Saturday, October 24, 2009

ကမ္မ နှင့် ဝေဒ

ဝေဒ ပညာသည်လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ကျော်ခန့်မှစ၍ ထွန်းကားလာခဲ့သည်ဟု ဖတ်ဖူးပါသည်။ အစကိုကား မည်သည့်အချိန်ကာလက စခဲ့သည်ဟု မဖတ်မှတ်ဖူးသေးပါ။
ဝေဒ ဆိုသည်မှာ သိခြင်း၊ ဗေဒကျမ်း၊ မန္တရား၊ နှစ်သက်ခြင်းဟု အဘိဓာန်တွင် ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ ဝေဒကျမ်းများကို ပြုစုပုံမှာ ဖြစ်လေ့ ဖြစ်ထရှိသော အကြောင်းအရာများကို မှတ်တမ်း တင်ကာပြုစုထားပီး ထိုအကြောင်းအရာ အဖြစ်အပျက်ဆင်တူပါက ထိုသို့ ဖြစ်တတ်သည်ဟု ဟောကြားထား သောမှတ်တမ်းများဖြစ်သည်။ ထိုကျမ်း၏ဆိုလိုချက်မှာ ဖြစ်နိုင်သည်ဟုသာပါပြီး မုချဖြစ်မည်ဟု မပါချေ။
အဘယ်ကြောင့်ဆိုတော် ကံ သည်လွန်စွာ ဆန်းကြယ်လှသည်။ လူတို့ ပြီးပြည့်စုံအောင် မကြံစည်နိုင်ချေ။

လောကတွင် မကြံစည်အပ်သည့် အရာလေးမျိုးရှိသည်။

၁။ ဘုရားအရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။
၂။ ဈာန်အရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။
၃။ လောကအရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။

၎။ ကံအရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။

ထို မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်သောကိစ္စများကို ကြံစည်လုပ်ဆောင်ပါကဘေးတွေ့တတ်သည်။

ဆောင်ပုဒ်။ ဗု ၊ ဈာန် ၊ လော ၊ ကံ ဤလေးတန် မကြံစည်အပ် ရူးတတ်လှ၏။

ထို့ကြောင့် ဗေဒင်ကျမ်းများသည် လုံးဝ စိတ်ချစွာ ယုံကြည်ထိုက်သော အရာများမဟုတ်ချေ။ ဟောပြောသော ဗေဒင်ဆရာကိုယ်တိုင် သူ့ဟောပြောချက်ကို ယုံကြည်မှု မခိုင်မြဲပါ။
ဧကံသဗျာကရဏဂိုဏ်း ဟု ဗေဒင်ဂိုဏ်းတစ်ဂိုဏ်းရှိပါသည်။ ထိုဂိုဏ်း ဗေဒင်ဟောရာတွင် တစ်ခွန်းပဲဟောပါသည်။ ကောင်းလျှင်ကောင်းမည်။ ဆိုးလျှင် ဆိုးမည် တစ်ခုကိုပဲ အသေအချာဟောပါသည်။ ထိုမျှဟောနိုင်သည်အထိ ဗေဒင်တတ်ကျွမ်းကြပါသည်။ ထိုဂိုဏ်းကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က စတင်လာခဲ့သည်။ စတင်တည်ထောင်သူ ပထမဂိုဏ်းချုပ် ဆရာကြီးမှာ ကောဏ္ဍညပုဏ္ဏားကြီးဖြစ်သည်။ ကပ္ပီလ၀ဋ်ပြည်၏ နန်းတွင် ပုဏ္ဏားတော်ကြီးလည်းဖြစ်သည်။
သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ နန်းတွင်းပုဏ္ဏားတော်များက ရှေ့ဖြစ်မည်ကို ဟောကြပါသည်။ နန်းတွင်းဗေဒင်ဆရာပုဏ္ဏားငါးယောက်ရှိရာ လေးယောက်က နှစ်ခွန်းဟောပါသည်။ စင်္ကြာဝတေးမင်း (သို့) ဘုရားဖြစ်မည်ဟု ဟောကြပါသည်။ ကောဏ္ဍညတစ်ဦးတည်းသာ ဘုရားဖြစ်မည်ဟု တစ်ခွန်းတည်း ဟောပါသည်။

 ထိုသို့ဟောသည့်အတိုင်း ဘုရားဖြစ်မည်ကိုယုံကြည်သဖြင့် မိဂဒါဝုန်တောသို့သွားကာ ရသေအဖြစ်ကျင့်ကာ တရားထူးနာရန်စောင့်နေပါသည်။ သိဒ္ဓတ္ထမင်းသား အသက် နှစ်ဆယ့်ကိုးနှစ်တွင် သားမယားနှင့် ထီးနန်းစည်းစိမ်ကိုစွန့်ကာ တောထွက်ပါသည်။ ထိုနောက် ဘုရားဖြစ်ရန် ကျင့်ပါတော့သည်။ ထိုအချိန်ထိ ကောဏ္ဍညသည် ဘုရားဖြစ်မည်ဟုယုံကြည်ဆဲဖြစ်သည်။ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်မျှ ကျင့်သော် လည်း ဘုရားမဖြစ်ပဲ အားပြတ်ကာလဲတော့သည်။ ထိုမှ ခွန်အားပြန်ရှိရန် အစာရေတို့ကို သုံးဆောင်တော်မူပြန်သည်။ ထိုတွင် ကောဏ္ဍည၏ယုံကြည်မှုသည် ပျောက်ကွယ်တော့သည်။ သူဟောထားသော ဤသိဒ္ဓတ္ထမင်းသားသည် လောကသုံးပါးတွင် အထွဋ်အထိပ်ဘုရားဖြစ်မည် ဆိုသော ဟောပြောချက်ကို သူမယုံကြည်တော့ချေ။ မယုံကြည်သည့်အလျှောက် ဘုရားအလောင်းတော်ကို ၀တ်ကြီး ၀တ်ငယ်ပြုစုနေသည်မှ စွန့်ခွါ ထွက်သွားကြသည်။ သူ့ဗေဒင်ပညာကို သူကိုယ်တိုင်ပင် မယုံကြည်ခဲ့ပေ။

ဗေဒင်ပညာသည် လိမ်လည်ထားသောပညာကားမဟုတ်ချေ။ ထိုထို အချက်အလက်များ နှင့် ပြည့်စုံလျှင် ထိုသို့ဖြစ်မည်။ ဤသို့ဖြစ်မည်ဟု ဖြစ်တန်စွမ်း နိယာမအရ တွေးခေါ်တွက်ချက်ထားသော ပညာရပ်ဖြစ်သည်။ မုချ အတိအကျဖြစ်မည်ဟုကား အာမခံ၍မရချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ မမြင်ရသော ကံများ၏ အကျိုးပေးကို ထိုဝေဒပညာရှင်များ မသိနိုင်ကြသောကြောင့်ဖြစ်သည်။

မြင်ရသော ကံနှင့် မမြင်ရသော ကံ ဆိုသည်မှာ-
လက်ရှိဘ၀၊ လက်ရှိပြုနေသော ကိုယ်ဖြင့်ပြုသောကံ(ကာယကံ)၊ နှုတ်ဖြင့်ပြုသောကံ(၀စီကံ) တို့သည်သာ မြင်နိုင်သည်။ သိနိုင်သည်။ ထိုပုဂ္ဂိုလ်၏ စိတ်ဖြင့်ကြံသော(မနောကံ)ကိုမူ မသိနိုင်မမြင်နိုင်ကြပါ။
ထို့အတူ ဒီဘ၀ပြုသော ကုသိုလ်၊ အကုသိုလ်ကံများသာ သိနိုင်မြင်နိုင်ကြသည်။ သံသရာအစမှ အတိတ်ဘ၀ထိပြုခဲ့သောကံ၏ အကျိုးပေးမည့်ကံများကိုလည်းမသိနိုင် မမြင်နိုင်ကြပါ။


ဝေဒပညာဆိုသည်မှာ မြင်ရသောကံများကိုခြုံငုံသုံးသပ် တွက်ချက်ကာ အဖြေထုတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အဖြေမှာ တိကျမှုရှိရန် မလွယ်ကူချေ။


ကံတို့သည် ကိစ္စ၏အစွမ်းအားဖြင့် လေးမျိုး
အကျိုးပေးရာ အလှည့်အကြိမ်အားဖြင့် လေးမျိုး
အကျိုးပေးရာ အချိန်ကာလအားဖြင့် လေးမျိုး
အကျိုးပေးရာ ဘုံဌာနအားဖြင့် လေးမျိုး
ဟူ၍ ကံမျိုးလေးလီ ရှိသည်။ ထို့ကြောင့် ကံအရာသည် လွန်စွာဆန်းကြည်လှ၍ အဖြေအတိအကျထုတ်ရန် (မြတ်စွာဘုရားမှတပါး) မဖြစ်နိုင်ပေ။


ကံကံ၏အကျိုးကို ယုံကြည်သောသူမှာကား အဆိုပါအချက်များ၊ ကံအကြောင်းကိုသိနားလည်ထားပါသဖြင့် ကောင်းတာလုပ်နေရင်း ဆိုးကျိုးများတွေ့သော်လည်း နားလည်သဘောပေါက်နိုင်စွမ်းရှိ၏။ ဘိုးတော်ကြောင့် မယ်တော်ကြောင့် အိမ်တွင်းနတ်ကြောင့် ဟူသော အခြားအကြောင်းများကိုမရှာတော့ပါ။ အတိတ်မိမိပြုခဲ့သော အကုသိုလ်အကျိုးပေးသာဖြစ်သည်။ အကြွေးကျေပီဟု  တွေးကာပီတိပင်ဖြစ်လိုက်သေးသည်။


တစ်ခါက လယ်တီဆရာတော်ဘုရားကြီးသည် အရပ်တကာလှည့်ပြီး ၀ိပဿနာတရားများဟောကြားနေသည်။ တရားပွဲပြီး၍ သင်္ဘောနှင့် မိမိနေရပ်သို့ပြန်ကြွပါသည်။ သင်္ဘောညအိပ်ရာဆိပ်ကမ်းတွင် ဒကာ၊ ဒကာမများလှူတန်းလိုက်သော ပစ္စည်းများသူခိုး ခိုးခံရပါသည်။ ကပ္ပိယဖြစ်သူက ပူပန်စိုးရိမ်စွာဖြင့် ဆရာတော်ကြီးအား ပျာလောင်ခတ်ကာ ဂါတ်တိုင်မှ ဖြစ်မယ်ဟု လျှောက်ထားပါသည်။ ဆရာတော်ကြီးက ကပ္ပိယအား ငါသူခိုးဆိုတာ လူသိအောင် နင်လုပ်နေတာလား ဟုငေါက်ငမ်းကာ အသာနေ၇န်မိန့်တော်မူပါသတဲ့။

ဒီဖြစ်ရပ်တွင် မိမိသည် သာသနာ့ဝန်ကိုထမ်းကာ ၀ိပဿနာတရားများဟောကြားနေသော ကုသိုလ်များ နေ့စဉ်ပြုနေပါလျှက် အဘယ်ကြောင့် ပစ္စည်းများပျောက်ရသနည်းဟု ပြန်ရလိုရငြား ဗေဒင်မေးအုံးမှ ဟု အတွေးမ၀င်ပါ။ ဆရာတော်ကြီးသည် ကံနှင့်အကျိုးပေးကို သိရှိနားလည်ထားသဖြင့် ယခုဘ၀ မခိုးသော်လည်း နောက်ဘ၀များတွင် ခိုးခဲ့သဖြင့် ထိုအဒိန္နဒါနာကံအကျိုးက ယခုဘ၀တွင်လာရောက် ပေးသည်ဟု ရှင်းရှင်းသိသောကြောင့် သူ့လိုသိထားသော သူတော်ကောင်းများ အဆိုပါဖြစ်ရပ်ကိုကြားပါက လယ်တီဆရာတော်က အရင်ဘ၀က သူခိုးပဲဆိုတာ ပေါ်ကုန်မည်စိုးသဖြင့် သူ့ကပ္ပိယအား အသာနေရန် ငေါက်ငန်းခြင်းဖြစ်သည်။


ထို့အတူပင် 1945 ခုနှစ် သြဂုတ်လ က ဟီရိုရှီးမားမြို့ရှိ လူများအား ဗေဒင်ကြည့်ရာတွင် မိန်းမရမည့်သူ ထီပေါက်မည့်သူ ကံကောင်းမည့်သူ စသည်ဖြင့်အမျိုးမျိုး တွက်ကိန်းများရှိနေကြသည်။ ထိုတွက်ကိန်းများကို ထိုလ ၆ရက်နေ့တွင် "Little Boy" ကဖျက်ဆီးပစ်လိုက်သည်။


2008 ခုနှစ်တွင် ဧရာဝတီတိုင်းရှိ လူတစ်သိန်းကျော် ကိုလည်း ရေနစ်သေလိမ့်မည်ဟု မည်သည့်ဗေဒင် ဆရာကမျှ ဟောခဲ့မည်မဟုတ်ချေ။ သေသူများတွင်လည်း ထီပေါက်မည့်သူ၊ မိန်းမရမည်သူ၊ ကံကောင်းမည့် သူများစွာ ပါနေမည်မှာမလွဲချေ။


အထက်ပါ သာဓက များကိုကြည့်ခြင်းအားဖြင့် ဝေဒပညာသည် အထိုက်အလျောက်ကား မှန်၏။ သို့သော်လုံးဝယုံကြည်စိတ်ချ၍ မရကြောင်း သိရှိနိုင်ပါသည်။ သို့သော် လူတို့သည် အပူမျိုးဖြစ်သဖြင့် ပူစရာ လောင်စရာကြုံလာလျှင် အားကိုးရှာကြတော့သည်။ ဘိုးတော်အားကိုသူကကိုး၊ နတ်အားကိုးသူကကိုး၊ ယတြာအားကိုးသူက ကိုး ဖြစ်လာကြတော့သည်။ လက်တွေ့ဝါဒီသမားများကလည်း သူတစ်ပါးကြောင့် ထိုသို့ဖြစ်ရသည်ဟု သူတစ်ပါးကိုသာ အပြစ်မြင်ကြသည်။


အကြောင်းညီညွှတ်၍ အဆင်ပြေသွားပါက ထိုသူသည်လွန်စွာမှ နစ်နာသွားပါသည်။ ထိုသူ့ စိတ်ဝယ် ကံနှင့် ကံအကျိုးပေးကိုယုံကြည်သော ဉာဏ်ဖြစ်လာရန် အခွင့်နည်းသွားတော့သည်။ ထိုသို့နည်းသည့်အတွက် ကုသိုလ် အကုသိုလ်ကို ပစ်ပယ်တော့သည်။ လူဆိုသည်မှာ ကုသိုလ်ထက် အကုသိုလ်၌သာ ပျော်မွေ့ခြင်းများပေသည်။ ပါပသ္မိံရမတိမနော ဟုဘုရားဟောခဲ့သည့်အတိုင်း စိတ်သည် မကောင်းမှု၌သာ မွေ့လျော်ပါသည်။


မကောင်းမှုမွေ့လျော်ပါက တန်ပြန်သက်ရောက်မှု အကျိုးဆက်မှာ မကောင်းကျိုးသာဖြစ်မှာ သေချာသည်။ လူဖြစ်လာသည်မှာ ကောင်းမှုကုသိုလ် ၈၀%အနည်းဆုံးပါလာ၍ဖြစ်သည်။ လူဘ၀တွင် မကောင်းမှုများ ပြုဖန်များလာသော် ကုသိုလ် ရာနှုန်းနည်းသွားပီး လုံးလုံးကုန်သွားလျှင် မကောင်းမှုအကျိုးပေးရာ ဘုဌာနဖြစ်သော အပါယ်လေးဘုံသို့သာ ပြန်ဆင်းရမည်ဖြစ်သည်။


သို့သော်ကံအကျိုးပေးသည် မျက်စိလည်စရာကောင်းအောင် ဆန်းကြယ်လှသည်။ အတိတ်ကုသိုလ်အကျိုးပေး အားကြီးနေချိန်တွင် မကောင်းမှု အများအပြားလုပ်သော်လည်း ကောင်းကျိုးများသာ ဆက်တိုက်ဖြစ်နေသော သာဓကများ ရှိခဲ့ဖူးပါသည်။ 


အရှင်အာနန္ဒာ အလောင်းသည် ပန်းထိမ်သည်သား ဘ၀တွင် အတိတ်ကုသိုလ်အားကြီးသောကြောင့် လွန်စွာ ချောမောလှပကာ စည်းစိမ်ငွေကြေး လွန်စွာပေါများသည်။ ထိုဘ၀တွင် သူတစ်ပါးသားမယား သားပျိုသမီးပျို များကို ဖျက်ဆီးကာ အကုသိုလ်များကြုးလွန်သော်လည်း မည်သို့မျှ မဖြစ်ပေ။ နောက်ဘ၀တွင်ပင် ငရဲမကျပဲ လူဘ၀ပြန်ဖြစ်သေးသည်။ ထိုနောက်ဘ၀တွင်မည်သည့် အကုသိုလ်မျှ မလုပ်ပဲ အေးဆေးစွာ နေထိုင်ခဲ့သည်။ သို့သော် သေလွန်သော် ပန်းထိမ်သည်သားဘ၀က အကုသိုလ်အကျိုးပေးချိနကျသဖြင့် ငရဲကျတော့သည်။ 

ငရဲမှ သက်တမ်းစေ့၍တက်လာသော် နွား၊ မျောက်၊ ခွေး တိရစ္ဆာန်ဘ၀များတွင် အထီးဖြစ်သော်လည်း သင်းကွပ်ခံရသည်။ လူမိန်းမဖြစ်သော် ပြည့်တန်ဆာ အဖြစ်ဖြင့်သာ အသက်မွေးရသည်။ အကုသိုလ်ကံ အကျိုးဆက်များဆက်တိုက်ခံစားကြရသည်။ ကိုယ်ဆိုးမိုက်ခဲ့သည်က တစ်ဘ၀ဖြစ်ပီး ပေးဆပ်ရသည်က ဘ၀များစွာဖြစ်သည်။ ပြောရလျှင် မတန်ဟု ဆိုချင်ပါသည်။ ကိုယ်ရသည်ထက် ပြန်ပေးရသည်က များသောကြောင့်ဖြစ်သည်။


ယ္ခု ကျွန်ုပ်တို့သည်လည်း ကုသိုလ်အရှိန်များသဖြင့် လူဖြစ်လာကြသည်ဖြစ်ရာ မိမိရရှိထားသော အခွင့်ကောင်းကို အချီးနှီးဖြုန်းတီးမပစ်ပဲ အကျိုးရှိစွာ အသုံးချင်သင့်လှပါကြောင်း . . . ။


1 Comments:

At October 25, 2009 at 3:36 AM , Blogger ဝက်ဝံလေး said...

ငါ့အတွက် ရေးပေးတာလို့ ထင်တယ် ဟုတ်လား အတ္တ ဟီးးးဟီးးးးးးး

 

Post a Comment

Subscribe to Post Comments [Atom]

<< Home