Monday, January 31, 2011

မဟာဗောဓိမြိုင်နှင့် ရွှေပါရမီတောရ

မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက သွားရောက်ဖူးမြော်ရင်း မေးလျှောက်တာတွေကို မှတ်တမ်း Clip ကလေးပါ..။

Saturday, January 29, 2011

ရှောင်ရန်...

တနေ့ညက ရွှေမြိုင်ဆရာတော် တရားပွဲ သွားနာဖြစ်ခဲ့တယ်။ ဟောတဲ့အထဲက သဘောကျတာလေး မျှဝေပါတယ်။
ဆရာတော်ဟောတာက "" သုံးလုံးရှောင် အိုအောင်မဆင်းရဲ တဲ့။
ကြားဖူးတာက "ဘူး" တစ်လုံးဆောင် အိုအောင်မဆင်းရဲပဲ ကြားဖူးခဲ့တာ...။
ဆရာတော်က "" သုံးလုံးရှောင်ဆိုတော့ နည်းနည်း ထူးဆန်းသွားတယ်။ နောက်ရှောင်ရမှာကလည်း သုံးလုံးတောင်..။ ဒါနဲ့ သေချာမှတ်လာခဲ့တယ်။

ဆရာတော်က ဆက်ဟောပါတယ်။

ပထမ "တ" ကတော့-
တောထွက် ပါတဲ့။
ဒုတိယ "တ" ကတော့-
တောင်ပြန် ..တဲ့။
နောက်ဆုံး "တ" ကတော့-
တယ်လူး ဖြစ်ပါသတဲ့။


တောထွက် ဆိုတာကတော့ သားနဲ့ မယားနဲ့ အိမ်ထောင်ပြုပြီး အကြောင်းကြောင်းကြောင့် ရဟန်းဘောင် ၀င်လာကြသူတွေကို ပြောတာပါ။ အဲလို ရဟန်းတွေကို တောထွက်လို့ ခေါ်ပါတယ်။ သူ့ကိုလည်းရှောင်ရပါမယ်တဲ့။

တောင်ပြန် ဆိုတာကတော့ ငယ်စဉ်ကတည်းက ကိုရင်ဝတ်ပြီး အသက်စေ့တော့ ရဟန်းဘောင်တက်ပါတယ်။ ရဟန်း လေး ငါး ဆယ်ဝါ လောက်ရောက်တော့ အကြောင်းကြောင်းကြောင့် လူထွက်ပါတယ်။ ဘုန်းကြီးလူထွက်ဘ၀နဲ့ လူ့လောကမှ နေရတာ အဆင်မပြေပြန်တော့ ရဟန်းပြန်ဝတ်ပါတယ်။ အဲလို ရဟန်းကိုတော့ တောင်ပြန် လို့ခေါ်ပါတယ်တဲ့။
အဲ.. သူ့ကိုလည်းရှောင်ရပါမယ်တဲ့။

တယ်လူး ဆိုတာကတော့.. အသက်သုံးလေးဆယ်လောက်ရမှ ရဟန်ဘောင်ရောက်လာတဲ့ လူပျိုကြီး တွေကို ခေါ်ပါတယ်။ သူ့ကိုတော့ အသက်ကြီးမှဝတ်ပေမယ့် တောထွက်လို့မခေါ်ပါဘူးတဲ့..။ အိမ်ထောင်မကျလို့ ဖြစ်ပါတယ်။
အဲ.. သူ့ကိုတော့ ပိုပြီး ဝေးဝေးရှောင်ရမယ်တဲ့။

ဟီး.. ကိုယ်ကိုးကွယ်ကြည်ညိုနေတဲ့ ဆရာတော်တွေထဲမှာ ပါနေရင်တော့... Sorry နော်...။

Thursday, January 13, 2011

ကျွန်တော် အမှတ်မှားသော မြန်မာစာလုံးများ

  အောက်ကရေးထားတာတွေကတော့ အမှန်တွေဖြစ်ပါတယ်။ ဒါပေမယ့်....
အဲဒါတွေကို အမြဲတမ်း တလွဲရေးလေ့ရှိပါတယ်။ :)
ဘယ်လောက်ပဲ မှတ်ထားပေမယ့်လည်း ရေးတဲ့အခါ လွဲတာပဲ။

ကတိ (...စကား)
ဂတိ  (လားရာ.....)
ငရုတ်ပင်/သီး
ငံပြာရည်
ငန် (ဆား ... )
စကြာ
စကြ၀တေးမင်း
စကြ၀ဠာ
ဆွေမျိုး ဉာတိ
ဇလုံ
ညိ (မီးညှိ၍.....)
ညှိ (ညီအောင်....)
ညှိ (မီးညိအောင် .....)
တခမ်းတနား
တချို့တလေ
တချို့တစ်ဝက်
တခြားတစ်ပါး
တငေးတမော
တယ်လီဖုန်း
တစ်ကောင်တလေ
တစ်ကောင်တစ်မြီး
တစ်ကျိတ်တည်း တစ်ကြံတည်း
တစ်ခါတလေ
တစ်ခါတစ်ရံ
တစ်ခုတလေ
တစ်မျှော်တစ်ခေါ်
တစ်စိတ်တစ်ဒေသ
ထရံအကာ
ထိုမှတစ်ပါး
ဒါယကာ (ကျောင်း.......)
ဒါယိကာမ (ကျောင်း......)
နဖူး
နားထင်
နှတ်ကြောင်းပေး
ပဲ  (လူ....၊ နတ် ....၊ဖတ်ရုံ....ဖတ်)
ဘဲ (မလုပ်....၊ မကိုင်....)
မမီမကမ်း
မဲမဲသဲသဲ
မည်းနက်
မျက်(ခါး...၊ အရိုး.....)
မြက်(ဆား....၊ ထက်....)
မြေ့မြေ့ (.....ချော၊)
မြည့်မြည့် (ဆွေး....၊)
လေးမြား
လက်ကိုင်ပ၀ါ
လျက်ဆား
လျှပ်တစ်ပြက် မျက်စိတစ်မှိတ်
တိရစ္ဆာန်
သင်္ဂါယနာ
သျှောင်ကြီးဗွေ
အခါတစ်ပါး
အဆောတလျင်
အလေဏတော
အဆောက်အဦ
အံ့ဖွယ်သရဲ
အောက်သက်ကျေ

Thursday, January 6, 2011

ပဉ္စာနန္တရိယကံ

လောကတွင်အပြစ်အကြီးဆုံး ကံငါးပါးရှိပါသည်။ အဆိုပါ အပြစ်များကို ကျူးလွန်ထားပါက ယခုဘ၀တွင် မည်မျှပင် ကြိုးစားအားထုတ် စေကာမူ တရားထူးတရားမြတ် မရရှိနိုင်ပါ။ သို့သော်လည်း အဆိုပါ အားထုတ်မှုသည် အချီးအနှီး အဟောသိကံ မဖြစ်ချေ၊ အားကြီးသော အကြောင်းအထောက်အပံ့ ဥပနိဿယ သတ္တိအဖြစ် ကျေးဇူးပြုထောက်ပံ့ မည်ဖြစ်သည်။ 

ဥပမာပြရသော်  အဇာတသတ်ဘုရင် သည် ဖခင် ဗိမ္မိသာရမင်းကြီးအား သတ်ဖြတ်ကာ ဘုရင်နေရာယူခဲ့သည်။ ထိုသို့ သတ်ဖြတ်ခဲ့သော်လည်း ၄င်း၏ ရင်သွေး သားတော်လေး ဖွားမြင်ချိန်တွင် နောင်တရကာ ဘုရားရှင်၏ အဆုံးအမကိုခံယူခဲ့သည်။ ၄င်း၏ အတိတ်ကံ ပါရမီအရဆိုလျှင် သူ့အားဟောကြားသော သာမညဖလသုတ္တန် အဆုံးတွင် သောတာပန်ဖြစ်နိုင်မည်ဖြစ်သော်လည်း ဖခင်အားသတ်ခဲ့သော ပီတုဃာတကကံကြောင့် သောတာပန် မဖြစ်နိုင်ခဲ့ပေ။ 
သို့သော်လည်း သူသည် မြတ်စွာဘုရားကို လွန်စွာကြည်ညိုခဲ့သည်။ မည်မျှလောက်ထိ ကြည်ညိုသည်ဆိုရသော် လူပုဂ္ဂိုလ်တို့ထဲတွင် မြတ်စွာဘုရားအား ကြည်ညိုရာ၌ သူ့ထက်သာသည့်သူ မရှိအောင် ကြည်ညိုခဲ့သည်။ ထို့ကြောင့် မြတ်စွာဘုရားကို ကြည်ညိုသောအရာ၌ အဇာတသတ်ဘုရင်သည် ဧတဒဂ်ဘွဲ့ကိုပင် ရခဲ့သည်။ သို့သော်လည်း သူကျူးလွန်ခဲ့သော ပီတုဃာတကကံကို အဆိုပါ ဧတဒဂ်ဘွဲ့က မချေဖျက်နိုင်ချေ။

ထိုသို့ မချေဖျက်နိုင်သော်ငြားလည်း သူပြုခဲ့သည် မြတ်စွာဘုရားအား ကြည်ညိုသည့် ကုသိုလ်ကံက သူခံရမည့် ငရဲဘုံနှင့် သက်တမ်းအား လျော့ကျသွားစေခဲ့သည်။ ထို့ပြင် ထိုငရဲတွင်ကျခံပြီး ငရဲမှလွတ်လျှင် ပစ္စေကဗုဒ္ဓါ ဖြစ်ဦးမည်ဖြစ်သည်။

အဆိုပါ ကံကြီး (၅)ပါးမှာ-
၁။ မာတုဃာတကကံ     (အမိကိုသတ်သောကံ)
၂။ ပီတုဃာတကကံ      (အဖကိုသတ်သောကံ)
၃။ အရဟန္တဃာတကကံ (ရဟန္တာကိုသတ်သောကံ)
၎။ လောဟိတုဘကံ      (မြတ်စွာဘုရားကိုသွေးစိမ်းတည်စေသောကံ)
၅။ သံဃဘေဒကကံ      (သံဃာသင်းခွဲသောကံ)

တို့ဖြစ်ပါသည်။ အဆိုပါကံ ငါးပါးတွင် နံပါတ်(၅) ကံကို အနည်းငယ်ပြောချင်ပါသည်။
ယခုအခါ ၁ မှ ၃ အထိ လူများ ကျူးလွန်နိုင်ပါသည်။ နံပါတ်(၄) ကံကို ယခုအခါ မကျူးလွန်နိုင်တော့ပါ၊ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသွားပြီဖြစ်သောကြောင့်ဖြစ်ပါသည်။

နံပါတ်(၅) ကံကိုလည်း လူများမကျူးလွန်နိုင်ပါ။

သံဃာသင်းခွဲခြင်းကံ မြောက်ပုံကို ရှင်းပြပါမည်။ ရဟန်းတို့သည် လပြည့် ၊ လကွယ် များတွင် သိမ်တွင် ဥပုသ်ပြုကြရပါသည်။ ဥပုသ်ပြုရာတွင် ရဟန်းနှစ်ပါးသည် ၄င်းတို့အချင်းချင်းမတည့်၍ သိမ်တစ်သိမ်ထဲ၌ အချိန်လည်း တစ်ချိန်တည်းတွင် နောက်ပါရဟန်း လေးပါးနှင့် အထက်စီ ဥပုသ်ပြုပါက အဆိုပါရဟန်းနှစ်ပါးသည် သံဃာကို သင်းခွဲသောကံမြောက်ပါသည်။ ထို့ကြောင့် ထိုကံကို လူဝတ်ကြောင်များ ကျူးလွန်ရန်မဖြစ်နိုင်ပါ။

ရဟန်းနှစ်ပါး အချင်းချင်း မသင့်မတင့်ဖြစ်အောင် လူတစ်ယောက်က သွေးထိုး ကုန်းချော၍ ထိုရဟန်းနှစ်ပါး စိတ်ဝမ်းကွဲသွားသော် ထိုသူသည် သံဃာသင်းခွဲသောကံ မထိုက်ပါ။ ပိသုဏ၀ါစာ ကျူးလွန်ခြင်းကံသာ ထိုက်ပါသည်။ ထို့အတူ ဘုန်းကြီးကျောင်းများ တစ်ကျောင်းနှင့် တစ်ကျောင်း စာသင်တိုက် တစ်တိုက်နှင့်တတိုက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မတည့်အောင် ပြုလုပ်ခြင်းသည်လည်း သံဃာ့ဘေဒကကံမထိုက်ပါ။

ထို့ကြောင့် ယခုဘ၀တွင် အမေ၊ အဖေ ၊ ရဟန္တာ မသတ်လျှင် မည်မျှပင်ဆိုးမိုက်ခဲ့သည်ဖြစ်စေ၊ ၀ိပဿနာတရားကိုအားထုတ်ပါက ခုနစ်ရက်အတွင်းတွင်၎င်း၊ ခုနစ်လအတွင်း၌၄င်း၊ ခုနစ်နှစ်အတွင်း သော်၎င်း တရားထူးတရားမြတ် ရနိုင်ပါသည်။

ဤပို့စ်ကို လွန်စွာမှ ဆိုးမိုက်ပြီး နောင်တရလာကြသော သူငယ်ချင်းများ အတွက် ရည်ရွယ်ပါသည်။