နိဝရဏတရားငါးပါး
နီဝရဏတရားဆိုတာ မဂ်ဥာဏ်မရအောင် ဖုံးအုပ်တဲ့တရား၊ နိဗ္ဗာန်ကို မရအောင်ကန့်ကွက်တဲ့ တရား၊ ပဋိစ္စသမုပ္ပါဒ်ကိုဆက်အောင်လုပ်တဲ့တရား၊ သစ္စာလေးပါးကိုမသိအောင် ပြုလုပ်တဲ့တရားတွေသာ ဖြစ်ပါတယ်။ ညဘက်ကောင်းကင်မှာ တိမ်သလ္လာတွေဖုံးနေရင် ကြယ်တွေလတွေကို ကောင်းစွာ မမြင်နိုင်၊ အမှန်ကိုမသိနိုင်သလို တရားရှုမှတ်တဲ့ယောဂီဟာ တရားအားထုတ်ဆဲမှာ ဒီနိဝဏတရားတွေဖုံးနေမယ် ဆိုရင် သမ္မာဒိဋ္ဌိအမြင်မှန်မရနိုင်ပါဘူး။ ဒါကြောင့်ဝိပဿနာအးထုတ်တဲ့သူအတွက် အင်မတန် အရေးကြီးတဲ့အတွက် ရှောင်ရန်၊ ဆောင်ရန် အချက်တွေကို တင်ပြလိုက်ပါတယ်။ နီဝရဏတရား ၅-ပါးရှိပါတယ်။
၁။ ကာမစ္ဆန္ဒနီဝရဏ(လိုချင်တပ်မက်ခြင်း)
မိမိလိုချင်ဖြစ်ချင်တာတွေကိုကြံတွေးပြီး မနောမှာပုံတွေဖေါ်မယ်။ (ဥပမာ- နောက်နှစ်မှာ အိမ်ဆောက်မယ်။ ကားဝယ်မယ်။ သားသမီးတွေကျောင်းထားမယ်။ နိုင်ငံခြားသွားမယ်) စသည်ဖြင့် စီမံချက်တွေချပြီး ကြံစည်တွေးတောနေတာမှန်သမျှ ကာမစ္ဆန္ဒနီဝရဏတွေသာဖြစ်ပါတယ်။
အဲဒီကာမစ္ဆန္ဒနီဝရဏတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ ရှေ့ရှုကြံစည်ခြင်းဆိုတဲ့ အဘိဇ္ဈာဓာတ် ကြောင့် အနာဂါတ်ကာလပေါ်လာတဲ့အတွက် စီမံချက်တွေဖြစ်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကာမစ္ဆန္ဒကိုသတ်ချင်ရင် အဘိစ္ဈာဓာတ်ကိုသတ်ရမှာဖြစ်ပါတယ်။ အဘိဇ္ဈာသတ်နည်းကတော့ ရှေ့မှာ ဖေါ်ပြပြီးဖြစ်ပါတယ်။
၂။ ဗျာပါဒနီဝရဏ (အမျက်ထွက်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆင်းရဲခြင်း)
မိမိလိုချင်ဖြစ်ချင်တာတွေဖြစ်မလာမှာစိုးတာဖြစ်ပြီးသား ပိုင်ဆိုင်ပြီးသား ပစ္စည်းဥစ္စာ သားသမီး၊ ဇနီးမယားဆွေမျိုးတွေ ပျက်စီးဆုံးရှုံးမှာစိုးရိမ်တာ၊ ဖြစ်ချင်တာနဲ့ လက်ရှိမဖြစ်သေးတဲ့အခြေအနေ ကွားခြားမှုကိုကြည့်ပြီး မကျေမနပ်ဖြစ်နေတာတွေမှန်သမျှဟာ ဗျာပါဒနိဝရဏဖြစ်ပါတယ်။ ဥပမာ- ကားဝယ်ချင်တယ်ဆိုရင်-
ဖြစ်ချင်တာက ကားဝယ်ချင်တာ၊ လက်ရှိအခြေအနေက ကားမရှိတာဆိုတဲ့ကွာဟလို့ မကျေနပ်တာ၊ ၀ယ်ဖို့အတွက် ငွေကြေးမရမှာစိုးရိမ်တာ ၀ယ်ပြီးသားကားအကြောင်းတစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးသွားမှာ စိုးရိမ်တာ၊ ဆုံးရှုံးသွားလို့ ပူလောင်တာ တစ်နည်းပြောရရင်-
မရှိလို့လိုချင်နေတဲ့အတွက် ပူလောင်တာ
လိုချင်တာမရမှာစိုးတဲ့အတွက် စိုးရိမ်တာ
ရပြီး ပျက်စီးဆုံးရှုံးမှာစိုးတဲ့အတွက် ပူလောင်တာ ဒီသဘောတွေပါပဲ။ ဗျာပါဒနီဝရဏကို သတ်ချင်ရင်လည်း အဘိဇ္ဈာဓာတ်ကိုပဲ သတ်ရမှာဖြစ်ပါတယ်။
၃။ ထိနမိဒ္ဓနီဝရဏ (ငိုက်မျဉ်းခြင်း၊ မိမိစိတ်စေတသိက်တွေကို မနိုင်ပဲ ငိုက်သွားခြင်း)
ဒီ ထိနမိဒ္ဓတရားကတော့ ရဟန္တာကျမှ ပယ်နိုင်တယ်လို့ ဆရာတော်က အမိန့်ရှိထားပါတယ်။ဒါကြောင့် ဒီထိနမိဒ္ဓတရားတွေကို အတင်းတိုက်လို့မရပါဘူး။ ကြိုတင်ပြီးကာကွယ်ထားဖို့သာ လိုပါတယ်။ အိပ်ရေးကိုဝအောင်အိပ်ထားမယ်၊ တရားအားမထုတ်မီ မျက်နှာသစ်မယ်၊ ရေချိုးထားမယ် ဆိုရလို့ရှိရင် ထိနမိဒ္ဓလာစရာမရှိတော့ပါဘူး။ အားထုတ်ဆဲ ထိနမိဒ္ဓ၀င်လာရင်လည်း အားထုတ်တာ ခေတ္တနားပြီး လမ်းလျှောက်မျက်နှာသစ်၊ ရေချိုးချင်ရင်ချိုး၊ ပြီးမှပြန်အားထုတ်ပါလို့ ဆရာတော်က မိန့်ကြားထားပါတယ်။ အဲဒီလိုလုပ်လို့မှ မရရင်တော့ အိပ်လိုက်ပါတော့တဲ့။ အိပ်ရေးဝမှပြန်အားထုတ် ပါတဲ့။ ဒါဆိုရင် ထိနမိဒ္ဓမလာနိုင်တော့ပါဘူး။
၎။ ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ(စိတ်ပျံ့လွင့်ခြင်း၊ စိတ်မငြိမ်ခြင်း၊ နောင်တတစ်ဖန်ပူပန်ခြင်း)
ဥဒ္ဓစ္စ = စိတ်ပျံ့လွင်ခြင်း။ ကုက္ကုစ္စ = နောင်တတစ်ဖန်ပူပန်ခြင်း။
တရားအားထုတ်တဲ့အခါ အရှုခံအာရုံအပေါ် သတိလွတ်သွားတဲ့အချိန်မှာ စိတ်တည်ကြည်မှု (သမာဓိ) မရှိတော့တဲ့အတွက် စိတ်တွေက သားအကြောင်း၊ သမီးအကြောင်း စီးပွားရေးအကြောင်း၊ ဘော့လုံးပွဲအကြောင်း၊ ရုပ်ရှင်အကြောင်း၊ လုပ်ငန်းအကြောင်းစသည့် အာရုံတွေဘက်ကို ပျံ့လွင့်သွားတတ် ပါတယ်။ အဲဒီသဘောကို ဥဒ္ဓစ္စလို့ခေါ်ပါတယ်။ စိတ်တွေပျံ့လွင့်ပြီးရင်လည်း ဒီအတိုင်းမနေဘူး။ ဖြစ်ချင်တဲ့ ကာမစ္ဆန္ဒနိဝရဏတွေ မဖြစ်မှာစိုးတဲ့၊ ဖြစ်ပြီးပျက်မှာစိုးတဲ့ ဗျာပါဒနိဝရဏတွေ ပါဝင်လာ ပြန်ပါတယ်။
အဲဒီလိုမဖြစ်အောင် သတိထားပြီး ကြိုးစားအားထုတ်က ပညာနဲ့ရှုရမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက သတိထား၊ ၀ိရိယစိုက်၊ ပညာနဲ့စောင့်ကြည့် လို့ဆုံးမထား ပါတယ်။
ကုက္ကုစ္စဆိုတာကတော့ ဥဒ္ဓစ္စဖြစ်ပြီးစိတ်တွေပျံ့လွင့်တာကို သိလိုက်တဲ့အခါ ပညာနဲ့ဆက်လက် မရှုမှတ်နိုင်တော့ပဲ စိတ်တွေပျံ့လွင့်ရလေခြင်း၊ ငါညံ့လိုက်တာ၊ ဒီလိုမပျံ့လွင့်အောင် မရှုမှတ်နိုင်ခဲ့ဘူး၊ စသည်ဖြင့် ပြီးခဲ့တဲ့ကိစ္စတွေကို ယူကြုံးမရ နောင်တတစ်ဖန်ပူဆွေးနေတဲ့သဘော ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အချိန်က ရှုမှတ်ရမယ့်အခွင့်အရေး ဆုံးရှုံးသွားတာကို နောင်တရနေတာရယ်၊ မပြုလုပ်သင့်တဲ့ စိတ်ပျံ့လွင့်မှုဖြစ်တာကို ပြန်တွေးပြီး မကျေမနပ်နဲ့ နောင်တတစ်ဖန်ပူဆွေးတာ စသည်တို့ကို ကုက္ကုစ္စ တရားတွေပဲ ဖြစ်ပါတယ်။ မဂ်Óဏ်ဖိုလ်Óဏ်ကို ပိတ်ပင်ထားဆီးတဲ့ နိဝရဏတရားတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ တရားအားထုတ်သူယောဂီဟာ စိတ်ပျံ့လွင့်တဲ့အပေါ်မှာလည်း အရှုခံပေါ်တယ် လို့သိပြီး ရှုမှတ်ရမှာဖြစ်ပါတယ်။ အိမ်အကြောင်း၊ စီးပွားအကြောင်း၊ အလုပ်အကြောင်း၊ သားသမီးအကြောင်းတွေ တွေးရင်လည်း ကာလမခြား မနောမှာပုံသဏ္ဍာန်အမူအရာတွေပေါ်နေမှာပါဘဲ။ အဲဒါအရှုခံခန္ဓာငါးပါးပဲ။ ၊ မိုးကုတ်ဆရာ တော်ဘုရားကြီးက ဆုံးမထားတာရှိပါတယ်။ ]] ခင်ဗျားတို့က ညဘက် အမေကဟင်းလာပေးတာကို သရဲမှတ်လို့ ထွက်ပြေးဆိုတာ ဖြစ်နေပြီ}} တဲ့။ ဟင်းလာပေးတယ်ဆိုတာ အရှုခံလာတာကိုပြောတာပါ။ အဲဒါကို ရမယ့်ကိစ္စ မရှုပဲနဲ့ အနှောက်အယှက်ပေးတယ်ထင်ပြီး ကြောက်နေတာ သရဲမှတ်လို့ထွက်ပြေး တာနဲ့တူတယ်လို့ ပြောတဲ့သဘောသာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်ပျံ့လွင့်လို့ပေါ်လာတဲ့အာရုံတွေကိုလည်း အရှုခံခန္ဓာငါးပါးလို့သိပြီး ရှုမှတ်ပေးလိုက်ရင် ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စတရားတွေ ဘယ်လိုပဲ ပေါ်လာပေါ်လာ အရှုခံအဖြစ်ရှုမှတ်နိုင်မှာဖြစ်ပါတယ်။
၅။ ၀ိစိကိစ္ဆာနိဝါရဏ (ယုံမှားသံသယဖြစ်ခြင်း)
ဘုရား၊ တရား၊ သံဃာကို မယုံကြည်တာ ၀ိစိကိစ္ဆာဖြစ်ပါတယ်။ ဘုရားကိုယုံကြည်ရမှာဖြစ်သလို ဘုရားဟောတဲ့တရားတော်တွေကိုလည်း ယုံကြည်ရပါမယ်။ ဘုရားရှင်ရဲ့သားတော်တွေဖြစ်တဲ့ သံဃာတော်တွေကိုလည်း ယုံကြည်၊ မိမိကိုတရားပြ တရားသင်ပေးတဲ့ ဆရာသမားအပေါ်ကိုလည်းယုံကြည်ပြီး ဆရာပြောတဲ့အတိုင်း စောဒကမတက်တော့ပဲ ရှုမှတ်ပွားများ ဖို့လိုပါတယ်။ ဒီတရားတွေကဘုရားဟောတာကော ဟုတ်ရဲ့လား ဒီတရားရှုမှတ်နည်းအတိုင်း ရှုမှတ်လို့ကော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရပါ့မလား။ သင်ပေးတဲ့ဆရာတော် သံဃာတော်တွေ ဟောတဲ့သင်ပြတဲ့ နည်းတွေကရော ဘုရားဟောတာတွေဟုတ်ပါ့မလား၊ စသည်ဖြင့် ယုံမှားသံသယရှိနေရင် ၀ိစိကိစ္ဆာနိဝါရဏ ဖြစ်နေတဲ့အတွက် တရားမရနိုင်တော့ပါဘူး။ ဒါကြောင့် ဘုရား တရား သံဃာနဲ့ ဆရာသမားအပေါ်မှာလည်း တကယ့်ကို နှစ်နှစ်ကာကာယုံကြည်မယ်ဆိုရင် ၀ိစိကိစ္ဆာနိဝါရဏ တရားမရှိတော့ပါဘူး။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home