Sunday, November 8, 2009

To Love Is To Risk

ချစ်တာဟာ စွန့်စားရတဲ့ အလုပ်ဖြစ်ပါတယ်။ ကိုယ့်ကို ပြန်ချစ်မလား? မချစ်ဘူးလား? ဆိုတာ မသေချာပဲနဲ့ ချစ်ရတာပါ။ မသေချာတာကို လုပ်တာဟာ risk ယူတာပဲ။
ချစ်တယ်ဆိုတာ မသေချာ မရေရာဆုံးကိစ္စ ဖြစ်ပါတယ်။ ကိုယ်က သူ့ကိုချစ်လို့ သူက ကိုယ့်ကိုပြန်ချစ်တယ်ပဲ ဆိုပါတော့၊ သူကလည်း ပြောင်းလဲသွားနေတဲ့သူ ကိုယ်ကလည်း ပြောင်းလဲသွားနေတဲ့သူ။
မနှစ်တုန်းက သူ့ကိုချစ်တယ် ဒီနှစ် ချစ်နေအုံးမယ် လို့ မပြောနိုင်တော့ဘူး။ တချို့ မချစ်တော့ပေမယ့် အားကိုးရလို့ ဆက်ပြီးပေါင်းနေတယ်။ ကိုယ့်အတွက်အသုံးဝင်လို့ ဆက်ပြီး ပေါင်းနေတယ်။ ကိုယ်လိုအပ်ချက် တွေကိုဖြည့်ဆည်းပေးနေလို့ ကျေးဇူးတော့တင်ပါတယ်၊ ဒါပေမယ့် တကယ်ချစ်တာတော့ မဟုတ်တော့ဘူး ။ ကျေးဇူးရှိလို့ အဖေါ်ရလို့ သံယောဇဉ်တွေရှိနေလို့ လူ့ကျင့်ဝတ်တွေရှိနေလို့ .. လို့ ... လို့ ...။
ကိုယ်အချစ်ဆုံးသူကြောင့်ပဲ စိတ်ဆင်းရဲမှု အများဆုံး ကြုံရပါတယ်။ ခွေးကလေး ကြောင်ကလေးတွေကို ချစ်ရတာတောင် သူတို့ သေတဲ့အခါ ဒါမှမဟုတ် ပျောက်သွားတဲ့အခါ စိတ်ဆင်းရဲရပါတယ်။
တစ်ခါတလေ သူတို့သေသွားရင် ကိုယ်က ပြုစုတာ လိုသွားလို့လားလို့ တွေးပြီး တစ်ဝဲလည်လည် စိတ်မကောင်းဖြစ်နေရတယ်။ နောက်ကို ဘယ်တော့မှ မမွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်မရပါဘူး။ မကြာခင် မွေးမိပြန်တယ်။ အခုတော့ ခွေးလေးတွေ ကြောင်လေးတွေက ကိုယ့်ကို သံယောဇဉ်ဖြစ်လာရင် တွယ်တာလာရင် နည်းနည်းကြောက်တယ်။ တစ်နေ့ သူတို့သေသွားမှာ အဲဒီအခါ စိတ်ဆင်းရဲရအုံးမယ်။
ချစ်မိတိုင်း စိတ်ဆင်းရဲရတယ်။ ကိုယ်ကချစ်သည်ဖြစ်စေ သူတို့ကချစ်သည်ဖြစ်စေ နည်းနည်း ကြောက်နေပြီ။ မချစ်ပဲလည်းမနေနိုင်ဘူး။ မချစ်ဘူး ဆိုပြီး နေပေမယ့် မရပါဘူး၊ နေ့တိုင်း တွေ့နေရတော့ တဖြည်းဖြည်းနဲ့ ချစ်မိသွားပြီ။ ချစ်တယ်ဆိုတာ လုပ်ယူလို့မရပါလား။
To Love Is To Risk.
 ချစ်မိပြန်ရင်လည်း ဖြစ်လာမယ့် ဒုက္ခကိုလက်ခံရတော့မယ်။ ဘယ်သူ့ကိုမှ မချစ်တော့ဘူးဆိုပြီး နေလို့လည်း မရဘူး။ ချစ်တတ်တဲ့ သဘာဝက ပါလာတော့ ချစ်လိုက်ပီလေ။ မချစ်နဲ့လို့ ပြောလို့မရဘူး။
မချစ်နဲ့ . . . မချစ်နဲ့ . . . ၊ ချစ်မိရင် စိတ်ဆင်းရဲရမယ်လို့ ပြောနေတဲ့ကြားက သူ့ဟာသူ ချစ်မိနေပြီ ။ ချစ်တာလည်း အနတ္တ ပါလား။ ကိုယ့်အလိုအတိုင်း မဖြစ်နိုင်ပါလား။ ချစ်ပါ ဆိုလို့လည်း မရ။ မချစ်ပါနဲ့ ဆိုလို့လည်း မရ။ တော်တော့ကို ဂွကျပါတယ်။
ဘယ်သားသ္မီးကမှ မွေးကတည်းက သူတို့ကို ချစ်ပါ လို့ မပြောပါဘူး။ ဒါပေမယ့်လည်း မိဘတိုင်း သည်းသည်းလှုပ် ချစ်ကြပါတယ်။ သူတို့ မမွေးခင် ဗိုက်ထဲရှိစဉ်ကတည်းက ယောင်္ကျားလေးလား မိန်းကလေးလား မသိခင်ကတည်းက ချစ်နေပါပီ။ ချစ်တာရဲ့ နောက်ဆက်တွဲ ကပ်ပါလာတာကတော့ စိုးရိမ်ပူပန်မှု ဒုက္ခပါပဲ။ မွေးလာရင် ကောင်းကောင်းမွေးပါ့မလား၊ ခြေလက်အင်္ဂါတွေ စုံပါ့မလား၊ ကျန်းမာရေးရော ကောင်းပါ့မလား စသည်ဖြင့် လားပေါင်းများစွာနဲ့ စိုးရိမ်ရပါတော့တယ်။ မွေးပြီးပြန်တော့လည်း သေးကချီးကစ ဂရုစိုက်ရပါတယ်။ မိခင်က ပိုဆိုးပါတယ်။ စားချင်တာ မစားရ ကလေးနေမကောင်းဖြစ်မှာစိုးလို့ စားတဲ့ အစားအစာတွေကို ရွေးပီးစားရပါတယ်။ ကလေးနဲ့ မတည့်ဘူး ဆိုရင် ကြိုက်လည်း မစားပဲ နေရ၊ တည့်တဲ့ အစားအသောက်ဆိုရင်လည်း မကြိုက်လည်း ကြိတ်မှိတ် စားရနဲ့  ချစ်ခြင်းရဲ့ ဒုက္ခကို ခံစားကြရပါတယ်။ ဒါပေမယ့် ဒီကလေးဟာ ကိုယ့်အပေါ် ပြန်ချစ်မယ် မချစ်မယ် ဆိုတာ မသေချာဘူးနော်....။ ဒါ risk လုပ်တာပါပဲ။ ဒီအဖြေကို ကိုယ်က အရွယ်လွန်အသက်ကြီးလို့ ကလေးပြန်ဖြစ်သွားပြီး သူတို့ လူကြီးဖြစ်တဲ့ အခါကျမှာသာ သိနိုင်တာပါ ။
နည်းနည်းကြီးလာတော့ ပညာတွေသင် ကျောင်းတွေထားနဲ့ ဒီကလေးအတွက် ကုန်ကျစားရိတ်ဟာ မိဘနှစ်ပါး အိုမင်းတဲ့အခါ  အလုပ်မလုပ်နိုင်တော့တဲ့အခါသုံးမယ့် စားရိတ်ထက် အများကြီး ပိုပါတယ်။ ဒါပေမယ့် မိဘနှစ်ပါးဟာ ဒီကလေး ကိုယ့်အပေါ် ပြန်ပီး ဂရုစိုက်မယ် မစိုက်မယ်ကို ထည့်မတွက်ပဲ မသေချာမရေရာတဲ့ ရင်းနှီးမြှုပ်နှံမှုကို စွန့်စားကြပါတယ်။ ဒါ မိဘတိုင်းလိုလိုပါပဲ။

ကိုယ့်မေတ္တာကို ပေးချင်တယ်၊ သူ့မေတ္တာကိုလည်း လိုချင်တယ်။ ဒါဟာ သတ္တ၀ါတွေရဲ့ သဘာဝပါ။ ပေးရတာလည်းကျေနပ်တယ်၊ ရတာလည်း ကျေနပ်တယ်။ ဒီတော့ ဘာလုပ်မလဲ စွန့်စားရတော့မှာပေါ့။
 Take The Risk.

လွတ်လပ်သောစိတ်(ဦးဇောတိက) မှ ထုတ်နှုတ်တင်ပြပါသည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home