Wednesday, February 5, 2014

မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်

မြန်မာ့စာပေသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့ပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာ အကျိုးများစေသော ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီး၏ "မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်နှင့် လီနတ္ထိဒီပနီ" စာအုပ်အား အများ ဖတ်ရှုအကျိုးများစေရန်ရည်ရွယ်၍ မျှဝေပါသည်။


 အောက်ကလင့်မှာ သွားဒေါင်းလိုက်ပါ..။

http://www.mediafire.com/view/2ifqfhsjb1bnj31/MaGaDayWa&_LiNatHta_DiPaNi_by_ManLaeSayarDaw[smallpdf.com].pdf

" ဤကောင်းမှုသည် နိဗ္ဗာန်၏ အထောက့်အပံဖြစ်ရပါစေ..."

Thursday, November 28, 2013

မျက်စိလည်စရာ ကံအကျိုးပေး

      လောကတွင် မကောင်းမှုလုပ်လျှင် မကောင်းကျိုးပေးမည်၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပေးမည်ဟု... ဗုဒ္ဓကဟောဖေါ်ညွှန်ပြပေးခဲ့ပါသည်။ သို့သော်လည်း ဗုဒ္ဓ၏အဆုံးအမကို "သတိ ဓာတ်လိုက်တတ်သည်၊ မကိုင်ရ" ဆိုသည့် လျှပ်စစ်မီးကြိုးလောက်ပင် ဗုဒ္ဓဘာသာဝင်များမယုံကြပေ။ အဘယ်ကြောင့်ဆိုသော် မီးကြိုးကိုင်ပါက လက်တွေ့ ဓါတ်လိုက်မည်ဖြစ်ပြီး ယခု မကောင်းမှုလုပ်သော်လည်း ချက်ချင်းမကောင်းကြိုးပေး/မပေးကား မသေချာသောကြောင့် "ကံနှင့်အကျိုးပေး" ကို ဓာတ်ကြိုးလောက် မယုံကြည် မလိုက်နာကြခြင်းဖြစ်သည်။
         လောကတွင် လိမ်လည်လှည့်ဖြား၊ လူပေါ်လူဇော်လုပ်၊ ကတုံးပပေါ်ထိပ်ကွက်၊ အကုသိုဖြင့် အသက်မွေးပြီး ကြီးပွားချမ်းသာနေကြသူများ ဒုနဲ့ဒေး ရှိနေကြပါသည်။ လက်ရှိ မိမိတို့ မြန်မာနိုင်ငံတွင် ပင် အများအပြားတွေ့ရှိနိုင်ပါသည်။
          ဘ၀ကို ရိုးရိုးသားသားနေထိုင်၊ သီလကို လုံနိုင်သမျှ လုံအောင်စောင့်ထိန်း၊ သူတစ်ပါးအား မလိမ် မညာ၊ မကွေ့၊ မကောက် အဟုတ်အမှန်အတိုင်း ကျင့်သုံးစီးပွားရှာနေသူများ ဒုံရင်း ဒုံရင်းနှင့်ပင် နှစ်ပါးသွား နေသူများလည်းရှိပါသည်။
       ထိုအခါ ဗုဒ္ဓ၏ ကံနှင့် အကျိုးပေး ကို မေးခွန်းထုတ်စရာအခြေအနေဖြစ်လာနေပါသည်။ လက်ရှိ ခေတ်ကိုက သိပ္ပံနှင့်နည်းပညာခေတ် ဖြစ်သဖြင့် လက်တွေ့ဝါဒက လွှမ်းမိုးကြီးစိုးနေသည်ဖြစ်ရာ ခေတ်လူများအနေဖြင့် ပိုမို စောဒကတက်ဖွယ်ဖြစ်နေပါသည်။
      ထိုသို့ဖြစ်နေရခြင်းမှာ ကံတို့၏ အကျိုးပေးပုံနှင့် ကာလကို မသိသောကြောင့်၎င်း၊ လက်ရှိဘ၀ တစ်ခဏကိုသာ ကွက်ကြည့်ပြီး သုံးသပ်သောကြောင့်၎င်း (တစ်နည်း) ဉာဏ်မျက်စိတစ်ဆုံး မကြည့်သောကြောင့်၎င်း ထိုသို့ သုံးသပ်ကာ ဆုံးဖြတ်နေကြခြင်းဖြစ်ပါသည်။
   မြတ်စွာဘုရားက အနာထပိဏ်သူဌေးကြီးကို ဟောကြားဆုံးမခဲ့ရာတွင် -
ပါပေါပိ ပဿတိ ဘဒြံ၊
ယာဝပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိပါပံ၊
အထ ပါပေါ ပါပါနိ ပဿတိ။
 အဓိပ္ပါယ်မှာ-
အကုသိုလ်ကံ အကျိုးပေးချိန် မရောက်သေးလျှင် မကောင်းမှုပြုသူသည် ကောင်းကျိုးကို ခံစားနိုင်၊ တွေ့မြင်ရနိုင်သည်။ အကုသိုလ်ကံ အကျိုးပေးချိန်ရောက်လျှင်ကား မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ တွေ့မြင်ခံစားရတော့သည် ဟုဆိုပါသည်။

ဆိုလိုသည်မှာ အကုသိုလ်ဖြင့် စီးပွားလမ်းဖြောင့်နေသူများကို အားမကျအပ်၊ သူပြုသော အကုသိုလ် အကျိုးမပေးခင်သာ စီးပွားလမ်းဖြောင့်ပြီး ကောင်းကျိုးကို ခံစားနေရခြင်းဖြစ်၏။ အကုသိုလ် အကျိုးပေးချိန် ရောက်လာလျှင်ကား မကောင်းကျိုးကိုသာ ခံစားရမည်ဖြစ်သည်။

ဘဒြောပိ ပဿတိ ပါပံ၊
ယာဝ ဘခြံ န ပဿတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊
အထ ဘဒြော ဘဒြာနိ ပဿတိ။
အဓိပ္ပါယ်မှာ-
ကုသိုလ်ကံ အကျိုးပေးချိန် မရောက်သေးလျှင် ကောင်းမှုပြုသူပင်ဖြစ်သော်လည်း မကောင်းကျိုးကို တွေ့မြင်ရ၊ ခံစားရနိုင်သည်။ ကုသိုလ်ကံ အကျိုးပေးချိန်ရောက်လျှင်ကား ကောင်းမှုပြုသူသည် ကောင်းကျိုးကိုသာ တွေ့မြင်ခံစားရတော့သည်ဟူ၍ ဖြစ်သည်။
ဆိုလိုသည်မှာ
 ကုသိုလ်ကောင်းမှုပြုလုပ်ပါလျှက် ဒုက္ခဆင်းရဲရောက်နေသူ၊ စီးပွားပျက်နေသူများကို အထင်မသေးအပ်၊ မိမိကိုယ်ကိုယ်လည်း အထင်မသေးရာ၊ သူပြုသောကုသိုလ်က ကောင်းကျိုးမပေးခင်သာ ဒုက္ခရောက်ရခြင်း ဖြစ်၏။ ကုသိုလ်အကျိုးပေးချိန် ရောက်လျှင်ကား ကောင်းကျိုးကိုသာ ခံစားရမည်ဖြစ်သည်။

အထက်ပါ ဘုရားဟော ပါဠိတော် နှစ်ပုဒ်အရ ကံအရာကို ဉာဏ်ဖြင့် ဆင်ခြင်ပြီး ကောင်းမှုများကို ယုံကြည်ပွားများနိုင်ကြပါစေ...။








Monday, November 25, 2013

ပဋိစ္စသမုပ္ပါဒ် အနုလောမနှင့် အဓိပ္ပါယ်

အနုလောမ ပဋိစ္စသမုပ္ပွါဒ် ဥဒ္ဒေသပါဠိတော်
   အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ
   သင်္ခါရ ပစ္စယာ ၀ိညာဏံ
   ၀ိညာဏ ပစ္စယာ နာမရူပံ
   နာမရူပ ပစ္စယာ သဠာယတနံ
   သဠာယတန ပစ္စယာ ဖေဿာ
   ဖဿ ပစ္စယာ ဝေဒနာ
   ဝေဒနာ ပစ္စယာ တဏှာ
   တဏှာ ပစ္စယာ ဥပါဒါနံ
   ဥပါဒါန ပစ္စယာ ဘဝေါ
   ဘ၀ ပစ္စယာ ဇာတိ
   ဇာတိ ပစ္စယာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊
   ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

      အဓိပ္ပါယ်
အ၀ိဇ္ဇာ ပစ္စယာ အဟုတ်အမှန်ကို မသိ မမြင်မှု ဟူသော အကြောင်းတရားကြောင့်၊ သင်္ခါရာ ပစ္စုပ္ပန်အမှု
သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းတို့သည်၊ သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
သင်္ခါရ ပစ္စယာ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းကြောင့် ၀ိညာဏံ ဘ၀သစ်မှာ ၀ိညာဏ်သစ်ဖြစ်ပေါ်မှုသည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဝိညာဏ ပစ္စယာ ဘ၀သစ်မှာ ၀ိညာဏ်သစ်ဖြစ်ပေါ်မှုကြောင့် နာမရူပံ နမ်အစု ရုပ်အစုတို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
နာမရူပ ပစ္စယာ  နမ်အစု ရုပ်အစုတို့ဖြစ်ပွားမှုကြောင့် သဠာယတနံ ဒွါရ(၆)ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ
ကိုယ်၊ ဟဒယ)တို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
သဠာယတန ပစ္စယာ  ဒွါရ(၆)ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာကိုယ်၊ ဟဒယ)တို့ကြောင့် ဖေဿာ အာရုံကိုတွေ့မှုဟူသော ဖဿ(၆)ပါးသည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဖဿ ပစ္စယာ  အာရုံကိုတွေ့မှုဟူသော ဖဿ(၆)ပါးကြောင့် ဝေဒနာ အာရုံကို ခံစားတတ်သော ဝေဒနာ( ဒုက္ခ၊ သုခ၊ ဒေါမနဿ၊ သောမနဿ၊ ဥပေက္ခာ) တို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဝေဒနာ ပစ္စယာ  အာရုံကို ခံစားတတ်သော ဝေဒနာ( ဒုက္ခ၊ သုခ၊ ဒေါမနဿ၊ သောမနဿ၊ ဥပေက္ခာ) တို့ကြောင့် တဏှာ အာရုံကိုကပ်ငြိသောသဘော တို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
တဏှာ ပစ္စယာ  အာရုံကိုကပ်ငြိသောသဘောကြောင့် ဥပါဒါနံ ထိုအာရုံကိုစွဲလန်းခြင်းသည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဥပါဒါန ပစ္စယာ  အာရုံကိုစွဲလန်းခြင်းကြောင့် ဘဝေါ ဘ၀သစ်အတွက် ကံတရား ၀ိပါက်တရားအစုတို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဘ၀ ပစ္စယာ  ဘ၀သစ်အတွက် ကံတရား ၀ိပါက်တရားအစုတို့ကြောင့် ဇာတိ တစ်ဖန်ပဋိသန္ဓေမျိုးစေ့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဇာတိ ပစ္စယာ  ပဋိသန္ဓေမျိုးစေ့ကြောင့် ဇရာမရဏံ ရင့်ရော်အိုမင်းမှု၊ သေမှုတိုသည်၎င်း၊ သောက ပူပင်မှု၊ ပရိဒ၀ ပြင်းစွာစိတ်ပူပင်မှု၊ ဒုက္ခ ဆင်းရဲမှု၊ ဒေါမနဿ စိတ်ဆင်းရဲခြင်း၊ ဥပါယာသ ပြင်းစွာငိုကြွေးခြင်းတို့သည်  သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဧ၀ံ ဤသို့၊ ကေ၀လဿ ချမ်းသာမဖက် ဆင်းရဲသက်သက်သာဖြစ်သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ ထိုဆင်းရဲခြင်းအစုတို့၏ သမုဒယော ဖြစ်ပွားခြင်းသည် ဟောတိ ဖြစ်၏။