Sunday, November 29, 2009

နီလူးဖဲုင့်

ရှမ်းရိုးမက အဖြူရောင်သံစဉ်များထဲက တစ်ပုဒ်ပါ။
နားမလည်ပေမယ့် ကြိုက်လို့....
မျှဝေခံစားနိုင်ကြပါစေလို့ တင်လိုက်တာပါ...။




အဓိပ္ပါယ်နားလည်သူများ ပြောပြပေးကြပါလား။
သိရင်ပြောကြပါကွယ်... ကျေးဇူးဆပ်ပါမည်။ :P

Thursday, November 26, 2009

သဲဖြစ်သွားသောယောင်္ကျားများ

ဟိုတုန်းက ရွာတစ်ရွာမှာ အဖိုးကြီးနဲ့ အဖွားကြီး အမြဲတမ်း စကားနိုင်ပြောလေ့ရှိသတဲ့။ တနေ့တော့ -
အဖွားကြီးက ရှင်တို့ယောက်ျားတွေက အသုံးမကျဘူး။ မလိမ္မာကြဘူး၊ ဒါကြောင့် နတ်ပြည်မှာ နတ်သမီး တွေပဲ များတာ။ အဲဒါကြောင့် နတ်သမီးတစ်ထောင်ကျော်မှ နတ်သားက တစ်ယောက်ပဲရှိတာ။
ဒီတော့ အဖိုးကြီးလည်း ပြန်ချေပမယ့်စကား ရှာမရတာနဲ့ ရွာဦးကျောင်းဘုန်းကြီးဆီး ပြေးပီး အကူအညီတောင်းတာပေါ့။ ဘုန်းကြီးကလည်း သူကိုယ်တိုင် ယောက်ျားဖြစ်နေတော့ မခံနိုင်ဖြစ်ပြီး အကြံထုတ်ရတော့တာပေါ့။ တအောင့်လောက်ကြာမှ ဘုန်းကြီးအကြံရပြီး ဒကာကြီးကိုပြောပါတယ်။
"တို့ယောက်ျား တွေက နတ်ပြည်မှာ နည်းမှာပေါ့၊ ဂင်္ဂါမြစ်ထဲက သဲပွင့်နဲ့ အမျှ ပွင့်ခဲ့တဲ့ ဘုရားတွေက တို့ယောင်္ကျားတွေလေ၊ ယောင်္ကျားတွေက ဘုရားဖြစ်ကုန်လို့ နတ်ပြည်မှာ နည်းတာ"
အဲလိုပြောဖို့ သင်လိုက်သတဲ့။  အဖိုးကြီးလည်း ၀မ်းသာအားရနဲ့ အဖွားကြီးကို ပြောဖို့ အိမ်ကို ပြန်ပြေးလာပါတယ်။ အပြေးတပိုင်းလာတဲ့အဖိုးကြီးဟာ လမ်းခုလတ်မှာ ခလုပ်တိုက်လဲသွားပါတယ်။ ဘုန်းကြီးသင်ပေးလိုက်တဲ့ စကားကို အစီအစဉ်အတိုင်း မမှတ်မိလို့ ပြန်စဉ်းစားပြီး အဖွားကြီးကို အောက်ပါအတိုင်းပြောလိုက်ပါတော့တယ်။
"အဖွားကြီး ၊နတ်ပြည်မှာ တို့ယောက်ျားတွေနည်းမှာပေါ့ကွ၊ အားလုံး ဂင်္ဂါမြစ်ထဲမှာ သဲတွေဖြစ်ကုန်တယ်လေ"
ဟူသတည်း ။

သက်ရှည်ကျန်းမာဖို့

တချို့က ကျန်းမာကြပါတယ်။ ငွေကြေးလည်း ပြည့်စုံပါတယ်။ ဒါပေမယ့် အသက်နည်းနည်းပဲ လူ့ဘ၀မှာနေကြရတယ်။ သူ ပျော်ရွှင်နေခိုက်မှာပဲ ရုတ်တရက် ထွက်သွားခဲ့ရတယ်။
တချို့က အသက်ရှည်ကြပါတယ်။ ငွေကြေးလည်း ပြည့်စုံပါတယ်။ ဒါပေမယ့် သူ့ဘ၀ရဲ့ အချိန်တော်တော်များများ အိပ်ယာပေါ်မှာပဲ ကုန်ဆုံးကြရပါတယ်။ သူနေရတာ မပျော်ပေမယ့် ဆက်လက် အသက်ရှင်နေရတယ်။ ငွေကြေးက သူ့ဘ၀ကို နေပျော်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
အနည်းငယ်သော တချို့သာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀မှာ တ၀ကြီး နေထိုင်သွားကြပါတယ်။
အဲလိုနေနိုင်ဖို့ အချက်သုံးချက်ပဲ လိုပါတယ်လို့ အသက် 103နှစ်ထိ ကျန်းမာရွှင်လန်းစွာ ခန္ဓာ့ဝန်ကို ထမ်းရင်းသာသနာပြုခဲ့တဲ့ ရွှေဟင်္သာတောရဆရာတော်ကြီး အမိန့်ရှိခဲ့တာကို မျှဝေပါမယ်။

 သောကမနှောင်
"၀" အောင်မစား
လှုပ်ရှားကိုယ်လက်
ဤသုံးချက်ကား
အသက်ရှည်ရာ
အနာမဲ့ကြောင်း
နည်းလမ်းကောင်းတည်း။
 သောက ကင်းဝေးအောင် နေတတ်ဖို့ဆိုတာက တော်တော်လေ့ကျင့်ယူရပါတယ်။ အဓိက ကတော့ ဘယ်ရာပဲဖြစ်ဖြစ် မတွယ်တာပါနဲ့။ သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲဖြစ်ဖြစ် တွယ်တာမိရင် သောကဖြစ်ဖို့ သေချာနေပါပီ။
လူတစ်ယောက်ဟာ တနေ့ကို 2000 ကယ်လိုရီလောက် စားရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ 2000 ကယ်လိုရီကနေ 2500 ကယ်လိုရီလောက်ထိ စားကြပါတယ်။ ဒါကြောင့် ပိုလာတဲ့ အဆီတွေက ဒုက္ခပေးတာပါ။
တချိန်လုံး ငြိမ်ငြိမ်လေးပဲ စားပွဲ ကုလားထိုင်နဲ့ အလုပ်လုပ်တဲ့သူဟာ ညအိပ်ယာဝင်ချိန်ကျရင် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေတတ်ပါတယ်။ ဒါအပြင် အိပ်မပျော်တတ်ပါဘူး။ မျက်စိကြောင်နေတတ်ပီး ညဉ့်တော်တော်နက်မှာ အိပ်သွားတတ်ပါတယ်။ နောက်နေ့ကျတော့ အိပ်ရေးမ၀လို့ မကြည်လင်ပြန်ပါဘူး။ ဒီလိုနဲ့ပဲ နေ့စဉ် လည်ပတ်ပါများလာတဲ့အခါမှာ လူက ၀၀ဖြိုးဖြိုးပေမယ့် ကျန်းမာရေးချို့ယွင်း လာပါတော့တယ်။ ဒါကြောင့် အနည်းဆုံး မိနစ်နှစ်ဆယ် နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှား လုပ်ပေးသင့်ပါတယ်။
ဒါ့အပြင် ဆရာတော်ကြီးက အစားအသောက်နဲ့ပတ်သက်လို့လည်း စားသင့်စားထိုက် တာတွေကို လမ်းညွှန်ခဲ့ပါသေးတယ်။
ချဉ်၊ စပ်၊ ဖန်၊ ခါး
နေ့တိုင်းစားက
ပေါ့ပါးလျှင်မြန်
သွက်လက်မည်။

ဆိုတော့ကာ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ငန်၊ ခါး အရသာ ခြောက်ပါးရှိရာမှာ အချိုနဲ့ အငန်ဟာ လူအတွက် လိုအပ်ပေမယ့် လွန်ကဲရင် ဘေးဖြစ်ပါတယ်။ လူ့လျှာကလည်း အချိုနဲ့ အငန်ကို သိတဲ့ရသာဖုက များတယ်လို့ ဆိုပါတယ်။ အငန်ကို သိတဲ့ ရသာဖုကလေးတွေကတော့ အများဆုံးပါပဲတဲ့။ ဒါကြောင့် လူများဟာ အငန်မပါတဲ့ ဟင်းတို့ အချိုမပါတဲ့မုန့်တို့ကို စားလို့ အဆင်မပြေကြတာပါ။ ဒါပေမယ့် အဲဒီ အငန်နဲ့ အချိုဟာ အသက်ကြီးလာရင် ပြဿနာစလာပါပီ။ အငန်များများ စားတာက သွေးတိုးဖြစ်စေပါတယ်။ နောက်ဆက်တွဲ အချိုက တော့ ဆီးချို၊ သွေးချိုပါပဲ။ အဲဒီနောက် နှလုံးရောဂါ၊ အသည်းရောဂါ အတွဲလိုက်ဝင်လာကြပါတော့တယ်။ ကြားဖူးမယ်ထင်ပါတယ် "Misfortune never come single."
ဒါကြောင့် အထက်က ပြောခဲ့တဲ့ အချက်သုံးချက်အပြင် ကိုယ်စားတဲ့ အစားအစာကိုလည်း အဟာရဖြစ်အောင် စားသုံးတတ်မှသာ ကျန်းမာပျော်ရွှင်စွာ ဘ၀ကို ကြာကြာနေနိုင်မှာဖြစ်ပါကြောင်း...။

Tuesday, November 24, 2009

အရှုံးမရှိသော ဒဿန

ဘာသာဝင်အားလုံးအတွက် အရှုံးမရှိသော ဒဿနတစ်ခုကို ပေးချင်ပါသည်။ သံသရာတစ်လျှောက်လုံးနှင့် ပတ်သက်သော ဘာသာရေးကိစ္စတွင် ကံစမ်းမဲနှိုက်သလို ပစ္စည်းတစ်မျိုး မျိုးပေါက်ချင်ပေါက်၊ မပေါက်ချင် ဗလာဟု ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။ ကံစမ်းမဲမှာ ဗလာဖြစ်သွား၍ မိမိအတွက် ဘာမျှ မထိခိုက် သော်လည်း ဘာသာရေးတွင် ဗလာဖြစ်သွားလျှင်ကား မိမိအတွက် တစ်သံသရာလုံး နစ်မွန်းရမည်ဖြစ်၏။

ကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရားကားပွင့်ပွင့်လင်းလင်း ၊ ရိုးရိုးသားသားပင် ဟောကြားခဲ့၏။ သတ္တ၀ါတွေ ကောင်းတဲ့နေရာ ကောင်းတဲ့ဘုံဘ၀ရောက်အောင် ငါဘုရား မကယ်တင်နိုင်၊ ငါဘုရားသည် လမ်းမှန်ကိုသာ ညွှန်ပြရုံသာ ရှိသည်။

ကောင်းသောအမှုကိစ္စ ပြုလုပ်သောသူများသည် ကောင်းသောအကျိုးများကို ခံစားကြရမည်။ မကောင်းသောအမှုကိစ္စ ပြုလုပ်သူများသည် မကောင်းသောအကျိုးကို ခံစားကြရမည်။

ချိုသောမျိုးစေ့ကို စိုက်ပျိုးလျှင် ချိုသောအသီးကို စားရမည်။ ခါးသောမျိုးစေ့ကို စိုက်ပျိုးလျှင် ခါးသောအသီးကို စားရမည်။ ထို့အတူ ကောင်းသောအမှုကို ပြုလုပ်လေ့ရှိသောသူသည် ကောင်းသောအကျိုးကို ခံစားရမည်။ မကောင်းသောအမှုကို ပြုလုပ်လေ့ရှိသော သူသည် မကောင်းသောအကျိုးကို ခံစားရမည်။

ဤကား ဗုဒ္ဓ၏ ပွင့်လင်းပြတ်သားစွာ ဟောကြားခဲ့သော စကားဖြစ်သည်။ အဆိုပါ ဗုဒ္ဓ၏ ဟောကြားချက်ကို လိုက်နာသူတို့အတွက် အရှုံးမရှိသော ဒဿနတစ်ခုပင် ဖြစ်၏။ သူတစ်ပါးအား လှူဒါန်းပေးကမ်းခြင်းဒါန၊ စောင့်ထိန်းထားအပ်သော သီလ၊ အထပ်ထပ်အဖန်ဖန်ပွားများအပ်သော ဘာဝနာဟူသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ထားသူသည် တမလွန် ဘ၀သို့ ရောက်သောအခါတွင် ကယ်ဆယ်သော ဘုရား တကယ်ရှိသည်ဆိုလျှင်လည်း ကောင်းတာများကို ပြုလုပ်ထားသူဖြစ်သောကြောင့် ရှေ့ဆုံးက အကယ်ဆယ်ခံရမည်ဖြစ်သည်။

ထိုသို့ ကယ်ဆယ်သောဘုရားမရှိပါကလည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများက မိမိကိုပြန်လည် စောင့်ရှောက်မည်ဖြစ်သောကြောင့် အားငယ်စရာမရှိပေ။ နောင်တမလွန် ဘ၀ကျမှ ကယ်ဆယ်မည့် ဘုရားကို အားကိုးပြီး ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့သောသူသည် တမလွန်ဘ၀ရောက်လျှင် မိမိယူဆခဲ့သလို ဘုရားရှင်က လာမကယ်လျှင်ကာိးမိသာ နစ်မွန်းတော့မည်ဖြစ်၏။

ယခု ဒဿနနှင့်ပတ်သက်၍ ဘုရားဟော ဇာတ်တော်တစ်ပုဒ်ရှိပါသည်။ တစ်ခါက ကုန်သည်တစ်ထောင် တို့သည် သင်္ဘောပျက်၍ လူသူမနီးကျွန်းကြီးတစ်ကျွန်းပေါ်သို့ ရောက်သွားကြသည်။ ကျွန်းပေါ်တွင် အစားအစာနှင့် သောက်ရေပေါသဖြင့် လူငါးရာစီ အုပ်စုခွဲပြီး နေကြလေသည်။ အုပ်စုတစ်ခုကို ဘုရားလောင်းပညာရှိက ဦးဆောင်ပြီး၊ ကျန်တစ်စုကို ဒေ၀ဒတ်လောင်း လူမိုက်ကဦးဆောင်သည်။

ကျွန်းပေါ်တွင်နေစဉ် သစ်သီးမျိုးစုံးကို သေရည်ချက်ပြီး စိတ်ကြိုက်သောက်စားကာ နေကြလေသည်။ မူးရူးလာသောအခါ အညစ်အကြေးများကို ထင်သလို စွန့်ပစ်ကြသည်။ ကျွန်းကိုစောင့်ကြပ်နေထိုင်သော နတ်များသည် အလွန်ဒေါသထွက်ပြီး လာမည့် လပြည်ည ဒီရေတက်ချိန်တွင် ပင်လယ်ရေများကို ကျွန်းဖုံးသည်အထိ တက်စေပြီး ကျွန်းပေါ်မှလူများကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ကြသည်။

ထိုအခါ သနားတတ်သော နတ်သားတစ်ယောက်က လူအများမြင်သာအောင် ကိုယ်ထင်ပြပြီး လပြည့်ညတွင် ပင်လယ်ရေများ ကျွန်းကိုဖုံးလွှမ်းလိမ့်မည်။ ယခုကတည်းက လှေ၊ ဖေါင်များ အသင့်ပြုလုပ်ပြင်ဆင်ကြပါဟု တိုက်တွန်းနှိုးဆော်ပြီး ပျောက်သွားသည်။

တဖန် ရက်စက်တတ်သောနတ်တစ်ယောက်ကလည်း ကိုယ်ထင်ပြကာ ဤကျွန်းပေါ်သို့ ရေဖုံးလွှမ်းခြင်း ဟူသည် တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ ဖြစ်လည်းမဖြစ်နိုင်။ ထို့ကြောင့် မည်သည့်လှေ ၊ ဖေါင်မျှ အပင်ပန်းခံကာ လုပ်နေစရာမလို၊ အရင်အတိုင်း လွတ်လပ်ပျော်ရွှင်စွာ နေနိုင်သည်ဟု ပြောပြီး ပျောက်သွားပြန်သည်။

ဤတွင် ကျွန်းကြီးတစ်ခုလုံး ရေဖုံးလွှမ်းမည်/ မဖုံးလွှမ်းမည်မှာ မသေချာဖြစ်နေ၏။ လူအများမှာ မည်သည့် နတ်သား၏စကားကို ယုံကြည်ရမည်မသိဖြစ်နေ၏။ ရေလွှမ်းမည်/ မလွှမ်းမည် မသေချာသောအခါ လှေတို့ ဖေါင်တို့ လုပ်သင့်မလုပ်သင့် မရေမရာဖြစ်ရပြန်သည်။ ဒေ၀ဒတ်အလောင်း ခေါင်းဆောင်နှင့် နောက်လိုက်များကား ဉာဏ်ပညာမရှိသောကြောင့် ဒုတိယနတ်သား၏ စကားကိုလက်ခံပြီး လှေမထွင်းပဲ၊ မလုပ်ပဲနေကြ၏။

ပညာရှိ ခေါင်းဆောင်၏ နောက်လိုက်များကလည်း အခြားအဖွဲ့ကဲ့သို့ လှေမထွင်း၊ ဖောင်မဖွဲ့ပဲ သက်သာစွာ နေချင်ကြသည်။ ထိုအခါ ဘုရားလောင်းက သေချာရေရာသည့် အရှုံးမရှိသော ဒဿနတစ်ခုကို ယခုလိုပေး၏။

နတ်သားနှစ်ယောက်တွင် စကားနှစ်ခွန်းဖြစ်နေ၍ မည်သူမျှ သေချာမသိနိုင်၊ ထို့ကြောင့် လပြည့်နေ့ည ရောက်မှသာ ရေဖုံးလွှမ်းမည်/ မဖုံးလွှမ်းမည်ကို သေချာစွာသိနိုင်ကြမည်။ ငါတို့တစ်တွေသည် ဒုတိယနတ်သား စကားကိုယုံကြည်ပြီး လှေမလုပ်ဘဲနေကြလျှင် လပြည်ညရောက်ပါက ရေမတက်လျှင်တော် သေးသည်။ ရေတက်လာလျှင်ကား ငါတို့တစ်တွေသာ အသက်ဆုံးရှုံးကြမည်ဖြစ်သည်။
ထို့ကြောင့် လှေမလုပ်သောနည်းလမ်းသည် အသက်အတွက်မသေချာ မရေရာသောနည်းလမ်း၊ အရှုံးရှိနိုင်သော နည်းလမ်းသာဖြစ်သည်။ ထို့ကြောင့် ပထမနတ်သား၏ သတိပေးစကားအတိုင်း လှေလုပ်ကြမည်။ လှေ၊ ဖောင်တို့ကို ကြိုလုပ်ထားလျှင် လပြည့်ညတွင် ရေမတက်ပါကလည်း ကိစ္စမရှိ။ နောင်သွားရေးလာရေး ကိစ္စများအတွက် အသုံးဝင်မည်။  ရေတက်လာက ငါတို့တစ်တွေ၏ အသက်ကို ကယ်ဆယ်နိုင်မည်။ ထို့ကြောင့် လှေ၊ ဖောင်တို့ကို ကြိုတင်လုပ်ထားခြင်းကား ငါတို့တစ်တွေအတွက် အသက်မသေစေရန် သေချာသောနည်းလမ်းဖြစ်သည်။ အရှုံးမရှိသော နည်းလမ်းသာဖြစ်သည်။ ဟုပြောကာ လှေ ဖေါင်တို့ကို ပြုလုပ်ကြသည်။

လပြည့်နေ့ည ရောက်သောအခါ ရေများတက်လာသဖြင့် လူမိုက်နှင့် အပေါင်းအပါများမှာ ရေနစ်သေဆုံးကြရပြီး၊ ဘုရားအလောင်းနှင့် အပေါင်းအပါများမှာ အသင့်ပြုလုပ်ထားသော လှေ၊ ဖောင်များကြောင့် အသက်ချမ်းသာရာ ရကြသည်။ ထို့ကြောင့် မည်သည့်ဘာသာဝင်မဆို ဒါန၊ သီလ၊ ဘာဝနာတည်းဟူသော လှေ၊ ဖေါင်များကို ဧကန်မုချ ပြုလုပ်ထားသင့်ကြ၏။

ရေတက်မည် မတက်မည်ဆိုသည်မှာ မသေချာသကဲ့သို့ သေပြီးနောက်မှ မိမိဘာသာနှင့်ဆိုင်သော ဘုရားက ကယ်ဆယ်မည်/ မကယ်မည်ဆိုသည်မှာ မသေချာမရေရာသော နည်းလမ်းဖြစ်သည်။ လက်ရှိကမ္ဘာပေါ်တွင် လူဦးရေ သန်းခြောက်ထောင်ကျော်တွင် သေပြီးနောက်မှ ဘုရားက ကယ်တင်မှုကို လက်တွေ့ကြုံဖူးသူ တစ်ယောက်မှ မရှိချေ။ စာတွေ့ဖြင့်သော်လည်းကောင်း၊ တစ်ဆင့်ကြားဖြင့် သော်လည်းကောင်း ဟောပြောယုံကြည်နေကြခြင်းဖြစ်သည်။

ထိုသို့ ဟောပြောယုံကြည်သူကိုယ်တိုင်လည်း ဘုရားက ကယ်/မကယ်ဆိုသည်ကို သေပြီးနောက်မှသာ သေချာပေါက်သိရမည်ဖြစ်သည်။ ထို့ကြောင့် ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကုသိုလ်များကို ပြုလုပ်မထားလျှင် သေလွန်သောအခါ ဘုရားကကယ်မလျှင် တော်ပါသေးသည်။ မကယ်လျှင်ကာ မိမိသာ ဒုက္ခရောက်ရမည်ဖြစ်၏။ ဒါန၊ သီလ၊ ဘာဝနာတရားများကို ပြုလုပ်ထားလျှင်ကား ဘုရားက ကယ်လျှင်လည်း  သူတော်ကောင်းတရားများကို များစွာပြုလုပ်ထားသူဖြစ်၍ တခြားသူများထက် ပို၍ ကယ်တင်ခြင်းကိုခံယူရမည်ဖြစ်၏။

ဘုရားက ကယ်တင်မှုမပြုလျှင်လည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများက မိမိကို ပြန်လည်ကယ်တင် စောင့်ရှောက်မည်ဖြစ်၏။ ထို့ကြောင့် မိမိအတွက် အရှုံးမရှိသော နည်းလမ်းကာ ဒါန၊ သီလ၊ ဘာဝနာဟူသော ကုသိုလ်တရားများကို ကြိုတင်ပြုလုပ်ထားခြင်းသာ အသေချာဆုံးသောနည်းဖြစ်သည်။
အရှုံးမရှိသော ဒဿနဖြစ်သည်။


အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)တရားတော်မှ ထုတ်နှုတ်တင်ပြပါသည်။

Saturday, November 21, 2009

လင်နှင့်မယားဆက်ဆံရေး

အိမ်ထောင်သည်ဘ၀ သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပြီးနောက် ချမ်းမြေ့သာယာ ပျော်ရွှင်ဖွယ်ဖြစ်သော ဘ၀ကိုပိုင်ဆိုင်ရန် ကြိုးစားရန် နှစ်ဦးစလုံးတွင် တာဝန်ရှိပေသည်။ နှစ်ဦးသား ချစ်လို့ ကြိုက်လို့ပဲယူယူ၊ မိဘပေးစားလို့ပဲယူယူ၊ ဘယ်လိုကြောင့်ပဲ ယူယူ ဘ၀တစ်ခုတည်ဆောက်ပြီးလျှင် ထိုဘ၀ကို ကောင်းမွန်စွာ ထူထောင်သင့်ပေသည်။ သို့မဟုတ်ပါက "ကျွဲနှစ်ကောင်ခတ်ရာ မြေဇာပင် မခံသာ" ဆိုသလို ကလေးများမှာ ကြားကနစ်နာရပေသည်။ ထိုသို့ မဖြစ်စေရန် လင်ရော မယားပါ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သင့်ပေသည်။
ခင်ပွန်းဖြစ်သူသည် မိမိအိမ်ရှင်မအား -
၁။ အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊(မိမိတို့ နှစ်ဦးသာခေါ်သော အဖျားဆွတ်နာမည်)
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ (ငယ်ကျိုး၊ ငယ်နာများ မပြောဆိုခြင်း)
၃။ မိမိမယားမှလွဲ၍ အခြားမိန်းမတို့နှင့် မပျော်ပါး မဖောက်ပြန်ခြင်းဖြင့်လည်းကောင်း၊
၎။ မီးဖိုချောင် ကိစ္စအ၀၀တို့ကို အပ်နှင်းခြင်းဖြင့်လည်းကောင်း၊
၅။ အ၀တ်တန်ဆာဝယ်ပေးခြင်းနှင့် ရှာဖွေရရှိသော ဥစ္စာငွေကြေးများကိုအပ်နှံခြင်းဖြင့်လည်းကောင်း
မိန်းမကို ဖြည့်ကျင့် ပေးဆောင်သင့်ပေသည်။

မယားဖြစ်သူသည် မိမိခင်ပွန်းအား-
၁။ ဝေယျာဝစ္စ များကို ကိုယ်တိုင်ဆောင်ရွက်ပေးခြင်း၊
၂။ နှစ်ဘက် ဆွေမျိုးများကိုလည်း တူတူညီမျှ ပေးကမ်းခြင်း၊
၃။ မိမိလင်မှတစ်ပါး  အခြားယောက်ျားတို့နှင့် ရောထွေးယှက်တင် မဖောက်ပြန်ခြင်း၊
၎။ ရှာဖွေစုဆောင်းခဲ့သည့် ဥစ္စာငွေကြေးတို့ကို စနစ်တကျထိန်းသိမ်းခြင်း၊
၅။ ကိစ္စအားလုံးတို့တွင် လိမ္မာတတ်သိစွာ ဆောင်ရွက်၍ ပျင်းရိမှု မရှိခြင်း
တို့ဖြင့် ပြုစုဆောင်ရွက်ပါက လွန်စွာသင့်မြတ်လှပေသည်။

အထက်ပါ အချက်များ နှစ်ဦးစလုံး လိုက်နာကျင့်သုံးပါက သာယာချမ်းမြေ့ အောင်မြင်သော ဘ၀တစ်ခု ပိုင်ဆိုင်ရမည်မှာ သေချာလှပေသည်။

Wednesday, November 18, 2009

မင်္ဂလာ

မနက်ခင်း အလုပ်မှာဖြစ်ဖြစ် G-talk မှာဖြစ်ဖြစ် မိတ်ဆွေများ သူငယ်ချင်းများ တွေ့ကြရင် မင်္ဂလာပါ . . . လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။ လူလူချင်းတွေ့တာ နဲ့ အပြုံးလေးနဲ့ မင်္ဂလာပါ လို့ နှုတ်ဆက်ကြတဲ့အခါ စိတ်မှာ ကျေနပ်မှုတစ်မျိုးခံစားရပါတယ်။ (ဒီမှာတော့ 'ဆ၀ါဒီခပ်' လို့ ယိုးဒယားလိုနှုတ်ဆက်တာများပါတယ်၊ တစ်ချို့ ကတော့ morning လို့ နှုတ်ဆက်ကြပါတယ်။)
ဒီလိုနေ့စဉ်နှုတ်ဆက်နေပေမယ့် လူလူချင်းတွေ့တာ မင်္ဂလာ တဲ့လားလို့ ကြောင်တောင်တောင်အတွေး ၀င်လာပါတယ်။ ဒါနဲ့ မင်္ဂလာ ဆိုတဲ့စကားလုံးကို သိအောင်ကြိုးစားမယ်လို့ စိတ်ထဲမှာ တေးထားခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ပေးတဲ့ "ဗုဒ္ဓဘာသာကောင်းတစ်ယောက်" ဆိုတဲ့ စာအုပ်ကိုဖတ်ကြည့်ရင်း  ရွတ်ဖတ်ရန်သုတ်တော်များ ဆိုတဲ့ ခေါင်းစဉ်အောက်က မင်္ဂလသုတ် ကို သွားတွေ့ပါတော့တယ်။ အဲဒီကျမှ မင်္ဂလာရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ပြီး ၊ မင်္ဂလာတရား(၃၈)ပါးရှိကြောင်းကိုပါ အသေးစိတ် သိခွင့်ရခဲ့ပါတယ်။ ဒီမင်္ဂလသုတ်ဖြစ်ပေါ်လာပုံကိုလည်း သိရှိရပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က လူတွေလည်း ကျွန်တော့လို့ပဲ တွေးကြလို့ ထင်ပါတယ်။ :P
ဒီမင်္ဂလာတရားဆိုတဲ့ဟာကို ဆယ်စုနှစ်တစ်ခုကျော်ကျော် အငြင်းပွားကြပါသတဲ့။ သူပြောတာကမှ မင်္ဂလာတရား ၊ ငါပြောတာကမှာ မင်္ဂလာတရားအမှန်ဆိုပြီး  အဲဒီခေတ်က ပုရဏ္ဏကဿပတို့ မဂလိကောသာလတို့လို အတွေးအခေါ်ဂိုဏ်းဆရာကြီးအပါအ၀င် အတွေးခေါ်ပညာရှင်တွေ အငြင်းပွားခဲ့ကြပါတယ်။ ဒီလိုအငြင်းပွားနေကြလို့ ဘယ်ဟာကို မင်္ဂလာတရား ဆိုပီး သတ်မှတ်လက်ခံခြင်းမရှိခဲ့ကြပါဘူး။ ဒီအငြင်းပွားမှုမှာ လူတွင်မက နတ်တွေကြားမှာတောင် မင်္ဂလာတရားအစစ်အမှန်ကို မည်သူမှ သေသေချာချာ မသိကြပါဘူး။
ဒီလို အငြင်းပွားမှုဟာ ဆယ့်နှစ်နှစ်ကျော်ကြာတဲ့အထိ အဖြေမရှိခဲ့ပါဘူး။ ဒါကို သိချင်နေတဲ့ နတ်သားတစ်ပါးက မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားပါတယ်။ ဒီကျမှ မြတ်စွာဘုရားက မင်္ဂလာတရားတွေကို ဟောကြားခဲ့တာပါ။ ဒီမင်္ဂလာတရားကို မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်ချိန်မှာ  နတ်သားက မေးလျောက်လို့ ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ (ဇေတ၀န်ကျောင်းကို အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းပါသည်။)

မင်္ဂလ[မင်္ဂလ](မင်္ဂ်+အလ)(န)
ကောင်းခြင်း။ ပွားခြင်းသို့ရောက်ခြင်း။ ချီးမွမ်းအပ်သောကောင်းမြတ်သော တရား။ စီးပွားချမ်းသာ၏ အကြောင်းဖြစ်သောတရား။ မင်္ဂလာတရား။
ဆိုပြီး အဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး မင်္ဂလာပါလို့ နှုတ်ဆက်ခြင်းဟာ အလွန်ကောင်းမွန်တယ် ဆိုတာကိုတွေ့ရပါတယ်။
မြတ်စွာဘုရားဟောတဲ့ အချက်(၃၈)ချက်ကို လိုက်နာကျင့်သုံးမယ်ဆိုရင်ဖြင့် တကယ့်ကို တက်တက်ကြီးပွားပီး မိမိ၏ဘ၀အဆင့်အတန်း သည် တစ်နေ့ထက်တစ်နေ့ တိုးတက်အောင်မြင် ချမ်းသာမည်မှာ အသေအချာဖြစ်ပါသည်။ မိမိအား မကောင်းကြံမည့်သူများလည်း မတတ်နိုင်ပါ။ ရန်အပေါင်းကင်းဝေးပီး ပျော်ရွှင်အောင်မြင်သောဘ၀တစ်ခု ကိုပိုင်ဆိုင်ရမည်ဖြစ်သည်။

နံပါတ်တစ် ကတော့ " အသေ၀နာ စ ဗာလာနံ" လူမိုက်ကို မပေါင်းရဘူးတဲ့။ ဆိုတော့ လူမိုက်ဆိုတဲ့ဟာကို ကွဲကွဲပြားပြားသိဖို့လည်း လိုလာပြန်ရော။ ဘယ်လိုလူကို လူမိုက်လဲ။ ဘယ်လိုပေတံမျိုးနဲ့ တိုင်းတာမှာလဲ။
သိဖို့ လိုလာပြန်ရော။

နံပါတ်နှစ်က "ပဏ္ဍိတာနဉ္စ သေ၀နာ" ပညာရှိနဲ့ ပေါင်း။ ဒီမှာတစ်ခါ ဘယ်လိုပညာရှိမျိုးလည်း သိချင်လာပြန်ရော။

နံပါတ်သုံးက "ပူဇာ စ ပူဇနေယျာနံ" ပူဇော်ထိုက်သူကို ပူဇော်ပါ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ပူဇော်ရမှာလည်း?

နံပါတ်လေး "ပတိရူပဒေသ၀ါသော စ" သင့်တင့်လျောက်ပတ်တဲ့ ဒေသမှာနေပါတဲ့။ ဘယ်လိုဒေသလဲ ဆိုတော့ ဥစ္စာစီးပွား သော်လည်းကောင်း၊ အတတ်ပညာတစ်ခုခုသော်လည်းကောင်း၊ ကောင်းမှုကုသိုလ်တစ်ခုခုသော်လည်းကောင်း ဒီသုံးခုထဲက တစ်ခုခု နေ့စဉ်ရတဲ့ ဒေသတွေကို ဆိုလိုတာပါ။
သင်တို့ရော... ဘယ်လိုဒေသမှာ နေကြပါသလဲ?

နံပါတ်ငါး "ပုဗ္ဗေ စ ကတပုညတာ" ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ဟာလည်း မင်္ဂလာတစ်ပါးပါပဲတဲ့။

နံပါတ်ခြောက် "အတ္တသမာပဏိဓိ စ" မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်ခြင်း။ ဘယ်လို ထိန်းသိမ်းဆောက်တည်ရင် ကောင်းမလဲ?

နံပါတ်ခုနစ် "ဗာဟုသစ္စဉ္စ သိပ္ပဉ္စ" ဗဟုသုတ အကြားအမြင်များခြင်း၊ စက်မှုလက်မှု စသောအတတ်ပညာများ တတ်မြောက်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဖြစ်သည်။

နံပါတ်ရှစ် "၀ိနယောစ သုသိက္ခိတော" လူကျင့်ဝတ်စည်းကမ်းများ လိုက်နာခြင်းသည် မင်္ဂလာတစ်ပါး ဆိုတော့ အင်း လူ့ကျင့်ဝတ်တွေဟာ နေရာဒေသ ကိုလိုက်ပြီး တစ်ချို့စည်းကမ်းယဉ်ကျေးမှုတွေဟာ ဆန့်ကျင်ဘက်တွေ ဖြစ်လေတော့ ဘယ်လိုဟာကို လိုက်နာရမလဲ?

နံပါတ်ကိုး "သုဘာသိတာ စ " ကောင်းသောစကားတို့ကိုပြောဆိုခြင်းသည် မင်္ဂလာ။

နံပါတ်တစ်ဆယ် "ပီယ ၀ါစာ" ချိုသာယဉ်ကျေးစွာ စကားပြောဆိုခြင်းသည် မင်္ဂလာ။

နံပါတ်တစ်ဆယ့်တစ် "မာတာပိတု ဥပဋ္ဌာနံ" မိဘနှစ်ပါးကို လုပ်ကျွေးခြင်းသည် မင်္ဂလာတဲ့။

နံပါတ်ဆယ့်နှစ် "ပုတ္တဒါရဿ သင်္ဂဟော" သားမယား ကိုပြုစုလုပ်ကျွေးခြင်းဟာလည်း မင်္ဂလာပါပဲ။
(ဒီမင်္ဂလာတော့ အားလုံးနီးပါးရှိကြမယ်ထင်ပါတယ်။ :P)

နံပါတ်ဆယ့်သုံး "အနာကုလာ စ ကမ္မန္တာ" မည်သူ့မျှ မထိခိုက်သော အလုပ်ဖြင့် အသက်မွေးခြင်း။ ဒီဟာလည်း နားလည်သလိုလိုနဲ့ သေသေချာချာသိဖို့ လိုပြန်ရော။

နံပါတ်ဆယ့်လေး "ဒါနဉ္စ " လှူဒါန်းပေးကမ်းခြင်းသည်မင်္ဂလာဖြစ်သည်။

နံပါတ်ဆယ့်ငါး "ဓမ္မစရိယာ စ" မြတ်သောတရားအကျင့်ကို ကျင့်ခြင်း။ ဘယ်လိုတရားမျိုးကို မြတ်တဲ့တရားလို့ ခေါ်မလဲ?

နံပါတ်ဆယ့်ခြောက် "ဉာတကာနဉ္စ သင်္ဂဟော" ဆွေမျိုး မိတ်ဆွေများကို ထောက်ပံ့ပေးကမ်းခြင်းသည်လည်း မင်္ဂလာတရားဖြစ်ပါတယ်။

နံပါတ်ဆယ့်ခုနစ် "အန၀ဇ္ဖာနိ ကမ္မာနိ" အကုသိုလ်ကင်းသော အသက်မွေးဝမ်းကြောင်းဖြင့် လုပ်ကိုင်ခြင်းသည်လည်း မင်္ဂလာတရားဖြစ်ပါတယ်။

နံပါတ်ဆယ့်ရှစ် "အာရတီ ပါပါ " မကောင်းမှုကို ဝေးဝေး ရှောင်နိုင်ခြင်း၊
နံပါတ်ဆယ့်ကိုး "၀ိရတီ ပါပါ" မကောင်းမှုကို မလုပ်ဖြစ်အောင် အထူးရှောင်နိုင်ခြင်း၊
နံပါတ်နှစ်ဆယ် "မဇ္ဖပါနာ စ သံယမော" မူးယစ်သေစာ(အရက်၊ဘီယာ၊၀ိုင်၊ narcotic drugs) သောက်စား သုံးစွဲခြင်းမှရှောင်ကြဉ်ခြင်း၊
နံပါတ်နှစ်ဆယ့်တစ် "အပ္ပမာဒေါ စ ဓမ္မေသု" ကုသိုလ်ကောင်းမှုများကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း တို့သည်လည်း မင်္ဂလာတရားများဖြစ်သည်။

နံပါတ်နှစ်ဆယ့်နှစ် "ဂါရဝေါ စ" ရိုသေထိုက်သူကို ရိုသေခြင်း၊ ဘယ်လိုပုဂ္ဂိုလ်များကို ရိုသေထိုက်တယ်လို့ ဆိုရမလဲ?

နံပါတ်နှစ်ဆယ့်သုံး "နိဝါတော စ" မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာဖြစ်သည်။

နံပါတ်နှစ်ဆယ့်လေး "သန္တုဋ္ဌိ စ " ကာမဂုဏ်အာရုံတို့၌ ရောင့်ရဲလွယ်ခြင်းသည်လည်း မင်္ဂလာ။

နံပါတ်နှစ်ဆယ့်ငါး "ကတညုတာ" သူတစ်ပါး၏ ကျေးဇူးကို သိတတ်ခြင်းသည်လည်း မင်္ဂလာ။

နံပါတ်နှစ်ဆယ့်ခြောက် "ကာလေန ဓမ္မဿဝနံ" အခါအခွင့်သင့်တိုင်း တရားနာခြင်း။ ဘယ်လိုတရားမျိုးကို နာရမလဲဆိုတာလည်း ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ တရားတွေက များတယ်လေ။ :)


နံပါတ်နှစ်ဆယ့်ခုနစ် "ခန္တီ စ" သည်းခံခြင်းသည် မင်္ဂလာဖြစ်သည်။ သတိပြု ကျင့်သုံးဖွယ်ပါပဲ။

နံပါတ်နှစ်ဆယ့်ရှစ် "သောဝစဿတာ" သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း သည်လည်းမင်္ဂလာတစ်ပါးပါ။

နံပါတ်နှစ်ဆယ့်ကိုး "သမဏာနဉ္စ ဒဿနံ" ရဟန်းသံဃာများကို ဖူးမြော်ရခြင်းသည်လည်းမင်္ဂလာတစ်ပါးပါ။
(ဘယ်လိုဘုန်းကြီး ကိုရင်ပဲ တွေ့တွေ့ သံဃာတော်ပါလားဆိုပီး ဦးတိုက်ရှိခိုးပါ။ အကျိုးများပါတယ်။ ကိုယ်ဦးတိုက်တာက ပုဂ္ဂိုလ်ကိုဦးတိုက်တာမဟုတ်ပဲ သံဃာတော်ဆိုပီး ရည်မှန်းဦးတိုက်တာ ဖြစ်တဲ့အတွက် အကျိုးများတယ်လို့ ပြောတာပါ။)

နံပါတ်သုံးဆယ် "ကာလေန ဓမ္မသာကစ္ဆာ" အခါအခွင့်သင့်တိုင်း တရားဆွေးနွေးမေးမြန်းခြင်း။ ဘယ်လိုတရားမျိုးကိုမေးမြန်းဆွေးနွေးရမလဲ?

နံပါတ်သုံးဆယ့်တစ် "တပေါ စ" ခြိုးခြံစွာကျင့်ခြင်းသည်လည်း မင်္ဂလာတစ်ပါး။

နံပါတ်သုံးဆယ့်နှစ် "ဗြဟ္မစရိယဉ္စ" မြတ်သောအကျင့်ကို ကျင့်ခြင်း။ ဘယ်လိုအကျင့်က မြတ်သလဲ?

နံပါတ် သုံးဆယ့်သုံး "အရိယသစ္စာန ဒဿနံ" အရိယာသစ္စာတရားကို သိမြင်ရခြင်းသည် မင်္ဂလာ။
ဘုရားဟောခဲ့တဲ့ သစ္စာတရား လေးပါးရှိပါတယ်။ (သမုဒ္ဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ)
အဲဒီ လေးပါးကို သိဖို့ မြင်ဖို့ ဆိုတာကျတော့ တော်တော်လေး ခက်ခဲပါတယ်။

နံပါတ် သုံးဆယ့်လေး "နိဗ္ဗာနသစ္ဆိကိရိယာ စ" နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည်လည်း မင်္ဂလာ။
ဒါလည်းပဲ ပိုပီး ခက်ခဲပါတယ်။

"ဖုဋ္ဌဿ လောကဓမ္မေဟိ" လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံပါက-
နံပါတ်သုံးဆယ့်ငါး "စိတ္တံ ယဿ နကမ္ပတိ"  စိတ်ဓာတ်ကြံခိုင်ခြင်းသည် မင်္ဂလာ၊
နံပါတ်သုံးဆယ့်ခြောက် "အသောကံ" စိုးရိမ်သောက မရှိခြင်းသည် မင်္ဂလာ၊
နံပါတ်သုံးဆယ့်ခုနစ် "၀ိရဇံ" ရာဂရမက်ကင်းခြင်းသည် မင်္ဂလာ၊
နံပါတ်သုံးဆယ့်ရှစ် "ခေမံ" ဘေးကင်းခြင်းသည် မင်္ဂလာ၊

ဆိုပြီး မင်္ဂလာတရားအစစ်အမှန်များကို မြတ်စွာဘုရားက ဟောကြားထားခဲ့ရာမှာ မိမိသန္တာန်မှာ အဆိုပါ တရားဘယ်နှစ်ခု ကိန်းနေပါသနည်း။
များများ ကိန်းသူများ လက်ရှိဘ၀ ရော နောင်ဘ၀ပါ စိတ်အေးရမည်။  လက်ရှိ ဘ၀အဆင်မပြေ သူများ ကြိုးစားဖြည့်တင်းက အစစအရာရာ အဆင်ပြေ တိုးတက်လာမည်ဖြစ်သည်။ အားလုံးပြည့်ရန်ကား လူအဖြစ်နှင့် မလွယ်ကူချေ။ တတ်နိုင်သမျှ များနိုင်သမျှ များများ ဖြည့်ကျင့်ရမည်သာဖြစ်ပေသည်။

Saturday, November 14, 2009

သတ်သတ်လွတ်

 အကိုကြီးတစ်ယောက်က သူဝန်ထမ်းဘ၀တုန်းက ကြားဖူးတဲ့ ဟာသလေး တစ်ခုကိုပြောပြပါတယ်။ မှတ်သားစရာလေးမို့ ပြန်မျှဝေပါတယ်။ ဒါက မြန်မာပြည်တနေရာရာမှာ တကယ်ကို ဖြစ်ပျက်ခဲ့တာပါတဲ့။ သူကတော့ ဟိုရှေးတုန်းကလို့ ဆိုပြီးပြောပါတယ်။
အရာရှိကြီး တစ်ဦးဟာ သူ့ဒေသအတွင်းကို ငါးရက်ခန့် လှည့်လည် စစ်ဆေးပါသတဲ့။ နောက်လိုက်နောက်ပါ အစုံအလင်နဲ့ပေါ့ဗျာ။ အရာရှိကြီးဆိုတာ တောရွာအဖို့ လေးငါးနှစ်မှ တစ်ခါမြင်ကြရတာပေါ့။ ဒါကြောင့် ရွာသူကြီးကဆို အလွန်ကြောက်တော့ လိုလေသေးမရှိ ပြုစုချက်ပြုတ်ကျွေးမွေးတာပေါ့။ အဲဒီအရာရှိကြီးနေဖို့ ဗိုလ်တဲ ဆိုပြီးလည်း ဆောက်ထားရသေးသတဲ့။
အဲ သူကို ဒီနေ့ ဘာဟင်းနဲ့ ဧည့်ခံရမလဲဆိုတာကို သူ့ရဲ့ တပည့်ကို မေးပြီး ချက်ပြုတ် ကျွေးမွေးကြရပါတယ်တဲ့။ အဲဒါနဲ့ သူကြီးက တပည့်ကို ဒီနေ့ ဘာချက်ရမလဲလို့ မေးတယ်တဲ့ ။ သူ့တပည့်ကလည်း သူ့ဆရာကို ဗိုလ်တဲ့အောက်ကနေပီး -
"ဆရာ ဒီနေ့ ဘာနဲ့စားမလဲ" လို့ မေးတယ်တဲ့။
"မင်းတို့ကလည်းကွာ ကြည့်ကြက်လုပ်လိုက်"
လို့ ပြောတယ်တဲ့။ ဒါနဲ့ တပည့်က
"သူကြီးရေ ဒီနေ့ ကြက်သားဟင်းချက်" လို့ ပြောတယ်။ သူကြီးလည်း အပြေးအလွှားသွားပီး ချက်ဖို့ ပြုတ်ဖို့ စီစဉ်တာပေါ့။
နောက်တစ်နေ့ကျပြန်တော အဲလိုပဲ သူကြီးကမေးပြန်တော့ သူ့တပည့်က သူ့ဆရာကို မေးပြန်တယ်တဲ့။
"ဘာဘဲ ချက်ချက် စားမယ်"
လို့ ပြန်ဖြေတယ်တဲ့။ သူကြီးကတော့ တော်သေးတယ် ဘာဘဲချက်ချက်ဆိုတော့ လို့တွေးပြီး ပျော်တာပေါ့။ ဒီတော့ သူ့တပည့်က
"သူကြီးရေ ဒီနေ့ ဘဲသားဟင်းချက် "
လို့ ပြောတယ်တဲ့။ သူကြီးကလည်း သူ့တပည့်ကို အံ့အားသင့်စွာကြည့်ပီး မေးငေါ့ပီး မေးတာပေါ့။ ဗိုလ်တဲ့အောက်ဆိုတော့ အရာရှိကြီးက အပေါ်မှာရှိနေတာကိုး။ တပည့်က
"သူကြီးရာ တုံးပ ဘာဘဲ ချက်ချက်လို့ ပြောတဲ့ဟာ ဒီလောက်ရှင်းနေတဲ့ဟာ ၊ ကျုပ်ပြောတာသာချက်ကျွေး ခင်ဗျားတို့ကို အပြစ်မဖြစ်စေရဘူး"
ဆိုပြီး တိုးတိုးပြောတယ်။
တတိယနေ့ကျပြန်တော့ ထုံးစံအတိုင်း မေးကြပြန်တော့
"ငါက တို့ကနန်း ဆိတ် ကနန်း စားတာပါကွာ ချက်ချင်တာချက် "
လို့ဆိုလို့ တပည့်က
"သူကြီးရေ ဆိတ်သားဟင်းသာ ချက်လိုက်ဗျာ"
လို့ ပြောတယ်တဲ့။ သူကြီးလည်း အင်း ဒီဆရာတပည့် တော်တော်လည်း တတ်နိုင်ကြတယ် ဆိုပြီး ခေါင်းလေးညိတ်ပြန်လာခဲ့တာပေါ့။
စတုတ္ထရက်ကျပြန်တော့လည်း
"တစ်ခါတလေ ၀ယ်ဝက်ချက်စားကြ "
လို့ ပြောလို့ တပည့်က
"သူကြီးရေ  ဒီနေ့ ၀က်သားဟာ ချက်ဗျ"
လို့ ပြောလိုက်ပြန်တယ်။ သူကြီးလည်း မချိပြုံးလေးနဲ့ နှုတ်ဆက်ပြီး ညစာချက်ဖို့ ပြန်လာခဲ့ပြန်တယ်။
နောက်ဆုံးနေ့ကျတော့ သူကြီးလည်း တထိတ်ထိတ် ဒီနေ့ ဘာချက်ခိုင်းမလဲမသိဘူး ဆိုပြီး တွေးရင်းနဲ့ ပဲ သူ့တပည့်ကို သွားမေးပြန်တာပေါ့။ တပည့်လည်းထုံးစံအတိုင်း သူ့ဆရာကိုမေးတဲ့အခါ ဆရာက -
"အသားတွေချည်းစားနေတာ ဒီနေ့တော့ သတ်သတ်လွတ်စားမယ်"
လို့ပြောလိုက်တယ်တဲ့။ ဒီတော့ သူကြီးက အင်းဒီနေ့ စကားကတော့ အသားဟင်းနာမည်တစ်လုံးမှ မပါဘူး ဒီကောင် ငါ့ကို ဘာတွေ ပညာပြချက်ခိုင်းမလဲမသိဘူး ဆိုပြီး တပည့်ကို စိုက်ကြည့်နေတယ်တဲ့။
တပည့်လည်း ခေါင်းလေးကုတ်ပြီး သူကြီးကို ပြုံးပြုံးလေး စပ်ဖြဲဖြဲလုပ်နေတယ်တဲ့။
သူကြီးကလည်း ဒီတစ်ခါ ငါ့အတွေးမှန်သွားပီ ဒီကောင် စကားအထ ကောက်လို့မရတော့ဘူး  ဆိုတဲ့အတွေးနဲ့ တပည့်ကိုအားရပါးရ ပြုံးပြုံးကြီး ပြန်ကြည့်ရောတဲ့။ သူကြီးပြုံးမှ တပည့်ကလည်း အနားတိုးလာပြီး-
"သူကြီးလည်း တော်တော် နပ်တာပဲနော၊ ဒါကြောင့် သူကြီးဖြစ်နေတာ" လို့ပြောတယ်တဲ့။ သူကြီးလည်း အူကြောင်ကြောင်ဖြစ်သွားပီး-
"ဘာနပ်ရမှာလည်းဗျာ လူကြီးက သတ်သတ်လွတ် ချက်ခိုင်းတာ ကျုပ်လည်း ကြားတာပဲ၊ ခင်ဗျားက ဘာအဆန်းထွင်ချက်ခိုင်းအုံးမလို့လဲ၊ ဒီဒေသမှာ အသီးအရွက်တွေတပုံကြီး ၊ လျှာလည်အောင်ချက်ကျွေးလိုက်မယ်လို့ " ခပ်တည်တည်ပြန်ပြောတယ်တဲ့။
ဒီတော့မှ တပည့်ဖြစ်သူက -
"အာ....... သူကြီးကလည်း သတ်သတ်လွတ်ဆို အဲဒါပြောတာမဟုတ်ဘူးဗျ"
"+××××+×××-×××"
လို့ တိုးတိုးအနားကပ်ပြောလိုက်တော့မှာ သူကြီးလည်း မျက်နှာညှိုးသွားပီး၊
ကျုပ်တို့ရွာမှာ အဲဒီ သတ်သတ်လွတ်မရှိဘူးဗျာ၊ စိတ်ညစ်ပါတယ် ၊ အရာရှိကြီးကို ပြောပေးပါအုံးလို့ တောင်းပန်တယ်တဲ့။ တပည့်ကလည်း ကျုပ်လည်း မပြောရဲဘူး ကျွေးတာ မကျွေးတာ ခင်ဗျားအပိုင်း ဆိုပြီး အနားက ထွက်သွားတယ်တဲ့။
နောက်ဆုံး ကြံရာ မရတဲ့ သူကြီးမင်းတစ်ယောက် မြို့ကို လှည်းကျော့ ဒုန်းစိုင်းမောင်းပီး ကာရာအိုကေအနှိပ်ခန်းဆိုင်က သတ်သတ်လွတ် ကောင်မလေးတစ်ယောက် ခေါ်လာခဲ့ရ ပါကြောင်း ...။ :P

Tuesday, November 10, 2009

To live is to risk dying

အသက်ရှင်နေရတာ တော်တော်အန္တရာယ်များတယ်။ အချိန်မရွေး သေသွားနိုင်တယ် ။ လမ်းသွားတိုင်း သတိထားနေရတယ်။ ကားတိုက်မှာ ဆိုင်ကယ်တိုက်မှာ ကြောက်နေရတယ်။ ကားတွေကလည်း အရမ်း မောင်းကြတယ်။
စားတော့လည်း သတိထားနေရတယ်။ မတည့် တာစားမိမှာကြောက်နေရတယ်။  မတည့်တာတွေကလည်း ကြာလေများလေ ဖြစ်လာနေတယ်။ သွေးတိုးနဲ့ မတည့်လို့ရှောင်ရ၊ ဆီးချိုနဲ့ မတည့်လို့ ရှောင်ရနဲ့ ဆီးချိုသမား ဆိုရင် ထမင်းတောင် များများ မစားရပါဘူး။ ကိုယ်စားနေတဲ့ ထမင်းတောင် သေစေနိုင်တယ်ဆိုတော့ အင်း ... စားရတဲ့ကိစ္စက အန္တရာယ်တော်တော်များသား။ စွန့်စွန့်စားစား စားလိုက်ရတယ်။
သေရမှာကို ကြောက်သလားမေးရင် အရင်တုန်းကလောက်တော့ မကြောက်တော့ဘူး။ ဒါပေမယ့် အခုမှ ဘ၀ရဲ့ တန်ဖိုးကို သိလာလို့ နေရတာ အဓိပ္ပါယ်ရှိလိုက်တာလို့ ခံစားရတယ်။ အခုအချိန်မှာ သေရမယ်ဆိုရင် နည်းနည်းစောသေးတယ်။ အခုမှ နေတတ်ခါစရှိသေးတယ်။ နေပါရစေဦး။ အခုမှဘ၀ကို လွတ်လပ်တဲ့စိတ်နဲ့ နေတယ်ဆိုတာ ဘာကိုခေါ်သလဲဆိုတာ သိလာပြီး၊ အဲဒါလေးတွေ ပြောပြချင်သေးတယ်။ ဒါတွေကို မပြောရသေပဲနဲ့တော့ သေလို့ မဖြစ်သေးပါဘူး . . . နော် ။
ဒါပေမယ့် ဒါတွေက အကြောင်းပြချက်တွေပါ ။ တကယ်တော့ ဘ၀ကို တွယ်တာတဲ့စိတ်ဟာ ရဟန္တာဖြစ်မှ ကုန်တာပါ။ ' ဘ၀ရာဂ သံယောဇဉ် ' ဆိုတာ ရဟန္တာဖြစ်မှကုန်တာ။ အဲဒီတော့ ဘ၀ကို မတွယ်တာပါဘူးလို့ ပြောရင် ကြွားရာရောက်မယ်။ ရဟန္တာဖြစ်ပြီလို့ ပြောရာရောက်မယ် ။
တစ်ခါတလေတော့လည်း ဘ၀ကိုငြီးငွေ့တဲ့စိတ် ဖြစ်တယ်။ ဒါပေမယ့်အဲဒါခဏပါပဲ။ တစ်ခါတလေတော့ နေရတာ ပျော်တယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်နေရရင်ပျော်တယ်။ အခုလို စားရေးနေရတာ ပျော်တယ်။ တရားထိုင်လို့ကောင်းနေရင် ပျော်တယ်။ တစ်ခါတလေတော့ ဘာလုပ်လုပ် မပျော်တော့ဘူး။ ဘာမှ မလုပ်ချင်တော့ဘူး။ ဘာမှမလုပ်ပဲနေရတာ ပျော်သလားဆိုတော့ အဲဒါက ပိုဆိုးတယ်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ တော်တော်ဆိုးပါတယ်။ ငါတောင်ဒီလိုဖြစ်နေရင် သူများတွေဘယ်လို နေကြသလဲမသိဘူးလို့ တွေးမိတယ်။ များသောအားဖြင့်တော့ ကောင်းတာတွေလုပ်ပြီး ပျော်နေပါတယ်။
' ကိုယ့်ဘ၀ကိုကိုယ် တန်ဖိုးရှိရှိ နေခဲ့တဲ့သူဟာ သေရမှာ သိပ်မကြောက်ဘူး။ ' လို့ ပညာရှိများ ပြောကြတာ မှတ်သားရပါတယ်။ အဲဒါကြောင့်သေရမှာ မကြောက်အောင် အကောင်းဆုံး နေလိုက်မယ်။ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး အလုပ်တွေကို များများလုပ်မယ်။ သေခါနီးမှာ ' ငါလုပ်နိုင်ရက်နဲ့ အကောင်းဆုံးကို မလုပ်လိုက်ရဘူး ' ဆိုတဲ့ နောင်တတော့ မရချင်ဘူး။ အဲဒီ နောင်တမျိုး ရမှာ အကြောက်ဆုံးပဲ။
သေတာက အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်ဘူး။
ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး အလုပ်တွေကို
မလုပ်လိုက်ရပဲ သေသွားရတာက
အကြီးမားဆုံး ဆုံးရှုံးမှုပဲ။
သေရမှာက သေချာနေတဲ့ကိစ္စကြီးလေ။ ဘယ်လောက် အသက်ရှည်ရှည် နေရနေရ သေမှာပဲ။ အဲဒီတော့ သေတာက အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ လုပ်နှိုင်ရက်နဲ့ ကောင်းတာတွေ မလုပ်လိုက်ရတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုပဲ။
ဘယ်လိုနေသလဲ။
ဘယ်လို အသိအမြင်နဲ့ နေသလဲ။
ဘယ်လို စိတ်ထားနဲ့နေသလဲ။
ဘာတွေ သိရသလဲ။
ဘာတွေကို လုပ်သလဲ။
ဘယ်လောက်ပေးနိုင်သလဲ။
ဘာတွေ ပေးနိုင်သလဲ။
အဲဒီမေးခွန်းတွေက အရေးကြီးတယ်။ ဘယ်တော့သေမှာလဲ ဆိုတဲ့မေးခွန်းက အရေးမကြီးပါဘူး။
' အသက်ကိုဥာဏ်စောင့်တယ်။ '  ဆိုတဲ့စကားပုံရှိပါတယ်။ အဲဒီစကားကို ယုံပါတယ်။ ကံ တစ်ခုထဲကို ပုံပြီး မယုံဘူး။ 'ကံကိုယုံ၍ ဆူးပုံမနင်းရာ' ဆိုတဲ့စကားကြားဖူးတယ် မဟုတ်လား။
'ကောင်းတဲ့ အလုပ်တွေကို စိတ်အားထက်ထက်သန်သန်နဲ့ လုပ်နေရင် အသက်ရှည်တယ်။ ' လို့လည်း စိတ်ပညာရှင်များ သုတေသန ပြုချက်အရ သိရတယ်။ ဘုန်းကြီးက ကောင်းတဲ့အလုပ်တွေကို စိတ်ပါ လက်ပါလုပ်နေတယ်။ ဒကာ ဒကာမတွေလည်း ကောင်းတဲ့အလုပ်တွေကို စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်နေပါ။ ဘယ်တော့ သေမလဲဆိုတာကို မေ့ထားလိုက်ပါ။ 'သေမှာပဲ . . . သေမှာပဲ ...'​ ဆိုပြီး ဘာမှ မလုပ်ပဲ နေရင် အသက်မထွက်ခင် ဘ၀သေနေပြီ။ ဒါတွက်ခြေမကိုက်ဆုံးပါပဲ။ တွက်ခြေ အကိုက်ဆုံးက အခု ကိုယ်စိတ်ဝင်စားတာတွေကို စိတ်ပါ လက်ပါ လုပ်နေလိုက်။ အဲဒါ တွက်ခြေ အကိုက်ဆုံးပဲ။ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။
အသက်ရှင်နေရတာ စွန့်စားရတဲ့ အလုပ်ပါ။ စွန့်စွန့်စားစား လုပ်လိုက်ပါ။ ဘာမှမလုပ်ပဲနေလည်း သေရမဲ့ အတူတူတော့ လုပ်ချင်တာတွေ လုပ်ရင်းပဲ သေမယ်။


လွပ်လပ်သောစိတ်(ဦးဇောတိက) ထုတ်နှုတ်ဖေါ်ပြပါသည်။
....................................................................................................

မှတ်ချက်။         ။
ဘ၀ရာဂသံယောဇဉ် ဆိုသည်မှာ ဘ၀ကို ခုံမင်နှစ်သက်ခြင်းဖြစ်ပါသည်။ ယ္ခုဘ၀ ကိုလည်း တွယ်တာသည်။ နောက်ဘ၀အတွက်လည်း ပြင်ဆင်ကျိုးစားသည်။ ဘ၀တဏှာ ဟုလည်း ခေါ်သည်။
ထိုသူများသည် အကုသိုလ်ကိုရှောင်၍ ကုသိုလ်များသာ ပြုကြသည်။ ထို့ကြောင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် သို့သာ လားရောက်ကြသည်။ အဆိုပါ ဘ၀တဏှာ၊ ဘ၀ရာဂသံယောဇဉ် ကိလေသာ ကို သာမာန်လူမှစ၍ သောတာပန်၊ သကဒါဂမ် နှင့် အနာဂါမ် ပုဂ္ဂိုလ်အထိ မပါယ်သတ်နိုင်ပါ။
ရဟန္တာမှသာ ပါယ်သတ်နိုင်ပါသည်။ ထို့ကြောင့် ရဟန္တာကို ကိလေသာ ကုန်ခမ်းသူ ဟုခေါ်ခြင်းဖြစ်ပါသည်။
ရဟန္တာဖြစ်လျှင် ဘ၀ဆုံးသွားပီဖြစ်သည်။ နောက်ထပ် မည်သည့်ဘုံဘ၀မျှ မရတော့။ နောက်ထပ် ဘုံဘ၀ တွင် မဖြစ်ရသောကြောင့် ခန္ဓာ့ဝန်ထုပ်ဝန်ပိုးကိုလည်း မထမ်းရတော့ပေ။ ထို့ကြောင့် ထိုသူများကို အစစ် အမှန် လွတ်မြောက်သူဟု ခေါ်ဆိုရမည်ဖြစ်ပါသည်။ ထိုသူများသာ လွတ်လပ်ရေးအစစ်ကို ရရှိသူများ ဖြစ်သည်။

Sunday, November 8, 2009

To Love Is To Risk

ချစ်တာဟာ စွန့်စားရတဲ့ အလုပ်ဖြစ်ပါတယ်။ ကိုယ့်ကို ပြန်ချစ်မလား? မချစ်ဘူးလား? ဆိုတာ မသေချာပဲနဲ့ ချစ်ရတာပါ။ မသေချာတာကို လုပ်တာဟာ risk ယူတာပဲ။
ချစ်တယ်ဆိုတာ မသေချာ မရေရာဆုံးကိစ္စ ဖြစ်ပါတယ်။ ကိုယ်က သူ့ကိုချစ်လို့ သူက ကိုယ့်ကိုပြန်ချစ်တယ်ပဲ ဆိုပါတော့၊ သူကလည်း ပြောင်းလဲသွားနေတဲ့သူ ကိုယ်ကလည်း ပြောင်းလဲသွားနေတဲ့သူ။
မနှစ်တုန်းက သူ့ကိုချစ်တယ် ဒီနှစ် ချစ်နေအုံးမယ် လို့ မပြောနိုင်တော့ဘူး။ တချို့ မချစ်တော့ပေမယ့် အားကိုးရလို့ ဆက်ပြီးပေါင်းနေတယ်။ ကိုယ့်အတွက်အသုံးဝင်လို့ ဆက်ပြီး ပေါင်းနေတယ်။ ကိုယ်လိုအပ်ချက် တွေကိုဖြည့်ဆည်းပေးနေလို့ ကျေးဇူးတော့တင်ပါတယ်၊ ဒါပေမယ့် တကယ်ချစ်တာတော့ မဟုတ်တော့ဘူး ။ ကျေးဇူးရှိလို့ အဖေါ်ရလို့ သံယောဇဉ်တွေရှိနေလို့ လူ့ကျင့်ဝတ်တွေရှိနေလို့ .. လို့ ... လို့ ...။
ကိုယ်အချစ်ဆုံးသူကြောင့်ပဲ စိတ်ဆင်းရဲမှု အများဆုံး ကြုံရပါတယ်။ ခွေးကလေး ကြောင်ကလေးတွေကို ချစ်ရတာတောင် သူတို့ သေတဲ့အခါ ဒါမှမဟုတ် ပျောက်သွားတဲ့အခါ စိတ်ဆင်းရဲရပါတယ်။
တစ်ခါတလေ သူတို့သေသွားရင် ကိုယ်က ပြုစုတာ လိုသွားလို့လားလို့ တွေးပြီး တစ်ဝဲလည်လည် စိတ်မကောင်းဖြစ်နေရတယ်။ နောက်ကို ဘယ်တော့မှ မမွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်မရပါဘူး။ မကြာခင် မွေးမိပြန်တယ်။ အခုတော့ ခွေးလေးတွေ ကြောင်လေးတွေက ကိုယ့်ကို သံယောဇဉ်ဖြစ်လာရင် တွယ်တာလာရင် နည်းနည်းကြောက်တယ်။ တစ်နေ့ သူတို့သေသွားမှာ အဲဒီအခါ စိတ်ဆင်းရဲရအုံးမယ်။
ချစ်မိတိုင်း စိတ်ဆင်းရဲရတယ်။ ကိုယ်ကချစ်သည်ဖြစ်စေ သူတို့ကချစ်သည်ဖြစ်စေ နည်းနည်း ကြောက်နေပြီ။ မချစ်ပဲလည်းမနေနိုင်ဘူး။ မချစ်ဘူး ဆိုပြီး နေပေမယ့် မရပါဘူး၊ နေ့တိုင်း တွေ့နေရတော့ တဖြည်းဖြည်းနဲ့ ချစ်မိသွားပြီ။ ချစ်တယ်ဆိုတာ လုပ်ယူလို့မရပါလား။
To Love Is To Risk.
 ချစ်မိပြန်ရင်လည်း ဖြစ်လာမယ့် ဒုက္ခကိုလက်ခံရတော့မယ်။ ဘယ်သူ့ကိုမှ မချစ်တော့ဘူးဆိုပြီး နေလို့လည်း မရဘူး။ ချစ်တတ်တဲ့ သဘာဝက ပါလာတော့ ချစ်လိုက်ပီလေ။ မချစ်နဲ့လို့ ပြောလို့မရဘူး။
မချစ်နဲ့ . . . မချစ်နဲ့ . . . ၊ ချစ်မိရင် စိတ်ဆင်းရဲရမယ်လို့ ပြောနေတဲ့ကြားက သူ့ဟာသူ ချစ်မိနေပြီ ။ ချစ်တာလည်း အနတ္တ ပါလား။ ကိုယ့်အလိုအတိုင်း မဖြစ်နိုင်ပါလား။ ချစ်ပါ ဆိုလို့လည်း မရ။ မချစ်ပါနဲ့ ဆိုလို့လည်း မရ။ တော်တော့ကို ဂွကျပါတယ်။
ဘယ်သားသ္မီးကမှ မွေးကတည်းက သူတို့ကို ချစ်ပါ လို့ မပြောပါဘူး။ ဒါပေမယ့်လည်း မိဘတိုင်း သည်းသည်းလှုပ် ချစ်ကြပါတယ်။ သူတို့ မမွေးခင် ဗိုက်ထဲရှိစဉ်ကတည်းက ယောင်္ကျားလေးလား မိန်းကလေးလား မသိခင်ကတည်းက ချစ်နေပါပီ။ ချစ်တာရဲ့ နောက်ဆက်တွဲ ကပ်ပါလာတာကတော့ စိုးရိမ်ပူပန်မှု ဒုက္ခပါပဲ။ မွေးလာရင် ကောင်းကောင်းမွေးပါ့မလား၊ ခြေလက်အင်္ဂါတွေ စုံပါ့မလား၊ ကျန်းမာရေးရော ကောင်းပါ့မလား စသည်ဖြင့် လားပေါင်းများစွာနဲ့ စိုးရိမ်ရပါတော့တယ်။ မွေးပြီးပြန်တော့လည်း သေးကချီးကစ ဂရုစိုက်ရပါတယ်။ မိခင်က ပိုဆိုးပါတယ်။ စားချင်တာ မစားရ ကလေးနေမကောင်းဖြစ်မှာစိုးလို့ စားတဲ့ အစားအစာတွေကို ရွေးပီးစားရပါတယ်။ ကလေးနဲ့ မတည့်ဘူး ဆိုရင် ကြိုက်လည်း မစားပဲ နေရ၊ တည့်တဲ့ အစားအသောက်ဆိုရင်လည်း မကြိုက်လည်း ကြိတ်မှိတ် စားရနဲ့  ချစ်ခြင်းရဲ့ ဒုက္ခကို ခံစားကြရပါတယ်။ ဒါပေမယ့် ဒီကလေးဟာ ကိုယ့်အပေါ် ပြန်ချစ်မယ် မချစ်မယ် ဆိုတာ မသေချာဘူးနော်....။ ဒါ risk လုပ်တာပါပဲ။ ဒီအဖြေကို ကိုယ်က အရွယ်လွန်အသက်ကြီးလို့ ကလေးပြန်ဖြစ်သွားပြီး သူတို့ လူကြီးဖြစ်တဲ့ အခါကျမှာသာ သိနိုင်တာပါ ။
နည်းနည်းကြီးလာတော့ ပညာတွေသင် ကျောင်းတွေထားနဲ့ ဒီကလေးအတွက် ကုန်ကျစားရိတ်ဟာ မိဘနှစ်ပါး အိုမင်းတဲ့အခါ  အလုပ်မလုပ်နိုင်တော့တဲ့အခါသုံးမယ့် စားရိတ်ထက် အများကြီး ပိုပါတယ်။ ဒါပေမယ့် မိဘနှစ်ပါးဟာ ဒီကလေး ကိုယ့်အပေါ် ပြန်ပီး ဂရုစိုက်မယ် မစိုက်မယ်ကို ထည့်မတွက်ပဲ မသေချာမရေရာတဲ့ ရင်းနှီးမြှုပ်နှံမှုကို စွန့်စားကြပါတယ်။ ဒါ မိဘတိုင်းလိုလိုပါပဲ။

ကိုယ့်မေတ္တာကို ပေးချင်တယ်၊ သူ့မေတ္တာကိုလည်း လိုချင်တယ်။ ဒါဟာ သတ္တ၀ါတွေရဲ့ သဘာဝပါ။ ပေးရတာလည်းကျေနပ်တယ်၊ ရတာလည်း ကျေနပ်တယ်။ ဒီတော့ ဘာလုပ်မလဲ စွန့်စားရတော့မှာပေါ့။
 Take The Risk.

လွတ်လပ်သောစိတ်(ဦးဇောတိက) မှ ထုတ်နှုတ်တင်ပြပါသည်။

QUEEN CLEOPATRA

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ရောမတိုင်းသည် ကမ္ဘာ့အနောက်ပိုင်းတွင် ကျော်စော၍ ရောမဘုရင်တို့သည် အင်ပါယာချဲ့လုပ်ငန်းကို အကြီးအကျယ် ဆောင်ရွက်နေကြလေသည်။ ခရစ်တော်မပေါ်မှီ သက္ကရာဇ်ခြောက်ဆယ်ကျော်လောက်တွင် ရောမစစ်ဘုရင်ကြီး 'ဂျူလိယက်ဆီဇာ' သည် မြေထဲပင်လယ် တိုင်းနိုင်ငံများကို လက်နက်နိုင်ငံပြုကာ ပြည်တွင်းရေး၌လည်း  ပြိုင်ဘက်ဖြစ်သော 'ပွန်ပီ' အားနှိမ်နှင်း၍ ကြီးမားကျယ်ပြန့်လှသည့် အင်ပါယာနိုင်ငံကြီးတွင် အာဏာရှင်ဖြစ်လာသည်။
ကမ္ဘာကြီးတစ်ခုလုံး ငါ့လက်အောက်ရောက်ရမည်ဟု တက်ကြွလျှက်ရှိသော ဆီဇာ သည် လက်နက်နိုင်ငံတစ်ခုဖြစ်သည့် အီဂျစ်ပြည်မြို့တော် 'အယ်လိတ်ဇင်းဒြား' သို့ရောက်လာလေသည်။ ထိုအချိန်က အီဂျစ်ပြည်တွင်းရေး ရှုပ်ထွေးနေသဖြင့် စစ်ဘုရင်ကြီးသည် မိမိ၏ အာဏာစက်အတွင်း၌ ယင်းသို့ရှုပ်ထွေးမှုမရှိစေရန် ကိုယ်တိုင် ရှင်းလင်းပေးမည်ဟူသော အကြံနှင့် ရောက်လာခြင်းဖြစ်သည်။
ှဆီဇာရောက်လာချိန်၌ ကလီယိုပက်တရာမှာ အရေးနိမ့်တောခိုနေရရှာသည်။ အီဂျစ်ဘုရင်ကြီး သြလိတိ သေလွန်ပြီးနောက် သားတော် တော်လမိနှင့် သမီးတော် ကလီယိုပက်တရာတို့ နန်းလုကြရာ သမီးတော်မှာ အရေးနိမ့်၍ တောအုံကနားသို့ ပြေးလွှားတိမ်းရှောင်နေရလေသည်။ သူ့မောင်တော် တော်လမိမှာ နှမတော်အား ဖယ်ရှားလိုက်ပြီးနောက် အီဂျစ်ပြည် ဘုရင်အဖြစ် ကျေနပ်စွာခံစားလျှက်ရှိနေသည်။
ထိုအချိန်တွင် ရောမစစ်ဘုရင်ကြီး ဂျူးလိယက်ဆီဇာ သည် အီဂျစ်ပြည်တွင်းရေးကို ရှင်းလင်းရန် ရောက်ရှိလာသည်။ ဆီဇာရောက်လာချိန်တွင် အီဂျစ်ပြည်သည် ဆောင်းဦးရာသီဖြစ်၍ မြောက်လေသွေးလျက် အေးချမ်းသာယာလှတော့သည်။ စစ်ဘုရင်ကြီးသည် နန်းတော် ဆင်ဝင်ပေါ်တွင် ထိုင်ကာနေ၀င်ချိန် မြို့တော်ရှုခင်းကို ရှုစားနေစဉ် ကိုယ်ရံတော်တစ်ယောက်သည် အူယားဖားယား ပြေ၀င်လာပြီးလျှင် စစ်ဘုရင်ကြီးအား တင်လျှောက်၏။
" အရှင် ... လဗင့်မြို့ကရောက်လာတဲ့ ကုန်သည်တစ်ဦးက အရှင့်အား ထူးဆန်း၍ ရှားပါးလှသည့် ပန်းတဉ်း ပန်းခက်များကို ပြလိုကြောင်း တောင်းပန်လာပါသည်ဘုရား "
" ဟဲ့ အဲဒီကုန်သည် ဘယ်မှာလဲ "
" နန်းတော်တံခါးဝမှာပါဘုရား၊ အစောင့်များက ၀င်ခွင့်မပြုလို့ စောင့်နေရပါတယ်ဘုရား
ဆီဇာသည် ဧကရာဇ်ဖြစ်သည့်အလျောက် အနုပညာကို အားပေးထောက်ပံ့မှုပြုရမည်ဟူသော အစွဲကို မဖျောက်နိုင်သူတစ်ဦး ဖြစ်လေရကား ထူဆန်း၍ ရတောင့်ရခဲဖြစ်သော အနုပညာပစ္စည်းများကို ကြည့်ရှုရန် အထူးလိုလားပေသည်။ ထိုပစ္စည်းများသည် အလှည့်အခွင့်သင့်ပါမူ သူ့ကြင်ယာတော် 'ကလပါနိယ' အားလက်ဆောင်အဖြစ် ပေးနိုင်ဖွယ်ရာများ ဖြစ်သည်။ ထို့ကြောင့် ဆီဇာသည် ကိုယ်ရံတော်အား ကုန်သည်ကို ၀င်ခွင့်ပေးလိုက်ရန် အမိန့်ပေးလေသည်။
အထုပ်ကြီးကို မနိုင့်တနိုင် ထမ်း၍၀င်လာသော ကုန်သည်ကြီးသည် အထုပ်ကို အသာတယချ၍ ဖြေလိုက်ရာ အထုပ်ထဲမှ ထူးခြားလှစွာသော ပန်းတဉ်း ပန်းခက်များအစား အလွန်းထူးခြား၍ စိတ်ဝင်စားဖွယ်ကောင်းလှသော ပစ္စည်းအဖိုးတန်တစ်ခု ထွက်ပေါ်လာသည်။ ထိုအဖိုးတန် ပစ္စည်းသည်ကား ဆံပင်ဖိုးရိုးဖားရားနှင့် ကျောင်းသူမကလေးသဖွယ် တဟီဟီရယ်မောလျှက် ဆီဇာရှေ့တွင် ရပ်လျှက်ရှိသော ကလီယိုပက်ထရာ ပင်ဖြစ်သည်။
အထုပ်ကိုသယ်ယူလာသော ကုန်သည်ဟန်ဆောင်သည့် လက်စွဲတော်ကြီးက ရောမစစ်ဘုရင်ကြီးအားပြုံး၍ " အရှင်မင်းကြီး ... အဖိုးအနဂ္ဃတန်သော အနုပညာပစ္စည်းဆိုသည်မှာ ဤသည်ပင် မဟုတ်ပါလော ..။" ဟုခန့်ညားစွာ လျှောက်ထားလိုက်လေသည်။

ကလီယိုပက်ထရာမှာ ယင်းသို့ ထူးထူးခြားခြား စွန့်စားပြုလုပ်တတ်ပေသည်။ ပညာတတ်၊ မာယာကြွယ်၊ ဖျတ်လတ်၍ အလှဂုဏ်တက်နေသူ ဖြစ်ရကား၊ သူ့အဖို့ လောကကြီးသည် ကျေးကျွန်အဖြစ် ပေါ်လာသည်ဟူသော မာနမျိုးမွေးမြူလေသည်။ သူသည် ကဗျာလည်း တတ်သည်။ ပန်းပဲ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းတဉ်း စသည့် အနုပညာများ၌လည် ၀င်ဆံ့တီးခေါက်မိသည်။ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေးမှစ၍ လေးနက်သော ပညာရပ်များတွင်လည်း ဗဟုသုတရှိပေသည်။
ပညာစုံသည်နှင့်အမျှ အလှဂုဏ်တက်သည်။ အလှဂုဏ်တက်သည်နှင့်အမျှ မာယာကြွယ်သည်။ အဆုံးအစမရှိသော တန်ခိုးအာဏာရရှိမှုကို အထူးလိုလားလျှက်ရှိသောကြောင့် သူသည် ထိုနေ့ညနေက စစ်ဘုရင်ကြီးရှေ့သို့ ထူးခြားဥပါယ်တံမျဉ်ဖြင့် ၀င်၍မြှူဆွယ်လေသည်။
ဆီဇာသည် ထိုညတွင်ပင်လျှင် ကလီယိုပက်ထရာ၏ အချစ်သုံ့ပန်း အဖြစ်သို့ရောက်ရရှာသည်။ ထိုအချိန်က ဆီဇာသည် အသက်ငါးဆယ်သုံးနှစ် ခန့်ရှိပြီး ဇရာပိုင်းသို့ ရောက်နေသော်လည်း ငယ်ရွယ်နုနယ်သော အလှဘုရင်မနှင့် တွေ့သောအခါ ငယ်မူပြန်ကာ စိတ်အားသန်သော ချစ်သူတစ်ဦးဖြစ်သွား လေတော့သည်။
စစ်ဘုရင်ကြီးဆီဇာသည် အချစ်သုံ့ပန်းဖြစ်သွားသည့်အခါ အီဂျစ်ပြည်တွင်းရေးကို ရှင်းလင်းသည့်အနေနှင့် လက်ရှိဘုရင်တော်လမိကို နန်းချကာ ကလီယိုပက်ထရာကို နန်းတင်လိုက်လေသည်။
ကလီယိုပထရာသည် သူ့မောင်တော် တော်လမိအား ကွပ်မျက်စေ၍ အောင်ပွဲခံသည့်အနေဖြင့် မင်္ဂလာဖောင်တော်စီးကာ နိုင်းမြစ်ရိုးတလျောက် အေးချမ်းစွာ စည်းစိမ်ခံစားကြလေသည်။ ထို့နောက် ကလီယိုပက်ထရာသည် ဆီဇာအား သံယောဇဉ်ကြိုးဖြင့် ချည်နှောင်သည့်အနေနှင့် သားတော်တစ်ပါး ဖွားမြင်ပေးလိုက်သည်။
ထိုသို့ ချစ်သူနှစ်ဦး ကြည်နူးနေချိန်ဝယ် ရောမမြို့၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်။ ဆီဇာ အာဏာရှင်ဖြစ်မည်ကို မလိုလားသူများသည် ဆီဇာအား လုပ်ကြံရန် စည်းရုံးနေကြသည်။ ဆီဇာ၏ မိတ်ဆွေရင်းနှင့် လူယုံများသည်ပင်လျှင် ကလီယိုပက်ထရာ၏ မာယာပိုက်ကွန်အတွင်း သက်ဆင်းနေသော ဆီဇာကို မကျေနပ်ကြချေ။
နောက်ဆုံး၌ ဆီဇာသည် မလွှဲသာသည့်အလျောက် ကလီယိုပက်ထရာအား ခွဲခွါပြီး ရောမမြို့တော်သို့ ပြန်လာခဲ့ရသည်။ ရောက်ပြီး မကြာမီအတွင်း၌ပင် ဆီဇာသည် ကလီယို၏သံယောဇဉ်ကြောင့် မနေနိုင်တော့ပဲ အီဂျစ်ဘုရင်မအား ရောမမြို့တော်သို့ လာရောက်စံနေပါရန် ဖိတ်ကြားလွှာ ပို့လိုက်လေသည်။ ကလီယို ရောက်လာသော် တိုင်းဘာမြစ်ကိုကျော်ဖြတ်ဆောက်လုပ်ထားသော နန်းမဆောင်ကြီးတွင် စံနေစေသည်။ သူသည် ကလီယိုအား ရောမထုံးတမ်းအတိုင်း ထိမ်းမြားမင်္ဂလာပြု၍ ဘိတ်သိတ်ပွဲဆင်ယင် ကျင်းပပေးမည်ဟု ကတိပြု၏။ သူ့အဖို့ ဧကရာဇ်အဖြစ် တိုင်းပြည်က တင်မြှောက်ရန်သာ လိုတော့သဖြင့် ကလီယိုမှာ ကြာရှည်စွာ အနိမ့်စံရတော့မည်မဟုတ်ဟု ဆီဇာက နှစ်သိမ့်စေလေသည်။
ဆီဇာအား ဧကရာဇ်တစ်ဆူအဖြစ် ခံယူရန် အားပေးအားမြှောက်ပြုနေသူ ကလီယိုမှာ ဆီဇာ ဧကရာဇ်ဖြစ်လာလျှင် သူသည် ဧကရီမိဖုရားကြီးဖြစ်မည်။ နောင်မကြာမှီပင်လျှင် ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ရသော ဧကရီဘုရင်မကြီးဖြစ်နိုင်မည်ဟူသော အတွေးတို့ဖြင့် ပီတိဖြစ်နေလေသည်။
သက်ကျားအိုဆီဇာမှာ ကလီယို၏ စေခိုင်းရာသို့ မသွေမဖယ် ဆောင်ရွက်ပေးရှာသည်။ သူနှင့် ကလီယိုတို့အတွက် ဘုရားကျောင်းဆောင်များ တည်ဆောက်စေပြီး ဘုရားတစ်ဆူအသွင် ကိုးကွယ်ကြရန် အမိန့်ပေးလေသည်။
ထိုသို့ မဖွယ်မရာဖြစ်နေသော သက်ကျားအိုအာဏာရှင်နှင့် အလှဘုရင်မကလီယိုတို့အား ရောမပညာရှိများနှင့် အထက်ပိုင်း စစ်သူကြီးများက အထူးပင် မုန်းတီး စစ်ဆုပ်ကြကုန်၏။ ထိုသို့ မုန်းတီးခြင်းက ဆီဇာအား ပျက်စီးရာလမ်းသို့ အဆောတလျင် ပို့ဆောင်လျှက်ရှိပေသည်။
ဆီဇာ၏ အာဏာအလွဲသုံးစားမှုကြောင့် တိုင်းပြည်လူထုမှာ အထင်မှားကာ သူ့အား ဧကရာဇ်အဖြစ် သရဖူဆောင်း၍ ဘိတ်သိက်ခံယူစေခွင့် ပြုသည့် အခြေသို့ဆိုက်ရောက်သွားပေတော့သည်။ မတ်လ ၁၅ ရက်နေ့ ဘုရားပွဲတော်ကြီးကျင်းပရာဝယ် ဧကရာဇ်မင်းအဖြစ် ဘိတ်သိက်သွန်းလောင်းရန် စီစဉ်ထားကြလေသည်။
ကလီယိုသည် ဆီဇာ ဧကရာဇ်ဖြစ်မည့်အရေးကို တွေးကာ စောင့်မျှော်စိတ်တက်ကြွနေသည်။ ထိုရက်တွင် အထက်လွှတ်တော်သို့ ကြွမြန်းသွားသော ဆီဇာထံမှ သတင်းကောင်းကို စောင့်မျှော်နေလေသည်။ ညနေစောင်းတွင် သူစောင့်မျှော်နေသော သတင်းအစား အာဏာရှင်ဆီဇာအား ဧကရာဇ်သရဖူ အစား နှစ်ဆယ့်သုံးချက်သောဓားဒဏ်ရာတို့ဖြင့် တမလွန်သို့ ရောက်ရှိသွားပြီ ဆိုသော သတင်းသာရောက်ရှိလာသည်။
အကြံပျက်၍ အခြေမလှသော ကလီယိုသည် ကပျာကယာနှင့်ပင် အီဂျစ်ပြည်သို့ ကြွမြန်းရရှာတော့သည်။

အကြံပျက်သော်လည်း လက်မလျှော့သော ကလီယိုသည် ဆီဇာကွယ်လွန်သည်နှင့် နောက်တက်လာသောဗိုလ်ဖြစ်သည့် မာခ်အန်ထော်နီ အား ဖမ်းရန် ကြိုးပမ်းပြန်တော့သည်။ အန်ထောနီမှာ ဆီဇာကဲ့သို့ မဟုတ်ပဲ ငယ်ရွယ်သန်မာသူဖြစ်သည်။ ဧကရီမိဖုရားဖြစ်၍ ဘိသိက်အသွန်းခံရပါမူ မည်သူနှင့် ယှဉ်တွဲ၍ အသွန်းခံရသည်ဖြစ်စေ ကျေနပ်ဖွယ်သာဖြစ်သည်ဟူသော ခံယူချက်ရှိသူ ကလီယိုသည် အန်ထော်နီကို အချစ်သုံ့ပန်းဖြစ်စေပြန်တော့သည်။
အန်ထော်နီသည် ဆီဇာ၏တူတော် အောက်တေဗျ နှင့် လက်ပိဒတို့နှင့်တွဲဖက်၍ ရောမတိုင်းနိုင်ငံကို အာဏာရှင်သုံးဦးအဖြစ် စိုးမိုးအုပ်ချုပ်လေသည်။ ဆီဇာအား လုပ်ကြံပြီးနောက် ရောမတိုင်းတွင် ပြည်တွင်းစစ်ကြီးဖြစ်လေရာ လုပ်ကြံသူများသည် နောက်ဆုံး အရေးနိမ့်၍ ဤသုံးဦးမှာ အာဏာရကြလေတော့သည်။
အန်ထောနီသည် သေနာပတိဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် အရှေ့တိုင်းလက်နက်နိုင်ငံများသို့ သွားရောက်ကြည့်ရှုရသည်။ ထိုသို့ နိုင်ငံလှည့်ခိုက် ကလီယို၏ မြှုံးအတွင်းသို့ ကျရောက်လေတော့သည်။ အန်ထော်နီသည် အာဏာပိုင်တစ်ဦးအနေဖြင့် အီဂျစ်ပြည်သို့ ရောက်လျှင်ပင် ဘုရင်မ ကလီယိုအား ဆင့်ခေါ်လိုက်လေသည်။ ကလီယိုက "တွေ့ချင်လျှင်၊ ကျွန်မထံသို့ ကြွခဲ့ပါ " ဟုဖိတ်ခေါ်လိုက်သည်။ အန်ထော်နီလည်း ဘုရင်မ၏ ဖိတ်ခေါ်ချက်ကို လက်ခံ၍ နန်းတော်သို့သွားလေရာ ချက်ချင်းပင် နတ်ဘုံနတ်နန်းသို့ ရောက်သွာသည်ဟု ထင်ယောင်မိတော့သည်။ သာယာငြိမ့်ညောင်းသော တေးသံများကြားတွင် သိမ်မွေ့စွာ သွားလာ၍ အသုံးတော်ခံနေသည့် နတ်မိမယ်ကလေးများကို မြင်တွေ့ရသော စစ်သားလူကြမ်းကြီးသည် ကလီယိုအား အာဏာသံပြင်းပြင်းနှင့် လက်အောက်ခံဘုရင်ကို ကြိမ်းမောင်းမည့် လေသံများပျောက်ကာ ကလီယို၏ ရင်ခွင်တွင်းသို့ သက်ဆင်းရရှာလေတော့သည်။
အန်ထော်နီအားအောင်နိုင်ပြီးနောက် သုံးဦးစပ် အာဏာပိုင်မှုကို မလိုလားပဲ အန်ထော်နီက ကျန်အာဏာပိုင်နှစ်ဦးကို တွန်းထုတ်သုတ်သင်ရန် တိုက်တွန်းတော့သည်။ ကျန်နှစ်ဦးအနက် လက်ပိဒမှာ မမှုလောက်သော်လည်း ဆီဇာ၏တူတော်သူ အောက်တေဗျ မှာ အတော်အရေးကြီးသူ ဖြစ်လေသည်။ ထိုသို့ စီစဉ်နေစဉ်တွင် အောက်တေဗျက အန်ထော်နီသည် အီဂျစ်မာယာသည်အား ရောမပြည်ကြီးကိုရောင်းစားနေသည်ဟူသော စွပ်စွဲချက်ဖြင့် ရောမလွှတ်တော်၏ခွင့်ပြုချက်ရယူကာ အီဂျစ်ပြည်ရှိ အန်ထော်နီအားတိုက်ရန် ရေတပ်နှင့် ကိုယ်တိုင်ချီတက်လေတော့သည်။
အန်ထောနီသည် အောက်တေဗျကို အထင်သေးသည့်အလျှောက် ပဏာမ အောင်ပွဲပင်ခံကာ အီဂျစ်ရေတပ်နှင့် ခံတိုက်ရန်စောင့်နေသည်။ တကယ်တန်းတိုက်ကြသောအခါ အီဂျစ်ရေတပ်ရှုံးနိမ့်ကာ အန်ထော်နီကိုယ်တိုင် သုံ့ပန်းဖြစ်ရရှာလေသည်။
အန်ထောနီ၏ကံဇာတာကုန်ခမ်းသော်လည်း မိမိ၏ကံဇာတာမကုန်နိုင်သေးဟု အထင်ကြီးရှာသော ကလီယိုသည် အောက်တေဗျအား ချစ်သုံ့ပန်း အဖြစ်ဖမ်းယူရန် အစဉ်အလာအတိုင်း ကြိုးစားပြန်သည်။ သို့သော် အောက်တေဗျသည် သူ၏ကာမပိုက်ကွန်အတွင်း မကျရောက်တော့ပေ။ သူ့အား ရောမမြို့သို့ ခေါ်သွားရန်ကား သဘောတူ၏။ သို့သော် ဘုရင်မတစ်ပါးအနေနှင့် မဟုတ်ပဲ ကျေးကျွန်သုံ့ပန်းအဖြစ်သာ ခေါ်သွားတော့သည်။
နောက်ဆုံးတွင် ကလီယိုသည် အောက်တေဗျကဲ့သို့ မြွေဟောက်နှင့်တူသူ၏ လက်တွင်းသို့ ကျရောက်ရမည့်အစား သူကိုယ့်သူ မြွှေဟောက် အပေါက်သတ်ခံကာ အဆုံးစီရင်လိုက်လေသည်။
 မြွေဟောက်နှင့်တူသော အလှဘုရင်မသည် မြွေဟောက်နှင့်ပင် ဘ၀အဆုံးသတ်သွားရသည်။

တက်တိုး၏ ကမ္ဘာ့ဆိုးပေကြီးများ မှ တင်ပြပါသည်။

Friday, November 6, 2009

windows 7

Windows 7 ကို ထွက်လာတယ်ဆိုကတည်းက သုံးချင်နေခဲ့တာပါ။ ကိုညီနေမင်း ရဲ့ ကျေးဇူးကြောင့် ခုတော့သုံးခွင့်ရခဲ့ပါတယ်။ Ultimate version ပါပဲ။ 32bit version ပါပဲ။
မိုက်ကရိုဆောဖ့်ရဲ့ ထူးခြားပြောင်မြောက်တဲ့ လက်ရာလို့ပြောနိုင်ပါတယ်။ ခုထွက်လာတဲ့ Windows 7 ဟာ Windows Vista ထက် သုံးလို့ ပိုပီး အဆင်ပြေတာတွေ့ရပါတယ်။ Vista ပေါ်ကာစက သုံးကြည့်ပေမယ့် အဆင်မပြေတာများလို့ Windows XP ကိုပဲ ပြန်သုံးကြတာ များပါတယ်။ အခု Windows 7 ကိုတော့ တော်တော်များများ လက်ခံကြမယ်လို့ ထင်ပါတယ်။ Windows 7 မှာလည်း 32bit နဲ့သုံးမျိုး  64bit နဲ့တစ်မျိုး ထုတ်တာတွေ့ရပါတယ်။
Home Premium
Professional
Ultimate
64-bit editions
ဆိုပြီး လေးမျိုးခွဲထုတ်ပါတယ်။
ဒါ့အပြင်Windows 7 ကိုတင်ချင်ရင်တော့ ကိုယ့်စက်ရဲ့ လိုအပ်ချက်တွေကတော့ -

CPU - 1GHz နဲ့ အထက် လိုအပ်ပါတယ်။ ဒါ 32bit အတွက်ပါ။ 64bit စနစ်ကိုသုံးမယ်ဆိုရင် ဒီထက်မြင့်ဖို့ လိုအပ်တယ်လို့ miscrosoft ကပြောပါတယ်။
memmory 1GB နဲ့ အထက်လိုအပ်ပါတယ်။ 32bit အတွက် တော့ 1GB လုံလောက်တယ်လို့ပြောပေမယ့် 64bit သုံးမယ်ဆိုရင်တော့ မရပါဘူး 2GB နဲ့ အထက်လိုမှာပါ။
ဟာ့ဒက်စ် ကတော့ 32bit အတွက် 16GB နဲ့ 64bit အတွက် 20GB အနည်းဆုံးရှိတဲ့ ဟာ့ဒက်စ် လိုပါမယ်။
Graphics ပိုင်းအတွက်ကတော့ WDDM 1.0 နဲ့ DriectX 9 နဲ့ အထက် အထောက်အပံ့ပေးတဲ့ ကဒ်များလိုအပ်ပါမယ်။ Graphics ပိုင်းမှာ တော့ nVidia ထုတ် ကဒ်တွေက အဆင်ပြေပါတယ်။ ATI ထုတ်ကဒ်တွေက အဆင်မပြေတာများပါတယ်။
Gammer တွေအတွက်ကတော့ ပိုပီး အဆင်ပြေမယ့် Operation System တစ်ခုပါပဲ။
နောက် တစ်ခုကောင်းတာက touch screen အထောက်အပံ့ပေးပါတယ်။

search 7 second (Find your files wherever they're hiding)
shake 7 second (Clear away excess windows with a flick of your mouse)
snap 7 second (A simpler way to compare two open windows.)
HomeGroup 7 second (Access your stuff with a just a couple of clicks)
Faster Wake-up 7 second (The speed you need—to get back to work)
Parental Controls 7 second (Take control of what your kids can do on your PC.)
Live Taskbar Preview 7 second (Cut through the clutter and find the window you need.)

အဲဒီလို အချက် ခုနစ်ချက်ကြောင့် Windows 7 လို့ခေါ်တာပါလို့ miscorsoft ကပြောပါတယ်။
(ဒါတော့ နည်းနည်းကြွားတာပါ။ လက်တွေ့မှာတော့ ခုနစ်စက္ကန့်နဲ့ ဖိုင်တွေရှာတာ အကုန်လုံးမရပါဘူး။ :Pင်္)
လောလောဆယ်တော့ ဂရပ်ဖစ်ကဒ်တွေနဲ့ပတ်သက်လို့ အဆင်ပြေမှု မပြေမှုကို ရှာတွေ့သလောက် တင်ပြပါမယ်။ အဓိက Graphics Chip ကုမ္ပဏီနှစ်ခုရှိရာမှာ nVidia ကဒ်တွေနဲ့က အဆင်ပြေတာ တွေ့ရပါတယ်။ ATI Chip ကဒ်တွေကတော့ တော်တော်များများ အဆင်မပြေပါဘူး။
အဆင်မပြေတဲ့စာရင်းကိုအောက်မှာ ရေးထားပါတယ်။
ATI All-In-Wonder Radeon X1900 PCI-E GDDR3 256MB Graphics Card
ATI Radeon X700 Pro AGP GDDR3 256MB Graphics Card
ATI Radeon X1950 PRO GDDR4 256MB Graphics Card
ATI Radeon X1900 XTX PCI-E GDDR3 5126MB Graphics Card
ATI Radeon 9550 AGP DDR 256MB Graphics Card
ATI Radeon X1600 PRP AGP 512MB Graphics Card
ATI Radeon X700 RRO RRO PCI-I DDR3 256MB Graphics Card
ATI Radeon x1650 pro AGP GDDR2 512MB Graphics Card
ATI Radeon x1300 pro AGP GDDR2 256MB Graphics Card
ATI All-In-Wonder 2006 Radeon X1300 PCI-Express DDR 256MB Graphics Card
ATI X-1900 GT GDDR3 256MB Graphics Card
ATI ALL-In-Wonder Radeon X800 XT 256MB Graphics Card
ATI Radeon 9250 DDR 256MB Graphics Card
ATI Radeon X1300 PRO PCI Express DDR2 256MB Graphics Card
ATI Radeon X850 AGP DDR3 256MB Graphics Card
ATI Radeon X800 XL 256MB Graphics Card
ATI All-In-Wonder 2006 Edition Radeon 9600 DDR 256MB Graphics Card
ATI Radeon X1650 PRO PCI-E GDDR2 512MB Graphics Card
ATI ALL-IN-WONDER X600 PRO 256MB Graphics Card
ATI All-In-Wonder X800 XL 256MB Graphics Card
ATI Radeon 9500 PRO 128MB Graphics Card
ATI Radeon 9600 128MB Graphics Card
ATI Radeon 9600SE 128MB Graphics Card
ATI Radeon 9600 XT 128MB Graphics Card
ATI Radeon 9600 XT 256MB Graphics Card
ATI Radeon 9700 128MB Graphics Card
ATI Radeon 9800 128MB Graphics Card
ATI Radeon 9800 PRO 128MB Graphics Card
ATI Radeon 9800 PRO 256MB Graphics Card
ATI Radeon 9800 PRO Mac Edition 128MB Graphics Card
ATI Radeon 9800 PRO Mac Special Edition 256MB Graphics Card
ATI Radeon 9800 XT 256MB Graphics Card
ATI Radeon X1300 256MB Graphics Card
ATI Radeon X1600 Pro 256MB Graphics Card
ATI Radeon X1800 Crossfire Edition 256MB Graphics Card
ATI Radeon X1800 GTO 256MB Graphics Card
ATI Radeon X1800 XL 256MB Graphics Card
ATI Radeon X1800 XT 512MB Graphics Card
ATI Radeon X1900 Crossfire Edition 512MB Graphics Card
ATI Radeon X1950 Crossfire Edition 512MB Graphics Card
ATI Radeon X1950 PRO XTX 512MB Graphics Card
ATI Radeon X700 XT Graphics Card
ATI Radeon X800 Pro 256MB Graphics Card
ATI Radeon X850 CrossFire Edition 256MB Graphics Card
ATI Radeon X850 XT 256MB Graphics Card
ATI Radeon X850 XT Crossfire Edition 256MB Graphics Card
ATI Radeon X850 XT Platinum Edition 256MB Garphics Card
ATI Radeon X800 XT Platinum Edition 256MB Garphics Card
ATI TV WONDER ELITE PCI TV Tunner Card
ATI Radeon 9600 Pro PC&Mac Edition 256MB Graphics Card
ATI Radeon X1300 Pro 256MB Graphics Card
ATI Radeon X1650 Pro 512MB Garphics Card
ATI Radeon X700 Pro 256MB Garphics Card
ATI Radeon Xpress 1200 Series Garphics Card
ATI Wonder 200 PCI TV Tunner Card
ATI TV Wonder PRO Video Capture Edition PCI TV Tunner Card
ATI TV Wonder 550 PCI TV Tunner Card
ATI TV Wonder 200 USB 2.0 USB TV Tunner Card
ATI Wonder Digital Cable TV Tunner Card

ဒါတွေကတော့ 32bit နဲ့ အဆင်မပြေတဲ့ကဒ်တွေမပါ။ 64bit အတွက်သိချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။
ဆက်လက်လေ့လာပါဦးမယ်။ သိရသမျှ ဆက်လက်ဖေါ်ပြပေးပါမယ်။

မှန်တာပြောရင် သစ္စာ

အကြောင်းအရာတစ်ခုသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မှားလျှင်မှားသည့်အတိုင်း ဆိုးလျှင်လည်းဆိုးသည့်အတိုင်း ပြောဆိုတိုင်တည်လျှင် သစ္စာမည်၏။ အဓိကအချက်မှာ လိမ်ညာခြင်း မဖြစ်ဖို့လိုသည်။

သစ္စာ [သတျ] (သတ်+ယ) (န) ထင်ရှားယှိခြင်း ။ အမှန် ။ မှန်ခြင်း။ မှန်သောစကား။ သစ္စာတရား။
      (တိ) မှန်သည်။ ဟုတ်မှန်သည်။ မဖောက်ပြန်သည်။

ဟုအဘိဓာန်တွင် ဖွင့်ဆိုထားပေသည်။

ထို့ကြောင့် မလိမ်မညာမှန်တာပြောပါက သစ္စာဟု ဆိုပေသည်။ ကောင်းသည် ဆိုးသည် ပဓာနမဟုတ်ပေ။
အမှန်အတိုင်းပြောဆို သစ္စာပြုသောကြောင့် သူငယ်တစ်ယောက် အသက်မသေ ချမ်းသာယာရဖူးခဲ့သည်။

တစ်ခါက ရသေ့တစ်ဦသည် ဥယျာဉ်တစ်ခု၌ ကျောင်းဆောက်ကာ သီတင်းသုံးနေထိုင်၏။ မိတ်ဆွေ ဒကာတစ်ဦးသည် ဇနီးနှင့်သားငယ်ကိုခေါ်၍ ရသေ့ထံရောက်လာကာ လှူဖွယ်တို့ကို ပေးလှူ၏။ ရသေ့နှင့် ဇနီးမောင်နှံ စကားလက်ဆုံကျနေခိုက် သားငယ်သည် ကျောင်းအောက် မြေတလင်းတွင် ဂျင်ပေါက်ကာ ဆော့ကစားနေသည်။ ကစားနေစဉ် ဂျင်သည်တောင်ပို့တွင်းသို့ကျသွားလေသည်။ သူငယ်သည် ဂျင်ပြန်ရလိုဇောနှင့် တောင်ပို့တွင်းသို့ လက်ဖြင့်နှိုက်ရာ တွင်းမှမြွေကိုက်ခံရသောကြောင့် အဆိပ်မွှန်ပြီး မေ့မြောလေ၏။
မိဘနှစ်ပါးသည် ကလေးကိုပွေ့၍ ရသေ့ထံခေါ်သွားပြီး မြွေဆိပ်ပြယ်စေရန် ကုသပေးပါဟု တောင်းပန်၏။ ရသေ့လည်း ဆေးဝါးမကျွမ်းကျင် ဒုက္ခရောက်နေ၏။ နောက်မှ အကြံရကာ သစ္စာဆိုလေ၏။
  " ငါသည်ရသေ့ဝတ်ခဲ့သည်မှာ အနှစ်(၅၀)ကျော်ခဲ့ပါပြီ၊ ရသေ့ဝတ်ခါစ ခုနစ်ရက်မှသာ ပျော်ပိုက်၍ တရားအားထုတ်ခဲ့သည်။ ခုနစ်ရက်မှ ယခုအချိန်အထိ မပျော်ပိုက်သော်လည်း အောင့်အည်းသည်းခံ၍ နေခဲ့၏။ မပျော်ပိုက်သည်ကို မပျော်ပိုက်ပါဟူ၍ မည်သူ့အားမျှ မပြောကြားခဲ့ပါ။ ဤမှန်သော သစ္စာစကားကြောင့် ကလေး၏ရောဂါသည် အမြန်ပျောက်ကင်းပါစေ . . .။ "
ဤသို့ ရသေ့သစ္စာဆိုလိုက်သည်နှင့်တပြိုင်နက် ကလေးငယ်သည် မျက်လုံးကလေးဖွင့်၍ "အမေ" ဟုနှုတ်မှ ခေါ်လေ၏။ ရင်ဘတ်အထက်ပိုင်းရှိ အဆိပ်တို့သည် အောက်သို့လျောကျလာသောကြောင့် အနည်းငယ် သက်သာလာစပြုလေ၏။
တဖန် ဖခင်သည်လည်း ရင်သွေးငယ်၏ အဆိပ်ပြယ်စေရေးအတွက် -
" အကျွန်ုပ်သည် အလှူးပေးခြင်းကို လုံးဝ မနှစ်သက်ပါ။ အကျွန်ုပ်အိမ်သို့ အလှူခံပုဂ္ဂိုလ်များ လာသည်ကိုလည်း မကြိုက်ပါ။ ယင်းသို့မကြိုက်သော်လည်း နှမြောဝန်တို၍ ကပ်စေနည်းသူအဖြစ် တခြားသူများမရိပ်မိအောင် အစဉ်အလာမပျက် ပေးလှူခဲ့ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် သားလေး၏အဆိပ်သည် အမြန်ပျောက်ကင်းပါစေ . . .။ "
ဟု ဖခင်သစ္စာဆိုလိုက်သည်နှင့် ခါးအထက်ပိုင်းရှိ အဆိပ်တို့သည် အောက်သို့ လျောကျလာသောကြောင့် ကလေးငယ်သည် အိပ်ရာမှ ထ၍ထိုင်လေ၏။
ထို့ပြင်မိခင်ဖြစ်သူလည်း ရင်သွေးငယ်၏ရောဂါ ပျောက်ကင်းရေးအတွက် -
" ချစ်စွာသောသားငယ် - အမေသည် သင်၏အဖေနှင့် ဤမြွေဆိုးကြီးကို လုံးဝ မချစ်ရိုးအမှန်ပါ။ ထပ်တူထပ်မျှ ရွံမုန်းလှပါ၏။ သင်၏အဖေနှင့် ဤမြွေဆိုးကြီးအပေါ်ထားရှိသော စိတ်ဓာတ်တို့မှာ အတူတူပင်ဖြစ်ပါ၏။ သင်၏အဖေ အိပ်ဦးနတ်အပေါ် ၀မ်းတွင်းကမချစ်သော်လည်း ဆွေမျိုးမိဘ အရှက်မရစေလိုသောကြောင့် ယနေ့ထိ အောင့်အည်းသည်းခံ ပေါင်းသင်းခဲ့ပါ၏။ ဤမှန်သော သစ္စာစကားကြောင့် သားငယ်၏ရောဂါသည် ပျောက်ကင်းပါစေ . . .။ "
ဤသို့ အမိ၏ သစ္စာစကားဆုံးသည်နှင့် တပြိုင်နက် ကလေးငယ်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ရှိသောအဆိပ် တို့သည် လျောကျပျောက်ကင်းပြီး ပကတိအတိုင်း ကျန်းမာ လန်းဆန်း၍ ဆော့ကစားလေ၏။
ဤကား လိမ်လည်မုသားကင်း၍ (မုသာဝါဒ၀ိရတီ) သုစရိုတ်အကျိုးတည်း။

ထိုဖြစ်ရပ်တွင် အမှန်တရားဟူသည် လွန်စွာခါးသီးလွန်းသည် ဆိုသော စကားရပ်နှင့် ကိုက်ညီနေသည်ကို တွေ့ရပေသည်။ ရသေ့ ၊ ဖခင်၊ မိခင် တို့သည် သူတို့ တသက်လုံး ထိန်းသိမ်းလာသည့် သူတို့၏ အရှက်နှင့် သိက္ခာကို ကလေး၏ အသက်နှင့် လဲလှယ်လိုက်ကြခြင်းဖြစ်သည်။ သူတို့ ပြုသော သစ္စာစကားများသည် ကောင်းသည့်အရာများမပါစေကာမူ မှန်နေသောကြောင့် သစ္စာ၏သတ္တိစူးရောက်ကာ အဆိပ်ပြယ်သွားခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့ အမှန်ကို အမှန်အတိုင်းပြောဆိုနိုင်ခြင်းသည် လူသာမာန်တို့ သာမာန်အချိန်တွင် မတတ်နိုင်ချေ။  ထိုသူသုံးယောက်သည်ပင်လျှင် ကလေးငယ်၏အသက် နှင့်ယှဉ်သည်ဖြစ်နေသောကြောင့် မိမိတို့ ဖုံးကွယ် ထားသည်များကို ဖွင့်ချပြောရန် ခွန်အားသတ္တိများ ဖြစ်လာကြသည်ဖြစ်သည်။

ကျွန်ုပ်တို့ရော အရေးကြုံလာလျှင် ထိုကဲ့သို့ သတ္တိကောင်းစွာ သစ္စာပြုရဲကြပါမည်လော?

(ဒသကနိပါတ်၊ ကဏှဒီပါယနဇာတ်၊ အဋ္ဌကထာ) မှထုတ်နှုတ်တင်ပြပါသည်။

Tuesday, November 3, 2009

စိတ်ဝင်စားဖွယ် အကျိုးများ

(က) မေတ္တာပို့သခြင်းအကျိုး
၁။ ချမ်းသာစွာအိပ်ရခြင်း
၂။ ချမ်းသာစွာနိုးထရခြင်း
၃။ အိပ်မက်ဆိုးကို မမြင်မက်ခြင်း
၎။ နတ်တို့က စောင့်ရှောက်ခြင်း
၅။ လူအများ ချစ်ခင်ခြင်း
၆။ မီးဘေး မသင့်နိုင်ခြင်း
၇။ အဆိပ်၊ လက်နက် မသင့်ရောက်နိုင်ခြင်း
၈။ စိတ်တည်ကြည်ခြင်း
၉။ မျက်နှာကြည်လင်ခြင်း
၁၀။ တွေဝေစွာ မသေရခြင်း
၁၁။ သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း
ဟူ၍ မေတ္တာပို့သခြင်း၏အကျိုး ဆယ်တစ်မျိုးရှိကြောင်း မှတ်သားရပါသည်။

(ခ) ဆွမ်းကပ်လှူရခြင်းအကျိုး
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ကိုယ်စိတ်ချမ်းသာခြင်း
၎။ ခွန်အားဗလ ကြီးမားခြင်း
၅။ ဉာဏ်ပညာ ကြီးမားခြင်း
ဟူ၍ ဆွမ်းအကျိုးငါးမျိုး ပြဆိုထားပါသည်။

(ဂ) ရေချမ်းကပ်လှူရခြင်းအကျိုး
၁။ လျင်မြန်ခြင်း
၂။ သန့်ရှင်းစင်ကြယ်ခြင်း
၃။ ကျော်ကြား လူသိများခြင်း
၎။ ဆာလောင်မွတ်သိပ်မှု ကင်းခြင်း
၅။ အခြွေအရံများခြင်း
၆။ အသက်ရှည်ခြင်း
၇။ အဆင်းလှခြင်း
၈။ ချမ်းသာကြီးခြင်း
၉။ ခွန်အားဗလ ကြီးခြင်း
၁၀။ ဉာဏ်ပညာကြီးများခြင်း
ဟူ၍  သူတစ်ပါးအား ရေ ပေးကမ်းလှူဒါန်းရခြင်းကြောင့် ဆယ်ပါးသောအကျိုးပြန်ရပါသည်။

(ဃ) ပန်းလှူဒါန်းရခြင်းအကျိုး
၁။ ရုပ်ရည်လှပခြင်း
၂။ ကိုယ်ခန္ဓာသန့်ရှင်းခြင်း
၃။ ခံတွင်းမွှေးကြိုင်ခြင်း
ဆိုသော အချက်သုံးချက်မှာ သူတစ်ပါးအား ပန်း ၊ အမွှေးအကြိုင်လှူဒါန်းပေးကမ်းပါကရရှိနိုင်ပါကြောင်း ..။

(င) ဆီမီးလှူရခြင်းအကျိုး
၁။ ပကတိ မျက်စိကြည်လင်ခြင်း
၂။ ဉာဏ်(မျက်စိ) ကြည်လင်ခြင်း (၀ါ) ဉာဏ်ကောင်းခြင်း
ဆိုသော အကျိုးနှစ်ပါးကို ဆီမီး၊ လျှပ်စစ်မီး စသည့် အလင်းရောင်ကို လှူဒါန်းပါကရရှိနိုင်ပါသည်။

ထိုသို့ သူတစ်ပါးအား ပေးကမ်းလှူဒါန်းရာတွင် အလှူခံပုဂ္ဂိုလ်၏ အရည်အချင်း (သီလ၊ သမာဓိ၊ ပညာ) ပေါ်မူတည်၍ ရရှိသော အကျိုး တန်ပြန်အဆ ကွားခြားပေသည်။
ထိုသို့ ပေးကမ်းစွန့်ကျဲရာတွင် ဖြစ်ပေါ်သော စိတ်စေတနာဇော ပေါ်မူတည်၍ အကျိုးပေးရာ အချိန်ကာလ သည်လည်းကွားခြားပေမည်။
သို့ရာတွင် တချိန်ချိန် တော့ အကျိုးပေမည်မှာတော့သေချာပါသည်။

Monday, November 2, 2009

မိတ်ဆွေတု

မိတ်ဆွေတု လေးယောက်ရှိသည်။
၁။ ယူသာ ယူတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတု ။
 (အညဒတ္ထဟရ မိတ်ဆွေတု)
၂။ နှုတ်မျှဖြင့်သာလျှင် (လောကွက်) ပေးတတ်သော၊ ဖောရှောလုပ်တတ်သော မိတ်ဆွေတု ။
 (၀စီပရမ မိတ်ဆွေတု)
၃။ အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု ။
 (အနုပ္ပိယဘာဏီ မိတ်ဆွေတု)
၎။ ပျက်စီးကြောင်း၌ အပေါင်းအဖေါ်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သည့်မိတ်ဆွေတု ။
 (အပါယသဟာယ မိတ်ဆွေတု)

၁။ အညဒတ္ထုဟရ မိတ်ဆွေတု
(က) ယူသာ ယူတတ်၏ ။
(ခ) အနည်းငယ်သာ ပေး၍ ကိုယ့်ဆီမှ များများလိုချင်၏ ။
(ဂ) သူကိုယ်တိုင် ဘေးအန္တရယ်ဖြစ်မှ  မိမိကိစ္စကို ပြုလုပ်ပေးတတ်၏ ။
(ဃ) သူ့အကျိုးစီးပွား အတွက်သာ ပေါင်းသင်းတတ်၏ ။
ထိုလေးပါးသော အကြောင်းတို့ဖြင့် ယူသာယူတတ်သော မိတ်ဆွေတုဟု သိအပ်သည်။

လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ
ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှာ၊ မှီလာပေါင်းယှဉ်၊
လေးယောက်စဉ်ကား ၊ အညဒတ္ထုဟရတည်း။   (ဆရာတော်ဦးဗုဓ်)

၂။ ၀စီပရမ မိတ်ဆွေတု
နှုတ်ဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု ...
(က) လွန်ပြီးသောအကြောင်းအရာဖြင့် ချီးမွမ်း၏။
(ခ) မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမွမ်း၏။
(ဂ) အချည်းနှီး လောကွက်မျှဖြင့် ချီးမွမ်း၏။
(ဃ) ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကိုပြသ၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
(မနှစ်က ခင်ဗျားမလာဘူးဗျာ ၊ ကျုပ်တို့မှာ အလုပ်အကိုင် အဆင်ပြေတယ်။
စသည်ဖြင့် လွန်ပြီးသည့် အကြောင်းအရာဖြင့် ချီးမြှောက်၏။ ရှေ့လမှာ
ကောက်စပါးသစ်ပေါ်လိမ့်မယ်။ ခင်ဗျားလာဖြစ်အောင် လာခဲ့ပါ။ စသည်ြ့ဖင့်
မဖြစ်သေးသည့်အကြောင်းအရာဖြင့် ချီးမြှောက်၏။
ကားလေး တစ်ခေါက်လောက် ကူညီပါဟု တောင်းခံလာသောအခါ
`ကားပျက်နေတယ် `ဟု ဖြစ်ဆဲ ပစ္စုပ္ပန်ကိစ္စတို့၌ ပျက်စီးခြင်းကို ပြသ၏ ။)

ရှေ့ဖြင့်စေ့စပ် ၊ တထပ်နောက်မှီး ၊ ချည်းနှီး သဂြို င်္ဟ်၊ ပေးလိုစဟန်၊
ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား ၊ မှတ်သား ၀စီပရမတည်း။ (ဆရာတော်ဦးဗုဓ်)

(၃)  အနုပ္ပီယဘာဏီ မိတ်ဆွေတု
ကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု။
(က) ထိုသူအား အကောင်းမှုကိုလည်း ခွင့်ပြု၏။
(ခ) ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏။
(ဂ) ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကိုဆို၏။
(ဃ) ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကိုဆို၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် အကြိုက်ကိုလိုက်၍ ပြောတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကိုသိအပ်၏ ။
မကောင်းခွင့်ပြု ၊ ကောင်းမှုကိုလျှင် ၊ ဆင်ခြင်မရှု ၊ ခွင့်ပြုသည်ပင် ၊ ရှေ့တွင်ချီးမွမ်း ၊
ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့မြင်သည် ၊ လေးအင် ပိယဘာဏီတည်း။ (ဆရာတော်ဦးဗုဓ်)

(၄) အပါယသဟာယ မိတ်ဆွေတု
ပျက်စီးကြောင်း၌ အပေါင်းအဖေါ်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု ။
(က) သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
(ခ) အခါမဲ့ ခရီးသွားလာခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
(ဂ) ပွဲလမ်းသဘင်ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
(ဃ) လောင်းကစားခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖေါ်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွတုကိုသိအပ်၏။
သောက်ထုပ်သေရက် ၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊ လေးရပ်မှာပင် ၊
တကွထင်သည် ၊ လေးအင် အပါယ်သဟဲတည်း။ (ဆရာတော်ဦးဗုဓ်)

မြတ်စွာဘုရား သိင်္ဂါလသတို့သားအား ဟောကြားသော လောကကြီးပွားကြောင်း တရားဖြစ်သည့်
သိင်္ဂါလောဝါဒသုတ္တန် မှ ထုတ်နှုတ်ဖေါ်ပြပါသည်။
သင်တို့ မိတ်ဆွေများတွင်ရော.............ဘယ်နှစ်ယောက် စစ်ပါသလဲ ??????????