Sunday, May 30, 2010

ရှေးဦးမှတ်ဖွယ်

      "မောင်ကျော်သိန်း - မင်းတရားအားထုတ်ဖို့ အချိန်တော်ပြီ၊ အသေက ဦးသွားအုံးမယ်။ ငါသည် ရခဲသော လူ့ဘ၀ ကြုံကြိုက်ခဲလှသော ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊ အို ၊ နာ၊ သေ၊ မွဲ၊ ကွဲ ဆိုတဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ၀ိပဿနာ အကျင့်မြတ်ကို အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။

ပြီးတော့ မင်းရဲ့ အရောင်းအ၀ယ် အလုပ်ဆီကို လုံးဝစိတ်မရောက်ရဘူး။ ပစ္စည်းဥစ္စာ သားမယားကို တစ်ခါတည်း ဥာဏ်နဲ့စွန့်ပစ်ထားပါ။ အဓိပတိ ၃-ပါး ဆိုတာက
- အတ္တာဓိပတိ၊
- လောကာဓိပတိ၊
- ဓမ္မာဓိပတိ  လို့  ၃-မျိုးရှိတယ်။"

(1) မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါဟာ စားစရာ နေထိုင်စရာ မရှိလို့ အားထုတ်တာမဟုတ်ဘူး။ အိုဘေး ၊ နာဘေး၊ သေဘေး၊ မွဲ ကွဲတည်းဟူသော သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောင်လို့ တရားအားထုတ်ခြင်းဖြစ်တယ်။ အဲဒါ 'အတ္တာဓိပတိ' လို့ခေါ်တယ်။

(2) လောကကြီးကိုလဲ အဓိပတိထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်တယ်လို့ အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တရားတွေ ဖုံးလွှမ်းပြီး အရောင်းအ၀ယ်ကိစ္စတွေ စဉ်းစားတွေးတော မနေနဲ့၊ ထိနမိဒ္ဓလဲ မဖြစ်နဲ့၊ ပျင်းလဲ မပျင်းနဲ့၊ အိပ်လဲ မအိပ်နဲ့ စိတ်ကလဲ လေလွင့် မနေနဲ့၊ မတော်တာတွေ လုပ်နေရင် ကိုယ်စောင့်နတ်နှင့် သမ္မာဒေ၀နတ်ကောင်း နတ်မြတ်များကလဲ သိတယ်။ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလည်းသိတယ်။ ဒါကြောင့် လောကကြီးကို အဓိပတိထားပြီး အားထုတ်လို့  "လောကာဓိပတိ" လို့ခေါ်တယ်။

(3) တရားတော်ကိုလဲ အဓိပတိထားပြီး ရိုသေလေးစားပြီး တရားအားထုတ်ရမယ်။ တရားတော်ကို ၀ိပဿနာဥာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားမမြင် တရားမပေါက်တာဟာ တရားမရှိလို့မဟုတ်ဘူး။ ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကို "ဓမ္မာဓိပတိ" လို့ခေါ်တယ်။

      ပြီးတော့ တရားအားထုတ်တဲ့အခါ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။ ပြီးတော့-

"ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို၊ ဖြစ်ချုပ်ဥာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ်ရကြောင်း" ဆိုတဲ့ ဆောင်ပုဒ်ကို အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။

တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ-၅ပါး (ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စ ၅-ခု) ကိုလုပ်ဆောင်ရမယ်။
(1) တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထား၊

(2) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ  ကန်တော့ပါ၏ လို့ဆို၊

(3) ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နဲ့တကွ သတ္တ၀ါအားလုံးအား ဘေးရန်ကင်း၍ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာစိတ်ကို ပွားများပေးရမယ်။

(4) ရှေးဘ၀ယခုဘ၀ ငါပြုသမျှသော ဒါနစတဲ့ ကုသိုလ်တို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်း၊ လို့ဆို၊

(5) မရဏာနုဿတိ = ငါသည် ဘ၀များစွာက သေခဲ့တာများလှပြီ၊ ယခုဘ၀မသေခင်မှာ တရားအားထုတ်မှပဲ လို့ သေခြင်းတရားကို ပွားများပြီး အားထုတ်မှုအရှိန်ပြင်းထန်အောင် မိမိကိုယ်ကို တိုက်တွန်းပါ။

         တရားအားထုတ်တော့မယ်ဆိုရင် ရှေးဦးစွာ ရုပ်နဲ့နာမ် ခွဲတတ်ရမယ်။ ငါပြောပြမယ်။ မင်းမြင်စရာအဆင်းနဲ့ မြင့်တဲ့ မျက်စိက ရုပ်ပဲ။ သိမှုက နာမ်လို့ခေါ်တယ်။ အာရုံခြောက်ပါးမှာ အဲဒီလို ရုပ်နဲ့နာမ် ဟာအမြဲတွဲနေတာပဲ။

 ပြီးတော့ တရားအားထုတ်ရာမှာ ပရိညာ(၃)ပါးနဲ့ သိ- သိသွားရမယ်။

(၁) ဥာတပရိညာ- ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာကရုပ်၊ ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး သိ-သိသွားရမယ်။
(၂) တိရဏပရိညာ- ဖြစ်ဆဲရုပ်နာမ်တို့၏ "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" သဘောကို ပိုင်းခြားသိရမယ်။
(၃) ပဟာနပရိညာ- ရုပ်နာမ်တို့အပေါ်မှာ ၊ ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာငါပဲဆိုတဲ့ မာနစွဲ၊ ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။

       တရားအားထုတ်ရာမှာ မင်းရုပ်နာမ်ကို ပိုင်းခြားသိရမယ်။ ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ပဲ၊ သမာဓိရရုံလောက်သာ သမထကို အားထုတ်ပြီး၊ သမာဓိရလာတာနဲ့ တပြိုင်နက် ၀ိပဿနာကို ပြောင်းပြီးလုပ်ရမယ်။ ၀ိပဿနာကိုပြောင်းတယ်ဆိုတာ မီးရထား ခေါင်းတွဲ လမ်းလွှဲသလို သမထ(သမာဓိ) လမ်းကနေ ၀ိပဿနာ(ပညာ)လမ်းကို စိတ်လွှတ်ပြီး ၊ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်နေတဲ့ လက္ခဏာကို ဆင်ခြင်တာပါပဲ။ အဲဒါကဉာဏ်က ဦးစီးတယ်လို့မှတ်၊ အဲဒီတော့ မင်း အာနာပါန ကမ္မဋ္ဌာန်းကို အရင်လုပ်၊ အာနာပါနဆိုတာ ၀င်လေထွက်လေ(၀င်သက်-ထွက်သက်)ကိုခေါ်တယ်။ ဒီဝင်လေထွက်လေကို ရှူရာမှာ လေကို ၀အောင်ရှူ။ လျော့ပြီးလည်းမရှူရဘူး၊ သိပ်ပြင်းပြင်းထန်ထန်လည်းမရှူရဘူး၊ မှန်မှန်ပဲ ရှူရမယ်။ ရှိုက်ရမယ်။

ပြီးတော့ မင်းစိတ်ကို နှာသီးဖျား၊ အထက်နှုတ်ခမ်း၊ ရင်ညွှန့်ဆိုတဲ့ ၃-နေရာမှာ ကြိုက်ရာနေရာမှာ ထားပါ။ သတိနဲ့ကပ်ထားရမယ်။ မလစ်စေရဘူး၊ ၀င်လေ ထွက်လေရှူရှိုက်တဲ့အခါမှာ နှာသီးဖျားမှာ ထိတာကိုသိရမယ်။ သူ့သဘောအတိုင်း မှန်မှန်လေး (၀င်သက်- ထွက်သက်) ကို သိနေတဲ့ အာရုံမှတစ်ပါး တစ်ခြားဘယ်ကိုမှ မရောက်ရဘူး။ အာရုံမပြုရဘူး။

         အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ ရုပ်နာမ် ၂-ပါးကို ပိုင်ခြားသိပြီး ခန္ဓာ ၅-ပါးဆိုတာလည်း ပိုင်းခြားသိရမယ်။ 
၁။ ရုပ်က ရူပက္ခန္ဓာ 
၂။ သိစိတ်က ၀ိညာဏက္ခန္ဓာ  
၃။ ခံစားမှု ဝေဒနာက ဝေဒနက္ခန္ဓာ  
၎။ မှတ်သားမှု သညာက သညက္ခန္ဓာ  
၅။ စေ့ဆော်မှု ဖဿစေတနာ စတဲ့ ကျန်စေတသိက် ၅၀-က သင်္ခါရက္ခန္ဓာ  လို့သိမှတ်ရမယ်။

           ဒါတွေသိပြီးနောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွါရဦးမယ်။ ဒီလိုသိမှုကို အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်။ ဒီတော့ ခန္ဓာ ၅-ပါးကိုပိုင်းခြားပြီး သိမြင်ပြီးရင် ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့ အ၀ိဇ္ဇာ(မသိခြင်း)၊ တဏှာ(အာရုံကပ်ငြိခြင်း)၊ သင်္ခါရ(ပြုပြင်မှု)တို့ဟာ အကြောင်းတရား၊ ဒီရုပ်နာမ် ခန္ဓာတို့ဟာ အကျိုးတရားလို့ အကြမ်းအားဖြင့် မင်းသိမြင်ရမယ်။

        ကဲ..... မင်းတရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်း လိုက်ဆို၊
"ကမ္မဋ္ဌာနံ၊ မေ ဘန္တေ ဒေထ၊ သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ။"
ဘန္တေ - အရှင်ဘုရား။
မေ- တပည့်တော်အား။
သံသာရ၀ဋ္ဋဒုက္ခတော- သံသရာဝဋ်ဆင်းရဲအပေါင်းမှ။
မောစနတ္ထာယ - ထွက်မြောက်ပါစေခြင်းအကျိုးငှာ။
ကမ္မဋ္ဌာနံ - မဂ် ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို။
ဒေထ - ကရုဏာရှေ့ထားပေးသနားတော်မူပါဘုရား။
              အဲဒါကို သုံးခေါက်ဆိုပါ။ ကဲ ငါပြောသလို "အာနာပါန" ကိုသွား အားထုတ်ချေတော့.....။

ဆက်ပါဦးမည်..

Saturday, May 1, 2010

ဆရာသည် အရေးကြီးဆုံး

         မောဟစရိုက်သမား သွားကြည့်လို့ရှိရင် ခြေလှမ်းမဖြောင့်ဘူးတဲ့။ တောင်နင်းလိုက် မြောက်နင်းလိုက် ဒီလိုသွားတယ်။ ဖြောင့်ဖြောင့်ကို မသွားဘူး၊ သူက တွေဝေပြီး သွားတာပဲ။ အဲဒီလို ဆရာသမားက စရိုက်တွေ အကုန်သိပြီးမှ ကမ္မဋ္ဌာန်းပေးလို့ရတယ်။

နို့မို့လို့ နေတဲ့နေရာ ဆိုလို့ရှိရင်ဖြင့် ကြိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုတဲ့ အဓိပ္ပါယ်မျိုးရောက်မှာပဲ။ ဒါကြောင့် ကဲ - ဆရာသည် အရေးကြီးတယ်

ဆရာအရေးကြီးဆုံး
            ဒါကြောင့် ရှင်အာနန္ဒာကို ပြောပေါ့။ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ညီတော်အာနန္ဒာ ဆရာသမားများ ဘယ်လောက် အရေးကြီးသတုံးကွ

ဆရာသမားကြောင့်ဘုရား... နိဗ္ဗာန်ရောက်တဲ့နေရာမှာ ထက်ဝက်ပဲ သူ့တာဝန်ပါဘုရား

တယ်ဖျင်းပါလား၊ မင်းက သာဝကကိုးကွ၊ သာဝကဥာဏ်ကလေးလောက်နဲ့ ပြောနေတာ၊ မဟုတ်ဘူးကွ၊ မဟုတ်ဘူး။
သူ့တာဝန်လုံးလုံး၊ သူအမှီကောင်းမှ ရမယ်တဲ့
သူ့အမှီမကောင်းလို့ရှိရင်၊ ဒါဖြင့် ဒကာ ဒကာမတို့ တရားနာရ၊ တရားတောင်းရ၊ ကိုယ်အလိုရှိလို့ အရွယ်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်း ရှာကြပြန်တော့လည်း ဒီဆရာများနဲ့ တွေ့မှာ စရိုက်အကဲမခတ်တတ်ပဲနဲ့ ပေးနေတဲ့ ကမ္မဋ္ဌာန်းတိုက်တွေနဲ့ တွေ့မှာလည်း စိုးရိမ်ရတယ်။

         အဲဒါ ယနေ့တော့ဖြင့် ရှင်းရှင်းလင်းလင်းပြောတယ်ဆိုတော့ ၊ သြော်... တော်တော်အရေးကြီးပါလား ဆိုတာ ပါလာတယ်။ ကြည့် အရှင် အနုရုဒ္ဓါဆိုတာ အဘိညာဉ်နေရာမှာ ဆိုရင်ဖြင့် ဧတဒဂ်ရ၊ အဘိညာဉ် ဆိုတာ သေရင် ဘယ်သွားမယ်ဆိုတာ ချက်ချင်းသိတယ်။ အဲဒီကိုယ်တော်ကြီးဟာ သောတာပန်၊ သကဒါဂါမ် တည်ပြီး အနာဂါမ်၊ ရဟန္တာမဖြစ်ပဲ၊ ဖြစ်နေတယ်။ ဘာ့ကြောင့် မဖြစ်တာတုံးဆိုတော့ သူ့မှာတဲ့ ဒကာ ဒကာမတို့ မာနခံနေတယ်။ 

သြော်.. ငါလိုကြည့်နိုင်တဲ့ပုဂ္ဂိုလ် ရှားပါလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မာနခံနေတယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးဆီ သွားကပ်ရတယ်လို့ အဂုင်္တ္ထိုရ်ပါဠိတော်မှာလာတယ်။ ရှင်သာရိပုတ္တရာက မင်းဟာကွာတဲ့ အထက်မဂ်ဖိုလ်တွေ ရမယ့်ဥစ္စာ ၊ ဒီဟာမှ မသတ်ဘဲကိုး ဆိုတော့ သူဟာ သူ့စရိုက်ရှုမိတဲ့အခါကျတော့မှ..

             မာနစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်၊ မာနဆိုတာက ဒေါသကလာတာကိုး ---။ ပညာက ထက်လွန်းလို့လည်း အဲဒီဘက်ကူးသွားတတ်တယ်။ ဒါကြောင့် မာနဘက် ထိုးထွင်းပြီး ပညာရှိတဲ့ ပုဂ္ဂိုလ်က မာနကို ရှိတတ်တယ်။ အဲဒါကြောင့် မာနက နောက်ကလိုက်တော့ အထက်မဂ် အထက်ဖိုလ် တက်လို့မရဘူး။

အနုရုဒ္ဓါ --မင်းသည်ကား ဆိုလို့ရှိရင် မာနကြပ်ကြပ် ရှုစမ်းကွ ဆိုတဲ့အခါကျတော့မှ မာနခံနေလို့ အထက်မဂ်မရတာ မာနဖြစ်ပျက်ရှုမှ တက်သွားတယ်။ ရှင်သာရိပုတ္တရာကြီးက အကဲခတ်ပြီး တည့်ပေးသွားတယ်လို့ ဆိုနိုင်ပါတယ်။

       အေး... ပညာစရိုက်က သူက အားကြီးလို့ သူသည် ပညာလွန်ပြီးနေတော့ ကွေ့ကောက်နေတယ်။ ဆိုတဲ့ အဓိပ္ပါယ်သိတော့မှ မာနကြောင့် ကွေ့ကောက်နေတယ်ဆိုတာ သိတော့ မာနဖြစ်ပျက် ရှုခိုင်းပစ်ရတယ်။

ဒီတော့မှ တက်သွားတယ်။ ကောင်းပြီ - ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ စရိုက်ရှင်းတမ်းကို တော်တော်လေးပြောပြီးပါပြီ။ တော်တော်လေး ပြောပြီးတော့ သတိပဋ္ဌာန်လေးပါး ဘယ်နှယ်ကြောင့် ပြားရသတုံးဆိုတော့ စရိုက်ပြားလို့ ပြားရတယ်။

သတိပဋ္ဌာန်တစ်ပါးတည်း ဟောပါတော့လားလို့ မေးတဲ့အခါကျတော့ ---
ဖြေတတ်ပါပြီ၊ စရိုက်များလို့ ပြားရတယ်လို့မှတ်။

           အဲဒါစရိုက်များလို့ ပြားရသည်ဆိုတော့ ခင်ဗျားတို့ အင်မတန် ရွေးချယ်ဖို့ အရေးကြီးလာပြီဆိုတာ ပေါ်လာတယ်။ ရမ်းပေးတဲ့ ဆရာနဲ့ဆို မရပါဘူး။ မရပေဘူးလေဗျာ..။

ကောင်းပြီ - ဒါဖြင့် ဒကာဒကာမတို့ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်မှာ ထင်ထင်ရှားရှားဖြစ်တဲ့ရုပ်ကို ၊ လေးလေးကန်ကန် ဖြစ်တဲ့ရုပ်ကို ရှုရမယ်။ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်ဟာ ရုပ်ကိုရှုရပါမယ်။ ကာယနုပဿနာရှု၊


 ဥာဏ်ကတော့ ထက်ပါတယ်တဲ့ တဏှာများနေတဲ့ ပုဂ္ဂိုလ် ကျလို့ရှိရှု ဝေဒနာနုပဿနာရှုရမယ်လို့မှတ်။


ဥာဏ်က ထက်တယ် မာနများနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာနုပဿနာရှု၊ 


ဥာဏ်ထက်ထက်နဲ့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ္တနုပဿနာကိုပေး။

ရွေးလာတော့ ခက်ပါတယ်၊ ဒီလို မရွေးဘဲနဲ့ဆို နောက်က ဒကာ၊ ဒကာမတွေ သိတဲ့အတိုင်းဘဲတဲ့ ကြိုးသာကုန် မောင်ပုံ စောင်းမတတ် ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ရှေးကတော့ စောင်းကြိုးက ကျစ်ကျစ်ပြီး ထည့်ရတာကိုး။

        အခုခေတ်လို ကြေးနန်းကြိုးတွေ ဘာတွေက မဟုတ်တော့ ကြိုးတွေသာကုန်တယ်၊ သူ့စောင်းတီးတဲ့ အတတ်က မတတ်ပါဘူး။ အဲဒီလိုဖြစ်နေတယ်။ ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးကြောင်းသိတဲ့ အခါကျတော့ တစ်ခါ ဒါက ရှေးဦးစွာ ကမ္မဋ္ဌာန်းကိုပြောဆိုတာ။

           ကဲ - ဒါဖြင့် ဒီလောက်ဆို ဒကာ၊ ဒကာမတွေ သြော် ... ကိုယ်စရိုက်နဲ့ ကိုယ် လျော်တဲ့ ကမ္မဋ္ဌာန်း ကိုယ်ယူပြိး ဒိဋ္ဌိအရင်ခွာရဦးမယ်။

ကမ္မဋ္ဌာန်းကတော့ စရိုက်အတိုင်းယူမယ်။ ယူပြီးတော့ ဒိဋ္ဌိခွာရပါမယ်။ ဒိဋ္ဌိခွါရပါမယ်။
ကမ္မဋ္ဌာန်းကတော့ဖြင့် စရိုက်နဲ့ လျော်တဲ့ ကမ္မဋ္ဌာန်းယူပြီး ဒိဋ္ဌိ အရင်ခွါရပါမယ်။ ဒိဋ္ဌိခွါပြီးမှ ဖြစ်ပျက် ရှုရပါမယ်။

ဒါ - ဒီနေ့ အစီအစဉ်ပေးပြီး ဒကာ၊ ဒကာမတို့ သတိပဋ္ဌာန်လေးပါး စရိုက်နဲ့လျော်တာယူရပါမယ်။