ္ဌာန်း ကိုယူပါ။
ကိုယ့်စရိုက်နဲ့ တော်တာကိုယ်ယူရမှာပါ။ ကိုယ်နဲ့တော်တဲ့ ကမ္မဋ္ဌာန်းကိုယူပါ။ သို့သော် ဘယ်လိုပင် ဒီဟာတွေက ဘယ်လိုပင်ထူးခြားသော်လည်း နောက်ဆုံးပိတ် အနိစ္စာဝတ သင်္ခါရာ မလွတ်စေနဲ့ နောက်ဆုံးပိတ်ကျတော့ ဖြစ်တဲ့တရား ပျက်တတ်တယ်။
ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကလည်း အင်း - သူလည်းလောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ် - ဘာဖြစ်ဖြစ် လိုချင်၊ ရချင်တဲ့ ပုဂ္ဂိုလ် ဝေဒနာက စရှုရမယ်။ သို့သော်... တွေ့တော့ ဖြစ်ပျက်တွေ့ရမယ်။ ဖြစ် -ပျက် တွေ့ရင် ပြီးတယ်။
နောက်ဆုံးမှာကျတော့ ဖြစ် - ပျက်မှာ လမ်းဆုံးတယ်လို့မှတ်ရမယ်။ နောက်ပိတ်ဆုံး တစ်နေ့ကျတော့ ဖြစ်ပျက်မှာ လမ်းဆုံးပါတယ်။
ကောင်းပြီ...။ အားလုံးဒကာ ဒကာမတွေ စရိုက်မသိဘဲနဲ့ ကမ္မဋ္ဌာန်းကို ဆရာကပေးပေး၊ တပည့်ကပဲ နေရာမကျလို့ အယူလွဲလွဲ၊ ကြားလိမ့်မယ်ဆိုတာ မှတ်ရမယ်။ သြော်... ကမ္မဋ္ဌာန်းဆရာလုပ်ဖို့ကလည်း မလွယ်ပါလား..။ မလွယ်ဘူးတဲ့။
တစ်ချို့ နေရာမှာများ ဒီနေရာလာလို့ရှိရင် ရှူရှိုက်မှုပဲ လုပ်ဟေ့ဆိုတော့ သူဟာ စရိုက်မရွေးပါဘူး။ သူက ၀ိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ပေးရမှာ ၀ိတက်က တောင်ကြံ - မြောက်ကြံ ... အကြံအစည်များတယ်။
အကြံအစည်များတဲ့ပုဂ္ဂိုလ်ကျ စိတ်က တောင်ရောက် - မြောက်ရောက် ဒီလိုပုဂ္ဂိုလ်မှ အာနာပါန ပေးရမဲ့ ဥစ္စာကို အင်း.. သူက ၀ိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါပေးဆိုလို့ရှိရင် မရနိုင်ဘူးဆိုတာ သေချာပါပြီ၊ ဒါဖြင့် တောင်ဝှေးဆွဲလည်း အရေးကြီးပါတယ်။
နောက်လိုက်ကော ... အရေးကြီးပါတယ်။ နောက်လိုက်ကတော့ ဒီတရားမျိုးကို နာရမှ ရွေးတတ်တယ်။ တောင်ဝှေးဆွဲကလည်း ဒီပုဂ္ဂိုလ်တွေရဲ့ စရိုက်တတ်မှ ဖမ်းတတ်မှ နေရာကျတယ်။ လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ် များသွားတဲ့အခါကျလို့ရှိရင်ဖြင့် ခြေထောက်ဟာ စမ်းသပ်ပြီး နူးနူးညံ့ညံ့သွားလေ့ နင်းလေ့ရှိတယ်။
 လောဘ စရိုက်ရှိတဲ့ပုဂ္ဂိုလ် ... မကြွချင် - ကြွချင်ပေါ့ဗျာ ခပ်နှေးနှေးနဲ့ ခပ်ဖြေးဖြေး ဒီလို သွားလေ့ လာလေ့ရှိတယ်။ သူ့အိပ်ယာ နေရာသွားကြည့်လိုရှိရင်ဖြင့် နူးနူးညံ့ညံ့ သန့်သန့်ရှင်းရှင်း လုပ်ထားလေ့ရှိတယ်။
ဒါ သူ့ဝါသနာအတိုင်း လာတယ်။ ဒါကျတော့ သူ့ကို ဝေဒနာနုပဿနာ ပေးလိုက်ရင် တည့်ပါတယ်လို့မှတ်။
           ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ် သူ့အိမ်သွားကြည့်လိုက်ရင် ၊ သူ့အခန်းသွားကြည့်လိုက်ရင် ရှုပ်ပွေလိမ်နေတာပဲ၊ ဘယ်တော့မှ မလှည်းကျင်းဘူး၊ ဖြစ်သလိုနေတတ်တဲ့ ပုဂ္ဂိုလ် ကျတော့ ဒေါသစရိုက် ရှိတဲ့  ပုဂ္ဂိုလ်ပါပဲ၊ အဲဒါတွေ ကျလာလို့ရှိရင်ဖြင့် သြော်.. ဒေါသစရိုက်ရှိပါလား၊ ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း ဘယ်ကမ္မဋ္ဌာန်း ပေးရမှာတုံးဆိုတာက ဆရာကရွေးချယ်ရပါတယ်။
        လမ်းသွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကို အကဲခပ်ချင်ရင် သူ့ခြေရာ သူ့ခြေရာသွား ကြည့်လိုက်ရင်သိမယ်။ သူ့ခြေရာက နဂိုက မသွားခင်က ရောက်ချင်နေတယ်။ ဒေါသစရိုက်သမားက မသွားခင်က ရောက်ချင်ပါတယ်၊  မသွားခင်က ရောက်ချင်နေတော့ သူ့ခြေရာ သွားကြည့်လိုက်လို့ရှိရင် သူက ရှေ့ကုတ်ကုတ်ပြီး မြေကြီးပေါ်မှာသွားလေ့ရှိတယ်။
သူ့ဖိနပ်ကို သွားကြည့်လိုက်လို့ရှိရင် ဒီရှေ့ပိုင်းက ခြေမတို့ ခြေသူကြွယ်တို့ အစရှိသည်တို့က အဲဒီနေရာက ဖိနပ် ခွက်နေတယ်၊ ကတ္တီပါဖိနပ်ဆို အဲနေရာက စပြတ်တယ်၊ ဒါ.. ဒေါသစရိုက်သမား..။
Wednesday, April 28, 2010
သမာဓိရလွယ်အောင် ဘယ်လိုလုပ်ရမလဲ
       ရဟန်းဖြစ်ပါက ကျောင်း၊ အိပ်ရာနေရာ၊ သပိတ်သင်္ကန်း၊ အသုံးအဆောင် စသည်တို့ စင်ကြယ်သန့်ရှင်း နေရမည်။ ခန္ဓာကိုယ်ကိုလည်း နံစောပြီး မနေစေနဲ့၊ ရေမိုးတို့ဖြင့် သန့်ရှင်းအောင် ချိုးပေးရမည်။ ဆံပင်ကိုလည်း ငြီးစီစီကြီးနေအောင် အရှည်ကြီး မထားနှင့်၊ မကြာမကြာ ရိတ်ပေးပါ။ ပတ်ဝန်းကျင်နေရာအရပ်ကိုလည်း တံမြက်စည်း လှဲပေးပါ၊ ရှုတ်ပွမနေပါစေနဲ့။
ဤသို့လျှင် ကိုယ်တွင်းကိုယ်ပ၊ ပတ်ဝန်ကျင်တို့ပါ သန့်ရှင်းအောင် စီမံထားကြလျှင် စိတ်ကြည်လင်၍ သမာဓိရလွယ်သည်။ အမျိုးသမီး၊ အမျိုးသားယောဂီများ ဖြစ်ကြလျှင်လည်း ကိုယ့်ဆိုင်ရာ ပတ်ဝန်းကျင်များကို သန့်ရှင်းအောင် ပြုပြင်ကြရမည် ။
အသုံးအဆောင် အ၀တ်အစားနှင့်တကွ ကိုယ်ခန္ဓာပါ သန့်ရှင်းနေအောင် စီမံကြရမည်။
ဤသို့စီမံထားပါလျှင် စိတ်ကြည်လင်၍ သမာဓိ ရလွယ်၏။
သမာဓိရမှလည်း တရားထူးသိမြင်နိုင်သော ဉာဏ် ပေါ်ပေါက်လာပေမည်။ ဤဉာဏ်ပေါ်လာအောင် သမာဓိ ထူထောင်ရခြင်း ဖြစ်သည်။
Tuesday, April 27, 2010
တရားထိုင်ပုံထိုင်နည်း
         တရားထိုင်တဲ့အခါ တင်ပလ္လင်ခွေထိုင်ပါ၊ ခါးကိုဖြောင့်ဖြောင့် မတ်မတ်ထားပါ။ ရှေ့လဲ မငိုက်နဲ့ ဘေးလဲ မစောင်းနဲ့၊ ခေါင်းလည်း ဘယ်ဘက်မှ မစောင်းပါနဲ့၊ မင်းရဲ့ခါးအထက်ပိုင်း ကိုယ်ကြီးဟာ ရှေ့ - နောက် ၊ ဘေး ယိမ်းယိုင်နေရင် အရိုးအဆစ်တွေ အဆက်ချင်းတည့်တည့်(တဲ့တဲ့) မနေတဲ့အတွက် မကြာခင် နာလိမ့်မယ်။ ဝေဒနာကိုတွေ့ဖို့ရာထားဦး၊ သမာဓိကိုရအောင်တောင် မထိုင်နိုင်ပဲ နေရမှာစိုးတယ်။ ခါးအောက်ဖိထားလို့ ရှိရင် သွေးလွှတ်ကြော၊ သွေးပြန်ကြော ကိုက်ခဲလာမယ်။ ဒီတော့ ထိုင်နည်းမမှန်ရင် ဝေဒနာကို တမင်လုပ်ပြီး ယူရာကျမယ်။ ဒီအချက်တွေဟာ တရားထိုင်စ ယောဂီတွေအတွက် အရေးကြီးတယ်။
          ယောဂီများဟာ မိမိတို့ကြို့က်တဲ့ ဣရိယာပုထ် (အနေအထား)နဲ့ အားထုတ်နိုင်တယ်။  ဒါပေမယ့် ထိုင်ခြင်း ဣရိယာပုထ်ဖြင့် အားထုတ်တာက စိတ်ငြိမ်မှု သမာဓိရလွယ်လို့ ပိုကောင်းတယ်။ ၀င်သက်၊ ထွက်သက်ကို မှန်မှန်ရှုရှိုက်ရမယ်။ သိပ်ပြင်းပြင်းထန်ထန်၊ မြန်မြန်ဆန်ဆန် ရှုရှိုက်လို့ရှိရင် ကိုယ့်ကိုယ်ကို ညှင်းဆဲရာကျမယ်။
(၀င်သက်)ရှူလိုက်တဲ့အခါ၊ လေထဲမှာရှိနေတဲ့ တေဇောဓာတ်ဟာ အဆုတ်ထဲမှာရှိတဲ့ လေအိတ်ကလေးများစွာ ရှိတဲ့နေရာရောက်တဲ့အခါ ခန္ဓာကိုယ်အတွက် အပူခွန်အား( တေဇောဓာတ်) ရရှိတယ်။
          ဒါကြောင့် အဆုတ်ထဲရောက်အောင် အသက်ရှူလိုက်တဲ့အခါတိုင်း၊ အဆုတ်ဟာကျယ်ပြန့် သွားနိုင်အောင်  ခန္ဓာကိုယ်အထက်ပိုင်းကို တရားထိုင်တဲ့အခါ တည့်တည့်မတ်မတ်ထားရမယ်။ အဲဒီလိုထားရင် အဆုတ်လေအိတ်ကလေးတွေ လေပြည့်နေမယ်။ လေပြည့်နေမှ မိမိခန္ဓာကိုယ်ကြီးကို နာရီများစွာ တရားထိုင်နိုင်မယ်။
အဆုတ်ကိုလေအပြည့် မသွင်းနိုင်ရင် မောပန်းလာမယ်။ ဒီအချက်ဟာ တရားထိုင်တဲ့ ယောဂီများအတွက် အရေးကြီးတယ်။ ၀င်လေကို တစ်ခါပြင်းပြင်း ရှူထုတ်လိုက်ရင် နှလုံးဟာ ၄-ကြိမ်လှုပ်ရှားရမယ်။
ညှစ်ထုတ်ရမယ်။ တစ်မိနစ်မှာ ၁၆-ကြိမ်မှ ၁၈-ကြိမ်အထိ အသက်ရှူရှိုက်ရတယ်။ နှလုံးကတော့ (၆၄) မှ (၇၂) အထိ လှုပ်ရှားညှစ်ထုတ်ရတော့၊ အသက်(လေ) ကိုမြန်မြန် ပြင်းပြင်းရှူလိုက်ရင် နှလုံးဟာ ဘယ်လောက် အလုပ်များပြီး ပင်ပန်းမလဲ၊ တရားမပဲ ရောဂါရဖို့ သေချာတယ်။
          အဆုတ်ရဲ့အင်အားနဲ့ ယူဆောင်လာတဲ့ တေဇောဓာတ်(အပူ)က အစာအိမ်၊ အူသိမ်၊ အူငယ်များကို ပြုပြင်ပေးလိုက်တော့ အစာအဟာရ ကြေညှက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးတယ်။ ဒီအပြင် ဒီသွေးဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးမှာ ဘေးဖြစ်စေတဲ့ အညစ်အကြေး အဆိပ်အတောက် အပျက်အစီးများကို သက်ဆိုင်ရာ အစိတ်အပိုင်းများမှတစ်ဆင့် ချွေး၊ အခိုး၊ အငွေ့၊ ကျင်ငယ် အဖြစ်ဖြင့် အပြင်ထုတ်ပေးတယ်။
 အဆုတ်မှတစ်ဆင့် အဆိပ်အတောက်နဲ့ မကောင်းတဲ့ အခိုးအငွေ့များပါလာတဲ့ လေကို ထွက်သက်လေဖြင့် ထုတ်ပစ်တယ်။ သွေးဟာ နှလုံးခုန်ခြင်းအားဖြင့် သွေးကြောထဲမှ ဖြစ်လိုက်ပျက်လိုက်နဲ့ လည်ပတ်ပြီး မကောင်းတဲ့ သွေးညိုသွေးပုပ်တွေကို နှလုံးထဲက အဆုတ်ထဲ တွန်းလိုက်တော့ မကောင်းတဲ့သွေးမှာ (တေဇောအသစ်) တစ်ဘက်နှလုံးထဲမှ သွေးနီအကောင်းပြန်လည်ရရှိပါတယ်။
        အဲဒီကတစ်ဖန် မကောင်းတဲ့ အညစ်အကြေး  အဆိပ်အတောက် အပျက်အစီးများကို ချွေး၊ ကျင်ငယ်၊ အငွေ့အသက်ဖြင့် ပြန်ထုတ်ပြီး တစ်ပတ်လည်နေလို့ ငါတို့မင်းတို့ အသက်ရှင်နေတယ်လို့ ခေါ်ရတာပဲ၊ တို့ရဲ့နှလုံးဟာ လက်သီးဆုပ်ပမာဏရှိတယ်။
အတွင်းမှာ အခေါင်းကြီးရှိတယ်။ ဒီအခေါင်းကြီးအတွင်းမှာ တစ်ဆုပ်စာလောက်( အသစ်အသစ်ဖြစ်နေတဲ့) နှလုံးသွေးနီ (တေဇော) ဟာရှိနေတယ်။ အဲဒီကောင်းတဲ့သွေးကို အသက်တစ်ခါရှူရင် တစ်ကိုယ်လုံးနှံ့အောင် ၄-ကြိမ်ညှစ်ပို့ရတယ်။ နှလုံးသားကို ဖြူချောပါးလှပ်တဲ့ အမြှေးလွှာနဲ့ဖုံးအုပ်ထားတယ်။ ဒီနှလုံးသားရဲ့  ညာဘက်ခန်းကတော့ မကောင်းတဲ့သွေးညိုတွေကို အဆုတ်ထဲ တွန်းပို့ပေးတယ်။
        အဲဒီလက်တစ်ဆုပ်စာရှိတဲ့ သွေးကို ဟဒယ၀တ္ထုရုပ်က မှီနေတယ်။ ဒီဟဒယ၀တ္ထုရုပ်ကို မနောဓာတ်၊ မနောဝိညာဏဓာတ်၊ စိတ်၊ စေတသိက်တို့က မှီတည်နေတယ်။ ဒီမနောဝိညာဏဓာတ်စိတ်တွေက စေခိုင်းရာကို ဒီရုပ်တွေက လိုက်လိုက်လုပ်နေရတာပဲ၊ အထည်ကိုယ်မရှိတဲ့ စိတ်ဟာ နှလုံးတည်းဟူသော လိုဏ်ဂူထဲမှာကိန်းနေတယ်လို့ ဘုရားက ဓမ္မပဒပါဠိတော်မှာ ဟောတယ်။
စိတ် စေတသိက်တို့ရဲ့ အစွမ်းအာနုဘော်ကြောင့် နှလုံးဘူးအတွင်းရှိ တစ်ဆုပ်စာမျှရှိတဲ့ နှလုံးသွေးဟာ အဆင်း အမျိုးမျိုးပေါ်လာရတယ်။
(၁) ရာဂ အားကြီးစွာဖြစ်ပေါ်လာတဲ့အခါ ဟင်းသာပြဒါးရေလို နီနီရဲရဲ ဖြစ်ပေါ်လာတယ်။
(၂) ဒေါသ အားကြီးစွာဖြစ်ပေါ်လာတဲ့အခါ မဲပုပ်ပုပ် ဖြစ်ပေါ်လာတယ်။
(၃) မောဟ အားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ အမဲသားဆေးရေလို နီကျဲကျဲ ဖြစ်လာတယ်။
(၄) ၀ိတက် အားကြီးတဲ့အခါ ပဲပိဇတ်ပြုရေလို နီနောက်နောက် ဖြစ်လာတယ်။
(၅) သဒ္ဓါအားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ ၀ါဖျော့ဖျော့နေရာမှ အ၀ါအရင့် ဖြစ်လာတယ်။
(၆) ပညာအားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ ဆွတ်ဆွတ်ဖြူရာမှ မှန်ကဲ့သို့ ကြည်လင်လာပြီး ပတ္တမြားလို အလင်းရောင်တွေ တောက်ပလာမယ်။
(စရိုက် ၆-ပါးအလိုက် အသွေးအရောင် ပြောင်းလဲပုံ ကောင်းကောင်းမှတ်ထားပါ။)
       ဒီနှလုံးကညှစ်လိုက်တော့ ဗဟိုသွေးကြောက တစ်ကိုလုံး ပျံ့နှံ့သွားတော့ ဒေါသဖြစ်နေတဲ့သူဟာ မဲပုပ်ပုပ် သွေးများ တစ်ကိုယ်လုံး ပျံ့နှံ့သွားတယ်။ အသားတွေလဲ ဒေါသဖြစ်လွန်းတော့ နီပြီးတုန်လာတာတွေ့ရတယ်။ အေး ... နောက်တော့ ညိုပုပ်လာပြီး မကောင်းတဲ့ ပြစ်မှုမျိုးစုံ ကျူးလွန်တော့တဲ့အထိ ဖြစ်လာတာပေါ့။
ဘုရား၊ ရဟန္တာများကျတော့ နှလုံးသွေးဟာ အထူးကြည်လင်လို့ ကိုယ်ရောင်ကိုယ်ဝါတွေဟာ တစ်ကိုယ်လုံး တောက်ပလာပြီး ရောင်ခြည်လွှတ်တဲ့အထိ ဖြစ်ပေါ်လာရတယ်။ ရူးသွားတာလဲ ဒီနှလုံးသွေးပဲကွ၊ ကြောက်အားကြီးရင်လည်း ဒီနှလုံးသွေးက အေးပြီး ပြစ်ချွဲလာတော့ တစ်ကိုယ်လုံး အေးစက်လာတယ်။
အအေးလွန်လို့ ပြစ်ချွဲလာပြီး နှလုံးသွေးရပ်သွားတော့ သေရတောပေါ့။ ဒီနှလုံးသွေးထွက်ရာ အ၀င်ဝမှာ အဆိုရှင်လိပ်ပြာတောင် ကလေး ၂-ခုရှိတယ်။ စိတ်၊ စိတ္တဇ၊ ဥတုဇလေကြောင့် ဒီလိပ်ပြာတောင်ကလေး ၂-ခုဟာ အချက်ကျကျ ခတ်ပေးလိုက်လို့ ဒီသွေးတွေဟာ ဒိတ်-ဒိတ်၊ ဒိတ်- ဒိတ်နဲ့ အချက်ကျကျ တစ်ကိုယ်လုံး ပျံ့နှံ့နေတာပေါ့။
         ဒီစိတ်ဟာ နှလုံးသွေးကိုမှီတယ်၊ ဒီနှလုံးသွေး ဖောက်ရင် စိတ်လည်းဖောက်ပြန်လာတယ်။ ဒါသေသေချာချာ မှတ်ထားကြနော်...။ လည်ပင်းသွေးကြော ၂-ခုကိုဖိနှိပ်ထားလိုက်ရင် နှလုံးသွေးကြောနဲ့ တစ်ဆက်တည်းဖြစ်နေတော့ သွေးဖောက်ပြန်ပြီး ဘ၀င်ကျမေ့သွားတတ်တယ်။
အေး.. ဒါကြောင့် တရားထိုင်ချိန်မှာ လည်ပင်းကို ရှေ့နောက်ဝဲယာ စောင့်ငဲ့နေရင် အချိန်ကြာမြင့်တော့ ထိုင်းမှိုင်းတွေဝေမေ့ မျောနေတတ်တယ်။
ဒါဟာ တရားအားထုတ်တဲ့ ယောဂီတွေ ကြပ်ကြပ် သတိထားဖို့လိုတယ်။
လို့.. အမြဲသတိပေးနေရတာပေါ့။ တစ်ခါမှ အားမထုတ်ဖူးတဲ့ယောဂီများကို ခန္ဓာကိုယ်ကြီးကို ဓာတ်သဘောနဲ့ ဘယ်လိုဖွဲ့စည်းနေတယ်ဆိုတာ ရှင်းပြပြီးပြီ၊ တရားအားထုတ်ဖို့ပဲ လိုတော့တယ်။
ကဲ - ထိုင်ကြည့်ကြစို့။
Thursday, April 1, 2010
ပုဂံမင်းဆက်များ
ပုဂံကို အစဉ်အလာမှတ်တမ်းများအရ ခရစ်နှစ် ၁၀၇ ခုနှစ်က ယုန်လွှတ်ကျွန်းအရပ်၌ စတင်တည်ထောင်ခဲ့သည်။ စတင်တည်ထောင်သူမှာ သမုဒ္ဒရာဇ်မင်းဖြစ်ပြီး ကျေးရွာ(၁၉)ရွာအား စုစည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၄င်း (၁၉)ရွာအနက် ညောင်ဦးရွာဆိုလျှင် ယနေ့တိုင် မူလအမည်ဖြင့် ရှိနေဆဲဖြစ်သည်။ ရာဇ၀ံသဇာလိနီကျမ်းအရဆိုလျှင် ယုန်လွှတ်ကျွန်းရပ်မှာ ဧရာဝတီမြစ်မှ (၆)မိုင်အကွာ တုရင်တောင်၏အရှေ့ဘက်တစ်မိုင်အကွာ နေရာဖြစ်သည်ဟု ဆိုပါသည်။ သမုဒ္ဒရာဇ်မင်းဆက်တွင် -
(၁) သမုဒ္ဒရာဇ်                         (107-152)
(၂) ရသေ့ကြောင်                     (152-167)
(၃) ပျူစောထီး                         (167-242)
(၄) ထီးမင်းယဉ်                        (242-299)
(၅) ယဉ်မင်းပိုက်                       (299-234)
(၆) ပိုက်သေဉ်လည်                   (324-344)
(၇) သေဉ်လည်ကြောင်               (344-387)
 တို့ ထီးနန်းစိုးစံခဲ့ကြသည်။ ထိုသေဉ်လည်ကြောင်းမင်းလက်ထက်တွင် မှစ၍ နတ်ကိုးကွယ်မှုစတင်ခဲ့သည်ဟု မှတ်သားရဖူးပါသည်။ ဒုတိယပုဂံအဖြစ် သီရိပစ္စယာမြို့ကို ကျောက်စကားရပ်၌ တည်ထောင်ပြန်၏။ ယင်းနေရာမှာ ယခုပုဂံမြို့သစ်၏ တောင်ဘက်ရေအိုးစင်ချောင်း၏ မြောက်ဘက်ကမ်းနေရာ ဖြစ်သည်ဟု ဆိုပါသည်။
 ပုဂံနန်းတော်ရာဟောင်းဟု ပြောကြပါသည်။ မည်သည့်လက်ထက်က နန်းတော်လို့တော့ အတိအကျမသိပါ။
              သေဉ်လည်ကြောင်းမင်းမှစ၍ -
(၇) သေဉ်လည်ကြောင်                 (344-387)
(၈) ကြောင် ဒူရစ်                        (387-412)
(၉) သည်းထန်                           (412-439)
(၁၀) သူရဲ                                 (439-494)
(၁၁) သာရမွန်ဖျား                       (494-516)
(၁၂) သိုက်တိုင်                           (516-523)
            သိုက်တိုင်မင်းလက်ထက် ခရစ်နှစ် 516 ခုနှစ်တွင် တတိယပုံဂကို တည်ထောင်ပြန်၏။ တမ္ပ၀တီဟု အမည်မှည့်ခေါ်ထားသည့် တတိယပုဂံမှာ ရွာစိုက်ရွာဟောင်း နေရာ၌ တည်ခဲ့ခြင်းဖြစ်သည်။ ပုဂံခေတ်နှောင်းပိုင်း ကာလတွင် မိဖုရားကြီးဖွားစော နေထိုင်ခဲ့ဖူးသည်ကို အကြောင်းပြု၍ ဖွားစောရွာ ဟု ခေါ်ဆိုကြသည်။
 အပေါ်က ပုံနဲ့ နေရာတူတူပါပဲ
              တမ္ပ၀တီတွင် -
(၁၂) သိုက်တိုင်မင်း                      (516-523)
(၁၃) သေဉ်လည်ကြောင်ငယ်          (523-532)
(၁၄) သေဉ်လည်ပိုက်                   (532-547)
(၁၅) ခန်းလောင်း                        (547-557)
(၁၆) ခန်းလတ်                           (557-569)
(၁၇) ထွန်တိုက်                          (569-582)
(၁၈) ထွန်ပစ်                             (582-598)
(၁၉) ထွန်ချစ်                            (598-613)
(၂၀) ပုပ္ပါးစောရဟန်း                   (613-640)
(၂၁) ရွှေအုန်းသီး                        (640-652)
(၂၂) ပိတ်သုံ                             (652-660)
(၂၃) ပိတ်တောင်း                       (660-700)
(၂၄) မင်းခွေး                             (700-716)
(၂၅) မြင်းကျွေး                          (716-726)
(၂၆) သိင်္ဃ                               (726-734)
(၂၇) သိန်းခွန်                            (734-744)
(၂၈) ရွှေလောင်း                        (744-753)
(၂၉) ထွန်ထွင်း                          (753-762)
(၃၀) ရွှေမှောက်                         (762-785)
(၃၁) ထွန်လွှတ်                          (785-802)
(၃၂) စောခင်နှစ်                         (802-829)
(၃၃) ခဲလူး                                (829-846)
         ပုဂံမင်းဆက်၏ (၃၄)ဆက်မြောက်ဘုရင် ပျဉ်ပြားမင်းလက်ထက် ခရစ် 849နှစ်တွင် လက်ရှိပုဂံ နေရာဖြစ်သော စတုတ္ထမြောက်ပုဂံကို တည်ထောင်ပါသည်။ ပုဂံကိုတည်ထောင်စဉ်က ရဟန်းပညာရှိလေးပါးနှင့် လူပညာရှိ လေးဦးတို့ပါဝင်ခဲ့ကြသည်ဟု မှတ်တမ်းများက ဆိုပါသည်။ သို့သော် ဗုဒ္ဓသာသနာတော်သည် (၄၂)ဆက်မြောက်မင်းဖြစ်သောအနော်ရထာမင်း လက်ထက်မှသာ ပုဂံရောက်သည်ဟုလည်း သမိုင်းတွင်ရှိသည်။
 သရပါတံခါး
          စတုတ္ထမြောက်ပုဂံတွင် ထီးနန်းစိုးစံခဲ့ကြသူများမှာ-
(၃၄) ပျဉ်ပြားမင်း                       (846-876)
(၃၅) တန်နက်                          (876-894)
(၃၆) စလေမင်းခွေး                    (894-924)
(၃၇) သိန်းခို                             (924-946)
(၃၈) ညောင်ဦးစောရဟန်း            (946-991)
(၃၉) ကျောင်းဖြူ                        (991-1013)
(၄၀) ကျည်းစိုး                           (1013-1019)
(၄၁) စုက္ကတေး                          (1019-1044)
(၄၂) အနော်ရထာ                      (1044-1077)
(၄၃) စောလူးမင်း                       (1077-1084)
(၄၄) ကျန်စစ်သား                      (1084-1113)
(၄၅) အလောင်းစည်သူ                (1113-1160)
(၄၆) နရသူ                               (1160-1165)
(၄၇) နရပတိစည်သူ                    (1165-1211)
(၄၈) နားတောင်းများ                   (1211-1231)
(၄၉) နရသိင်္ဃ ဥဇနာ                   (1231-1235)
(၅၀) ကျစွာ                               (1235-1249)
(၅၁) ဥဇနာ                               (1249-1256)
(၅၂) မင်းယဉ်                            (1256-1256)
(၅၃) နရသီဟပတေ့                    (1256-1287)
(၅၄) ကျော်စွာ                           (1287-1298)
(၅၅) စောနစ်                            (1298-1325)
(၅၆) စောမွန်နစ်                        (1325-1368)
           စောမွန်နစ်မင်းသည် ပုဂံမင်းဆက်များ၏ နောက်ဆုံးဖြစ်သည်။  ပုဂံပျက်သုဉ်းပြီးနောက် ပင်းယမြို့တော်များပေါ်ပေါက်ကာ ပင်းယမင်းဆက်များပေါ်ပေါက်လာခဲ့ပါသည်။ ပု ၊ ပင်း၊ အင်း၊ တောင်၊ ညောင် ၊ ကုန်းဘောင် ဟု မြန်မာဘုရင်မင်းဆက်များအကြောင်းကို အတိုမှတ်ခဲ့ရဘူးပါသည်။
ပုဂံခေတ်
ပင်းယခေတ်
အင်းဝခေတ်
တောင်ငူခေတ်
ညောင်ရမ်းခေတ်
ကုန်းဘောင်ခေတ်
တို့ဖြစ်ပါသည်။