Tuesday, January 26, 2010
သာသနာကွယ်ခြင်းငါးမျိုး(ဒု)
ပရိယတ္တိသာသနာတော်ကွယ်ပုံ
အဋ္ဌကထာနှင့် တကွသော ပိဋကသုံးပုံ ပါဠိတော်မြတ်ကြီးသည် တည်ရှိနေသမျှ ကာလပတ်လုံး ပရိယတ္တိ
သာသနာတော် အပြည့်အစုံတည်သည် မည်၏။ ကာလရှည်ကြာ၍ တဖြည်းဖြည်း ဆုတ်ကပ်ကာလသို့ ရောက်ရှိလာသောအခါ တိုင်းသားပြည်သူ များဗိုလ်လူတို့ တရားမစောင့်ကြတော့သဖြင့် မိုးသည် ကောင်းစွာ မရွာသွန်းတော့ပေ။ မိုးလေ မမှန်သဖြင့် ကောက်ပဲသီးနှံတို့သည် မပြည့်မစုံ သီးပွင့်လာကြကုန်၏၊ ဆုတ်ယုတ်လာကြကုန်၏။ ထိုအခါ လူဒါယကာတို့သည် အစားအသောက် အ၀တ်အထည် ရှားပါးမှုကြောင့် ရဟန်းသံဃာတော်အား ပစ္စည်းလေးပါး လှူဒါန်းဖို့ရန် မတတ်နိုင်ကြတော့ကုန်။ ရဟန်းတော်တို့သည် ပစ္စည်းလေးပါး ချို့တဲ့ကြရကား မိမိ၏တပည့် ရှင်ငယ် ရဟန်းငယ်များကို ပစ္စည်းလေးပါးဖြင့် မထောက်ပံ့ နိုင်ကြ ကုန်။ တဖြည်းဖြည်း ဆုတ်ယုတ်လာသော ထိုအခါ၌ ရှင်ငယ် ရဟန်းငယ်တို့၏ စာသင်ယူမှု "ပရိယတ္တိ"သည် ဆုတ်ယုတ်လေတော့၏။
ပါဠိတော်၏ အနက်အဓိပ္ပါယ် = အဋ္ဌကထာကို ဆောင်ထားခြင်းငှာ မစွမ်းနိုင်ကြတော့ကုန်၊ ဆရာနည်းကျကျ
သင်ယူမှု မရှိတော့ကုန်။ ပါဠိတော်၏ အစွမ်းဖြင့်သာလျှင် ပါဠိတော်သက်သက်ကိုသာလျှင် ဆောင်ထား နိုင်ကြ ကုန်၏။ ပါဠိတော်သက်သက်ကိုသာလျှင် သင်ယူနိုင်ကြကုန်၏။
ထို့နောက် တဖြည်းဖြည်း ဆုတ်ယုတ်လာသောအခါ ပါဠိတော်အားလုံးကိုလည်း ဆောင်ထားခြင်းငှာ သင်ယူခြင်းငှာ မစွမ်းနိုင် ဖြစ်လာကြပြန်၏၊ ထိုအခါ အနက်အဓိပ္ပါယ် ခက်ခဲသော ကျမ်းဂန်များကို မသိနားမလည်နိုင်ကြသဖြင့် အဘိဓမ္မာပိဋကကို မသင်ယူကြတော့ပေ။
ထိုကြောင့် အဘိဓမ္မာပိဋကသည် ရှေးဦးစွာ ကွယ်လေပေလိမ့်မည်။ (မြန်မာနိုငံတွင်သာ အဘိဓမ္မာပိဋက ထင်ရှားစွာတည်ရှိနေသေးသည်။ အခြားသော ထိုင်း၊ တိဘက်၊ တရုတ်၊ ဂျပန်တို့၌ မရှိတော့ပေ။)အဘိဓမ္မာ  (၇)ကျမ်းတွင်လည်း ရှေးဦးစွာ ပဋ္ဌာန်းကျမ်းကြီး ကွယ်ပျောက်မည်။ ထို့နောက် အစဉ်အတိုင်း ယမိုက်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊  ဓာတုကထာကျမ်း၊ ၀ိဘင်းကျမ်း၊ ဓမ္မသင်္ဂဏီကျမ်းများ ကွယ်ကြမည်။
အဘိဓမ္မာပိဋက ကွယ်ပြီးသောအခါ သုတ္တန္တပိဋက ကွယ်ပျောက်မည်။ သုတ္တန္တပိဋကတွင် ရှေးဦးစွာ အင်္ဂုတ္တ-
ရနိကာယ် ကွယ်ပျောက်မည်။ ထိုနောက် သံယုတ္တနိကာယ် (၅)ကျမ်း၊ မဇ္ဈိမနိကာယ် (၃)ကျမ်း၊ ဒီဃနိကာယ်
(၃)ကျမ်း အစဉ်အတိုင်း ကွယ်ပျောက်မည်။ ဤသို့လျှင် ဒီဃနိကာယ်သို့တိုင်အောင် ကွယ်ပျောက်သွားသော အခါ သုတ္တန္တပိဋကသည် ကွယ်ပျောက်သည် မည်တော့၏။
ဝိနည်းပိဋကနှင့်တကွ ဇာတက ဒေသနာတော်မျှကိုသာလျှင် ဆောင်ထားကြပေကုန်လတ္တံ့။ သီလကို
ချစ်မြတ်နိုးတော်မူကြကုန်သော လဇ္ဇီသူတော်ကောင်းတို့သည်သာလျှင် ၀ိနည်းပိဋကကိုဆောင်ထား ကြပေကုန်လတ္တံ့။ လာဘ်လာဘပေါများမှုကို အလိုရှိကြကုန်သော ရဟန်းတို့သည် --- "သုတ္တန်တရားတော်တို့ကို ဟောကြားပြသ ဆိုဆုံးမသော်လည်း ကောင်းစွာမှတ်မိသော သူသည် ကောင်းစွာကျင့်သော သူသည် မရှိနိုင်" --- ဟု နှလုံးပိုက်ကြ၍ ဇာတ်တော်များကိုသာလျှင် ဆောင်ထားကြ ကုန်၏။ ထို့နောက် ဇာတ်တော်အားလုံးကို ဟောပြောပြနိုင်သော ပုဂ္ဂိုလ်လည်းမရှိ၊ နာကြားမည့် ပရိသတ်လည်း မရှိလေရကား ဇာတ်တော်များလည်း တဖြည်းဖြည်း ကွယ်ပျောက်ပေလတ္တံ့။ ဤသို့ ဇာတ်တော်များ ကွယ်ပျောက်သွားသောအခါ ၀ိနည်းပိဋကကိုသာလျှင် ဆောင်ထားပေလတ္တံ့။ တဖြည်းဖြည်း ကာလဆုတ်ယုတ်လာသောအခါ ၀ိနည်းပိဋကသည်လည်း ကွယ်ပျောက်ပေလတ္တံ့။
နောက်ဆုံး၌ တိုင်းပြည်ကို အစိုးရသော မင်းတို့သည် --- "ဘုရားဟောကြားထားတော်မူအပ်သော ဂါထာ
တစ်ခုကိုမျှ ဟောပြနိုင်သူရှိပါက ဆုတော်ငွေ တစ်ထောင်ပေးမည်။"
ဟု အသပြာတစ်ထောင်ထုပ်ကို ဆင်ကျောက်ကုန်းထက်၌တင်ကာ သုံးကြိမ်တိုင်တိုင် မြို့ကိုလည့်လည်၍ ကြေညာစေသော်လည်း အသပြာထောင်ထုပ်ကို ယူမည့်သူ မရှိသဖြင့် မင်းဘဏ္ဍာတော်တိုက်သို့ ပြန်လည်သွင်းရသော အချိန်အခါသို့ ရောက်လျှင် ဘုရားရှင်၏ပရိယတ္တိသာသနာတော်မြတ်ကြီးသည် လုံးဝကွယ်လေတော့သည်။ (အံ-ဋ္ဌ-၁-၆၈-၆၉။)
လိင်္ဂသာသနာကွယ်ပုံ
     ပရိယတ္တိသာသနာတော်ကြီး ကွယ်ပြီးနောက်ပိုင်းကာလ၌ ရဟန်းတို့၏ သင်္ကန်းဝတ်ရုံပုံ သပိတ်ကိုင်ပုံ
လှမ်းပုံကြွပုံ ကြည့်ရှုပုံများသည် ကြည်ညိုဖွယ်ရာဂုဏ်ကို မဆောင်နိုင်တော့ချေ။ သင်္ကန်းကိုလည်း  ဆင်စွယ်ရောင်အ၀ါပြော့ပြော့မျှသာ ဆိုးကြကုန်လတံ္တ့။ ထို့ နောက် ကာလကြာညောင်းပြန်သောအခါ သင်္ကန်းကို အ၀ါရောင်မျှပင်မဆိုးတော့ဘဲ ပိတ်ဖြူကို ကပ္ပဗိန္ဒုထိုး၍သော်လည်းကောင်း လူတို့ဝတ်သကဲ့သို့ ခါးပုံစထိုး၍သော်လည်းကောင်းဝတ်ဆင်ကြကုန်လတံ္တ့။ (ယောနကတိုင်းသားတို့၏ အ၀တ်ဖြူဝတ်သော ဓလေ့ထုံးစံသည် ကဿပဘုရားရှင်၏သာသနာတော် နောက်ပိုင်းကာလ၌ ရဟန်းပျက်တို့၏ ကြွင်းကျန်သော ဓလေ့ထုံးစံဖြစ်သည်ဟု အဆိုရှိ၏။)
ထို့နောက် တစ်ဖန် ပိတ်ဖြူသင်္ကန်းကိုပင် ၀တ်ရုံမှု မပြုတော့ဘဲ သင်္ကန်းအပိုင်းအစငယ် တစ်ခုကို လက်မှာ ချည်၍လည်းကောင်း၊ လည်ပင်းမှာ ချည်၍လည်းကောင်း၊ ဆံပင်မှာ ချည်၍လည်းကောင်း ရဟန်းဟူသော အထိမ်းအမှတ်မျှသာ ထားကြကုန်လတံ္တ့။ ထို့ပြင် သားမယားယူကာ ရောင်းဝယ် စိုက်ပျိုးခြင်းတို့ကို လုပ်ကိုင်၍ အသက်မွေးကြကုန်လတံ္တ့။ ဤကဲ့သို့သော ရဟန်းတု ရဟန်းယောင်မျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။
ဘ၀ိဿန္တိ ခေါ ပနာနန္ဒ အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝကဏ္ဌာ ဒုဿီလာ ပါပဓမ္မာ၊ တေသု
ဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ၊ တဒါပါဟံ အာနန္ဒ သံဃဂတံ ဒက္ခိဏံ အသင်္ချေယျံ အပ္ပမေယျံ ၀ဒါမိ။
(မ-၃-၂၉၉။)
အာနန္ဒာ ...စင်စစ် နောင်အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း
လည်၌ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ပေါ်လာပေကုန်လတ္တံ့၊ ထိုသီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့။ အာနန္ဒာ ... ထိုကဲ့သို့သောအခါမျိုး၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ဟု ငါဘုရားဟောတော်မူ၏။ အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏ဟုငါဘုရား ဟောတော်မမူပေ။ (မ-၃-၂၉၉။ ဒက္ခိဏ၀ိဘင်္ဂသုတ်။)
နောက်ဆုံး၌ ရဟန်းပျက်တို့သည် ထိုသင်္ကန်းစကိုပင် အကျယ်ချဲ့သည့် အကျိုးမရှိသည့် လုပ်ငန်းရပ်အဖြစ်
သတ်မှတ်ကာ ပယ်စွန့်ပစ်ကြကုန်လတ္တံ့။ ထိုအခါ လိင်္ဂသာသနာသည် ကွယ်သည် မည်ပေ၏။
(အံ-ဋ္ဌ-၁-၆၉-၇၀။)
ဓာတုသာသနာတော်ကွယ်ပုံ
ဓာတုသာသနာတော်မြတ်ကြီး ကွယ်ပပုံကို ဤသို့ သိရှိပါလေ။ ပရိနိဗ္ဗာန်သည်-
ကိလေသပရိနိဗ္ဗာန် 
ခန္ဓပရိနိဗ္ဗာန် 
ဓာတုပရိနိဗ္ဗာန်   အားဖြင့် သုံးမျိုးပြား၏။
ကိလေသပရိနိဗ္ဗာန် --- ဂေါတမရှင်တော်မြတ်ဘုရား၏ ကိလေသာတို့၏ ချုပ်ငြိမ်းမှု = ကိလေသပရိ-
နိဗ္ဗာန်သည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည်နေ့၌ မဟာဗောဓိမဏ္ဍိုင်ဝယ်ဖြစ်ခဲ့ပြီ။ (ကိလေသပရိနိဗ္ဗာန်ပြုတော်မူရာ အချိန်အခါကာလ ပြုတော်မူရာ ဌာနသည် အတိအကျ ရှိခဲ့၏။ ယင်း ကိလေသပရိနိဗ္ဗာန်ကိုပင်သဥပါဒိသေသနိဗ္ဗာန်ဟူ၍လည်း ခေါ်၏။ ကိလေသာအားလုံး ချုပ်ငြိမ်း သွားသော်လည်း ကိလေသာနှင့်တကွသော ကုသိုလ် အကုသိုလ်မှ အခြားတစ်ပါးသော အဗျာကတ အမည်ရသော ခန္ဓာငါးပါးတို့ ကြွင်းကျန်နေသေးသော မချုပ်ငြိမ်းသေးသောကြောင့် သဥပါဒိသေသနိဗ္ဗာန်ဟု ဆိုသည်။)
ခန္ဓပရိနိဗ္ဗာန်  --- ၀ိပါက်ကမ္မဇရုပ်တို့၏ တစ်နည်းဆိုသော် ကြွင်းကျန်နေသေးသော ခန္ဓာတို့၏ အပြီးတိုင်
ချုပ်ငြိမ်းမှုသည် ခန္ဓပရိနိဗ္ဗာန် မည်၏။ ယင်း ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံပြည် မလာမင်းတို့၏ အင်ကြင်း
ဥယျာဉ်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ ဖြစ်ခဲ့ပြီ။ ယင်းခန္ဓပရိနိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန်
ဟူ၍လည်း ခေါ်ဆိုပေသည်။ ခန္ဓာငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်း
ခြင်းတည်း။
ဓာတုပရိနိဗ္ဗာန် --- ထိုသို့ ခန္ဓပရိနိဗ္ဗာန်ပြုတော်မူရာတွင် လူတို့၏ အကျိုးစီးပွားအလို့ငှာ ---
"ငါဘုရားရှင်သည် လူ့လောက၌ ကြာမြင့်စွာ ရပ်တည်ခွင့်မရဘဲ ပရိနိဗ္ဗာန် စံလွန်တော်မူရပေတော့အံ့၊ ငါ
ဘုရားရှင်၏ သာသနာတော်သည်လည်း လူ့ပြည်လူ့လောက အရပ်ဒေသအားလုံး၌ ကျယ်ပြန့်မှု မရှိသေး ပျံ့နှံ့မှုမရှိသေး၊ ထိုကြောင့် ပရိနိဗ္ဗာန်စံလွန်သွားတော်မူသော ငါဘုရားရှင်၏လည်း မုန်ညင်းစေ့ ပမာဏရှိသော ဓာတ်တော် မွေတော်မျှကိုသော်လည်း ယူဆောင်၍ မိမိ မိမိ၏ နေရာဌာန၌ စေတီတော်ကို တည်ထားကိုးကွယ်လျက် ပြုစုလုပ်ကျွေးသော လူများအပေါင်းသည် နတ်ရွာသုဂတိလျှင် လည်းလျောင်းရာ ရှိသည် ဖြစ်စေသတည်း။"
ဤသို့လျှင် ဓာတ်တော်မွေတော်များကို အစိတ်စိတ်ပြိုကွဲတည်ရှိအောင် ရွှေတုံး ရွှေခဲကဲ့သို့ တစ်လုံးတစ်ခဲ
တည်း မတည်အောင် အဓိဋ္ဌာန်ပြုတော်မူခဲ့၏။
၁။ စွယ်တော် (၄)ဆူ
၂။ ညှပ်ရိုးတော် (၂)ဆူ
၃။ နဖူးသင်းကျစ်တော် (၁)ဆူ
ဤ (၇)ဆူသော ဓာတ်တော်တို့သည် ပင်ကိုမူလ ပကတိ အနေအထားအတိုင်း တည်ရှိတော်မူကြကုန်၏၊
ပြိုကွဲမှု မရှိကြကုန်။ ကြွင်းကျန်သော ဓာတ်တော်တို့ကား အစိတ်စိတ် အမြွှာမြွှာ ကွဲတော်မူကြကုန်၏။ ထိုတွင်
၁။ အသေးဆုံးဓာတ်တော်တို့ကား မုန်ညင်းစေ့ခန့် ပမာဏရှိကုန်၏။ မြတ်လေးပန်းငုံ အရောင်အဆင်း ရှိကုန်၏။
၂။ အရွယ်အလတ်အစားဓာတ်တော်တို့ကား အလယ်၌ ထက်ပိုင်းကျိုးသွားသော ဆန်ကွဲခန့် ပမာဏ ရှိကုန်၏။ အလွန် စင်ကြယ် သန့်ရှင်း တောက်ပသော ပုလဲအဆင်းနှင့် တူကုန်၏။
၃။ အကြီးဆုံးဓာတ်တော်မွေတော်တို့ကား အလယ်၌ကွဲနေသော ပဲနောက်စေ့ခန့် ပမာဏရှိကုန်၏၊ ရွှေအဆင်းနှင့်တူသော အရောင်အဆင်းရှိကုန်၏။ (ဒီ-ဋ္ဌ-၂-၁၉၆။)
ဤအထက်ပါ ဓာတ်တော်မွေတော် အားလုံးတို့ကို နောက်ထပ်တစ်ဖန် ထပ်၍ မပြိုကွဲ မပျက်စီးနိုင်သော
ကြောင့် "အသမ္ဘိန္န" ဓာတ်တော်များဟုလည်း ခေါ်၏။
ထိုသို့ ခန္ဓပရိနိဗ္ဗာန်ပြုတော်မူရာတွင် လူတို့၏ အကျိုးစီးပွား အလို့ငှာ မပြိုမကွဲ မပျက်မစီးသော "အသမ္ဘိန္န"
ဓာတ်တော်များ ကျန်ရစ်ခဲ့၏။ ထိုဓာတ်တော်တို့သည် လူတို့ပူဇော်သက္ကာရ ပြုရန်အတွက် မြတ်စွာဘုရားသခင်၏ အဓိဋ္ဌာန်တော်ကြောင့် တည်ရှိနေခြင်းဖြစ်၏။ နှစ်ကာလကြာညောင်းလတ်သော် လူတို့သည် ပစ္စည်းဥစ္စာရှာခြင်း၌ အချိန်ကုန်ကာ အသိဉာဏ်ပညာ ခေါင်းပါးလာ၍ ဓာတ်တော်မွေတော် တို့အား မြတ်နိုးပူဇော်မှု မပြုကြတော့လတ္တံ့။
ထိုအခါ လူ့ပြည် နတ်ပြည် နဂါးပြည် ဗြဟ္မာ့ပြည်တို့၌ ရှိရှိသမျှ ဓာတ်တော်မွေတော်တို့သည် မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကြကုန်လတ္တံ့။
အလုံးစုံသော ဓာတ်တော်တို့သည် မဟာဗောဓိမဏ္ဍိုင်၌ စုဝေးပေါင်းဆုံလျက် မြတ်စွာဘုရား၏ ရုပ်ပုံတော်
အသွင်ကိုယူ၍ ဗောဓိမဏ္ဍိုင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလတ္တံ့။ ထိုဓာတ်ပေါင်းစု ဗုဒ္ဓရုပ်ပုံတော်သည် (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးç (၈၀)သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံလျက် ဗျာမပဘာ လျှံဝါတင့်ထွန်း ရောင်ခြည်တော်ဝန်းတို့ ဖြင့် တင့်တယ်စွာ စမ္ပါယ်တော်မူလတ္တံ့။ ထို့ပြင် ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာများကို ပြတော်မူလတ္တံ့။
ထိုအခါ ထိုအရပ်သို့ ရောက်ရှိလာသော လူသားဖြစ်သော သတ္တ၀ါတစ်စုံတစ်ယောက် မည်သည် မရှိ
ဖြစ်ပေလတ္တံ့။ စကြ၀ဠာပေါင်း တိုက်တစ်သောင်း အတွင်း၌ တည်ရှိကြကုန်သောနတ်ဗြဟ္မာအားလုံး တို့သည်သာလျှင် စုဝေး ရောက်ရှိလာကြကုန်၍  ---
" ယနေ့ ကိုယ်တော်အား (၁၀)ပါး၊ ဉာဏ်တော်အား (၁၀)ပါးနှင့်ပြည့်စုံတော်မူသော ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူလေ၏။ ဤနေ့ ဤအချိန်အခါမှစ၍ လောက၌ အမိုက်မှောင်အတိ ဖြစ်ပေလတ္တံ့။"
- ဟု ငိုမြည်တမ်းကြပေကုန်လတ္တံ့။ ထို့နောက် ဓာတ်ပေါင်းစုရုပ်ရှင်တော် အတွင်းမှ
တေဇောဓာတ်သည် ထကြွလာပြီးလျှင် အားလုံးသော ဓာတ်တော်တို့သည် လောင်ကျွမ်း၍ အကြွင်းအကျန်မရှိ ကုန်ခန်းသွားပေလတ္တံ့။
   ဓာတ်တော်မွေတော်ဟူသည်မှာလည်း ပရမတ္ထသစ္စာနယ်မှ ဆိုရသော် ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ
ဖြစ်၏။ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဆင့်ကဲဆင့်ကဲ
ဖြစ်ပွားနေသော ဥတုဇသြဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။  ယင်း  ဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်မှာ သဘာဝသတ္တိစွမ်းအင် လွန်ကဲထက်မြက် စူးရှလာကာ ကလာပ်တူ ရုပ်တရားတို့ကို အကြွင်းအကျန်မရှိအောင် လောင်ကျွမ်းလိုက်ပေတော့သည်။
ဓာတ်ပေါင်းစု ရုပ်ရှင်တော်မြတ်မှ ထမြောက်ဖြစ်ပေါ်လာသော မီးတောက်မီးလျှံသည် ဗြဟ္မာ့ပြည်သို့တိုင်
အောင် တက်ပေလတ္တံ့၊ မုန်ညင်းစေ့ခန့် ပမာဏရှိသော ကြွင်းကျန်နေသော ဓာတ်တော်၏ ထင်ရှား တည်ရှိနေသေးပါမူ တစ်ဆက်တည်းသော မီးတောက်မီးလျှံသာ ဖြစ်ပေါ်နေပေလတ္တံ့။ ဓာတ်တော် မွေတော်များ အားလုံးကုန်ဆုံးသွားသော အခါ၌ မီးတောက်မီးလျှံသည် ပြတ်စဲ၍ သွားပေလတ္တံ့။ ဤကဲ့သို့သော ကြီးကျယ်သော အာနုဘော်ကို ထင်ရှားပြတော်မူလျက် ဓာတ်တော်မွေတော်တို့သည် ကွယ်ပျောက်၍ သွားကြပေကုန်လတ္တံ့။
ထိုအချိန်အခါ၌ ညီညာဖြဖြ စည်းဝေးမိကြကုန်သော သောင်းလောကဓာတ်တစ်ခွင်မှ နတ်ဗြဟ္မာအပေါင်း
တို့သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏  ပရိနိဗ္ဗာန် စံလွန်တော်မူရာ နေ့အခါ၌ကဲ့သို့ပင် နတ်၌ဖြစ်ကုန်သော နံ့သာပန်း တူရိယာ စသည်တို့ဖြင့် ပူဇော်မှုကို ပြုကြကုန်၍ သုံးကြိမ်တိုင်တိုင် လက်ျာရစ် လှည့်လည် ကုန်လျက် အရိုအသေပြုကာ ရှိခိုးကြကုန်၍ ---
အနာဂတေ ဥပ္ပဇ္ဇနကံ ဗုဒ္ဓံ ပဿိတုံ လဘိဿာမ ဘဂ၀ါ။
ဘုန်းတော်နေ၀န်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...နောင်အနာဂတ်ကာလ၌
ပွင့်တော်မူလတ္တံ့သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ဖူးမြော်ခွင့်ကို ရလိုပါကုန်၏ဘုရား ---
ဤသို့ လျှောက်ထား၍ မိမိ မိမိ၏ နတ်ပြည် ဗြဟ္မာပြည် ဌာနသို့ပင် ပြန်သွားကြကုန်၏။
ဤကား ဓာတုသာသနာတော်ကွယ်ပုံတည်း။ (အံ-ဋ္ဌ-၁-၇၀-၇၁။)
နိဗ္ဗာနဂါမိနိပဋိပဒါ (ဒုတိယတွဲ) နိဒါနကထာ(နိဒါန်း)မှ ကူးယူဖေါ်ပြပါသည်။
Sunday, January 24, 2010
သာသနာကွယ်ခြင်းငါးမျိုး(ပ)
တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ --- ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည်
မည်ကုန်၏။ (အံ-၁၈-၁၉။)ဟူသော ဒေသနာတော်နှင့် စပ်လျဉ်း၍ သာသနာကွယ်ခြင်းငါးမျိုးကို အဂုင်္တ္တရအဋ္ဌကထာ (အံ-ဋ္ဌ-၁-၆၇-၇၂။)၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
ဘုရားရှင်၏သာသနာတော်သည် ---
၁။ အဓိဂမသာသနာ
၂။ ပဋိပတ္တိသာသနာ
၃။ ပရိယတ္တိသာသနာ
၎။ လိင်္ဂသာသနာ
၅။ ဓာတုသာသနာ --- ဟု
ဤသို့လျှင် ငါးမျိုးရှိ၏။ သာသနာကွယ်ပခြင်းသည်လည်း ---
၁။ အဓိဂမအန္တရဓာန   = အဓိဂမသာသနာတော်၏ ကွယ်ခြင်း
၂။ ပဋိပတ္တိအန္တရဓာန   = ပဋိပတ္တိသာသနာတော်၏ ကွယ်ခြင်း
၃။ ပရိယတ္တိအန္တရဓာန  = ပရိယတ္တိသာသနာတော်၏ ကွယ်ခြင်း
၎။ လိင်္ဂအန္တရဓာန       = လိင်္ဂသာသနာတော်၏ ကွယ်ခြင်း
၅။ ဓာတုအန္တရဓာန     = ဓာတုသာသနာတော်၏ ကွယ်ခြင်း
ဤသို့လျှင် သာသနာကွယ်ခြင်းလည်း ငါးမျိုးပင် ရှိ၏။
အဓိဂမသာသနာကွယ်ပုံ
ထိုငါးပါးတို့တွင် မြတ်စွာဘုရား၏ သာသနာတော်၌ မဂ်လေးပါး ဖိုလ်လေးပါး ပဋိသမ္ဘိဒါလေးပါး ၀ိဇ္ဇာသုံးပါး
အဘိညာဏ်ခြောက်ပါး --- ဤတရားများသည် အရိယာသူတော်ကောင်းတို့ ရအပ် ရောက်အပ်သော တရားများဖြစ်ကြ၍ ---  "အဓိဂမ" မည်၏။ ဆုတ်ယုတ် ကွယ်ပျောက်သောအခါ ပဋိသမ္ဘိဒါဉာဏ်လေးပါးမှ စ၍ အစဉ်အတိုင်းဆုတ်ယုတ် ကွယ်ပျောက်သွား၏။ ဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၁၀၀၀)အတွင်း၌သာလျှင် အရိယာ သူတော်ကောင်းတို့သည် ပဋိသမ္ဘိဒါဉာဏ်တို့ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ထိုနှစ်ပေါင်းတစ်ထောင်မှ နောက်ပိုင်းကာလ၌ အဘိညာဏ် (၆)ပါးတို့ကိုသာ ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။
ထိုမှ နောက်ပိုင်းကာလ၌ကား အဘိညာဏ် (၆)ပါးတို့ကိုသော်လည်း ဖြစ်စေခြင်းငှာ မစွမ်းနိုင်ကုန်ရကား ၀ိဇ္ဇာသုံးပါး တို့ကိုသာ ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ တစ်ဖန် ကာလကြာညောင်း၍ လာလတ်ကုန်သော် ထိုဝိဇ္ဇာသုံးပါး တို့ကိုသော်လည်း ဖြစ်စေခြင်းငှာ မစွမ်းနိုင်ကုန်ရကား ဈာန်အစေးခန်းခြောက်နေသည့် သုက္ခ၀ိပဿက ရဟန္တာနိဒါနကထာဃ အရှင်မြတ်တို့သာ ဖြစ်ပေါ်လာနိုင်ကြကုန်၏။ ဤနည်းလမ်း ဥပါယ်အတိုင်း တဖြည်းဖြည်း ကာလကြာညောင်း၍ လာလတ်သော် အနာဂါမ်ပုဂ္ဂိုလ် သကဒါဂါမ်ပုဂ္ဂိုလ် သောတာပန်ပုဂ္ဂိုလ်တို့သာ ဖြစ်နိုင်ကြကုန်၏။
          ထိုအရိယာသူတော်ကောင်းတို့သည် လောက၌ ထင်ရှား တည်ရှိနေသမျှ ကာလပတ်လုံး ဘုရားရှင်၏ အဓိဂမသာသနာမြတ်ကြီးသည် ကွယ်ပျောက်သည် မမည်သေး။ သို့သော် နောက်ပိတ်ဆုံး သောတာပန် အရိယာ သူတော်ကောင်း၏ အသက် ကုန်ဆုံးသွားသောအခါ၌ကား ဘုရားရှင် ဆိုဆုံးမထားတော်မူခဲ့သော အဓိဂမသာသနာမြတ်ကြီးသည် ကွယ်သည် မည်ပေသည်။
        ဤကား --- အဓိဂမ အန္တရဓာန = အဓိဂမသာသနာတော်၏ ကွယ်ခြင်းမည်၏။ (အံ-ဋ္ဌ-၁-၆၇။)
ပဋိပတ္တိသာသနာတော်ကွယ်ပုံ
သာသနာတော်နောက်ပိုင်း၌ ဈာန် ၀ိပဿနာ မဂ်ဖိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ ရအောင် အားထုတ်
ခြင်းငှာ  မစွမ်းနိုင်ကုန်ရကား သီလ စင်ကြယ်ရုံမျှသာ ထိန်သိမ်းစောင့်ရှောက်နိုင်ကြကုန်၏၊ ကျင့်နိုင်ကြကုန်၏၊ စတုပါရိသုဒ္ဓိသီလမျှကိုသာလျှင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ကြကုန်၏။ တစ်ဖန် တဖြည်းဖြည်း ကာလကြာ ညောင်း၍ လာလတ်ပြန်သော အခါ၌ ---
"သီလံ ပရိပုဏံ္ဏ ကတွာ ရက္ခာမ၊ ပဓာနÍ္စ အနုယုÍ္ဇာမ၊ န စ မဂံ္ဂ ၀ါ ဖလံ ၀ါ သစ္ဆိကာတုံ သက္ကောမ၊ နတ္ထိဣဒါနိ အရိယဓမ္မပဋိဝေဓော"  (အံ-ဋ္ဌ-၁-၆၇။)
" သီလကို ပြည့်ပြည့်စုံစုံ ပြုကျင့်၍ ထိန်းသိမ်း စောင့်ရှောက်ကြကုန်အံ့၊ ပဓာန အမည်ရသည့် သမထ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကိုလည်း အားထုတ်ကြပါကုန်အံ့၊ သို့သော် အရိယမဂ်တရားကို လည်းကောင်း၊  အရိယာဖိုလ်တရားကိုလည်းကောင်း မျက်မှောက်ပြု ခြင်းငှာ ငါတို့ စွမ်းနိုင်တော့မည်ကား မဟုတ်ကုန်၊ အရိယမဂ်ဖိုလ်တရားထူး တရားမြတ်ကို ထိုးထွင်း သိမြင်ခြင်းသည်ကား ဤယခုအခါ၌ မရှိနိုင်တော့ပြီ။" ---
    ဤသို့လျှင် ရဟန်းတော်များသည် စိတ်နှလုံးလျှော့ချလျက် သမထ၀ိပဿနာ ဘာဝနာအမှု၌  ပျင်းရိ ခြင်း
များကုန်သည်ဖြစ်၍ အချင်းချင်း တစ်ပါးသည် တစ်ပါးအား အာပတ်ဖြင့် စောဒနာခြင်းကိုလည်း မပြုကြတော့
ကုန်၊ တားမြစ်ခြင်းကိုလည်း မပြုကြတော့ကုန်၊ ၀ိနည်းကျင့်ဝတ်နှင့် ပတ်သက်၍ အပ်သလော မအပ်သလော ဟု တွေးတောမှု ၀ိနယကုက္ကုစ္စတရားမျှလည်း မရှိကြတော့လေကုန်။ ထိုအခါမှစ၍ ရှေးဦးစွာ ငယ်ကုန် ငယ်ကုန်သောသိက္ခာပုဒ်တို့ကို လွန်ကျူးချိုးဖောက်ကြကုန်၏။ ထို့နောက်တဖြည်းဖြည်း အချိန်ကာလ ကြာညောင်း၍ ဆုတ်ယုတ်လာလတ်ပြန်သောအခါ ပါစိတ်အာပတ် ထုလ္လစ္စဉ်းအာပတ်တို့ကို ကျူးလွန်ကြပြန် ကုန်၏။ ထို့နောက် သံဃာဒိသေသ်အာပတ်တို့ကို ကျူးလွန်ကြပြန်ကုန်၏။ ပါရာဇိကလေးပါးမျှသည်သာလျှင် ရဟန်းတော်တို့ ကျင့်ဖို့ရန် ရပ်တည်နေတော့၏။ ပါရာဇိကသိက္ခာပုဒ် လေးပါးတို့ကို ထိန်းသိမ်း စောင့်ရှောက်တော် မူကြကုန်သော ရဟန်းတော်တို့၏ အရာသည်သော်လည်းကောင်း အထောင်သည် သော်လည်းကောင်း ထင်ရှားရှိလတ်သော် ဘုရားရှင်၏ ပဋိပတ္တိသာသနာတော်မြတ်ကြီးသည် ကွယ်သည် မည်သည်  မဖြစ်သေးပေ။ သာသနာတော်တွင် ပါရာဇိက သိက္ခာပုဒ်လေးပါးမျှကိုပင် လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်လျက် သီလကို ဖြည့်ကျင့်နေသော နောက်ဆုံးပိတ် ရဟန်းတော်၏ ပါရာဇိကသီလ၏ ပျက်စီးခြင်းကြောင့်လည်းကောင်း၊ အသက်၏ကုန်ခြင်း = ပျံလွန်တော်မူခြင်းကြောင့် လည်းကောင်း ပဋိပတ္တိသာသနာတော်သည် ကွယ်လေ၏။
ဤသို့လျှင် ---
ပါရာဇိကလေးပါးကို စောင့်ထိန်းသော ရဟန်းတစ်ပါးမျှ မကျန်သောအခါ ပဋိပတ္တိသာသနာတော်သည် ကွယ်သည် မည်တော့၏။
(အံ-ဋ္ဌ-၁-၆၇-၆၈။)
Saturday, January 23, 2010
အိန္ဒိယပြည်၌ ဗုဒ္ဓဘာသာ ကွယ်ရခြင်းအကြောင်း
       အိန္ဒိယပြည်သည် ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်ပေါက်ခဲ့သော မဟာဗောဓိပင်တည်ရှိသော ပထမဆုံး သာသနာ ပန္နက်ချရာ တိုင်းပြည်ဖြစ်ခဲ့သည်။ ထို့မှတဆင့် သီဟို၊ ဗီယက်နာမ်၊ လာအို၊ အာဖဂန်၊ ကမ္ဘောဒီယား၊ ယိုးဒယား ဒေသများသို့ပြန့်နှံ့ကာ နောက်ဆုံး မြန်မာပြည်သို့ရောက်လာခဲ့သည်။ ထိုသို့ သာသနာထွန်းကာရာ ၊ ဘုရားပွင့်ရာ ဒေသပင်လျှင် သာသာနာကွယ်ပျောက်ခဲ့ရသေးလျှင် ကျွန်ုပ်တို့ တိုင်းပြည်တွင်ရော မည်မျှ ကြာအောင် သာသနာရှိနေနိုင်မည်နည်း???
     အိန္ဒိယပြည်၏ သာသနာသမိုင်းကို လေ့လာကြည့်လျှင် အောက်ပါ အချက်သုံးချက်သည် သာသနာကွယ် ရခြင်းအကြောင်းရင်းဖြစ်သည်ကိုတွေ့ရပါသည်။
၁။ ရဟန်းတော်များ သီလ၊ မေတ္တာ၊ ခန္တီစသော အခြေခံ ရဟန်ကျင့်ဝတ်များ၌ လျော့ပါးအားနည်းခြင်း၊ နောက်ဆုံး လုံးဝ သိက္ခာမရှိခြင်း။
၂။ အတ္တ၀ါဒသည် ခေါင်းဆောင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးတို့ဖြင့် အတွင်းလှိုက်၍မွှေခြင်း။ (နောက်ဆုံး ဗုဒ္ဓဘာသာ အမည်မျှသာခံ၍ အတ္တကို မဏ္ဍိုင်ထားသော မဟာယန ရဟန်းများဖြစ်လာရခြင်း၊ ထိုမှတဆင့် ဂိုဏ်းဆရာ၊ မှောဆရာအဖြစ်သို့ ရောက်ခြင်း။)
၃။ အခြားသော ၀ါဒရှိ မင်းအစိုးရ တို့၏ အဓမ္မအကြမ်းဖက်၍ နှိပ်စက်သတ်ဖြတ်ခြင်း။
        မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် အနှစ်တရာကြာသောအခါ ၀ဇ္ဇီတိုင်းသား ရဟန်းများသည် ၀ိနည်းဥပဒေကို ရိုသေစွာမလိုက်နာကြတော့ပဲ ရွှေငွေနှင့် သေရည်သေရက် စသည်တို့ကို ရဟန်းတို့နှင့်အပ်စပ်သည် စသည်ဖြင့် အဓမ္မတရား ဆယ်ပါးကို တီထွင်ပြုလုပ်လာကြသည်။ လူနှင့်နီးစပ်ရန် ၀ိနည်း ကိုပြန်လည်ပြင်ဆင်လိုကြ၏။ မထေရ်ကြီးများက ၀ိနည်းဒေသနာသည် အာဏာဒေသနာတော် ဖြစ်၍ တိတိကျကျ လိုက်နာရမည်ဟု ကြေငြာခဲ့ကြ၏။ အကြီးအကျယ် ငြင်းခုန်ကြ၏။ စိတ်ဝမ်းကွဲကြ၏။ ထို့ကြောင့် ဝေသာလီပြည်၌ ကာလာသောကမင်းကို အမှီသဟဲပြု၍ ဒုတိယသံဂါယနာတင်ကြပြီးလျှင် အဓမ္မတရားများ ကိုပယ်ဖျက်ခဲ့ကြရသည်။ တိတိကျကျ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ၀ိနည်းလေးစားသော ယင်းမထေရ်ကြီး များကို ထေရ၀ါရဂိုဏ်းဟု၎င်း၊ အဓမ္မ၀တ္ထုဆယ်ပါးကို တီထွင်သော သံဃာများကို မဟာသံဃိကဂိုဏ်းဟု၎င်း ခေါ်တွင်ခဲ့ကြ၏။ မဟာသံဃိကဂိုဏ်းကလည်း သီးခြား သံဂါယနာတင်ကြပြန်သည်။
      ဒုတိယ သံဂါယနာခေတ်မှစ၍ တတိယ သံဂါယနာခေတ် (အသောကမင်းခေတ်) အထိ 125 နှစ်အတွင်း ထေရ၀ါဒမှ (12)ဂိုဏ်း၊ မဟာသံဃိကမှ (6)ဂိုဏ်း အသီးသီးကွဲထွက်ကြပြန်သည်။
      ထို့နောက် ဗုဒ္ဓဘာသာအမည်ခံ ဂိုဏ်းများက မြတ်စွာဘုရားကို ထာဝရဘုရား၊ ထာဝရဘုံ စသည်ဖြင့် အတွေးအခေါ် တရားသစ်များကို ဖန်တီးလာကြကုန်၏။ ထို့ကြောင့် မဟာမောဂ္ဂလိပုတ္တတိဿ စသော မဟာထေရ်ကြီးတို့သည် ပါဋလိပုတ်ပြည်၌ အသောကမင်းကို မှီ၍ တတိယ သံဂါယနာတင်ကြရသည်။
        မူရင်းတရားတော်ကို မလိုက်နာချင်သော သံဃာများကလည်း သီးခြား သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တို့ကို တီထွင်၍ သီးခြား သံဂါယနာတင်ကြပြန်သည်။ အယူဝါဒ အကျင့်သိက္ခာ၌ အလွန်းအမင်း ကွဲပြားခြားနား ကြလေပြီ။
      အသောကမင်း၏ နောက်ကာလ၌ အိန္ဒိယပြည်တွင် လူမျိုးအသီးသီး၊ မင်းဆက်အမျိုးမျိုး ၀င်ရောက် လာကြရာ ဆုံဂ မင်းဆက် ပုရှမိတြမင်း( BC-184)ခန့်တွင် ထိုမင်းသည် ဗြဟ္မဏ၀ါဒ ရှင်သန်ပြန့်ပွားရေး အတွက် ကုက္ကုဋာရာမ စသော သာသနာ့အဆောက်အဦ များစွာနှင့် သံဃာတော်များကို ဖျက်ဆီးသတ်ဖြတ်ခဲသည်။ ကျန်သော သံဃာများကိုလည်း သံဃာဦးခေါင်းတစ်လုံး ဆုငွေ 500 စသည်ဖြင့်ကြေငြာ ခဲ့သူဖြစ်သည်။ ရိုးရိုးသေသူများပင်လျှင် ကတုံးရိတ်ပြီး ဆုငွေထုတ်ယူုကြသည်ဟုပင် ထင်ရှားခဲ့သော ခေတ်ဖြစ်သည်။
   ၁။  ဟိနယာန (အရဟတ္တယာန၊ သာဝကယာန)
   ၂။  ပစ္စေကဗုဒ္ဓယာန
   ၃။  ဗုဒ္ဓယာန (မဟယန ဗောဓိသတ္တလမ်းစဉ်) ဟု လမ်းသုံးသွယ်တီထွင်ကြကုန်၏။
(၁)ရာစု၊ (၂)ရာစုတို့တွင် ဟိနယာနကို ကျဉ်းမြောင်းယုတ်ညံ့သည် ဟုရှုတ်ချကာ ရဟန္တာကို အထင်သေးလာကြ၏။ ၄င်းတို့၏ယူဆချက်များကို သြဇာတက်၍ လူကြိုက်များလာစေရန် ပညာပါရမိတာ စသော သုတ္တန်ကြီးများကို ဘုရားဟောဖြစ်လေဟန် ဘုရားအမည်ကိုသုံး၍ ရေးသားကြ၏။ (၂)ရာစု (၃)ရာစုများတွင် မဟာယနဂိုဏ်း ၀ါဒကို အတိအလင်း ရေးသားလာကြသည်။ များပြားလှသော ဗောဓိသတ္တ(ဘုရားအလောင်း (၀ါ) ဘုရားဆုပန်ထားသူ) များကိုတီထွင်လာကြ၏။
   ထိုသို့ အမျိုးမျိုးအဖုံဖုံ ကွဲရသည့်အထဲတွင် သာသနာကို ချုပ်ကိုင်သော မင်းများလည်းအုပ်စိုးခဲ့သည်။ ခရစ်နှစ် 340 တွင် နန်းစံသော သမုဒ္ဒဂုတြမင်းသည် ရဟန်းမခံရ၊ တရားမဟောရ စသည်ဖြင့် ဥပဒေထုတ်ပြန်ကာ သာသနာချည့်နဲ့အောင် ပြုလုပ်ခဲ့သည်။
Read more »
Friday, January 22, 2010
ဗုဒ္ဓဘာသာကို ကာကွယ်ခြင်း
2009-ခု ဒီဇင်ဘာ 31 ကစပြီးရေးတယ်လို့ ယူဆရတဲ့ ဘလော့ဂ်တစ်ခုက ဘာသာရေးအစွန်းရောက်ပြီး တဖက်သတ် စော်ကားတဲ့ ၊ ဖတ်သူများအား အကုသိုလ်စိတ်ဖြစ်စေတဲ့ စာများကိုသာ ဆက်တိုက် ရေးသား ပါတယ်။ ရေးတဲ့ အကြောင်းအရာများဟာလည်း ဗုဒ္ဓဟောကြားခဲ့တဲ့ ပိဋကတ်တော်တွေနဲ့ မကိုက်ညီပါဘူး။
သံတူကြောင်းကွဲ၊ ပုံမှားရိုတ်တာတွေပဲ ဖြစ်တယ်ဆိုတာ ပိဋကတ်ပါဠိစာပေကို ကျွမ်းကျင်တဲ့ ဆရာတော်ကြီး တွေ သိကြပါတယ်...။
ကိုယ့်ရဲ့ ဘာသာကိုးကွယ်ယုံကြည်မှုကို လူတိုင်းလွတ်လပ်စွာ ဆောင်ရွတ်နိုင်ပါတယ်။ မိမိကိုးကွယ်တဲ့ ဘာသာ သာသာနာပြန့်ပွားရေးအတွက်လည်း လွတ်လပ်စွာဆောင်ရွက်နိုင်ကြပါတယ်။ ဒါဟာ လူတိုင်းရဲ့ အခွင့်အရေးပါ။ ဒါပေမယ့် ကိုယ်မကိုးကွယ်တဲ့ဘာသာတွေကို တဖက်သတ် စော်ကားတာတော့ မဖြစ်သင့်ပါဘူး။ စော်ကားခံရတဲ့ ဘာသာဝင်တွေက ခေါင်းငုံ့ခံမနေကြပဲ တုံ့ပြန်တာကို ခံရမှာပါ။
ကျွန်တော်ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်။ ကိုယ့်ယုံကြည်မှုကို အများကို မျှဝေတဲ့ စာတွေပဲ ရေးပါတယ်။ အလ္လာရှင်ဘာဖြစ်တယ်၊ တမန်တော်မိုဟာမက် ညာဖြစ်တယ် ။ တစ်ခါမှ မရေးဘူးသလို တွေးလည်းမတွေးဘူးပါဘူး။ သူတို့ကို ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လေးစားပါတယ်။ ပြစ်မှားဖို့ စိတ်ကူးမရှိပါဘူး။ အရင်ကလည်းမရှိဘူး၊ အခုလည်းမရှိဘူး၊ နောင်လည်း မရှိမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဘာသာတစ်ခုကိုထူထောင်နိုင်တဲ့ သူတစ်ယောက်ဟာ သာမာန်လူထက်တော့ ပိုတဲ့ အရည်အသွေး အရည်အချင်းတွေရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်မို့ပါပဲ။
အဲလိုပဲ ယေရှုခရစ်ကိုလည်း တန်းတူထားပါတယ်။ သူတို့ဟာ လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေပါပဲ။  ဒီနေရာမှာ လေးစားတာနဲ့ ကိုးကွယ်တာကို ခွဲခြားနားလည်ဖို့ လိုအပ်ပါတယ်။
အဲ ဗုဒ္ဓကိုကျတော့ လေးစားတာထက်ပိုသွားပါတယ်။ ကြည်ညိုတယ်၊ ကိုးကွယ်တယ်။ ကျွန်တော်ထားတဲ့ စိတ်ထားမျိုး ဘာသာအားလုံးက လူတွေ ထားနိုင်ရင် ငြိမ်းချမ်းမှာပါ။ ကိုယ်ယုံကြည်ရာကို အေးအေးချမ်းချမ်းနဲ့ သာသနာပြုနိုင်မှာပါ။
ဒီလိုမှ မဟုတ်ပဲ ဆက်လက် ပြီး အခြေအမြစ်မရှိတဲ့ ရိုင်းစိုင်းတဲ့ စော်ကားတဲ့ စာမျိုးတွေ ဆက်လက် ရေးသားမယ်ဆိုရင်တော့ Blog.com ရဲ့ စည်းမျဉ်းနဲ့ ငြိနေတဲ့အတွက် အရေးယူခံရမှာသေချာပါတယ်။
အဲဒီစည်းမျဉ်းနဲ့ ငြိလို့ တိုင်ချင်ရင် အောက်က လင့်ကိုသွားပီး တိုင်လို့ရပါတယ်။
http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=
အဲဒီ လင့်ကို သွားပီး ပုံထဲကပြထားတဲ့အတိုင်း ကွက်လပ်မှာ -http://messengerforbuddhist.blogspot.com/ ဆိုတဲ့စာကိုရိုတ်ပြီး  Submit ကို နှိပ်လိုက်ရင် ရပါတယ်။
Wednesday, January 20, 2010
ဒီတစ်ခါရွာတဲ့မိုး
" အင်းခန်းလို့ လယ်တီ၊
  လယ်တီတော့ ငှက်ကျ၊
  ငှက်ကျတော့ ကြောင်ခုတ်၊
  ကြောင်ခုတ်တော့ ထွန်ဆင်း၊
  ထွန်ဆင်းတော့ မိုးရွာ၊
  ဒီတစ်ခါရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး
  မချိုးရင် ချိုးကပ်လိမ့်မယ် "
       အဲဒီ တဘောင်လိုလို၊ ကဗျာလိုလို၊ လင်္ကာလိုလို စာကလေးက ကျွန်တော်တို့ ငယ်ငယ်ကတည်းက အဘိုးတွေ ပြောဖူးလို့ အလွတ်ရနေပါတယ်။ ဒါပေမယ့်  ဘာမှန်းမသိခဲ့ပါဘူး။ မကြာသေးမှီသောကာလကမှ သေသေချာချာသိခဲ့ရတာကို မျှဝေခြင်းဖြစ်ပါတယ်။
   "အင်းခန်း" ဆိုတာက အင်းကန်း ဆရာတော်ကြီးကို ဆိုလိုတာပါ။ ဒုတိယမြောက် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးတစ်ပါးပါ၊ ပထမ မဟာဝိသုဒ္ဓာရုံဆရာတော်ဘုရားကြီးဖြစ်ပါတယ်။ သာသနာ့ သမိုင်းဝင် ဆရာတော်ကြီးဖြစ်ပါတယ်။
ဆိုလိုတာက အဲဒီ ဆရာတော်ကြီး မရှိတော့ - (အင်းခန်းတော့ လယ်တီ)
"လယ်တီ" ဆိုတာက လယ်တီဆရာတော်ကြီးဦးဉာဏ (1208-1285) ကိုပြောတာပါ။  ဒီပနီ ကျမ်းပေါင်းများစွာကိုြ့ပုစုပြီး (အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့် D.Litt ပိဋကတ္တယပါရဂူဘွဲ့) ကိုဆက်ကပ်ခံခဲ့ရသော ဆရာတော်ကြီးလည်းဖြစ်သည်။ အဲဒီ လယ်တီဆရာတော်ဘုရားကြီး ပြီးတော့ - (လယ်တီတော့ ငှက်ကျ)
"ငှက်ကျ" ဆိုတာက ငှက်တွင်းဆရာတော်ကြီးကို ပြောချင်တာပါ။ (ငှက်ကျတော့ ကြောင်ခုတ်)
"ကြောင်ခုတ်" ဆိုတာက ကြောင်ပန်းတောရ ဆရာတော်ကြီး(1222-1288) ရဟန်းဘွဲ့အမည် ဦးဣန္ဒက ဖြစ်ပါတယ်။ လယ်တီဆရာတော်ကြီးရဲ့ တပည့်လည်းဖြစ်ပါတယ်။
နောက် "ကြောင်ခုတ်တော့ ထွန်ဆင်း"
"ထွန်းဆင်း" ဆိုတာက စွန်းလွန်းဆရာတော်ကြီးဦးက၀ိ (1239-1314) ကိုပြောတာပါ။ ထွန်ထောင်ကိုယ်တော်၊ ထွန်းဆင်းကိုယ်တော့ စသည်ဖြင့် ခေါ်ကြပါတယ်။ ယာထွန်နေရင်း သတိသံဝေဂပြင်းပြသဖြင့် လူဝတ်ကြောင်မှ သာသနာဘောင်သို့ ၀င်ရောက်ခဲ့လို့ အဲလို ခေါ်ကြတာဖြစ်ပါတယ်။ ရဟန္တာရှင်မြတ်ကြီးလည်း ဖြစ်တော်မူတယ်။ ဒါပေမယ့် ပရိယတ်စာပေ ကျမ်းဂန် တတ်ကျွမ်းခြင်းမရှိပါဘူး။ (1314-ခု၊ ကဆုန်လပြည့်ကျော် (9)ရက်၊ စနေနေ့ညနေ 5 နာရီအချိန်တွင် ခန္ဓာဝန်ချတော်မူပါတယ်။)
"ထွန်းဆင်းတော့ မိုးရွာ"
"မိုးရွာ" ဆိုတာက မိုးကုတ်ဆရာတော်ကြီးကို ဆိုလိုတာပါ။
"ဒီတစ်ခါ ရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး"
ဆိုတာက မိုးကုတ်ဆရာတော်ကြီးက သစ္စာတရားများကို ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့်  ဟောကြားခဲ့ပါတယ်။ ပါဠိ သိပ်မပါပဲ မြန်မာလို လူပိန်းနားလည်နိုင်တဲ့ စကားလုံးများနဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ ခက်ခဲနက်နဲတဲ့ အဘိဓမ္မာသစ္စာတရားများကို ဟောကြားခဲပါတယ်။ ဆရာတော်ကြီး ဟောကြားတဲ့ သစ္စာတရားများဟာ မိုးရွာချသလိုပဲ များပြားလှပါတယ်။ ဒီတစ်ခါ ရွာချတဲ့ သစ္စာမိုးရေကို ချိုးမှ ကိလေသာ အညစ်အကြေးများ ကင်းစင်ကာ သံသရာမှာ ဒုက္ခမျိုးစုံနဲ့ မကျင်လည်ကြရတော့ပဲ ခရီးသွားခြင်းမှ ရပ်တန့်ကာ နိရောဓ (နိ=မရှိ၊ ရောဓ= သွားခြင်း။ နိရောဓ=သွားခြင်းမရှိ (သို့) ရပ်တန့်ခြင်း) ဆိုတဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။
  အကယ်၍ သစ္စာမိုးရေများကို မချိုးပဲ အ၀ိဇ္ဇာကဖုံးပြီး တဏှာနဲ့ဖွဲ့ချည်ထားတဲ့ ခန္ဓာအိမ်ထဲမှာပဲ ကိလေသာ တွေနဲ့ ပျော်နေမယ်ဆိုရင်တော့ ဒီဘ၀က သေပြီးရင် ကုသိုလ်ကုန်တာနဲ့ အပါယ်လေးပါးမှာ ကျင်လည်ကြရမှာ ဖြစ်ပါတယ်။
         တကယ်လည်း အဲဒီလင်္ကာထဲက လိုဖြစ်မှာသေချာပါတယ်။ ယ္ခုဘ၀မှာ မှ သောတာပတ္တိမဂ်/ဖိုလ် ကို ရအောင် အားထုတ်မထားရင် ငရဲအိုးက လွတ်ဖို့ မသေချာပါဘူး။ ယ္ခုဘ၀ပြုထားတဲ့ ကောင်းမှုကုသိုလ်တွေ ကြောင့် နတ်ပြည် ဗြဟ္မာပြည်ရောက် ကုသိုလ်ကံအရှိန်ကုန်တော့ ပြန်ကျ ကိုယ်လူ့ဘ၀ပြန်ရောက်တဲ့အချိန် သာသနာကွယ်ပီ။
       ဆိုတော့ကာ အကုသိုလ်/ ကုသိုလ် မခွဲခြားတတ်တော့၊ သေတော့ အပါယ်ပြန်ကျ ဒီလိုနဲ့ သံသရာကြီးမှာ သုခအလျဉ်းမရှိ၊ ဒုက္ခအတိနဲ့ ကျင်လည်ကြရအုံးမှာဖြစ်ပါတယ်။
      ဒါကြောင့် ဒီတစ်ခါရွာတဲ့မိုး ၊ ချိုးဖြစ်အောင်ချိုး ၊ မချိုးရင် ချိုးကပ်လိမ့်မယ် ဆိုတဲ့အတိုင်း ဆရာတော်ကြီးရဲ့ သစ္စာတရားများကို နာယူ၊ ကျင့်ကြံ၊ ပွားများ၊ အားထုတ် သင့်လှပါကြောင်း......။
ဆန္ဒမွန်ဖြင့်....တိုက်တွန်းလိုက်ရပါသည်။
Monday, January 18, 2010
ကာယမိမံ
11-11-61 ခု၊ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး  အမရပူရမြို့ ၊ မင်္ဂလာတိုက်၌ ဟောကြားဆုံးမတော်မူသော ၀ိပဿနာရှုနည်း အလုပ်ပေးတရားတော်
        ဒကာ ဒကာမတွေ သိကြားမင်းအကြောင်းမဟောခင် ၀ိပဿနာရှုနည်းကို ရှေးဦးစွာပြောမယ်..။
(မှန်လှပါဘုရား)
ဝိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ။
ကာယေသဘာဝံ ၊ ၀ိဒိတွာန၊ ဒုက္ခဿန္တံကရိဿတိ။
       ဤကဲ့သို့ဟောထားတော့ ဒကာ ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ်အိပ်ယာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ၊ မိန်းမဖြင့် ဒူးတုပ်၊ ယောက်ျားဖြင့် တင်ပျဉ်ခွေထိုင်ပြီး သကာလ၊ ထိုင်ချင်သလိုထိုင်၊ အိပ်ချင်သလိုအိပ်၊ ကိစ္စမရှိပါဘူး....တဲ့။ သို့သော် အသက်ကလေးမှန်မှန်ရှူပြီးသကာလ လေလေး ထွက်တာလဲသိလို့၊ လေလေး ၀င်တာလည်း သိလို့၊ ဒီလိုချည်း သိပြီးသကာလ နေရာမှ  ပထမ ရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလိုလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။
        ထွက်တာသိ ၀င်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ်..။ (မှန်လှပါ့ဘုရား)
ထွက်တာသိ ၀င်တာသိ ဖြုတ်ပြီး အောင့်တဲ့နေရာလေးကို ဉာဏ်လှည့်လိုက်၊ သြော်... ဒါ.. ဖောက်ပြန်လာတာပါလား၊ အင်း... ဖောက်ပြန်လာတာ...။ နဂိုက မအောင့်ဘူး၊ ခုမှ ဒီနေရာလေးက အောင့်လာတယ်။ အဲဒီ ဖောက်ပြန်တဲ့နေရာကလေး ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာကလေးက ပျက်စီးသွားတယ်။
         ထွက်တာသိ ၀င်တာသိလုပ်နေတုန်း တစ်နေရာရာက ဘာဖြစ်လာသတုံး။ (အောင့်လာပါတယ် ဘုရား)
အောင့်လာတဲ့အခါကျတော့ ထွက်တာသိ ၀င်တာသိဖြုတ်လိုက်ပါ။ (မှန်လှပါဘုရား)
အောင့်တဲ့နေရာကလေး ဉာဏ်လှည့်လိုက်ပါ။ ခြေသလုံးက အောင့်ရင် ခြေသလုံး၊ ပေါင်ကအောင့်ရင် ပေါင်၊ ခါးကအောင့်ရင် ခါး၊ နောက်ကျောအောင့်လို့ရှိရင် အောင့်တဲ့နေရာကလေး ဉာဏ်လှည့်လိုက်ပါ။
       အဲဒါကလေးက ဘာပါလိမ့်မလဲဆိုတော့ ပင်ကိုသဘောမှ ဖောက်ပြန်လာတာ။ အဲဒီဖောက်ပြန်တဲ့ နေရာကလေးကို ဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့က ဉာဏ်လှည့်လိုက်ပြီ ဆိုမှဖြင့် ဉာဏ်ပေါ်နေတဲ့အတွက် သတ္တ၀ါသန္တာန်မှာ အောင့်တဲ့စိတ်ကလေးက ချုပ်သွားပြီး ဉာဏ်စိတ်ကလေးက ပေါ်နေတယ်။ ဉာဏ်စိတ်ကလေးပေါ်နေတော့ အောင့်တာလေးက ဖောက်ပြန်ပြီး သကာလ ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။ ဖောက်ပြန်ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။
       ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသွားတာတွေ တွေ့တဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန်ပျက်စီးတာ တွေ့တာလို့ မှတ်လိုက်ပါနော်။ (မှန်လှပါဘုရား)။
အဲဒီတော့ ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ။ အနိစ္စဆိုလည်း ဟုတ်တာပဲ၊ ဒုက္ခသစ္စာဆိုလည်း ဟုတ်တာပဲ။ သြော်... ဒါက ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါ ဒီနေရာကလေးက အောင့်တာကလေးက ပျောက်သွားလို့ ဟိုနေရာက အောင့်တာပေါ်လာတယ်။ ဟိုစိတ်ကလေး စားချင်တဲ့စိတ်ကလေးပေါ်လာတယ်။ အဲဒါကိုလဲ စားချင်တဲ့စိတ်ကလေးကိုလဲ ရှိ မရှိ ကြည့်ပေးပါ။ ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ကြည့်တဲ့ဉာဏ်ပေါ်လာလို့ ရှိရင်ဖြင့် သတ္တ၀ါသန္တာန် နှစ်စိတ်မပေါ်ကောင်းတဲ့အတွက် စားချင်တဲ့စိတ်ကလေးက ဒကာကြွယ်၊ ဒကာသစ်တို့ ဖြစ်ပြီး ပျက်သွားတယ်။ (မှန်လှပါဘုရား)
     သူလည်း ခုမှ ဖောက်ပြန်ပြီး လာတာ၊ အခုပဲ ပျက်စီးသွားတယ်။ အဲဒီတော့ ဖောက်ပြန်ပျက်စီးသွားတာ ဘာသစ္စာခေါ်ကြမလဲ...။ (ဒုက္ခသစ္စာပါဘုရား)
အင်း... ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိလိုက်တော့ အသိခံရတာက ဒုက္ခသစ္စာ၊ အသိဉာဏ်က မဂ္ဂသစ္စာလို့ အောက်မေ့ကြပါ။ (မှန်လှပါဘုရား)
ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ လှည့်လိုက်ပြီးသကာလ နေတော့ အသိခံတာက ဒုက္ခသစ္စာ၊ အသိဉာဏ်က မဂ္ဂသစ္စာဆိုတော့ သြော်... ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ်... သိနေတဲ့ မဂ္ဂသစ္စာရယ်...။
ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလနေတော့ သမုဒယသစ္စာဆိုတဲ့ လောဘ ချုပ်ငြိမ်းရုပ်သိမ်းပြီးသကာလ နေတော့တယ်။ ဒီလောဘက ချုပ်ငြိမ်း နေတော့ လောဘ တဏှာချုပ်တော့ ဥပါဒါန်မချုပ်ဘူးလား ။ (ချုပ်ပါတယ်ဘုရား)။
ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘ၀ လာလတ္တံ့ဖြစ်တဲ့ ပဋိသန္ဓေနေမှု အိုမှု သေမှုရော.... ။ (ချုပ်ပါတယ်ဘုရား)
     သြော်... ဒါ ဘယ့်နှယ်ကြောင့်ချုပ်ပါလိမ့်မလဲလို့ ဒကာကြွယ်၊ ဒကာသစ်တို့ ၊ ဦးလှဘူးတို့က မေးလို့ရှိရင်ဖြင့် ဖောက်ပြန်ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာဆိုတာ သေချာပြီလား... (သေချာပါတယ်ဘုရား)။
       ဒါဖြင့် ဒီ ခန္ဓာကိုယ်ကြီးကို ၀ိပဿနာရှုဆိုတာ ခန္ဓာကို စောင့်ကြည့်တဲ့အလုပ်လို့ မှတ်လိုက်စမ်းပါ။
(မှန်လှပါဘုရား)။
ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့်..။ (ခန္ဓာကို စောင့်ကြည့်တဲ့အလုပ်ပါဘုရား)။
ဒါကြောင့် ... "ကာယမိမံ သမ္မသထ" ဣမံကာယံ- ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ- စောင့်ကြည့်ပြီး သုံးသပ်စမ်းပါကွာ၊ လို့ ရှင်သာရိပုတ္တရာက မှာရှာတယ်။ ခန္ဓာကိုယ်ကြီး စောင့်ကြည့်ပြီး သုံးသပ်စမ်းပါ။ ဆင်ခြင်စမ်းပါ ဆိုတော့ မလာပေဘူးလား ။ (လာပါတယ်ဘုရား)။
ပျက်စီးသွားတာ ဖြစ်ပျက်၊ စောင့်ကြည့်တာ..( မဂ်ပါဘုရား)။
သြော်...မဂ်ဆိုတာ ဒကာ ဒကာမတို့ စောင့်ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ..။ (မှန်ပါ့ဘုရား)
မစောင့်ကြည့်ရင်.. (မရပါဘုရား)။ မရဘူး..။ ရှာရင်တော့ မရဘူး။ စောင့်ကြည့်ရင်တော့ (ရပါတယ်ဘုရား)။
တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူးတဲ့..။ အဖမ်းတော့ မြန်သလို မိလိန္ဒပဥှာက စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ်။ (မှန်ပါ့ဘုရား)။
        ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အိမ်ရောက်လို့ရှိရင် ဘုန်းကြီးပြောတဲ့အတိုင်းသာ လုပ်ကြစမ်းပါ။ ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့ စောင့်ရမလဲဆိုတော့ ရှူမှုလေး မှန်မှန်ရှူ၊ ရှိုက်မှုလေး မှန်မှန်ရှိုက်၊ ရှိုက်ရာကမှနေ အထူးတရားလေးပေါ်လာလို့ရှိရင် သြော်...ဒါ ၀ိပရိနာမလက္ခဏာ ဒုက္ခသစ္စာပါလားလို့... စောင့်ကြည့်လိုက်..။ (မှန်လှပါဘုရား)။
   ဒါဖြင့် ၀ိပရိနာမလက္ခဏာ ဒုက္ခသစ္စံက ဒုက္ခသစ္စာ၊ စောင့်ကြည့်တာကလေးက (မဂ္ဂသစ္စာပါဘုရား)။
သေတာက သမုဒယသစ္စာ၊ နောက်ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓဆိုတော့ သြော်... တို့ သစ္စာအလုပ် လုပ်နေတာပါကလား ဆိုတာ ပေါ်မလာဘူးလား.. (ပေါ်လာပါတယ်ဘုရား)။
       သြော်...ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ စောင့်ကြည့်တဲ့အလုပ်..။ (မှန်လှပါဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့်...။ (စောင့်ကြည့်တဲ့အလုပ်ပါဘုရား)။
စောင့်ကြည့်တဲ့အလုပ်ဆိုတော့... တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူးဘုရား.. ဆိုရင် စောင့်မကြည့်လို့သာ မှတ်ပေတော့...။ (မှန်ပါ့ဘုရား)
      စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာရပြ၊ ဟိုနေရာက ပြလိုက်၊ ဒီနေရာက ပြလိုက်နဲ့ ပြတဲ့နေရာကိုပဲ စောင့်ကြည့်နေတဲ့အခါကျလို့ရှိရင် ပြတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သေတာက... (သမုဒယသစ္စာပါ ဘုရား)။ နောက်ခန္ဓာမလာတာက.. (နိရောဓသစ္စာ ပါဘုရား)။ နိရောဓသစ္စာဆိုတာ သြော်... တို့တစ်တွေ သစ္စာလေးပါးအလုပ် လုပ်နေပါကလား ဆိုတာ မပေါ်လာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။ ရှင်းပလား..။ (ရှင်းပါပြီဘုရား)။
   ဒကာကြွယ်ရေ.. ဒကာကြွယ်တို့ လုပ်တော့လဲ စောင့်ကြည့်ရတယ်မဟုတ်လား..။ (မှန်ပါ့ဘုရား)။ လိုက်ဖမ်းရင် မိပါ့မလား။ (မမိပါဘုရား)။
   အေး... ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စောင့်ကြည့်လို့ရှိရင် ခန္ဓာကိုယ်ကြီးကို ပင်ကိုက အနာခန္ဓာကိုယ်ကြီးကိုး...။ (မှန်လှပါဘုရား)။
အနာတွေပဲ မပြရပေဘူးလား...(ပြပါတယ်ဘုရား)။ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေ ပြတော့ ဒီအနာခန္ဓာတွေကလဲ ဖြစ်လိုက်၊ ပျက်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်နဲ့ ပြနေတော့ သြော်... ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာပါလားဆိုတာ.. အခုအချိန်မှာ ဉာဏ်ထဲမှာ ပေါ်လာတယ်... (မှန်လှပါဘုရား)။
       ထိုကဲ့သို့ ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့်... ကိလေသာ ကြားမညှပ်လို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ ကိလေသာကြား မခြားလို့ရှိရင် (ရ)ရက်၊ နဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရပါတယ်...(မှန်လှပါဘုရား)။ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာမခိုရင်..(ခုနစ်ရက်နဲ့ ရနိုင်ပါတယ်ဘုရား)။ ဒကာကြွယ်.. မမြန်လား။ (မြန်ပါတယ်ဘုရား)။
     ဘုန်းကြီးက ဟောတာလား ၊ ဘုရာသခင်ကိုယ်တော်မြတ်ကြီးက ဟောတာလားလို့ ဆိုတော့ သတိပဌာန် ပါဠိတော်မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ ဒကာမတွေ စောင့်ကြည့်တဲ့အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည်ရပါတယ် ဆိုတာ သဘောကျပလား...(ကျပါတယ်ဘုရား)။
သြော်...ဒါဖြင့် ၀ိပဿနာဆိုတာ အားစိုက်ရှုရတာလား၊ ဒကာ ဒကာမတို့ စောင့်စားပြီး ရှုရတာလား...။ (စောင့်စားပြီး ရှုရပါတယ်ဘုရား)။
သေသေချာချာ ပြောနေပါတယ် ဒကာ ဒကာမတို့..(မှန်ပါ့ဘုရား)။ လေးလေးစားစားနဲ့  မှတ်စမ်းပါ။ (မှန်ပါ့ဘုရား)။
Read more »
Wednesday, January 13, 2010
error loading operating system
error loading operating system
ဆိုပြီး ကွန်ပျူတာစဖွင့်ပြီး စက္ကန့်ပိုင်းမှာ ပေါ်ပါလေရော...
Ctl+alt+del ကီးသုံးခုနှိပ်ပြီး restart ပြန်ချလိုက်တယ်။ ပြီးတော့ F11 နှိပ်ပြီးတော့ Boot Menu ကိုဝင်ပြီး primary HDD ကိုရွေးပြီး boot လုပ်လိုက်တယ်။ (Boot Menu Key က Mainboard တစ်ခုနဲပ တစ်ခု တူပါဘူး များသောအားဖြင့်တော့ F2, F10, F11 နဲ့ Esc keys တွေများပါတယ်)။ ဒါပေမယ့်.......အဲဒါပဲ ထပ်ပေါ်ပြန်ရော။ ဒါနဲ့ အဲဒီ စက်ကိုထားလိုက်ပြီး နောက်တစ်လုံးနဲ့ အလုပ်လုပ်လိုက်တယ်။ ပြီးမှ ပြင်မယ်ပေါ့လေ။
ဒါနဲ့ အလုပ်ပါးတော့ ပြန်ကိုင်တယ်။ ဘယ်လိုလုပ်လုပ်မရဘူးဖြစ်နေတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ၀င်းဒိုးပြန်တင်လိုက်မယ်ဆိုပြီး ၀င်းဒိုး အသစ် ပြန်သွင်းတယ်။ ပထမတော့ သွင်းနေတာပဲ အဲ restart ပြန်ကျပြီး ပြန်တက်လာရော... error loading operating system ဆိုပြီး ပေါ်လာပြန်ရော။ တော်တော်ခေါင်းစားသွားတယ်။ ဒါနဲ့ Hiren's BootCD 10.0 နဲ့ boot လုပ်လိုက်တယ်။ ပီးတော့ System Information Tools တွေနဲ့ အကုန်လုံးစစ်လိုက်တယ်။ အားလုံး အိုကေပဲ။
CPU.................ok
Mainboard........ok
ram.................ok
HDD................ok
.......................ok......ok.........ok ဆိုပြီး အားလုံးအိုကေနေတာပဲ။ ဒါနဲ့ ပြန်ပီး စက်ဖွင့်တော့ ဒါပဲ ထပ်ပေါ်နေရော......။ ဒါနဲ့ ပေါက်ဖေါ်ကြီး google ကိုမေးရတာပေါ့။ miscrosoft ကပြန်ဖြေတယ်.. အဲဒါ bios version က နိမ့်နေလို့ update လုပ်ပါတဲ့။ ဒါနဲ့ update လုပ်ဖို့ ပြင်ရတော့တာပေါ့လေ။ အဲ main board က asrock p4vm8 ဆိုတော့ သူဆိုဒ်မှာသွားရှာရတာပေါ့။ အဲ... တွေ့တော့ တွေ့တယ် ဒါပေမယ့် ပြဿနာက ရှိနေပြန်ရော။ အဲဒီ updaet bios file ကို floppy drive ကပဲ update လုပ်လို့မယ်လို့ သူ့ဆိုဒ်က ပြောနေပြန်ရော။ ဒါနဲ့ Floppy drive ရှာရပြန်ရော။ floppy disc တွေက မသုံးတာ သုံးလေးနှစ်လောက်ရှိပီ ဆိုတော့ ရှာရတာ ဖတ်ဖတ်မော တွေ့ပြန်တော့ floppy drive က မရှိပြန်ဘူး။
ဒါနဲ့ CD Drive ကနေ update လုပ်ကြည့်မယ်ဆိုပြီး bootable CD တစ်ခွေကို nero နဲ့လုပ်ပြီး ခုနက ဒေါင်းထားတဲ့ bios update files တွေပါ ထည့်ပီး burn လိုက်တယ်။ ပြီးတော့ အဲဒီစီဒီနဲ့ boot လုပ်ပြီး bios ကို update လုပ်ဖို့ကြိုးစားတယ်။ ကိုယ်ပဲ ညံ့တာလားမသိ လုံးဝမရဘူးဗျာ။
     ဒါနဲ့ floppy drive အဟောင်းတွေ လိုက်ရှာရတာပေါ့ ရှားရှားပါးပါး ကောင်းတဲ့ဟာက တစ်ခုပဲ တွေ့တယ်။ အဲဒါလေးကို စက်အကောင်းမှာတပ် ပြီးတော့ Create Ms.dos startup disc ဆိုပြီး format ချလိုက်ပြီးတော့မှ bios file ကိုအဲဒီ floppy disc ထဲကို ကူးထည့်လိုက်တယ်။ ပြီးတော့မှ စက်အပျက်မှာတပ်ပြီး boot လုပ်ပါတယ်။ ပထမအကြိမ် စက်ဖွင့်ပြီး floppy ကနေ Boot လုပ်တော့
disc I/O error, replace the disc and press any key ဆိုပြီး ဖြစ်ပြန်ရော။ ဒါနဲ့ စိတ်ပျက်ပျက်နဲ့ တစ်နေ့ကုန်သွားရော။
စိတ်ပျက်လက်ပျက်နဲ့ ရှုပ်ပွနေတဲ့ အတ္တရဲ့စားပွဲ
        နောက်နေ့ ထပ်ကြိုးစားတော့ Bios update လုပ်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ ၀င်းဒိုးတင်တော့ တက်သွားရော။ အဲ.....ပျော်သွားတာပေါ့ဗျာ..။ စက္ကန့် လေးငါးဆယ်လောက်ရောက်တော့ အပျော်တွေ ထပ်ပျောက်သွားပြန်ရော...ဗျို့...။ blue screen တက်လာပြီး-
“STOP 0x000000ED (0xaaaaaaaa,0xbbbbbbbb,0xcccccccc,0xdddddddd)
UNMOUNTABLE_BOOT_VOLUME”
    ဆိုပြီး အပြာရောင်နောက်ခံမှာ အဲဒီ error ပေါ်လာပြန်ရော.......။ ဟူးးးးး သေဟဲ့ နန္ဒိယ....။
ဒါနဲ့ ပေါက်ဖေါ်ကြီးပဲ အားကိုးပြီးမေးရပြန်တာပေါ့။
ဟာဒ်ဒက်စ် ကြိုးလဲပါတဲ့ ။ ဒါနဲ့ အသစ်တချောင်းပြေးဝယ်ပီး လဲရပြန်ရော......
ပြန်လုပ်ကြည့်တော့........အိုကေသွားတယ်ဗျာ....
အဲဒါကို သုံးလေးရက်လောက် လုပ်လိုက်ရတယ်။ ဟိုဟာ ရှာရ ဒီဟာရှာရနဲ့ အလုပ်ကမအားနဲ့ ခုတော့အိုကေသွားပီ.....။
သိချင်တာတွေ ကူညီပေးတဲ့ Google ကို ကျေးဇူးပါ......လို့ :P
နောက် တော်တော်များများ သုံးလို့ရတဲ့ hiren's bootcd 10.0 လည်းကောင်းတယ်ဗျာ..။
Partition Tools က 13 ခု
backup Tools က 15 ခု
Recovery Tools က 15 ခု
Testing Tools က 10 ခု
RAM (Memory) Testing Tools က 4 ခု
Hard Disk Tools က 33 ခု
System Information Tools က 16 ခု
MBR (Master Boot Record) Tools က 10 ခု
BIOS / CMOS Tools က 9 ခု
MultiMedia Tools က 3 ခု
Password Tools က 17 ခု
NTFS (FileSystems) Tools က 5 ခု
Browsers / File Managers က 11 ခု
Other Tools က 7 ခု
Dos Tools က 8 ခု
Cleaners က 3 ခု
Optimizers က 4 ခု
Network Tools က 5 ခု
Process Tools က 6 ခု
နောက်....နောက်..........မရေးနိုင်တော့ဘူးဗျာ.....ကိုယ်တိုင် အဲမှာဒေါင်းပီး သုံးကြပေတော့။
Sunday, January 10, 2010
လမ်း
ကျွန်မတို့နေထိုင်ရာ ရောမမြို့နှင့် မနီးမဝေးမှာ ရွာသာသာ မြို့လေးတစ်မြို့ရှိသည်။ မြို့ကလေး၏ ဘုရားရှိခိုးကျောင်း မျှော်စင်ကြီးထိပ်မှာ အဖေနှင့်အတူ ကျွန်မရောက်နေသည်။
       အဖေ ငါ့ကို ဒီအပေါ်ဘာလို့ခေါ်လာပါလိမ့်ဟုတွေးနေဆဲ အဖေကပြောသည်။
"အောက်ကို ငုံ့ကြည့်လိုက်စမ်းသမီး" တဲ့-
       ကျွန်မ မရဲတရဲ ခေါင်းပြူကာ အောက်ဖက်ရှိ မြို့ကလေးကို ကြည့်မိသည်။ မြို့လယ်မှာ ကွက်လပ်တစ်ခု ရှိသည်။ ထို့နောက် ဘေးပတ်လည်မှာ လမ်းသေးလမ်းသွယ်တွေ အမျိုးမျိုးအဖုံဖုံ ကွေ့ကောက်ယှက်ဖြာ လျက်ရှိသည်။
  "သေသေချာချာကြည့်စမ်းသမီး"
အဖေက ကြင်နာစွာဆိုသည်။
"မြို့လယ်ကွက်လပ်ကို သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး၊ အများကြီးရှိတယ်။ လူ့ဘ၀မှာလည်း ထိုနည်း၎င်းပဲ၊ သမီးရည်မှန်းထားတဲ့ ပန်းတိုင်ကို ဒီလမ်းကသွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ရနိုင်တယ်"
    ဒီတော့မှ အဖေ ကျွန်မကို ဘာကြောင့် ဒီနေရာခေါ်လာရသလဲရိပ်မိလိုက်သည်။
အဲဒီနေ့မနက်က ကျွန်မ အမေ့ကို ကျောင်းမှာ ကျွန်မတို့ညီအစ်မ စားရသည့် ဆိုးဝါးလှသော နေ့လယ်စာနှင့် ပတ်သက်၍ တစ်ခုခုလုပ်ပေးရန် ပူဆာခဲ့သည်။ သို့သော်အမေက ကျွန်မတင်ပြချက်ကို အလေးအနက်မထားခဲ့။ ဒီကိစ္စကို အဖေ့ထံ အယူခံဝင်တော့ အဖေက သူကြားမ၀င်နိုင်ပါဟု ဆိုသည်။ ပြီးတော့ ကျွန်မကို ဒီမျှော်စင်ကြီးပေါ်ခေါ်ကာ သင်ခန်းစာတစ်ခု ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာမြင်အောင် ပြခဲ့သည်။
'ဘောင်တစ်ခုထဲမှာ ပိတ်လှောင် ကန့်သတ်ခံမနေပဲ၊ လိုရာရအောင် စူးစမ်းတီထွင် ကြံဆတတ်ရေး'
'ပြီးအဲသည်လိုကြံဆတတ်သည့် စိတ်ဓာတ်မျိုး၏ တန်ဘိုးကို သိမြင်ရေး'
          အဖေ့သင်ခန်းစာကို ကျွန်မချက်ချင်းနားလည်သဘောပေါက်သွားခဲ့သည်။
အိမ်ပြန်မရောက်မီပါပင် ကျွန်မခေါင်းထဲ အကြံဉာဏ်တစ်ခုပေါ်ခဲ့သည်။
နောက်တစ်နေ့ ကျောင်းမှာ နေ့လည်စာ စားရသည့်အခါ ကျောင်းကကျွေးသည့် စွပ်ပြုပ်ရည်ကို ပုလင်းတစ်လုံးထဲ တိတ်တိတ်ထည့်ပြီး အိမ်ယူလာခဲ့သည်။ ထို့နောက် ညစာစားချိန်၌ အဲဒီစွပ်ပြုပ်ရည်ကို အမေ့အား ထည့်ကျွေးရန် စဖိုမှူးကို ချော့ပြောရသည်။
           ကျွန်မစီစဉ်ထားသည့်အတိုင်း အားလုံးအဆင်ပြေသည်။ စွပ်ပြုပ်ရည်တစ်ဇွန်း အမေသောက်လိုက်မိ ပြီးနောက် ချက်ချင်း ထွေးမလိုအန်မလို ဖြစ်သွားပြီး စိတ်ဆိုးမာန်ဆိုးနှင့်ပြောသည်။
"စဖိုမှူးတော့ ရူးသွားပီထင်တယ်"
ဆိုတော့မှ အဖြစ်မှန်ကို ကျွန်မတို့ညီအစ်မ ကပျာကယာ ဖွင့်ပြောရသည်။ ကျွန်မတို့အခြေအနေကို အမေ သဘောပေါက်သွားပြီ...။ မနက်ဖြန် ဒီကိစ္စကို ကျွန်မတို့ကျောင်းမှာလိုက်ပြောမည်ဖြစ်ကြောင်း အမေ ပြတ်ပြတ်သားသား ကြေညာလိုက်လေသည်။
နောက်နှစ်ပိုင်းများတွင်ကား ဖြတ်ကျော်မရနိုင်သည့် အထားအဆီးဟု ထင်ရသောအရာတွေသည် မိမိက ၄င်းအတိုင်းမငြင်းမဆန် လက်ခံလျှင်သာ မိမိအတွက် မအောင်မြင် ရှုံးနိမ့်မှုများ ဖြစ်သွားသည်။ တီထွင်ကြံဆ တတ်သောဉာဏ်နှင့် စွန့်စားရဲသော စိတ်တို့သာရှိပါက ကွေ့ဝိုက်ကျော်လွှား သွားနိုင်သော လမ်းကိုမြင်ကာ အောင်မြင်မှုရနိုင်သည်ဆိုတာ ကျွန်မ အကြိမ်ကြိမ် တွေ့မြင်သိရှိလာခဲ့ရပါသည်။
 အ၀တ်အထည် ဒီဇိုင်းသမားတစ်ယောက်အဖြစ် ကျွန်မ ပထမဆုံး ရခဲ့သည့် အောင်မြင်မှုလေးတစ်ခုက အဲသလို လမ်းပိတ်နေသည့်အခါမျိုးမှာ လမ်းသစ်ထွင်ကာ ကွေ့ကျော်သွားနိုင်ခဲ့သဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ ဖက်ရှင်လောကတစ်ခုလုံး မွှေနှောက်ချောက်ချားပစ်လိုက်မည်ဟူသော စိတ်ဓာတ်ကြီးဖြင့် ကျွန်မ ပါရီသို့ ရောက်လာခဲ့သည်။ သို့သော် ပါရီရှိ အ၀တ်အထည်လောကကို ကြီးစိုးနေသည့် ပုဂ္ဂိုလ်များက ကျွန်မရေးဆွဲထားသည့် ဒီဇိုင်းပုံစံတွေကို စိတ်မ၀င်စားကြ။ တစ်နေ့မှာတော့ မိတ်ဆွေတစ်ယောက် ၀တ်လာသည့် ဆွယ်တာအင်္ကျီတစ်ထည်က အလွန်ထူးခြားလှတာကို ကျွန်မ သွားတွေ့မိသည်။ အရောင်အသွေးတို့ကတော့ ရိုးရိုး၊ သို့သော် ချည်ထိုးထားပုံက ဘယ်သူနှင့်မှမတူ သိပ်သိပ်သည်းသည်ရှိလှသည်။
         မေးမြန်းကြည့်တော့ လက်ရာရှင်က အားမေးနီးယန်း အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သိရသည်။ အမျိုးသမီးက သူတို့ အားမေးနီးယား လယ်ယာကျေးလက်က လက်မှုပညာကို ပါရီသို့ ဆောင်ယူခဲ့ခြင်း ဖြစ်သည်။ ကျွန်မမျက်စိထဲတွင် သည်ဆွယ်တာကို လုံးဝဆန်းပြားသော အဆင်သစ် တစ်မျိုးနှင့် တွဲဖက် မြင်ယောင်ကြည့်မိလိုက်သည်။ သည့်နောက်မှာ ပို၍ရဲတင်းသော အကြံဉာဏ်တစ်ခု ကျွန်မခေါင်းထဲ ပေါ်လာသည်။ ဘယ်အထည်ချုပ်လုပ်ငန်းရှင်ကမှ ကျွန်မ ဒီဇိုင်းတွေကို မကြိုက်ဘူးဆိုလျှင် ရှီယာပရယ်လီ ဒီဇိုင်းဆိုပြီး ကိုယ့်နာမည်နှင့် ကြော်ငြာကာ ကိုယ်တိုင်ရောင်းရလျှင် မကောင်းဘူးလားဟူသော အကြံအစည်။
           အဖြူနှင့်အနက်ကို ရဲရဲသုံးကာ လိပ်ပြာလည်စည်းပုံ အဆင်နှင့် ဆွယ်တာဒီဇိုင်းတစ်ခု ကျွန်မရေးဆွဲပြီး ၄င်းအာမေးနီးယန်း အမျိုးသမီးဆီသို့သွားခဲ့သည်။ အနက်ရောင်ဆံပင်နှင့် သိမ်မွေ့သော မျက်လုံးပိုင်ရှင်တစ်ဦး။ အမျိုးသမီးက ကျွန်မပြောသည့် ပုံစံအတိုင်းရအောင်ထိုးပေးသည်။ ထိုးပြီးသည့်အခါ အင်္ကျီက အကြီးအကျယ်လူကြိုက်များမှာ မုချဟု ကျွန်မတွေးမိလိုက်သည်။ တကယ်ကြိုက်မကြိုက် သေချာအောင်စမ်းသပ်ရန်အတွက် ၄င်းဆွယ်တာကို ကိုယ်တိုင်ဝတ်ကာ ပါရီဖက်ရှင်ဝါသနာအိုးများ စုံညီမည့် နေ့လည်စာစားပွဲတစ်ခုသို့ သွားခဲ့သည်။ ဆွယ်တာကိုကြည့်ကာ အုတ်အုတ်ကျက်ကျက် အံ့သြချီးမွမ်းကြတော့ ကျွန်မ အကြီးအကျယ် ၀မ်းသာသွားရသည်။ နယူယောက်ရှိ ကုန်တိုက်ကြီးတစ်ခုမှ ကိုယ်စားလှယ်က အထည်(၄၀)၀ယ်လိုကြောင်းကမ်းလှမ်းသည်။ ပစ္စည်းကိုတော့ နှစ်ပတ်အတွင်းရလိုသည်ဟုဆိုသည်။ အမှာကို ကျွန်မလက်ခံလိုက်သည်။ အဲဒီနေ့ စားသောက်ဆိုင်ကပြန်တော့ ခြေထောက်တွေက မြေမှာမကျ။ ကျွန်မတစ်ကိုယ်လုံး တိမ်တိုက်ကြားထဲမှာ။ ဒါပေမယ့် ကျွန်မအတွက် ဆွယ်တာတွေ ထုတ်လုပ်ပေးမယ့် ပုဂ္ဂိုလ်ရှေ့ရောက်တော့ ကျွန်မတိမ်တိုက်တွေ ရုတ်ချည်းလွင့်စင် ကွယ်ပျောက်သွားတော့သည်။ အားမေးနီးယန်းအမျိုးသမီးခမျာ ဆွယ်တာတစ်ထည်ပြီအောင် တစ်ပတ်လုံးလုံး ထိုးခဲ့ရသည်တဲ့။ ဆွယ်တာအထည်(၄၀)ကို နှစ်ပတ်နှင့်ပြီးဖို့ဆိုသည်ကား ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။
          တစ်နေ့ခင်းအတွင်းမှာပင် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်း ကို ဆက်တိုက် တွေ့ကြုံခံစားလိုက်ရပြီး ကျွန်မ စိတ်ပျက်အားငယ်စွာ ထွက်လာခဲ့သည်။ ရုတ်တရက်တစ်စုံတစ်ခုကို သတိရပြီး ကျွန်မတုန့်ခနဲ ရပ်သွားသည်။ နောက်ထပ်လမ်းတစ်သွယ် မရှိတော့ဘူးလားဟူသောအတွေး...။ အာမေးနီးယန်းသူတွေ ပါရီမှာ မုချရှိလိမ့်ဦးမည်။
          စောစောက အမျိုးသမီးထံသို့ နောက်ကြောင်းပြန်လာခဲ့သည်။ ပညာရှင်အမျိုးသမီးက ရုတ်တရက်တော့ ယုန်ထင်ကြောင်ထင် စိုးရိမ်ချင်သလိုလို။ သို့သော် ကျွန်မအစီအစဉ်ကို ရှင်းလင်းပြောပြတော့ သူကူညီသည်။ သူတို့ အာမေးနီးယန်းနယ်မြေကို ဆိုဗီယက်တွေသိမ်းပိုက်တော့ တချို့က ပါရီဘက်ထွက်ပြေးလာခဲ့ကြသည်။ သူနှင့်ကျွန်မ စုံထောက်လုပ်ကာ အဲသည်လူတွေနောက် ခြေရာကောက်ကြသည်။ တစ်ယောက်မှတစ်ယောက် လက်ဆင့်ကမ်း လမ်းညွှန်သည်ကိုလိုက်ကာ နောက်ဆုံးတော့ အဲဒီခဲခဲယဉ်းယဉ်း ချည်ထိုးနည်းကိုကျွမ်းကျင်သည့် အာမေးနီးယန်းအမျိုးသမီး အယောက် (၂၀)မျှ စုစည်း၍ရခဲ့ပါသည်။ သို့နှင့် သတ်မှတ်ထားသည့်ရက်အတွင်းမှာပင် အသစ်စက်စက် ပေါ်ပေါက်သည့် ရှီယာပရယ်လီ အထည်တိုက်မှ ပထမအသုတ် ဆွယ်တာများ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ပေးနိုင်ခဲ့ပါသည်။ အဲဒီနောက်မှာတော့ ပလာ့စ်ဗင်ဒုန်းမှာ ရုံးချုပ်ဖွင့်ထားသည့် ကျွန်မကုမ္မဏီမှ အ၀တ်အထည်တွေ၊ တွဲဖက်အသုံးအဆောင် ပစ္စည်းတွေ ရေမွှေး အမျိုးမျိုးတွေ တသွင်သွင် ထုတ်လုပ်ဖြန့်ချီ နိုင်ခဲ့ပါသည်။ ကမ္ဘာ့ ဖက်ရှင်လောက က ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှသလို စွန့်စားရတာ၊ အားစမ်းလာသသည့် အနေအထားမျိုး ရင်ဆိုင်ရတာတွေလည်း မပြတ်ရှိတတ်တာ ကျွန်မ တွေ့ခွင့်ရခဲ့ပါသည်။ သို့သော် ပါရီကို နာဇီတွေ သိမ်းလိုက်သည့်အခါမှာတော့ ကျွန်မတို့ အဲသည်လောကလေး နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့သည်။
          ဖက်ရှင်ခန်းမကို စွန့်ခွါကာ အမေရိကသို့ ကျွန်မလာခဲ့သည်။ ပြင်သစ်ပြည်ရှိ ရန်သူ မသိမ်းပိုက်ရသေး သည့် နယ်မြေမှ ကလေးသူငယ်များအတွက် ဆေးဝါးပစ္စည်းများ ၀ယ်ယူနိုင်အောင် ရန်ပုံငွေစုဆောင်းသည့် တရားပွဲတွေ အမေရိက မြို့ရွာများလှည့်လည်ပြီး ကျွန်မဟောသည်။ နောက်နှစ်လခန့်အကြာ တိုင်းပြည်သို့ပြန်တော့ နောက်ထပ် လမ်းပိတ်ဆို့မှုတစ်ခု ကျွန်မကြုံရပြန်သည်။
      ပြင်သစ်ကလေးများ ဆေးဝါးကိစ္စအတွက် အမေရိကန်ပြည်တွင် ရန်ပုံငွေကောက်ခံပွဲ ဦးဆောင်ပြုလုပ်သူက ကွိတ်ကာ ခရစ်ယာန်ဂိုဏ်းမှ ပုဂ္ဂိုလ်များက ဒေါ်လာခြောက်သောင်းဘိုးခန့်ရှိ ဗီတာမင်ဆေးများကို ကျွန်မနှင့်အတူ သယ်ဆောင်ပြီး ပြင်သစ်တွင် ဖြန့်ချီပေး၇န် အပ်နှံခဲ့သည်။ စစ်ကာလ အတွင်း ရန်သူရေငုပ်သင်္ဘောရန်ကို ရှောင်ကာ ဟိုကွေ့ ဒီကောက်နှင့် ခရီးသွားကြရသည်ဖြစ်ရာ ဘာမြူဒါ ကျွန်းတွင် ပထမတစ်ထောက်နားကြရသည်။ ဒီတွင်ပြဿနာကြုံတော့သည်။ အစိုးရိမ်ကြီးလွန်းသော အကောက်ခွန်အရာရှိက ကျွန်မနှင့်အတူပါလာသည့် ဆေးဝါးပစ္စည်းများကို ရန်သူတစ်ဝက်တစ်ပျက် သိမ်းထားပြီးသည့် တိုင်းပြည်သို့ ယူဆောင်ခွင့်မပြုနိုင်ဟု ပိတ်ပင်ထားဆီးနေခြင်းဖြစ်သည်။
      ကျွန်မက သည်ဆေးဝါးများသည် ကြန့်ကြာနေလျှင် ပျက်စီးကုန်မည်ဖြစ်ပြီး ပို့ပေးသူများမှာလည်း ကြာနေ ကွိတ်ကာများဖြစ်ရာ နာဇီတွေလက်ထဲ ရောက်သွားဖို့အရေး တွေးပူစရာအကြောင်းမရှိကြောင်း ပြောဆိုသော်လည်း ထိုပုဂ္ဂိုလ်က ခေါင်းမာမာနှင့်သာ ငြင်းဆန်နေပါသည်။ သို့နှင့် နောက်ဆုံးတော့ ဆေးသေတ္တာတွေကို ဆိပ်ကမ်းလုပ်သားများ သင်္ဘောပေါ်က ချတာ ကျမစိတ်မချမ်းသာစွာထိုင်ကြည့် နေလိုက်ရပါတော့သည်။ ဘာမျူဒါမှ သင်္ဘောထွက်သည့် တစ်လျှောက် ကျွန်မခေါင်းထဲ သည်ပြဿနာက တအုံတနွေးနွေးလိုက်ပါလာသည်။
...  မြို့လယ်ကွက်လပ်သို့သွားရန် တခြားလမ်း မရှိတော့ပြီလော ...
         သင်္ဘောပေါ်မှာ သတင်းစာဆရာတစ်ယောက်နှင့်တွေ့တော့ ကျွန်မ စိတ်ပျက်စွာ ဒေါပွပွနှင့် ဖြစ်ကြောင်းကုန်စင် ပြောပြမိသည်။ သူက ဒီကိစ္စကို အရမ်းစိတ်ဝင်စားသွားပြီး ကြေးနန်းဖြင့် သတင်းပို့လိမ့် မည်ဟူ၍ ကျွန်မ လုံးဝမထင်မှတ်ခဲ့။ အတ္တလန်တိတ်သမုဒ္ဒရာကြီးကို ဖြတ်သန်းကာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့သို့ ဆိုက်ရောက်သည့်အခါတွင်ကား ကျွန်မ၏ ပြဿနာက နိုင်ငံတကာသတင်းတစ်ပုဒ်ဖြစ်နေပြီ ဆိုတာသွားတွေ့ရသည်။ အဲဒီမှာရှိသည့် ဗြိတိသျှသံအမတ်က ကျွန်မကို တွေ့ဆုံကာ အသေးစိတ် အချက်အလက်တွေ မေးမြန်းသည်။ ထို့နောက်၌ကား ကျွန်မတို့ ဗီတာမင်ဆေးပြားတွေ သယ်ယူပို့ဆောင်ရေး အတွက်လိုအပ်သည့် လမ်းကြောင်းတွေအားလုံး နာရီပိုင်းအတွင်းမှာပင် ရှင်းလင်းသွားတော့သည်။
      စစ်ကြီးပြီးသည့်အခါ ပါရီသို့ ကျွန်မပြန်လာသည်။ ရှီယာပရယ်လီဖက်ရှင်တိုက်ကို ပြန်ဖွင့်လှစ်သည်။ ကုန်တိုက်၌ ဖက်ရှင်ပွဲတစ်ပွဲစာစီအတွက် ပြင်ဆင်စုဆောင်းရသည်မှာ မလွယ်ပါ။ တစ်ခုသောနွေရာသီ၌ လာမည့် ဆောင်းအကြိုပြပွဲအတွက် ပြင်ဆင်နေဆဲတွင် ကျွန်မ အပ်ချုပ်သမလေးတွေ အလုပ်သမားသပိတ်ထဲ ပါသွားကြသည်။ ကျွန်မထံမှာ အပ်ချုပ်ပညာသည် တစ်ယောက်နှင့် အပ်ချုပ်ခန်း ကြီးကြပ်သည့် အမျိုးသမီးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ကြားမှာ အချိန် ၁၃-ရက်ပဲရှိတော့သည်။
 အင်း......ဒီတစ်ပွဲတော့ အဖေ့သြ၀ါဒ ကိုတကယ်မှတ်ကျောက်တင်မည့် အကြီးမားဆုံး စမ်းသပ်ပွဲပဲ ဟု ကျွန်မတွေးလိုက်မိသည်။ ကိုင်း..... ဒီတစ်ကြိမ် ဘယ်လမ်းက ထွက်မလဲ.??
Read more »
Thursday, January 7, 2010
သားတော်စေတီ
မိခင်ပုဏ္ဏေးမကြီး က သားကိုနေ့စဉ် သတိရနေ၏။ တသသနှင့် လွမ်းရသည်မှာလည်းကြာပြီ၊ တစ်ယောက်တည်းသော သားမို့ အရိပ်တကြည့်ကြည့်နှင့် နေခဲ့သည်။ ကြည့်လို့မ၀ခဲ့ ၊ ပညာရေးအတွက်မို့သာ လွှတ်လိုက်ရသည်။ လွမ်းရလွန်းလို့ ရင်ထဲမှာ နာရ ကျင်ရတဲ့ ဒဏ်ရာဒဏ်ချက်
တွေပင်ပြည့်နှက်နေလေပြီ၊ တစ်နေ့တွင်ကား မအောင့်နိုင်၍ ပုဏ္ဏားကြီးအား ပူဆာမိ၏။
"ဘယ်နှယ်လဲရှင်...၊ ကိုယ်သားသွားတာ ကြာလှပြီမဟုတ်လား၊ စားလဲမလာ၊ လူလဲမရောက်၊ သတင်းလဲမကြားရ၊ လိုက်ပါဦးမှပေါ့ရှင်..."
ရင်နင့်နင့်ဖြင့် ရန်တွေ့ပြော-ပြောသောအခါ ဖခင် သင်္ခပုဏ္ဏားကြီးက သူ့အလုပ်ကို လက်မှချ၍ ခေါင်းထောင်လာ၏။ မျက်စိမျက်နှာတို့ကို ပွတ်သတ်နေသည်။ ပြီးမှ-
" အိမ်း.... ဟုတ်ပေသားပဲ၊ အတော်တောင်ကြာသွားပြီမှကိုး...။ တို့သားကြီး"
ဟူ၍ နှုတ်က ရွတ်ဆိုထောက်ခံရင်း နောက်ပြန် စဉ်းစား၍ ငေးမောနေမိ၏။ ဟုတ်ပါသည်။
အခုဆိုရင် (၄)နှစ်လောက်တောင် ကျော်သွားပြီ ထင်သည်။
"သားကြီး"ဆိုသည်မှာ "သုသီမ " ဖြစ်၏။ (၁၆)နှစ်အရွယ်က မိခင်ဖခင်တို့အား ပန်ကြားပြီး ပညာသင်ကြားရငန် ဗာရာဏသီပြည်သို့ ထွက်ခွါသွားခဲ့သည်။ အချိန်တန်အရွယ်ရောက်လာလျှင် "ပညာသင်ရတယ်" ဆိုတာ ထုံးစံမဟုတ်လား၊ ပညာမတတ်လို့ ဘယ်ဖြစ်ပါ့မလဲ၊ သွားခါနီးမှာ ဖခင်ကြီးက မှာလိုက်သေး၏။
"ဗာရာဏသီမှာ ဖေဖေ့သူငယ်ချင်း ပါမောက္ခဆရာကြီးရှိတာပဲကွ၊ သူ့ဆီသွားသင်"
သုသီမသည် ဗာရာဏသီပြည်၊ ပါမောက္ခဆရာကြီးထံ ချောမောစွာ ရောက်သွားပါ၏၊ အကျိုးအကြောင်းပြောပြ၍ ဆရာကြီးက သူငယ်ချင်း
၏ သားမှန်းသိလေပြီ၊ သုသီမသည် ဆရာကြီးထံမှာ ပညာတွေ သင်ယူခဲ့၏။ တစ်နေ့ တစ်နေ့လျှင် အတတ်ပညာတွေ မန္တာန်တွေ များစွာ - များစွာ သင်ယူသည်။ သင်ယူပြီးသမျှကိုလည်း မမေ့မပျောက်အောင် မှတ်သားထား၏။ ယခုဆိုလျှင် ပညာသင်နှစ်တွေပင် ကြာညောင်းလာခဲ့ပြီ၊ မန္တာန်တွေလည်း များလှပြီ၊ သို့သော် မန္တာန်တို့၏ အနှစ်သာရကို ရှာဖွေသောအခါ အစနှင့် အလယ်ကိုသာမြင်ရသည်။ အဆုံးကိုမမြင်နိုင်အောင် ဖြစ်နေတော့၏။
ဆရာကြီးထံချည်းကပ်၍ "ဆရာကြီး မန္တာန်တွေရဲ့ အနှစ်သာရ အစနှင့်အလယ်ကိုသာမြင်ရပါသည်။"
ဟုမေးလျှင် ဆရာကြီးက-
"အိမ်း.... ငါလဲ အဆုံးကို မမြင်"
ဟု ရိုးရိုးပင် ၀န်ခံလေသည်။
"ဒီလိုဆိုလျှင် အဆုံးကို မည်သည့်ပုဂ္ဂိုလ်တွေ မြင်ပါသလဲ ဆရာကြီး"
လို့ ထပ်ဆင့်မေးသောအခါ-
"ဟိုး...ဣသိပတနမိဂဒါဝုန်တောမှာ ရဟန်း ပစ္စေကဗုဒ္ဓါတွေ ရှိတယ်ကွ၊ သူတို့တော့ မြင်နိုင်ကောင်း မြင်နိုင်မယ်၊ သူတို့ထံသွားမေးချေ"
ဟူ၍ ခွင့်ပြုသည်။
သုသီမသည် ရဟန်းပစ္စေကဗုဒ္ဓါတို့ထံ ချဉ်းကပ်၍ မေးမြန်း၏၊
"အရှင်မြတ်တို့ဘုရား မန္တာန်ပညာရပ်တို့၏ အဆုံးကို မြင်ကြပါသလား"
"မြင်တာပေါ့ကွယ်"
"မြင်ပါလျှင် တပည့်တော်အား သင်ပြပေးပါလားဘုရား"
"တို့က ရဟန်းဖြစ်တဲ့သူကိုမှ သင်ပေးကြတာကွယ့်"
ဟု မိန့်တော်မူကြ၏။ သို့နှင့် ပညာလိုချင်၍ ခေါင်းတုံး တုံးလိုက်သည်။ ပြီးလျှင် ဖန်ရည်စွန်းသော အ၀တ်ကိုဝတ်၍ ရဟန်းပြုလိုက်ရတော့သည်။
ရဟန်းပစ္စေကဗုဒ္ဓါတို့က ဦးစွာပထမ-
"ဒီလို ၀တ်ရတယ်၊ ဒီလိုရုံရတယ်ကွယ့်" စသည်ဖြင့် ၀တ်စားဆင်ယင်မှုကို သင်ပေးကြ၏။ ပြီးလျှင် သီလပြည့်စုံအောင် ဆုံးမတော်မူကြသည်။ ထို့နောက် ကျင့်ကြံအားထုတ်ရပုံတွေ၊ အဲဒါတွေပြီးတော့ (ဘင်္ဂ-ဆိုတဲ့) အပျက်၊ အဲဒီအပျက်ရဲ့ဆုံး (ဘင်စွန်း) ကိုမြင်နိုင်တဲ့နည်းတွေ သင်ပေးတော်မူကြသည်။
ထိုနည်းတွေအတိုင်း ကျင့်ကြံအားထုတ်လိုက်ရာ ရှေးပါရမီ ဓာတ်ခံပါသူဖြစ်၍ မကြာမီ ပစ္စေကဗုဒ္ဓါတစ်ပါး ဖြစ်၍ သွားတော့၏။ "အဆုံး " ကိုမြင်၍ သွားလေပြီ...။
သုသီမသည် ပစ္စေကဗုဒ္ဓါဖြစ်သွားပြီးနောက် ချမ်းမြေ့စွာနေရန် အကျိုးငှာလည်းကောင်း၊ လူသူအများအား ချီးမြှောက်ရန်အကျိုးငှာလည်းကောင်း တစ်ရွာမှ တစ်ရွာ၊ တစ်မြို့မှ တစ်မြို့၊ တစ်နယ်မှ တစ်နယ် လှည့်လည် ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ တိတ်ဆိတ်အေးချမ်း၍ စိမ်းစိုညို့သန်းသောတောင်တန်းကြီးတစ်ခုသို့ ရောက်လာခဲ့၏။ ထိုတောင်တန်းကြီးမှ လှမ်း၍ကြည့်လျှင် ခေါင်မိုးဖွေးဖွး မြင်နေရသော မြို့ကလေးသို့ ဆွမ်းခံကြွသည်။ ထိုမြို့ကလေးကား တစ်နေ့ တစ်နေ့နှင့် ဆွမ်းခံကြွ၍ သုသီမ ပစ္စေကဗုဒ္ဓါ၏ ချီးမြှောက်မှုကို များစွာခံယူရသောမြို့ကလေးဖြစ်လာ၏။ အားလုံးက ကြည်ညိုကြသည်၊ ကြာသော် ရင်းနှီးလာ၏။ တဖြည်းဖြည်းနှင့် မသိသူမရှိသလောက် ဖြစ်လာသည်။
"ဘယ်မှမကြွပါနှင့်ဘုရား၊ ဒီတောင်တန်းမှာပဲ အမြဲသီတင်းသုံးပြီး တပည့်တော်တို့ကို ချီးမြှင့်တော်မူပါဘုရား"
ဟူ၍ပင် ၀ိုင်း၍လျှောက်ထားနေကြပြီး၊ ချီးမြှောက်ရန် အကြောင်းလည်းရှိ၍ ရွှေ့ပြောင်းလာခဲ့သော နေရာပေါင်းလည်း များခဲ့ပြီ၊ ချီးမြှောက်မှုတွေလည်း ပြုခဲ့ပြီ၊ ဤတောင်တန်းသည်လည်း အေးချမ်းလှပေ၏။ သင့်လည်း သင့်မြတ်လှပေသည်။ ၀ိုင်း၍လည်း လျှောက်ထားနေကြပြီ။
ဤသို့နှလုံးပိုက်ကာ စကားတုံ့ မပြန်ပဲ ခပ်မဆိတ်နေတော်မူလိုက်၏။ ဤသို့သော လက္ခဏာကိုကြည့်၍-
"တို့လျှောက်ထားချက်ကို လက်ခံပြီ"
ဟုသိလိုက်ကြလေသည်။
ဖခင်ပုဏ္ဏားကြီးသည် မိခင်ပုဏ္ဏားကြီး၏ မျက်ရည်စမ်းစမ်းဖြင့် အရေးဆိုမှုကြောင့် သားထံကို လိုက်လာခဲ့ရ၏။ ပထမ ဗာရဏသီသို့ သွားရသည်။ သူငယ်ချင်းဆရာကြီးထံ ၀င်သောအခါ သားကိုမတွေ့ရ။ "ဟိုက်" ခနဲမောသွားရ၏။ အကျိုးအကြောင်းမေးသောအခါ ပစ္စေကဗုဒ္ဓါတို့ထံ သွားကြောင်းပြောပြသည်။ ဆရာကြီးညွှန်ကြားလိုက်သော ပစ္စေကဗုဒ္ဓါတို့ထံ လိုက်၍မေးသောအခါ "နေရပြောင်းသွားပြီ" ဟုဆိုကြ၏။ ထိုပြောင်းသွားသော နေရာကို လိုက်ရပြန်သည်။ စုံးစမ်းမေးမြန်းသောအခါ "နောက်တစ်နေရာ ပြောင်းသွားပြန်ပြီ" ဟုကြားရပြန်၏။ သို့နှင့် လိုက်ရပြန်သည်။ ထိုနေရာကလည်း "ပြောင်းသွားပြန်ပြီ" ဟု ဆိုလိုက်ပြန်၏။ ပုဏ္ဏားကြီးက "အို....တစ်နေ့တွေ့ရမှာပေါ့" ဟု ကိုယ့်ကိုယ်ကို အားပေးပြီး ခရီးဆက်ခဲ့သည်။
ဒီလိုနှင့် ဖခင်ပုဏ္ဏားကြီးမှာ တစ်ရွာဝင်တရွာထွက် လူတွေ့တိုင်းမေးခဲ့ရ၏။ နယ်ပေါင်းလည်းစုံပြီ၊ မေးခဲ့ရပေါင်းလည်း များပြီ၊ ပင်လည်းပင်ပန်းလှလေပြီ၊ မောလည်းမောလှပြီ၊ တွေ့ကားမတွေ့ရသေး၊ မတွေ့ရသေးသော်လည်း "သုသီမ" ဆိုတဲ့ နာမည်အစအနကိုတော့ သတင်းရနေသည်။ သို့အတွက် အားတက်ရပါ၏။ အားတက်စွာဖြင့် ဆက်လက်၍ သားပျောက်ရှာပုံတော် ဖွင့်နေရရှာသည်။
ရွာပေါင်းများစွာ နေရာပေါင်းများစွာ ကျော်လွန်၍ တောင်တန်းကြီး တစ်သွယ်နှင့်နီးသောမြို့ကလေး တစ်မြို့သို့ရောက်သွားတော့၏။ မြို့တံခါးဝအနီးတွင် ထုံးသင်္ကန်းဖြူဖြူဖွေးဖွေးနှင့် အဝေးကပင် မြင်နိုင်သည့် စေတီကြီးတစ်ဆူကို တွေ့လိုက်ရသည်။ လူတွေကလည်း လှုပ်လှုပ်ရွရွ၊ ကွင်းပြင်ကြီး အပြည့်မျှ စည်ကားလှပါဘိ၊ ဘာတွေများ လုပ်နေကြတာပါလိမ့်။
"လူအုပ်ကြီးဆီသို့ သွားရလျှင် သူ့သားအကြောင်းကို သိသူ တစ်စုံတစ်ယောက် ရှိကောင်းရှိတန်ရဲ့" ဟု ပုဏ္ဏားကြီး အတွေးဝင်လာ၏၊ ထိုရည်ရွယ်ချက်ဖြင့် လူအုပ်ကြီးရှိရာသို့ ချဉ်းကပ်သွားသည်။ အနားသို့ရောက်သောအခါ သူ သိလိုရာကို စွတ်၍ နီးရာပုဂ္ဂိုလ်အား မေးတော့၏-
"ဒီမယ်ခင်ဗျာ...မိတ်ဆွေတို့ ဒီနယ်မှာ "သုသီမ" ဆိုတဲ့ လူရွယ်တစ်ယောက်ကို ကြားဖူးပါသလား"
"ကြားဖူးတာပေါ့"
"အော.....ရင်းရင်းနှီးနှီးကော သိဖူးပါသလား"
"ဟာ....သိဖူးတောပေါ့ဗျ"
"ဒါဖြင့် သူဘယ်မှာလဲ ဟင်"
ပုဏ္ဏားကြီးသိလိုဇောဖြင့် အရေးတကြီး အငမ်းမရဖြစ်လာ၏။ ပြူးပြူးပျာပျာ မေးတော့သည်။ သူက အရေးကြီးသလောက် တစ်ဘက်လူကမူ အေးအေးဆေးဆေးပင်၊ ဤသို့ဖြစ်နေသည်ကိုပင် ကြာရှည်မဆိုင်းနိုင်၍ တောင်းပန်တိုးလျှိုး၏။
"ပြောပါဗျ"
"သူဟာ ဒီစေတီပေါ့"
"ဘာ.....ဗျ"
ပုဏ္ဏားကြီးက သူနားမလည်နိုင်တဲ့ စကားလုံးဖြစ်နေ၍ အံအားသင့်မှုကြီးစွာဖြင့် ထပ်မံမေးနေပြန်သည်။ ပို၍လည်း မျက်လုံးကျယ်လာတော့၏။
"သူဟာ ... ဒီစေတီ"
"ရှင်းအောင်ပြောစမ်းပါဦးဗျ"
"အော်...ဝေါ.. သုသီမဆိုတဲ့ လူရွယ်ဟာ ကျုပ်တို့သိရသလော်ဆိုရင် ၊ ဗာရာဏသီမှာ ပညာသင်၊ ဗေဒင်သုံးပုံ တစ်ဖက်ကမ်းခပ်ရောက်အောင်တတ်၊ ပြီးတော့ ပစ္စေကဗုဒ္ဓါတို့ထံသွား၊ အဲဒီမှာ တရားတွေ အားထုတ်၊ ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်။ တစ်မြို့က တစ်မြို့ ၊ တစ်နယ်က တစ်နယ်ကို ပြောင်း ပြောင်းပြီး လာရက ကျုပ်တို့ ဟောဟို တောင်တန်းကြီးမှာ သီတင်းသုံး၊ ဒီမြို့မှာဆွမ်းခံကြွလေ့ရှိတယ်ဗျ၊ အားလုံးက ကြည်ညိုကြတယ်။ အခု သူ ပရိနိဗ္ဗာန်ပြုလို့ ၊ ကျုပ်တို့က မီးသင်္ဂြိုဟ် ၊ ဓာတ်တော်တွေကျလို့၊ ကောက်ယူပြီး စေတီတည်ထားပူဇော်တာ၊ ဒီကနေ့ ထီးတင်ပွဲ...."
"အံမယ်လေး...ဗျ"
ပုဏ္ဏားကြီးသည် ဖြေကြားသူ၏ စကားအဆုံးတွင် သူခေါင်းထဲ၌ "ဒိုင်း" ကနဲဖြစ်သွားသလို ခံစားလိုက်ရ၏။ ပါးစပ်မှလည်း အံ့အားသင့်ကြီးသင့်၍ "အံမယ်လေး...ဗျ" ဟူ၍ အော်ဟစ်မိသွား၏။ ယင်းနောက်တွင် "မိုက်" ကနဲဖြစ်ကာ မြေပြင်ပေါ်သို့ "ဘိုင်း"ကနဲ မူးမေ့လဲကျသွားတော့သည်။
အနီးရှိလူတို့က ကူညီဖေးမ ထူပေးကြ၏၊ သတိရအောင် ပြုစုပေးကြသည်။ "ဘယ်က ဧည့်သည်လဲ" ဟူ၍လည်း တစ်ဦးကိုတစ်ဦး မျက်ကလူးဆန်ပျာ မေးကြ၏၊ အကဲခတ်ကြသည်။ အတန်ကြာသောအခါမှ ပုဏ္ဏားကြီးသည် အနည်းငယ် သတိရ လူးလွန့်လာရင် ရှိုက်ကြီးတငင် ဖြစ်လာပြန်၏။ မြေကြီးကို လက်ဖြင့်ပုတ်ကာ ပုတ်ကာ တအားကုန် အော်ဟစ်၍ အားရပါးရ ငိုကြွေးပြန်လေသည်။
Read more »
Tuesday, January 5, 2010
နားလည်မှု
      ကျွန်တော်အသက်(၂၀)ကျော်အရွယ်လောက် ကျောင်းဆရာဘ၀နှင့်ရှိစဉ် ဘရမ်လီ အမည်ရှိ အခြားကျောင်းဆရာ တစ်ယောက်နှင့် အိမ်တစ်လုံး စပ်တူငှားနေခဲ့ဖူးသည်။ သူက ကျွန်တော့ထက် အသက်အတော်လေး ကြီးသည်။ သူနှင့် ကျွန်တော် စိတ်ဝင်စားမှုချင်းလည်းမတူကြ။ သို့သော် တစ်ယောက်နှင့် တစ်ယောက် ယဉ်ယဉ်ကျေးကျး ဖော်ဖော်ရွေရွေ ဆက်ဆံကြသည်။ သူ့အခန်း ကိုယ့်အခန်းက ထွက်လာ၍ ဆုံမိကြလျှင် Goodmorning ဟုနှုတ်ဆက်ကြသည်။ ညနေအိမ်အပြန် အ၀င်ဝမှာ ဆုံမိကြ၍ ဒီနေ့တော့ စိတ်ပျက်စရာကြီးဗျာဟု တစ်ယောက်ကပြောလျှင် ကျန်တစ်ယောက်က ဟုတ်သဗျာဟု သဘေတူ အတည်ပြုသည်။
           အဲဒီအနေအထားက တစ်ပတ်နှစ်ပတ်ပဲ ခံသည်။ နောက်တော့ ဘာဖြစ်မှန်မသိ၊ တစ်ယောက်နှင့် တစ်ယောက် အေးစက်စက်ကြီးဖြစ်လာသည်။ သူက ကျွန်တော့တွေ့လျှင် ခေါင်းဆတ်ပြရုံလောက်ပဲ လုပ်လာသည်။ အဲဒါ နှုတ်ဆက်တာ။ နောက်တော့ တွေ့လျှင် တဖက်လှည့်နေတာမျိုး ဖြစ်လာသည်။ တစ်ကြိမ်နှစ်ကြိမ်မှာတော့ အခန်းကအထွက်မှာ ကျွန်တော်နှင့်တခဏ မျက်နှာချင်းဆိုင်ရမှာ စိုးသဖြင့် သူ့အခန်းထဲ တမင်ပြန်ဝင်သွားတာ တွေ့လိုက်ရသည်။
        ဒီလိုနှင့် အကြောင်းမည်မည်ရရမရှိပဲ အာဃာတ တဖြည်းဖြည်းကြီးလာသည်။ နှစ်ယောက်တည်း ဖြစ်နေသည့် ပြဿနာက တဖြည်းဖြည်း ကျောင်းဆရာများသို့ပါ ကူးစက်ကာ ဘရမ်လီလိုလားသူနှင့် အဲလစ် လိုလားသူဟူ၍ နှစ်အုပ်စုကွဲသည့် အဆင့်သို့ပင် ရောက်လာသည်။ ကြာတော့ ကျွန်တော်စိတ်ညစ်လာသည်။ ဒီကိစ္စက လူကို အမြဲဖိစီးနေသလို ဖြစ်လာသည်။ တစ်နေ့တော့ ကျွန်တော် ဒီကိစ္စသည်းမခံနိုင်တော့သည့် အကြောင်းမိတ်ဆွေတစ်ယောက်အား ဖွင့်ပြောမိသည်။
  "အဲဒီ ကိစ္စက ဘာကြီးဖြစ်မှန်းလဲ မသိဘူးဗျာ....။ အဲဒါ ကျွန်တော် စိတ်အညစ်ဆုံးပဲ၊ ဘာအတွက် ဒီရန်ပွဲဖြစ်နေရသလဲဆိုတာ ကျွန်တော် နည်းနည်းလေးမှတောင် စဉ်းစားလို့မရဘူး"
 " ဘာမှန်းမသိရင် သိအောင်လုပ်ပေါ့ဗျာ၊ သူ့သွားပြီး မေးကြည့်ပါလား" မိတ်ဆွေကဆိုသည်။
"သူ့သွားမေး " "ဟာ!" ကျွန်တော် အံ့အားသင့်သွားသည်။ သူ့အကြံဉာဏ်က ထူးခြားလွန်းနေသည်။
 သို့သော် ထူးခြားသည့် အကြံဉာဏ်ကို ကျွန်တော်လက်ခံခဲ့သည်။ ကျွန်တော် ကိုယ့်ကိုယ်ကို အားပေးကာ ခပ်ရဲရဲ ခပ်ဘွင်းဘွင်း အမူအရာမျိုးနှင့် ဘရမ်လီအခန်းထဲ ၀င်ချသွားပြီး အသံကျယ်ကျယ်နှင့် မေးသည်။
"ဒီမှာ ဘရမ်လီ၊ အခုဖြစ်နေတာ ဘာလဲဗျ။ ပြောစမ်းပါအုံး"
"သြ... ခင်ဗျား" ဒီလိုပြောပြီး သူနှင့်ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက် တိတ်ဆိတ်စွာ အတန်ကြာ ကြည့်နေမိကြသည်။ ဒီနောက် သူက ဘောပင်ကိုချကာ 'ခင်ဗျား ဒီမှာနေ ကျွန်တော်ပြမယ်' ဆိုပြီး အခန်းထဲက ကပျာကယာထွက်သွားသည်။ အိမ်သာတံခါး ဗြောင်းကနဲပိတ်သံကြားသည်။ နဂိုကတည်းက အသံမြည်တတ်လှသည့် အိမ်သာသုံးရေကို တဂျောင်ဂျောင် တဂျင်ဂျင် ဆွဲနေသည်။ ပြီးမှ ပြန်ရောက်လာသည်။
"အဲဒါ ပဲဗျ" သူကအော်သည်။ "အဲဒါ ကျုပ်ခံနေရတာ တစ်ညမဟုတ် နှစ်ညမဟုတ် ညတိုင်း ခင်ဗျား အဲဒါကြီး တဂျောင်းဂျောင်းဆွဲပြီး ကျုပ်ကို အိပ်မရအောင်လုပ်နေတာ"
သြ... ဒါကိုး။ လက်စသတ်တော့ သူနှင့်ကျွန်တော် မဟာရန်သူတော်ဖြစ်ရသည့်အကြောင်းရင်းက ဒီကိစ္စ။ ချက်ချင်းပင် ကျွန်တော်သူ့ကိုတောင်းပန်သည်။ ဒီလိုဆိုတော့ သူကလည်းတစ်ဖန် တောင်းပန်သည်။ သူနှင့်ကျွန်တော် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်တွေ တောင်းပန်ကြ၀န်ချကြသည်။ ကျွန်တော့အပြစ်ပါ၊ ကျွန်တော်အလိုက်ကမ်းဆိုးမသိတာပါ။ ကျွန်တော်ကိုယ်က ကလေးဆန်တာပါ စသဖြင့် ၀န်ခံဖွင့်ဟကြသည်။ ငါးမိနစ်အတွင်းမှာပဲ သူနှင့်ကျွန်တော် တကယ်ခိုင်မြဲသော တစ်ယောက်ကို တစ်ယောက် သိနားလည်သော မိတ်ဆွေကောင်းကြီးတွေ ဖြစ်သွားကြသည်။
       ပြောရလျှင်တော့ အသေးအဖွဲပြဿနာ၊ သို့သော် ဒီပြဿနာက တစ်သက်မမေ့နိုင်စရာ သင်ခန်းစာ တစ်ခု ကျွန်တော့ခေါင်းထဲ ထည့်ပေးခဲ့သည်။
      နောက်နှစ်ပေါင်း အတော်ကြာပြီးသည့်နောက်တွင် ကျွန်တော် အိမ်ရှင်တစ်ယောက်နှင့် စာပေးစာယူအားဖြင့် အငြင်းပွားရပါသည်။ ကိစ္စက လျော်ကြေးရလိုမှု။ သူနှင့်အပြန်အလှန် စားရေးရင်း ကျွန်တော်စိတ်တွင် ဒီလူကတော့ အေးအေးဆေးဆေးနှင့် ပြေလည်မှုရနိုင်မည့် လူစားမျိုး မဟုတ်ဘူးဟု မြင်လာသည်။ ဒီလူ့ကို ကျွန်တော်တစ်ခါမျှ မတွေ့ဘူးပါ။ သို့သော် သူ့စာပါလေပေါက်ကို ကြည့်ခြင်းအားဖြင့် သူ့စိတ်ဓာတ်နှင့် သူ့ရုပ်ရည်ကို ကျွန်တော် မှန်း၍ရနေသည်။ လူက နည်းနည်းလေးမှ အလျော့ပေးမည့် လူစားမျိုးမဟုတ်။ ကိုယ့်အတွက်ဆိုလျှင် တရားတာ မတရားတာ မစဉ်းစား၊ ဉာဏ်များများနှင့် လုပ်မည့်လူ။ ၀၀ဖိုင့်ဖိုင့် မျက်နှာနီနီ မေးစေ့နှစ်ထပ်နှင့်၊ မျက်လုံးက ဘာကိုမှ အလစ်မပေးသည့် သိမ်းငှက် မျက်လုံးမျိုး။ အဲသလို ကျွန်တော်မြင်ထားသည်။
    ဒီကိစ္စကတော့ ရှေ့နေလက်အပ်ရမယ့်ကိစ္စပဲဟု ကျွန်တော်စဉ်းစားထားပြီးကာမှ ဘရမ်လီနှင့် ဖြစ်ဖူးသည့် ပြဿနာကို သွားသတိရသည်။ သို့နှင့် မျှော်လင့်ချက် သိပ်မထားသော်လည်း အဲဒီမကောင်းဆိုးဝါး ပုဂ္ဂိုလ်ထံ သွားဖြစ်သည်။ တကယ်တွေ့သည့်အခါ၌ မှန်းထားတာနှင့် တခြားစီ။ အရမ်းအဆင်ပြေသည်။ သူ့ရုပ်က ကျွန်တော်ထင်သလိုမဟုတ်။ လူကောင်သေးသေး၊ အသားဖြူဖြူ၊ မျက်မှန်လေးတပ်၍ ပျော့ပျော့ပြောင်းပြောင်း ပုံမျိုးဖြစ်သည်။ နာရီဝက်လောက်အတွင်းမှာပင် သူနှင့်ကျွန်တော်ကြားသဘောထား ကွဲလွဲမှုတွေ ပြေလည်သွားခဲ့သည်။ သို့သော် ကျွန်တော်ပြန်ကာနီးမှာတော့ အံ့အားသင့်စရာ စကားတစ်ခွန်းကို သူကပြောလိုက်သည်။
"ခင်ဗျား ရောက်လာတော့ ကျွန်တော် ရုတ်တရက် ကြောင်ကိုသွားတာဗျ၊ ကျွန်တော့စိတ်ထဲမှာ ခင်ဗျားကို လူကောင်ကြီးကြီး မျက်နှာနီနီနဲ့ မေးနှစ်ထပ်နဲ့ ရှိလိမ့်မယ်လို့ ထင်ထားတာဗျ"
" မျက်လုံးတွေက ဘာကိုမှ အလစ်မပေးတဲ့ သိမ်းငှက်မျက်လုံးမျိုးလို့ကော ထင်မထားဘူးလား"
"အာ..... အဲဒါတော့ မပါပါဘူးဗျ " သူ ရှက်ကိုးရှက်ကန်းနှင့် ပြန်ဖြေသည်။
           ဒီနောက်မှာတော့ မျက်နှာနီနီနှင့် လူသေးသေး ပျော့ပျော့လေးနှစ်ယောက် နှုတ်ဆက် ထွက်ခွါခဲ့ကြသည်။
ဒီတွင်ပင် ထူးဆန်းတာတစ်ခု ကျွန်တော် သွားသတိပြုမိသည်။ လူတွေသည် ပြဿနာတစ်စုံတစ်ခုဖြစ်လျှင် ၄င်းပြဿနာနှင့် တကယ်ပတ်သက်သူဆီမသွား၊ မတွေ့ဆုံ မရှင်းလင်း၊ မဆိုင်သောသူတွေဆီသာ သွားပြီး ပြောတတ်ဆိုတတ် ဖွင့်ဟတတ်ကြသည် ဆိုသောအချက်။
စစ်ကြီးအတွင်းက ကျွန်တော် ကြည်းတပ်စစ်ဌာနချုပ်တစ်ခုတွင် တာဝန်ထမ်းဆောင်ရသည်။ ဒီနေရာ၌ ကျွန်တော် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များထဲတွင် စစ်ဆင်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက် စာကြမ်းများရေးသားရခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော် ဒီတာဝန်ကို ကျွန်တော် မထမ်းဆောင်ရပဲ ကျွန်တော့အထက်အရာရှိကချည်း လုပ်ကိုင်နေသည့်အခါ ကျွန်တော် မကျေမနပ် ဖြစ်လာသည်။ ဒါသည် ကျွန်တော့အရည်အချင်း အစွမ်းအစကို ယုံကြည်မှုမရှိ၍ပဲဟု တနုံ့နုံ့တွေးကာ ကျွန်တော် မကျေမနပ်စိတ်တွေ တဖြည်းဖြည်း စုဝေးလာသည်။ ဒီကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မကျေနပ်သည့်အကြောင်းကို ဌာနချုပ်ရှိ တခြားအရာရှိတွေ သိအောင်ပြောရမည်။ နောက်ဆုံး မခံနိုင်သည့် နေ့မှာ တိုက်ရိုက်တာဝန်ရှိသော ပုဂ္ဂိုလ်ဆီသွားကာ သူလုပ်ပုံကိုင်ပုံကြောင့် ကျွန်တော်သိက္ခာကျရသည့် အကြောင်း၊ ကျွန်တော့အား တစ်နေရာသို့သာ အမြန်ဆုံး ပြောင်းရွှေ့ပေးစေလိုကြောင်း၊ ဗြောင်ဖွင့်ပြောမည်ဟူ၍ ကျွန်တော်ကြံစည်နေခဲ့သည်။
        ဒီလိုနဲ့ တစ်ယောက်တည်း အတော်ကြာအောင် ခံစားနေပြီးမှ ကျွန်တော်တကယ်ဖွင့်ပြောလိုက်သည့် အခါ ကျွန်တော့အထက်အရာရှိ ဗိုလ်မှူးကြီးမှာ အကြီးအကျယ် အံ့အားသင့်သွားသည်။ ကျွန်တော့မှာ အလုပ်တွေ သိပ်ပိနေသည်ထင်၍ သူယူလုပ်ပေးခြင်းသာ ဖြစ်ကြောင်း သူကရှင်းပြပြီး၊ အကယ်၍ ဒီအလုပ်တွေ ကျွန်တော်ကိုယ်တိုင်ပဲ လုပ်ချင်ပါသည်ဆိုလျှင်လည်း သူ့အနေနှင့် ၀မ်းမြောက်ဝမ်းသာ ခွင့်ပေးနိုင်ပါကြောင်း ပြောဆိုသည်။
         ကိုယ့်သိက္ခာ ကိုယ်ပြန်ထိန်းနိုင်ခဲ့ပြီ ဟူ၍ ကျေနပ်စွာ ကျွန်တော်ပြန်လာခဲ့သည်။ သို့သော် သိပ်မကြာမီမှာပင် ၄င်းအရာရှိထံ တစ်ကြိမ်ပြန်သွားတွေ့ရန်လိုအပ်လာပြန်ပါသည်။ ကျွန်တော့မှာ သူပြောသည့် အတိုင်း အလုပ်တွေ တကယ်ပင် မနိုင်မနင်းဖြစ်လာသဖြင့် စစ်ဆင်ရေးဆိုင်ရာ အမိန့် ညွှန်ကြားချက် စာကြမ်းများ ရေးသားသည့်အလုပ်ကို ၄င်းပင် တာဝန်ယူပေးပါဟု ပြောကြားရခြင်းဖြစ်သည်။
    ဒီလို အတွေ့အကြုံတွေရှိပြီးသည့်နောက်၌ လူမှုဆက်ဆံရေး ပြဿနာများနှင့်စပ်လျဉ်း၍ ကျွန်တော်  အတော်သဘောပေါက်လာခဲ့ပါသည်။
လူမှုဆက်ဆံရေးနယ်၌ ပြဿနာ ဆယ်ကြိမ်တွင် ကိုးကြိမ်သည် ကာယကံရှင်နှင့် တကယ်သွားတွေ့ဖြေရှင်းလိုက်သည့်အခါ အလွယ်တကူ ရှင်းလင်းပြေလည်သွားစမြဲဖြစ်ပါသည်။ တစ်ခါတရံ၌မူ ပြဿနာတကယ်ရှိသည်မဟုတ် အထင်လွဲနေတာသာ ဖြစ်ကြောင်းတွေ့ရတတ်ပါသည်။Read more »
Sunday, January 3, 2010
အပျင်းပြေ
ဘာရယ်လို့မဟုတ်ပါဘူး။ ရောက်ခဲ့တဲ့နေရာလေးတွေတင်ပေးလိုက်တာပါ..
တာချီလိတ် အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်
အမှတ်(၂) ချစ်ကြည်ရေးတံတား
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က လွယ်ဘောင်းတောင်၊ ဦးအောင်ဇေယျဘုရားကုန်းက ကင်းမြီးကောက်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က ဗမာဘုန်းကြီးတွေပါမှ ထီးတော်တင်လို့ရတယ်ဆိုတဲ့
ဦးအောင်ဇေယျဘုရား
ဦးအောင်ဇေယျကုန်း မျှော်စင်ပေါ်ကမြင်ရတဲ့ တာချီလိတ်
( ပုန်းထွန်၊လွယ်တော်ခမ်းဘက်)
ဦးအောင်ဇေယျကုန်း မျှော်စင်ပေါ်ကမြင်ရတဲ့ တာချီလိတ်
( ပုန်းထွန်၊တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း)
ဦးအောင်ဇေယျကုန်း မျှော်စင်ပေါ်ကမြင်ရတဲ့ တာချီလိတ်
( တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း ..........ဟိုး လေယာဉ်ကွင်း...)
တာချီလိတ်-မယ်ဆိုင် တံတားပေါ်
တာချီလိတ် လေဆိပ်