Sunday, November 8, 2009

QUEEN CLEOPATRA

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ရောမတိုင်းသည် ကမ္ဘာ့အနောက်ပိုင်းတွင် ကျော်စော၍ ရောမဘုရင်တို့သည် အင်ပါယာချဲ့လုပ်ငန်းကို အကြီးအကျယ် ဆောင်ရွက်နေကြလေသည်။ ခရစ်တော်မပေါ်မှီ သက္ကရာဇ်ခြောက်ဆယ်ကျော်လောက်တွင် ရောမစစ်ဘုရင်ကြီး 'ဂျူလိယက်ဆီဇာ' သည် မြေထဲပင်လယ် တိုင်းနိုင်ငံများကို လက်နက်နိုင်ငံပြုကာ ပြည်တွင်းရေး၌လည်း  ပြိုင်ဘက်ဖြစ်သော 'ပွန်ပီ' အားနှိမ်နှင်း၍ ကြီးမားကျယ်ပြန့်လှသည့် အင်ပါယာနိုင်ငံကြီးတွင် အာဏာရှင်ဖြစ်လာသည်။
ကမ္ဘာကြီးတစ်ခုလုံး ငါ့လက်အောက်ရောက်ရမည်ဟု တက်ကြွလျှက်ရှိသော ဆီဇာ သည် လက်နက်နိုင်ငံတစ်ခုဖြစ်သည့် အီဂျစ်ပြည်မြို့တော် 'အယ်လိတ်ဇင်းဒြား' သို့ရောက်လာလေသည်။ ထိုအချိန်က အီဂျစ်ပြည်တွင်းရေး ရှုပ်ထွေးနေသဖြင့် စစ်ဘုရင်ကြီးသည် မိမိ၏ အာဏာစက်အတွင်း၌ ယင်းသို့ရှုပ်ထွေးမှုမရှိစေရန် ကိုယ်တိုင် ရှင်းလင်းပေးမည်ဟူသော အကြံနှင့် ရောက်လာခြင်းဖြစ်သည်။
ှဆီဇာရောက်လာချိန်၌ ကလီယိုပက်တရာမှာ အရေးနိမ့်တောခိုနေရရှာသည်။ အီဂျစ်ဘုရင်ကြီး သြလိတိ သေလွန်ပြီးနောက် သားတော် တော်လမိနှင့် သမီးတော် ကလီယိုပက်တရာတို့ နန်းလုကြရာ သမီးတော်မှာ အရေးနိမ့်၍ တောအုံကနားသို့ ပြေးလွှားတိမ်းရှောင်နေရလေသည်။ သူ့မောင်တော် တော်လမိမှာ နှမတော်အား ဖယ်ရှားလိုက်ပြီးနောက် အီဂျစ်ပြည် ဘုရင်အဖြစ် ကျေနပ်စွာခံစားလျှက်ရှိနေသည်။
ထိုအချိန်တွင် ရောမစစ်ဘုရင်ကြီး ဂျူးလိယက်ဆီဇာ သည် အီဂျစ်ပြည်တွင်းရေးကို ရှင်းလင်းရန် ရောက်ရှိလာသည်။ ဆီဇာရောက်လာချိန်တွင် အီဂျစ်ပြည်သည် ဆောင်းဦးရာသီဖြစ်၍ မြောက်လေသွေးလျက် အေးချမ်းသာယာလှတော့သည်။ စစ်ဘုရင်ကြီးသည် နန်းတော် ဆင်ဝင်ပေါ်တွင် ထိုင်ကာနေ၀င်ချိန် မြို့တော်ရှုခင်းကို ရှုစားနေစဉ် ကိုယ်ရံတော်တစ်ယောက်သည် အူယားဖားယား ပြေ၀င်လာပြီးလျှင် စစ်ဘုရင်ကြီးအား တင်လျှောက်၏။
" အရှင် ... လဗင့်မြို့ကရောက်လာတဲ့ ကုန်သည်တစ်ဦးက အရှင့်အား ထူးဆန်း၍ ရှားပါးလှသည့် ပန်းတဉ်း ပန်းခက်များကို ပြလိုကြောင်း တောင်းပန်လာပါသည်ဘုရား "
" ဟဲ့ အဲဒီကုန်သည် ဘယ်မှာလဲ "
" နန်းတော်တံခါးဝမှာပါဘုရား၊ အစောင့်များက ၀င်ခွင့်မပြုလို့ စောင့်နေရပါတယ်ဘုရား
ဆီဇာသည် ဧကရာဇ်ဖြစ်သည့်အလျောက် အနုပညာကို အားပေးထောက်ပံ့မှုပြုရမည်ဟူသော အစွဲကို မဖျောက်နိုင်သူတစ်ဦး ဖြစ်လေရကား ထူဆန်း၍ ရတောင့်ရခဲဖြစ်သော အနုပညာပစ္စည်းများကို ကြည့်ရှုရန် အထူးလိုလားပေသည်။ ထိုပစ္စည်းများသည် အလှည့်အခွင့်သင့်ပါမူ သူ့ကြင်ယာတော် 'ကလပါနိယ' အားလက်ဆောင်အဖြစ် ပေးနိုင်ဖွယ်ရာများ ဖြစ်သည်။ ထို့ကြောင့် ဆီဇာသည် ကိုယ်ရံတော်အား ကုန်သည်ကို ၀င်ခွင့်ပေးလိုက်ရန် အမိန့်ပေးလေသည်။
အထုပ်ကြီးကို မနိုင့်တနိုင် ထမ်း၍၀င်လာသော ကုန်သည်ကြီးသည် အထုပ်ကို အသာတယချ၍ ဖြေလိုက်ရာ အထုပ်ထဲမှ ထူးခြားလှစွာသော ပန်းတဉ်း ပန်းခက်များအစား အလွန်းထူးခြား၍ စိတ်ဝင်စားဖွယ်ကောင်းလှသော ပစ္စည်းအဖိုးတန်တစ်ခု ထွက်ပေါ်လာသည်။ ထိုအဖိုးတန် ပစ္စည်းသည်ကား ဆံပင်ဖိုးရိုးဖားရားနှင့် ကျောင်းသူမကလေးသဖွယ် တဟီဟီရယ်မောလျှက် ဆီဇာရှေ့တွင် ရပ်လျှက်ရှိသော ကလီယိုပက်ထရာ ပင်ဖြစ်သည်။
အထုပ်ကိုသယ်ယူလာသော ကုန်သည်ဟန်ဆောင်သည့် လက်စွဲတော်ကြီးက ရောမစစ်ဘုရင်ကြီးအားပြုံး၍ " အရှင်မင်းကြီး ... အဖိုးအနဂ္ဃတန်သော အနုပညာပစ္စည်းဆိုသည်မှာ ဤသည်ပင် မဟုတ်ပါလော ..။" ဟုခန့်ညားစွာ လျှောက်ထားလိုက်လေသည်။

ကလီယိုပက်ထရာမှာ ယင်းသို့ ထူးထူးခြားခြား စွန့်စားပြုလုပ်တတ်ပေသည်။ ပညာတတ်၊ မာယာကြွယ်၊ ဖျတ်လတ်၍ အလှဂုဏ်တက်နေသူ ဖြစ်ရကား၊ သူ့အဖို့ လောကကြီးသည် ကျေးကျွန်အဖြစ် ပေါ်လာသည်ဟူသော မာနမျိုးမွေးမြူလေသည်။ သူသည် ကဗျာလည်း တတ်သည်။ ပန်းပဲ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းတဉ်း စသည့် အနုပညာများ၌လည် ၀င်ဆံ့တီးခေါက်မိသည်။ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေးမှစ၍ လေးနက်သော ပညာရပ်များတွင်လည်း ဗဟုသုတရှိပေသည်။
ပညာစုံသည်နှင့်အမျှ အလှဂုဏ်တက်သည်။ အလှဂုဏ်တက်သည်နှင့်အမျှ မာယာကြွယ်သည်။ အဆုံးအစမရှိသော တန်ခိုးအာဏာရရှိမှုကို အထူးလိုလားလျှက်ရှိသောကြောင့် သူသည် ထိုနေ့ညနေက စစ်ဘုရင်ကြီးရှေ့သို့ ထူးခြားဥပါယ်တံမျဉ်ဖြင့် ၀င်၍မြှူဆွယ်လေသည်။
ဆီဇာသည် ထိုညတွင်ပင်လျှင် ကလီယိုပက်ထရာ၏ အချစ်သုံ့ပန်း အဖြစ်သို့ရောက်ရရှာသည်။ ထိုအချိန်က ဆီဇာသည် အသက်ငါးဆယ်သုံးနှစ် ခန့်ရှိပြီး ဇရာပိုင်းသို့ ရောက်နေသော်လည်း ငယ်ရွယ်နုနယ်သော အလှဘုရင်မနှင့် တွေ့သောအခါ ငယ်မူပြန်ကာ စိတ်အားသန်သော ချစ်သူတစ်ဦးဖြစ်သွား လေတော့သည်။
စစ်ဘုရင်ကြီးဆီဇာသည် အချစ်သုံ့ပန်းဖြစ်သွားသည့်အခါ အီဂျစ်ပြည်တွင်းရေးကို ရှင်းလင်းသည့်အနေနှင့် လက်ရှိဘုရင်တော်လမိကို နန်းချကာ ကလီယိုပက်ထရာကို နန်းတင်လိုက်လေသည်။
ကလီယိုပထရာသည် သူ့မောင်တော် တော်လမိအား ကွပ်မျက်စေ၍ အောင်ပွဲခံသည့်အနေဖြင့် မင်္ဂလာဖောင်တော်စီးကာ နိုင်းမြစ်ရိုးတလျောက် အေးချမ်းစွာ စည်းစိမ်ခံစားကြလေသည်။ ထို့နောက် ကလီယိုပက်ထရာသည် ဆီဇာအား သံယောဇဉ်ကြိုးဖြင့် ချည်နှောင်သည့်အနေနှင့် သားတော်တစ်ပါး ဖွားမြင်ပေးလိုက်သည်။
ထိုသို့ ချစ်သူနှစ်ဦး ကြည်နူးနေချိန်ဝယ် ရောမမြို့၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်။ ဆီဇာ အာဏာရှင်ဖြစ်မည်ကို မလိုလားသူများသည် ဆီဇာအား လုပ်ကြံရန် စည်းရုံးနေကြသည်။ ဆီဇာ၏ မိတ်ဆွေရင်းနှင့် လူယုံများသည်ပင်လျှင် ကလီယိုပက်ထရာ၏ မာယာပိုက်ကွန်အတွင်း သက်ဆင်းနေသော ဆီဇာကို မကျေနပ်ကြချေ။
နောက်ဆုံး၌ ဆီဇာသည် မလွှဲသာသည့်အလျောက် ကလီယိုပက်ထရာအား ခွဲခွါပြီး ရောမမြို့တော်သို့ ပြန်လာခဲ့ရသည်။ ရောက်ပြီး မကြာမီအတွင်း၌ပင် ဆီဇာသည် ကလီယို၏သံယောဇဉ်ကြောင့် မနေနိုင်တော့ပဲ အီဂျစ်ဘုရင်မအား ရောမမြို့တော်သို့ လာရောက်စံနေပါရန် ဖိတ်ကြားလွှာ ပို့လိုက်လေသည်။ ကလီယို ရောက်လာသော် တိုင်းဘာမြစ်ကိုကျော်ဖြတ်ဆောက်လုပ်ထားသော နန်းမဆောင်ကြီးတွင် စံနေစေသည်။ သူသည် ကလီယိုအား ရောမထုံးတမ်းအတိုင်း ထိမ်းမြားမင်္ဂလာပြု၍ ဘိတ်သိတ်ပွဲဆင်ယင် ကျင်းပပေးမည်ဟု ကတိပြု၏။ သူ့အဖို့ ဧကရာဇ်အဖြစ် တိုင်းပြည်က တင်မြှောက်ရန်သာ လိုတော့သဖြင့် ကလီယိုမှာ ကြာရှည်စွာ အနိမ့်စံရတော့မည်မဟုတ်ဟု ဆီဇာက နှစ်သိမ့်စေလေသည်။
ဆီဇာအား ဧကရာဇ်တစ်ဆူအဖြစ် ခံယူရန် အားပေးအားမြှောက်ပြုနေသူ ကလီယိုမှာ ဆီဇာ ဧကရာဇ်ဖြစ်လာလျှင် သူသည် ဧကရီမိဖုရားကြီးဖြစ်မည်။ နောင်မကြာမှီပင်လျှင် ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ရသော ဧကရီဘုရင်မကြီးဖြစ်နိုင်မည်ဟူသော အတွေးတို့ဖြင့် ပီတိဖြစ်နေလေသည်။
သက်ကျားအိုဆီဇာမှာ ကလီယို၏ စေခိုင်းရာသို့ မသွေမဖယ် ဆောင်ရွက်ပေးရှာသည်။ သူနှင့် ကလီယိုတို့အတွက် ဘုရားကျောင်းဆောင်များ တည်ဆောက်စေပြီး ဘုရားတစ်ဆူအသွင် ကိုးကွယ်ကြရန် အမိန့်ပေးလေသည်။
ထိုသို့ မဖွယ်မရာဖြစ်နေသော သက်ကျားအိုအာဏာရှင်နှင့် အလှဘုရင်မကလီယိုတို့အား ရောမပညာရှိများနှင့် အထက်ပိုင်း စစ်သူကြီးများက အထူးပင် မုန်းတီး စစ်ဆုပ်ကြကုန်၏။ ထိုသို့ မုန်းတီးခြင်းက ဆီဇာအား ပျက်စီးရာလမ်းသို့ အဆောတလျင် ပို့ဆောင်လျှက်ရှိပေသည်။
ဆီဇာ၏ အာဏာအလွဲသုံးစားမှုကြောင့် တိုင်းပြည်လူထုမှာ အထင်မှားကာ သူ့အား ဧကရာဇ်အဖြစ် သရဖူဆောင်း၍ ဘိတ်သိက်ခံယူစေခွင့် ပြုသည့် အခြေသို့ဆိုက်ရောက်သွားပေတော့သည်။ မတ်လ ၁၅ ရက်နေ့ ဘုရားပွဲတော်ကြီးကျင်းပရာဝယ် ဧကရာဇ်မင်းအဖြစ် ဘိတ်သိက်သွန်းလောင်းရန် စီစဉ်ထားကြလေသည်။
ကလီယိုသည် ဆီဇာ ဧကရာဇ်ဖြစ်မည့်အရေးကို တွေးကာ စောင့်မျှော်စိတ်တက်ကြွနေသည်။ ထိုရက်တွင် အထက်လွှတ်တော်သို့ ကြွမြန်းသွားသော ဆီဇာထံမှ သတင်းကောင်းကို စောင့်မျှော်နေလေသည်။ ညနေစောင်းတွင် သူစောင့်မျှော်နေသော သတင်းအစား အာဏာရှင်ဆီဇာအား ဧကရာဇ်သရဖူ အစား နှစ်ဆယ့်သုံးချက်သောဓားဒဏ်ရာတို့ဖြင့် တမလွန်သို့ ရောက်ရှိသွားပြီ ဆိုသော သတင်းသာရောက်ရှိလာသည်။
အကြံပျက်၍ အခြေမလှသော ကလီယိုသည် ကပျာကယာနှင့်ပင် အီဂျစ်ပြည်သို့ ကြွမြန်းရရှာတော့သည်။

အကြံပျက်သော်လည်း လက်မလျှော့သော ကလီယိုသည် ဆီဇာကွယ်လွန်သည်နှင့် နောက်တက်လာသောဗိုလ်ဖြစ်သည့် မာခ်အန်ထော်နီ အား ဖမ်းရန် ကြိုးပမ်းပြန်တော့သည်။ အန်ထောနီမှာ ဆီဇာကဲ့သို့ မဟုတ်ပဲ ငယ်ရွယ်သန်မာသူဖြစ်သည်။ ဧကရီမိဖုရားဖြစ်၍ ဘိသိက်အသွန်းခံရပါမူ မည်သူနှင့် ယှဉ်တွဲ၍ အသွန်းခံရသည်ဖြစ်စေ ကျေနပ်ဖွယ်သာဖြစ်သည်ဟူသော ခံယူချက်ရှိသူ ကလီယိုသည် အန်ထော်နီကို အချစ်သုံ့ပန်းဖြစ်စေပြန်တော့သည်။
အန်ထော်နီသည် ဆီဇာ၏တူတော် အောက်တေဗျ နှင့် လက်ပိဒတို့နှင့်တွဲဖက်၍ ရောမတိုင်းနိုင်ငံကို အာဏာရှင်သုံးဦးအဖြစ် စိုးမိုးအုပ်ချုပ်လေသည်။ ဆီဇာအား လုပ်ကြံပြီးနောက် ရောမတိုင်းတွင် ပြည်တွင်းစစ်ကြီးဖြစ်လေရာ လုပ်ကြံသူများသည် နောက်ဆုံး အရေးနိမ့်၍ ဤသုံးဦးမှာ အာဏာရကြလေတော့သည်။
အန်ထောနီသည် သေနာပတိဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် အရှေ့တိုင်းလက်နက်နိုင်ငံများသို့ သွားရောက်ကြည့်ရှုရသည်။ ထိုသို့ နိုင်ငံလှည့်ခိုက် ကလီယို၏ မြှုံးအတွင်းသို့ ကျရောက်လေတော့သည်။ အန်ထော်နီသည် အာဏာပိုင်တစ်ဦးအနေဖြင့် အီဂျစ်ပြည်သို့ ရောက်လျှင်ပင် ဘုရင်မ ကလီယိုအား ဆင့်ခေါ်လိုက်လေသည်။ ကလီယိုက "တွေ့ချင်လျှင်၊ ကျွန်မထံသို့ ကြွခဲ့ပါ " ဟုဖိတ်ခေါ်လိုက်သည်။ အန်ထော်နီလည်း ဘုရင်မ၏ ဖိတ်ခေါ်ချက်ကို လက်ခံ၍ နန်းတော်သို့သွားလေရာ ချက်ချင်းပင် နတ်ဘုံနတ်နန်းသို့ ရောက်သွာသည်ဟု ထင်ယောင်မိတော့သည်။ သာယာငြိမ့်ညောင်းသော တေးသံများကြားတွင် သိမ်မွေ့စွာ သွားလာ၍ အသုံးတော်ခံနေသည့် နတ်မိမယ်ကလေးများကို မြင်တွေ့ရသော စစ်သားလူကြမ်းကြီးသည် ကလီယိုအား အာဏာသံပြင်းပြင်းနှင့် လက်အောက်ခံဘုရင်ကို ကြိမ်းမောင်းမည့် လေသံများပျောက်ကာ ကလီယို၏ ရင်ခွင်တွင်းသို့ သက်ဆင်းရရှာလေတော့သည်။
အန်ထော်နီအားအောင်နိုင်ပြီးနောက် သုံးဦးစပ် အာဏာပိုင်မှုကို မလိုလားပဲ အန်ထော်နီက ကျန်အာဏာပိုင်နှစ်ဦးကို တွန်းထုတ်သုတ်သင်ရန် တိုက်တွန်းတော့သည်။ ကျန်နှစ်ဦးအနက် လက်ပိဒမှာ မမှုလောက်သော်လည်း ဆီဇာ၏တူတော်သူ အောက်တေဗျ မှာ အတော်အရေးကြီးသူ ဖြစ်လေသည်။ ထိုသို့ စီစဉ်နေစဉ်တွင် အောက်တေဗျက အန်ထော်နီသည် အီဂျစ်မာယာသည်အား ရောမပြည်ကြီးကိုရောင်းစားနေသည်ဟူသော စွပ်စွဲချက်ဖြင့် ရောမလွှတ်တော်၏ခွင့်ပြုချက်ရယူကာ အီဂျစ်ပြည်ရှိ အန်ထော်နီအားတိုက်ရန် ရေတပ်နှင့် ကိုယ်တိုင်ချီတက်လေတော့သည်။
အန်ထောနီသည် အောက်တေဗျကို အထင်သေးသည့်အလျှောက် ပဏာမ အောင်ပွဲပင်ခံကာ အီဂျစ်ရေတပ်နှင့် ခံတိုက်ရန်စောင့်နေသည်။ တကယ်တန်းတိုက်ကြသောအခါ အီဂျစ်ရေတပ်ရှုံးနိမ့်ကာ အန်ထော်နီကိုယ်တိုင် သုံ့ပန်းဖြစ်ရရှာလေသည်။
အန်ထောနီ၏ကံဇာတာကုန်ခမ်းသော်လည်း မိမိ၏ကံဇာတာမကုန်နိုင်သေးဟု အထင်ကြီးရှာသော ကလီယိုသည် အောက်တေဗျအား ချစ်သုံ့ပန်း အဖြစ်ဖမ်းယူရန် အစဉ်အလာအတိုင်း ကြိုးစားပြန်သည်။ သို့သော် အောက်တေဗျသည် သူ၏ကာမပိုက်ကွန်အတွင်း မကျရောက်တော့ပေ။ သူ့အား ရောမမြို့သို့ ခေါ်သွားရန်ကား သဘောတူ၏။ သို့သော် ဘုရင်မတစ်ပါးအနေနှင့် မဟုတ်ပဲ ကျေးကျွန်သုံ့ပန်းအဖြစ်သာ ခေါ်သွားတော့သည်။
နောက်ဆုံးတွင် ကလီယိုသည် အောက်တေဗျကဲ့သို့ မြွေဟောက်နှင့်တူသူ၏ လက်တွင်းသို့ ကျရောက်ရမည့်အစား သူကိုယ့်သူ မြွှေဟောက် အပေါက်သတ်ခံကာ အဆုံးစီရင်လိုက်လေသည်။
 မြွေဟောက်နှင့်တူသော အလှဘုရင်မသည် မြွေဟောက်နှင့်ပင် ဘ၀အဆုံးသတ်သွားရသည်။

တက်တိုး၏ ကမ္ဘာ့ဆိုးပေကြီးများ မှ တင်ပြပါသည်။

1 Comments:

At November 27, 2010 at 6:03 AM , Blogger Unknown said...

ကျေးကျေးပါ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home