ဆရာသည် အရေးကြီးဆုံး
မောဟစရိုက်သမား သွားကြည့်လို့ရှိရင် ခြေလှမ်းမဖြောင့်ဘူးတဲ့။ တောင်နင်းလိုက် မြောက်နင်းလိုက် ဒီလိုသွားတယ်။ ဖြောင့်ဖြောင့်ကို မသွားဘူး၊ သူက တွေဝေပြီး သွားတာပဲ။ အဲဒီလို ဆရာသမားက စရိုက်တွေ အကုန်သိပြီးမှ ကမ္မဋ္ဌာန်းပေးလို့ရတယ်။
နို့မို့လို့ နေတဲ့နေရာ ဆိုလို့ရှိရင်ဖြင့် ကြိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုတဲ့ အဓိပ္ပါယ်မျိုးရောက်မှာပဲ။ ဒါကြောင့် ကဲ - ဆရာသည် အရေးကြီးတယ်။
ဆရာအရေးကြီးဆုံး
ဒါကြောင့် ရှင်အာနန္ဒာကို ပြောပေါ့။ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ညီတော်အာနန္ဒာ ဆရာသမားများ ဘယ်လောက် အရေးကြီးသတုံးကွ ။ဆရာသမားကြောင့်ဘုရား... နိဗ္ဗာန်ရောက်တဲ့နေရာမှာ ထက်ဝက်ပဲ သူ့တာဝန်ပါဘုရား။
တယ်ဖျင်းပါလား၊ မင်းက သာဝကကိုးကွ၊ သာဝကဥာဏ်ကလေးလောက်နဲ့ ပြောနေတာ၊ မဟုတ်ဘူးကွ၊ မဟုတ်ဘူး။
သူ့တာဝန်လုံးလုံး၊ သူအမှီကောင်းမှ ရမယ်တဲ့။
သူ့အမှီမကောင်းလို့ရှိရင်၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားနာရ၊ တရားတောင်းရ၊ ကိုယ်အလိုရှိလို့ အရွယ်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်း ရှာကြပြန်တော့လည်း ဒီဆရာများနဲ့ တွေ့မှာ စရိုက်အကဲမခတ်တတ်ပဲနဲ့ ပေးနေတဲ့ ကမ္မဋ္ဌာန်းတိုက်တွေနဲ့ တွေ့မှာလည်း စိုးရိမ်ရတယ်။
အဲဒါ ယနေ့တော့ဖြင့် ရှင်းရှင်းလင်းလင်းပြောတယ်ဆိုတော့ ၊ သြော်... တော်တော်အရေးကြီးပါလား ဆိုတာ ပါလာတယ်။ ကြည့် အရှင် အနုရုဒ္ဓါဆိုတာ အဘိညာဉ်နေရာမှာ ဆိုရင်ဖြင့် ဧတဒဂ်ရ၊ အဘိညာဉ် ဆိုတာ သေရင် ဘယ်သွားမယ်ဆိုတာ ချက်ချင်းသိတယ်။ အဲဒီကိုယ်တော်ကြီးဟာ သောတာပန်၊ သကဒါဂါမ် တည်ပြီး အနာဂါမ်၊ ရဟန္တာမဖြစ်ပဲ၊ ဖြစ်နေတယ်။ ဘာ့ကြောင့် မဖြစ်တာတုံးဆိုတော့ သူ့မှာတဲ့ ဒကာ ဒကာမတို့ မာနခံနေတယ်။
သြော်.. ငါလိုကြည့်နိုင်တဲ့ပုဂ္ဂိုလ် ရှားပါလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မာနခံနေတယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးဆီ သွားကပ်ရတယ်လို့ အဂုင်္တ္ထိုရ်ပါဠိတော်မှာလာတယ်။ ရှင်သာရိပုတ္တရာက မင်းဟာကွာတဲ့ အထက်မဂ်ဖိုလ်တွေ ရမယ့်ဥစ္စာ ၊ ဒီဟာမှ မသတ်ဘဲကိုး ဆိုတော့ သူဟာ သူ့စရိုက်ရှုမိတဲ့အခါကျတော့မှ..
မာနစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်၊ မာနဆိုတာက ဒေါသကလာတာကိုး ---။ ပညာက ထက်လွန်းလို့လည်း အဲဒီဘက်ကူးသွားတတ်တယ်။ ဒါကြောင့် မာနဘက် ထိုးထွင်းပြီး ပညာရှိတဲ့ ပုဂ္ဂိုလ်က မာနကို ရှိတတ်တယ်။ အဲဒါကြောင့် မာနက နောက်ကလိုက်တော့ အထက်မဂ် အထက်ဖိုလ် တက်လို့မရဘူး။
အနုရုဒ္ဓါ --မင်းသည်ကား ဆိုလို့ရှိရင် မာနကြပ်ကြပ် ရှုစမ်းကွ ဆိုတဲ့အခါကျတော့မှ မာနခံနေလို့ အထက်မဂ်မရတာ မာနဖြစ်ပျက်ရှုမှ တက်သွားတယ်။ ရှင်သာရိပုတ္တရာကြီးက အကဲခတ်ပြီး တည့်ပေးသွားတယ်လို့ ဆိုနိုင်ပါတယ်။
အေး... ပညာစရိုက်က သူက အားကြီးလို့ သူသည် ပညာလွန်ပြီးနေတော့ ကွေ့ကောက်နေတယ်။ ဆိုတဲ့ အဓိပ္ပါယ်သိတော့မှ မာနကြောင့် ကွေ့ကောက်နေတယ်ဆိုတာ သိတော့ မာနဖြစ်ပျက် ရှုခိုင်းပစ်ရတယ်။
ဒီတော့မှ တက်သွားတယ်။ ကောင်းပြီ - ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ စရိုက်ရှင်းတမ်းကို တော်တော်လေးပြောပြီးပါပြီ။ တော်တော်လေး ပြောပြီးတော့ သတိပဋ္ဌာန်လေးပါး ဘယ်နှယ်ကြောင့် ပြားရသတုံးဆိုတော့ စရိုက်ပြားလို့ ပြားရတယ်။
သတိပဋ္ဌာန်တစ်ပါးတည်း ဟောပါတော့လားလို့ မေးတဲ့အခါကျတော့ ---
ဖြေတတ်ပါပြီ၊ စရိုက်များလို့ ပြားရတယ်လို့မှတ်။
အဲဒါစရိုက်များလို့ ပြားရသည်ဆိုတော့ ခင်ဗျားတို့ အင်မတန် ရွေးချယ်ဖို့ အရေးကြီးလာပြီဆိုတာ ပေါ်လာတယ်။ ရမ်းပေးတဲ့ ဆရာနဲ့ဆို မရပါဘူး။ မရပေဘူးလေဗျာ..။
ကောင်းပြီ - ဒါဖြင့် ဒကာဒကာမတို့ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်မှာ ထင်ထင်ရှားရှားဖြစ်တဲ့ရုပ်ကို ၊ လေးလေးကန်ကန် ဖြစ်တဲ့ရုပ်ကို ရှုရမယ်။ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်ဟာ ရုပ်ကိုရှုရပါမယ်။ ကာယနုပဿနာရှု၊
ဥာဏ်ကတော့ ထက်ပါတယ်တဲ့ တဏှာများနေတဲ့ ပုဂ္ဂိုလ် ကျလို့ရှိရှု ဝေဒနာနုပဿနာရှုရမယ်လို့မှတ်။
ဥာဏ်က ထက်တယ် မာနများနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာနုပဿနာရှု၊
ဥာဏ်ထက်ထက်နဲ့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ္တနုပဿနာကိုပေး။
ရွေးလာတော့ ခက်ပါတယ်၊ ဒီလို မရွေးဘဲနဲ့ဆို နောက်က ဒကာ၊ ဒကာမတွေ သိတဲ့အတိုင်းဘဲတဲ့ ကြိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ရှေးကတော့ စောင်းကြိုးက ကျစ်ကျစ်ပြီး ထည့်ရတာကိုး။
အခုခေတ်လို ကြေးနန်းကြိုးတွေ ဘာတွေက မဟုတ်တော့ ကြိုးတွေသာကုန်တယ်၊ သူ့စောင်းတီးတဲ့ အတတ်က မတတ်ပါဘူး။ အဲဒီလိုဖြစ်နေတယ်။ ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးကြောင်းသိတဲ့ အခါကျတော့ တစ်ခါ ဒါက ရှေးဦးစွာ ကမ္မဋ္ဌာန်းကိုပြောဆိုတာ။
ကဲ - ဒါဖြင့် ဒီလောက်ဆို ဒကာ၊ ဒကာမတွေ သြော် ... ကိုယ်စရိုက်နဲ့ ကိုယ် လျော်တဲ့ ကမ္မဋ္ဌာန်း ကိုယ်ယူပြိး ဒိဋ္ဌိအရင်ခွာရဦးမယ်။
ကမ္မဋ္ဌာန်းကတော့ စရိုက်အတိုင်းယူမယ်။ ယူပြီးတော့ ဒိဋ္ဌိခွာရပါမယ်။ ဒိဋ္ဌိခွါရပါမယ်။
ကမ္မဋ္ဌာန်းကတော့ဖြင့် စရိုက်နဲ့ လျော်တဲ့ ကမ္မဋ္ဌာန်းယူပြီး ဒိဋ္ဌိ အရင်ခွါရပါမယ်။ ဒိဋ္ဌိခွါပြီးမှ ဖြစ်ပျက် ရှုရပါမယ်။
ဒါ - ဒီနေ့ အစီအစဉ်ပေးပြီး ဒကာ၊ ဒကာမတို့ သတိပဋ္ဌာန်လေးပါး စရိုက်နဲ့လျော်တာယူရပါမယ်။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home