Saturday, November 12, 2011
စရိုက်
စရိုက်ဆိုသည်မှာ ပင်ကိုယ်ရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲ ဖြစ်တတ်သည်ကိုခေါ်ပါသည်။
စရိုက် (၆)ပါး
   စရိုတ်သည် (၆)ပါး အပြားရှိသည်။
၁။ ရာဂစရိုက်
၂။ ဒေါသစရိုက်
    အာဃာတ၊ ဣသာ၊ ပစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်၊
၃။ မောဟစရိုက်
    ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်၊
၎။ သဒ္ဓါစရိုတ်
    ယုံကြည်လွယ်လေ့ရှိသောစရိုတ်၊
၅။ ၀ိတက်စရိုက်
    စိတ်ကူးယဉ်တတ်သောအကျင့်၊
၆။ ပညာစရိုက်
    အရာရာ၌ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ဆင်ခြင်တတ်သောအကျင့်၊
မိမိစရိုက်ကို ဆန်းစစ်ရန်လိုအပ်ခြင်း
      လူတစ်ဦးတစ်ယောက်၏ စရိုက်ကို ဆန်းစစ်ရန်မှာ ထိုသူ၏ အသွားအလာ၊ အနေအထိုင်၊ အပြောအဆို၊ ဣရိယာပုထ်ကိုလည်းကောင်း၊ လုပ်မှုကိုင်မှုကိစ္စ၊ စားသောက်မှုဘောဇဉ်၊  ကြည့်ခြင်း ဒဿန စသည်တို့ကို  ကြည့်ရှုအကဲခတ်ခြင်းဖြင့်လည်းကောင်း သိနိုင်သည်။
      ထိုးစရိုက် (၆)ပါးတို့တွင် ရာဂနှင့် သဒ္ဓါ၊ ဒေါသနှင့်ပညာ၊ မောဟနှင့်ဝိတက် စရိုက်တို့သည် သဘောအားဖြင့် တူသလိုလိုရှိတတ်သည်။
    ရာဂနှင့်သဒ္ဓါစရိုက်ရှိသောသူသည် ပကတိသွားမြဲ သွားသည်ရှိသော် ယဉ်ယဉ်ကျေးကျေး တင့်တင့်တယ်တယ်ရှိသည်၊ ဖြည်းဖြည်းသာ ခြေကိုချသည်၊ ညီညီကြွသည်၊ လုပ်မှုကိုင်မှု ယဉ်ကျေးသေသပ်သည်။ အချိုအဆိမ့် စားသောက်ဖွယ်တို့နှင့် အမွှေးအကြိုင်တို့ကို ကြို့နှစ်သက်တတ်သည်။
        ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ ပရိယာယ်မာယာ အလိမ်အကောက်များသည်၊ မာနကြီးသည်၊ လိုချင်လောဘများသည်၊
        သဒ္ဓါစရိုက်ရှိသူသည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိသည်၊ ဘုရားကိုပူဇော်ခြင်း၊ တရားတော်ကို နာယူခြင်း၊ သံဃာတော်များကို ၀ပ်တွားဆည်းကပ် အလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။
        ဒေါသနှင့်ပညာစရိုက်ရှိသောသူသည် အသွားအလာ၊ အနေအထိုင်၊ အပြောအဆို ကြမ်းကြမ်းတမ်းတမ်း ကတိုက်ကရိုက်ရှိရှိသည်၊ လုပ်မှု၊ ကိုင်မှုတို့၌ ယဉ်ကျေးသေသပ်ခြင်း မရှိလှ၊ အချဉ်၊ အငန်၊ အစပ်၊ အခါး စူးရှသော အစာအာဟာရတို့ကို ကြိုက်နှစ်သက်တတ်သည်။ မကောင်းသော အဆင်း၊ အသံစသည်တို့နှင့်ကြုံတွေ့သောအခါ သည်းခံချုပ်တည်းနိုင်ခြင်းမရှိဘဲ ဆဲဆိုငေါက်ငမ်း ကြမ်းတမ်း စိတ်တိုလွယ်သည်။
       ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့မှု၊ ငြူစူမှု၊ သူတပါးဂုဏ်ကို ဖျက်ဆီးလိုမှု၊ ဂုဏ်တုဂုဏ်ပြိုင်ပြလိုမှု၊ အဆုံးအမခက်ခဲမှုတို့ ဖြစ်လေ့ရှိသည်။
         ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ နှိုင်းနှိုင်းချိန်ချိန် စားသောက်လေ့ရှိသည်။ သံသရာ နောင်ရေးကို သတိပညာဖြင့် ကောင်းစွာမြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြက်မြက်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန်ဖြင့် မှန်မှန်ကြိုးစားလေ့ရှိသည်။
      မောဟနှင့် ၀ိတက်စရိုက်ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ် သွားလေ့ရှိသည်။ ကြောက်ရွံ့လျှက် ခြေကိုချသည်၊ ကြွသည်၊ မေ့မေ့လျော့လျော့ရှိသည်။ လုပ်ငန်းကိစ္စ ရှုပ်ရှုပ်ထွေးထွေး ပွေပွေလိမ်လိမ်ရှိသည်။ စားသောက်မှု၌လည်း ဘယ်အစားအစာကို ကြိုက်နှစ်သက်တတ်သည်ဟူ၍မရှိ  မိမိအစွမ်းဖြင့် မည်မည်ရရ ပြောလောက်ဆိုလောက်အောင် ပြီးမြောက်သည်ဟူ၍ မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို နှိုင်းချိန်ခွဲခြား၍ မသိတတ်၊ အရပ်ရပ်ကိစ္စမှာ သူတကာ၏နောက်လိုက်သာ ဖြစ်ရသည်။ သူများချီးမွမ်းသည်ကို နောက်ကလိုက်၍ ချီးမွမ်းတတ်သည်။ သူများကဲ့ရဲ့သည်ကိုလည်း နောက်ကလိုက်၍ ကဲ့ရဲ့တတ်သည်၊ သတိပညာကင်းလျက် ထိုင်းမှိုင်းခြင်း၊ ပျံ့လွင့်ခြင်းတို့နှင့်သာ အချိန်ကုန်လွန်စေသည်။ ထိုစရိုက်နှစ်ပါးသည် ထူးမခြားနားဖြစ်၍ ထိုထို အမှုကိစ္စ၌ စကားတွေပေါလျက် ကိစ္စမချောပဲ မျော၍သာနေတတ်သည်။ လူပေါ်ကျော့၊ လူလေ၊ လူလွင့်တို့နှင့်ပျော်မွေ့ကာ အကြံများလျက် အလကားလူပို တွေသာဖြစ်တတ်သည်။
စရိုက်အလိုက်နှလုံးသွေးဖြစ်တတ်ပုံ
         ရာဂစရိုက်ရှိသောသူသည် နှလုံးသွေးနီသည်။
         ဒေါသစရိုက်ရှိသောသူသည် နှလုံးသွေးညိုသည်။
         မောဟစရိုက်ရှိသောသူသည် အမဲသားဆေးသော ရေလောက်သာ နှလုံးသွေးရောက်ဖျော့သည်။
         သဒ္ဓါစရိုက်ရှိသောသူသည် နှလုံးသွေးဝါသည်။
         ပညာစရိုက်ရှိသောသူသည် ပတ္တမြားကြောင်မျက်ရွဲကဲ့သို့ နှလုံးသွေးပြိုးပြိုးပြက်ပြက်ရှိသည်။ ဖြူသည်။
ထိုစရိုက်တို့ဖြစ်ရခြင်းမှာ ရှေးကံအကြောင်း မကင်းပေ၊ ရှေးဘ၀က ကုသိုလ်ကောင်းမှုပြုလုပ်သောအခါ -
လောဘခြံရံ၍ ပြုလုပ်ခဲ့လျှင် လောဘစရိုက် ရှိတတ်သည်၊
ဒေါသခြံရံ၍ ပြုလုပ်ခဲ့လျှင် ဒေါသစရိုက်ရှိတတ်သည်။
မောဟခြံရံ၍ ပြုလုပ်ခဲ့လျှင် မောဟစရိုက်ရှိတတ်သည်။
သဒ္ဓါတရားခြံရံ၍ ပြုလုပ်ခဲ့လျှင် သဒ္ဓါစရိုက်ရှိတတ်သည်။
သတိ  ပညာခြံ၇ံ၍ ပြုလုပ်ခဲ့လျှင် ပညာစရိုက်ရှိတတ်သည်။
မကောင်းသောအကြံအစည် ထွေထွေလာလာဖြင့်ပြုလုပ်ခဲ့လျှင် ၀ိတက်စရိုက်ရှိတတ်သည်။
         ထို့ကြောင့် နောင်အနာဂတ်ဘ၀တို့၌ စရိုက်ဆိုးများ မဖြစ်ရအောင် ကုသိုလ်ကောင်းမှု ပြုလုပ်သောအခါမှာ သတိ ပညာတို့ဖြင့် ခြံရံ၍ပြုလုပ်ကြရမည်ဖြစ်သည်။ သို့မှသာ နောင်ဖြစ်လတ္တံ့သော ဘ၀တို့၌ စရိုက်ကောင်းများ ဖြစ်နိုင်၍ ကောင်းမှုကုသိုလ်တိုးပွားပေမည်။
စရိုက်(၆)ပါးနှင့် သင့်လျှော်သော ကမ္မဋ္ဌာန်း
၁။ ရာဂစရိုက်ရှိသောသူသည် အသုဘ (၁၀)ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါးသောကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်ပေသည်။
၂။ ဒေါသစရိုက်ရှိသောသူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော အပ္ပမညာ(ဗြဟ္မစိုရ်) ၄-ပါး၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟုဆိုအပ်သော ၀ဏ္ဏကသိုဏ်း ၄-ပါး၊ ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။
၃။ မောဟနှင့် ၀ိတက်စရိုက်ရှိသောသူသည် ထွက်လေ၀င်လေကို နှာသီးဖျား၌ ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။
၎။ သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀နုဿတိ၊ ဤ ၆-ပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်သည်။
၅။ ပညာစရိုက်ရှိသောသူသည် မရဏာနုဿတိ၊ ဥပသမာနုဿတိ(နိဗ္ဗာန်ကိုအာရုံပြုခြင်း)၊ စတုဓာတု၀၀တ္ထာန်(ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း)၊ အာဟာရေပဋိကူလသညာ၊ ဤလေးပါးသော ကမ္မဋ္ဌာန်းတို့နှင့် သင့်လျော်ပါသည်။
          ထိုသို့ အထက်ပါ ကမ္မဋ္ဌာန်း (၃၀)မှ ကျန်သော ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ အာကာသ၊ အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆-ပါး၊ အာရုပ္ပ ၄-ပါး၊ ဤ ၁၀-ပါးတို့သည် အလုံးစုံသော စရိုက်တို့နှင့် သင့်လျော်သည်။
       ကသိုဏ်းတို့တွင် သေးငယ်သော ကသိုဏ်းဝန်းတို့သည် ၀ိတက်စရိုက်ရှိသူအား သင့်လျော်သည်။
      ကြီးသော ကသိုဏ်းဝန်းတို့သည် မောဟစရိုက်ရှိသူအား သင့်လျော်သည်။
       ရာဂ ကိုပယ်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကို ပွားအပ်သည်။
       ဒေါသကို ပယ်ခြင်းငှာ မေတ္တာကို ပွားအပ်သည်။
       မာနကို ပယ်ခြင်းငှာ အနိစ္စသညာကို ပွားအပ်သည်။
ထို့ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သူတို့သည် အထက်ပါပြဆိုချက်များကိုဖတ်ရှုပြီး မိမိစရိုက်ကို ဆန်းစစ်ပြီး မိမိစရိုက်နှင့် သင့်လျော်သော ကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများပါက တရားရလွယ်သောကြောင့် ကျေးဇူးများကြပါစေသောဝ်....။
Wednesday, November 9, 2011
ပလိဗောဓ
ပလိဗောဓ ဆိုသည်မှာ  ကမ္မဋ္ဌာန်း ၀ိပဿနာကို အားထုတ်ဆဲအခါ ဖြစ်ပေါ်လာတတ်သော ပူပန်စရာ စိုးရိမ်စရာ ကြောင့်ကြစရာ(အနှောင်အဖွဲ့) မျိုးကိုဆိုလိုပါသည်။ ထိုပူပန်စရာ စိုးရိမ်စရာ ကြောင့်ကြစရာ ဖြစ်သော ပလိဗောဓကို ကမ္မဋ္ဌာန်းဝိပဿနာ အားထုတ်ရာ၌ ၀င်ရောက်နှောက်ယှက်ခြင်း မရှိစေခြင်းငှာ ရှေးဦးစွာ ရှင်းလင်း ကင်းပြတ်အောင် ပြုလုပ်ထားရမည်ဟု ဆိုလိုသည်။ ထိုသို့ ပူပန်စရာဖြစ်သော ပလိဗောဓများမှာ (၁၅)ပါးရှိပါသည်။ ယင်းတို့အနက် ပလိဗောဓကြီး(၁၀)ပါးနှင့် ပလိဗောဓငယ်(၅)ပါးဟု ထပ်မံခွဲခြားပြထားပါသည်။
ပလိဗောဓကြီး(၁၀)ပါး
၁။ အာဝါသ ပလိဗောဓ
         ကျောင်းနေရာ အရိပ်အာဝါ အတွက် မပြီးစီးသဖြင့် ပူပန်စိုးရိမ်ကြောင့်ကြနေရခြင်း၊
၂။ ကုလပလိဗောဓ
         အလုပ်အကျွေး၊ အစေအပါး၊ ဒါယကာ၊ ဒါယိကာမများအတွက် စိတ်လက်မချ သောကပိုနေရခြင်း၊
၃။ လာဘပလိဗောဓ
         ရရှိပြီးသော ပစ္စည်းဥစ္စာ၊ ရလတ္တံ့သော ပစ္စည်းဥစ္စာလာဘ်လာဘတို့အတွက် ကြောင့်ကြနေရခြင်း၊
၎။ ဂဏပလိဗောဓ
         နှစ်သက် ချစ်ခင် မေတ္တာဝင်၍ မိတ်သင်္ဂဟဖြစ်သဖြင့် အတူတကွ စားသောက်နေထိုင်ဖူးသော သီတင်းသုံးဖော်စသည့် အပေါင်းအသင်း(ဂိုဏ်း) များအတွက် ငဲ့ကွက်ပူပင်နေရခြင်း၊
၅။ ကမ္မပလိဗောဓ
        ဝေယျာဝစ္စ၊ အမှုကြီးငယ်၊ အသစ်တို့အတွက် ရှုပ်ထွေးစိတ်မအေးနေရခြင်း၊
၆။ အဒ္ဓါနပလိဗောဓ
        အဝေးအနီး ကိစ္စကြီးငယ် အသွယ်သွယ်ကြောင့် သွားလာရန်လမ်းခရီးများသောကြောင့် ကြောင့်ကြနေရခြင်း၊
၇။ ဉာတိပလိဗောဓ
        ဆရာ၊ တပည့်၊ မိဘ၊ ဘိုးဘွား ညီအစ်ကိုဆွေးမျိုးတို့အတွက် ပူပင်နေရခြင်း၊
၈။ အာဗာဓပလိဗောဓ
       အနာရောဂါ တစ်ခုခု စွဲကပ်နေသောကြောင့် နေထိုင်စားသောက်မကောင်းသဖြင့် ပူပင်နေရခြင်း၊
၉။ ဂန္ထပလိဗောဓ
       စာပေကျမ်းဂန်များကို သင်အံပို့ချခြင်း၊ ရေးသားပြုစုခြင်း၊ ဟောပြောသင်ကြားနေရခြင်း စသည်တို့အတွက် အလုပ်များနေရခြင်း၊
၁၀။ ဣဒ္ဓိပလိဗောဓ
       ပုထုဇဉ် ပုဂ္ဂိုလ်တို့ ရရှိထားသော ဈာန်အဘိညာဉ်စသော တန်ခိုးဣဒ္ဓိပါဒ်အတွက် ငဲ့ကွက်ပူပန်နေရခြင်း၊
ဆောင်ပုဒ်။      ။ အာ  ကု  လာဘ  ဂိုဏ်း  ကိစ္စ ၊ ပထ ဉာ အနာ ။
                      ကျမ်းဂန် တန်ခိုး ၊ ဤဆယ်မျိုး ဖြတ်ရိုး ၀ိပသ်မှာ။ (အရှင်ဇာဂရ- ၀ိပဿနာကြေးမုံကျမ်း)
ပလိဗောဓငယ်(၅)ပါး
၁။ ရှည်သောဆံပင်၊ မုတ်ဆိတ်၊ လက်သည်း၊ ခြေသည်းစသည်တို့ကို ပယ်အပ်သည်။
၂။ ဆွေးမြေ့ စုတ်ပြတ်သော သင်္ကန်း၊ အ၀တ်စသည်တို့ကို ခိုင်မြဲအောင် ဖာထေးချုပ်ခြင်းကို ပြုအပ်သည်။
၃။ ဟောင်းနွမ်းညစ်လွန်းသော သင်္ကန်း၊ အ၀တ်တို့ကို သန့်စင်အောင်လျှော်ဖွပ် အပ်သည်။
၎။ အညစ်အကြေးတင်သော သပိတ်များကိုလည်း စင်ကြယ်အောင် ပြုအပ်သည်။
၅။ အိပ်ရာ၊ ခုတင်၊ အင်းပျဉ်၊ ညောင်စောင်း စသည်တို့ကို ပြုပြင်အပ်သည်။