Wednesday, September 30, 2009

ဟိုတုံးက ကျွန်တော့ဘ၀ (၃)

         မနီးမဝေးတွင်လည်း ဆင်မ သောင်းစိန်ခိုင်ကို သူ့ဦးစီးက လက်လား(သံကြိုးကို လက်တစ်ဖက်တွင် ချည်၍လွှတ်လားခြင်း)နှင့်လွှတ်ထားသည်ကိုတွေ့ရသည်။ ဆင်မတွင်လည်း မုန်အိုး ဖောင်းနေသည်။ ထိုမုန်အနံ့ကို ရသောအခါ မြင်ဌေးသည် အစ်ထိုးတော့သည်။ (အစ်ထိုးသည်ဆိုသည်မှာ အံကြိတ်သံနှင့်တူပြီး အစ်အစ်ဟူသောသေးသေးစူးစူး အသံတစ်မျိုး ထွက်ပါသည်။) ထိုအသံသည် ဦးစီးအတွက် အန္တရယ်အချက်ပေးခေါင်းလောင်းသံဖြစ်ပါသည်။ ဆင်ဦးစီးတိုင်းသိကြပါသည်။ သို့သော် အရက်အနည်းငယ်ဝင်ထားသော ကိုတင်သန်းကား လုံးဝဂရုမစိုက်ပဲ ဆင်ကို တစ်ချက်နှစ်ချက် ရိုက်ကာ ဆက်လက်မောင်းသွား ပါသည်။ နောက်မှ လိုက်သောကျော်လှိုင်က သတိပေးပြီး ဆင်မ သောင်းစိန်ခိုင်ကို အဝေးသို့ ထွက်သွားရန် လိုက်မောင်း၏။ ကိုတင်သန်းက ဂရုမစိုက်ပဲ ဆက်မောင်းသွားကာ သင်းချိုင်းဘေး ၀ါးရုံပုတ်ကြီးကြီးနှင့် ဆင်ချည်ရန် သစ်ပင်ကြီးကြီးကိုသာ ရှာရင်းမောင်းနေပါသည်။ မြောင်ကျပ်ကလေးတခုနားတွင် သစ်ဖြူပင်ကြီးနှင့် အနားတွင် ၀ါးရုံပင်သုံးလေးပုတ် ရှိသောကြောင့် ထိုနေရာတွင် ချည်မည်ဟု ဆုံးဖြတ်ကာ ဆင်ကို မက်(၀ပ်)ခိုင်းလိုက်ပါသည်။ ဆင်က မက်(၀ပ်)မပေးပဲ ယို့ ရုံ ယို့ပေးပါသည်။ (မက်ဆိုသည်မှာ ခြေရောလက်ပါ လေးဖက်လုံး ရှေ့နောက်ပစ်ကာ ၀ပ်ချလိုက်ချင်းဖြစ်သည်။ဆင်၏ခန္ဓာကိုယ်က လေးသောကြောင့် ချက်ချင်းထရန် မလွယ်ပေ။ ယို့သည်ဆိုသည်မှာ ရှေ့ခြေနှစ်ချောင်းကို အနည်းငယ် ကွေးကာ ခေါင်းကိုငုံ့ ပေးချင်းဖြစ်သည်။ ပြန်ထရန် လွယ်ကူသည်။)
ကိုတင်သန်းမှာ သတိမထားပဲ ခါတိုင်းကဲ့သို့ပင် နားရွက်ဆွဲပီး ဂုတ်ပေါ်မှ ဆင်းလိုက်ပါသည်။ ထိုအချိန်တွင် ကျော်လှိုင်မှာ ခပ်လှမ်းလှမ်းတွင်သာရှိသေးသည် အနားသို့ရောက်မလားသေးချေ။ စိတ်မချ၍ လိုက်လာသော ဆင်ခေါင်းကြီး ဦးဖိုးလှိုင်လည်း ကိုတင်သန်း နောက်ခပ်လှမ်းလှမ်းတွင်ရာက်လာနေသည်။ ဆင်အောက်ဆင်းရန် မက်(၀ပ်)ခိုင်းသံကြား၍ ဆင်လေးဖက်ချ ၀ပ်မှ ခေါင်းပေါ်ကဆင်းရန် အော်ပြောလိုက်သေးသည်။ ကိုတင်သန်းကာ ဂရုမစိုက်ပဲ ဘယ်ဘက်မှဆင်းလိုက်ပါသည်။
နားရွက်ဆွဲရာမှ အောက်ရောက်၍ နားရွက်လွတ်လိုက်ပြီး ဂုတ်ပေါ်မှ သံကြိုးကိုချကာ ညာလက်တွင်ချည်ပါသည်။ ထို့နောက် သံကြိုးစတစ်ဖက်ကို သစ်ဖြူပင်တွင်ချည်ရန် ဆွဲသွားပါသည်။ ထိုအချိန်တွင် မြင့်ဌေးသည် အစ်တစ်ချက်ထိုးကာ တင်သန်းအား နှာမောင်းဖြင့် လှမ်းရိုက်ပါတော့သည်။ အနည်းငယ်မူးနေသောတင်သန်းမှာ မှောက်လျားထိုးလဲကျသွား ပါတော့သည်။ ပြန်မထနိုင်ခင် နောက်မှ မုန်အစ်နေသော မြင့်ဌေးကသူ့သခင်အားသခင်လို့ မြင်တော့ပဲ ချောက်ကလေးထဲ လဲကျနေသော သူ့ဦးစီးတင်သန်း၏ ကျောပြင်အား ရှေ့လက်ဖြင့် နင်းချလိုက်ပါတော့သည်။ ကိုတင်သန်း၏ အော်သံပင်ထွက်မလာနိုင်ချေ။
သံပတ် (ဆင်တွင်ဆွဲထားသောခလောက်) သံနှင့် သံကြိုးသံဆူညံစွာကြားသဖြင့် ကျော်လှိုင်နှင့် ဆင်ခေါင်းကြီးတို့မှာ အပြေးရောက်လာကြလေသည်။မြင်ဌေ့း၏ညာလက် အောက်တွင် ပြားနေသော ကိုတင်သန်းအား တွေ့လိုက်ရပြီး ဆက်လက်၍ လက် တစ်ဖက်ကို ဆွဲဖြုတ်ရန် နှာမောင်းဖြင့် စမ်းနေသည်မြင်ရသဖြင့် နှစ်ယောက်သား ယား ယား (မလုပ်နဲ့ မလုပ်နဲ့) ဟု အတင်းအော်ကာ ကျောက်ခဲကောက်ကာ ထုကြတော့သည်။ နောက်မှအ်ာသံကြောင့် မြင့်ဌေးသည်  ချာကနဲလှည့်ကာဆင်ခေါင်းကြီးနှင့်ကျော်လှိုင်တို့ဆီ အတင်းဝင်တိုက်တော့သည်။ သူတို့နှစ်ယောက်လည်း ခံစရာသစ်ပင်ကိုကြည့်ပြီး ပြေးကြရာ မန်းကျီးပင်တစ်ပင်တွင် ကပ်နေကြသည်။ မြင့်ဌေးလည်း တန်းဝင်မလာချေ။ ၀ါးသုံးရိုတ်လောက်မှ နားရွက်ကားကာနှာမောင်း လိပ်ပြီးကြည့်နေသည်။ ကျော်လှိုင်က ကျွန်တော်ခံထားမယ် ဆင်ခေါင်းကြီးအရင်ပြေးပါဟုပြာသောကြောင့် ဆင်ခေါင်းကြီးလည်း လူအကူခေါ်ရန် ရုတ်တရက် ထွက်ပြေးသွားရာ မြင့်ဌေးသည် ဆင်ခေါင်းကြီးကို ဆက်လိုက်တော့သည်။
  ကျော်လှိုင်လည်း နောက်မှ အသာလိုက်ကာ မြီးထူးကို ပါလာသောလှံနှင့် ပစ်လိုက်ပြီး မြောင်ကမ်းပါးယံသို့  အပြေးတွယ်ကပ်တက်ရတော့သည်။ နောက်မှ လှံချက်ကြောင့် ဆင်ခေါင်းကြီးကိုမဲလိုက်နေရာမှ ကျော်လှိုင်ဖက်သို့ လှည့်လာပြန်သည်။ သို့သော် ကျော်လှိုင်မှာမြောင်ကမ်းပါးပေါ်သို့ရာက်သွားပြီဖြစ်သလို ဆင်ခေါင်းကြီးလည်းလွတ်မြောက်သွားသည်။ ထိုအခါ သူနင်းသတ်ခဲ့သော သူ့သခင်တင်သန်း၏အလောင်းကို ဆုတ်ဖြဲရန် တရွေ့ရွေ့ သွားတော့သည်။ ကျော်လှိုင်လည်း ကမ်းပါးပေါ်မှာ အော်ဟစ်ကာ တွေ့ရာ ကျောက်ခဲ တုတ်တိုတို့ဖြင့် ပစ်ခတ် ချောက်လှန့်သည်။ ထိုအခါ ကျော်လှိုင်ဆီသို့ လိုက်လာပြန်သည်။ ကြားက ကမ်းပါးက ခုနစ်ပေရှစ်ပေလောက်ရှိသဖြင့် ရုတ်တရက် တက်ကာ မလိုက်နိုင်ချေ။ တခါ အလောင်းဘက်လှည့်လိုက်၊ ကျော်လှိုင်က အော်ဟစ် ခဲဖြင့်ပစ်လိုက်၊ ကျော်လှိုင်ဘက်လှည့်လိုက်နှင့် သုံးလေးခါဖြစ်နေချိန်ကျမှ ဆင်ခေါင်းကြီးခေါ်လာသော ဆင်သမားလေးငါးယောက်ရောက်လာမှ အတင်းဝိုင်းကာ အောဟစ်ခြောက်လှန့် မောင်းထုတ်ကြရသည်။ သို့မှ ပေစောင်း ပေစောင်းနှင့် ထွက်သွားတော့သည်။ ကျန်လူများလည်းထိုအခါမှ ကိုတင်သန်းအလောင်း သွားရောက်ကြည့်ကြ၏။
  နောက်ကျောတွင်ဆင်တစ်ကောင်လုံး၏ အလေးချိန်ဖိအားကြောင့် ဆင်ရှေ့လက်ရာကြီးမှာ အထင်းသား ပေါ်နေသည်။လူမှာ ချောက်ကလေးထဲ ကွက်တိကျနေသဖြင့် နင်းသည့်နေရာက မပွင့်ထွက်ပဲ နံတိုအောက်မှ အူကလီစာများ ပွင့်ထွက်ကာ မကြည့်ရက်စရာ ကြောက်စရာဖြစ်နေသည်။ အလောင်းကို ပက်လက်လှန်လိုက်ရာလျှာမှာအပြင်သို့ လက်ငါးလုံးလောက်ထွက်နေပြီးမျက်လုံးနှစ်လုံးမှာ ပြူးထွက်နေသည်။ လွန်စွာ မချိမဆန့် ခံလိုက်ရကာ အသက်ထွက်သွား ပုံရသည်။ ထို့နောက် ရွာလူကြီးများအားအကြောင်းကြားကာ အလောင်းအား ထိုသချိုင်းမှာပင် သဂြိုဟ်လိုက်ကြသည်။ တွင်းကိုနက်နက်တူးကာ မြှုပ်လိုက်ကြသည်။ ထို့နောက် အားလုံး သစ်ဆွဲမည့်အစီအစဉ်ဖျက်ကာ ၀ိုင်းသို့ ပြန်လာခဲ့ကြသည်။
မိမိ အထက်ဌာနသို့ စာပို့နှင့် အမြန်အကြောင်းကြားခိုင်းလိုက်သည်။ နောက်နေ့တွင် ၀က်စာကျင်းရွာမှ ရွာသားနှစ်ယောက် ရောက်လာကာ ကိုတင်သန်းမြေပုံအား ဖွထားရာတွေ့ရကြောင်း ဆင်ခြေရာများလည်း တွေ့ရကြောင်း သတင်းလာပို့၍ ဆင်ဝိုင်းမှ လေးငါးယောက် ဓားလှံ လေးခွများယူကာ လိုက်ကြည့်ကြသည်။ မြင့်ဌေးသည် သူ့သခင်အား စိတ်ရှိလက်ရှိ မလုပ်ရ၍ ပြန်လာကာ အလောင်းအား ဖေါ်ရန်ကြိုးစားခြင်းဖြစ်သည်။  ဆင်တို့သည် သူ့သခင်ဖြစ်စေ တစိမ်းဖြစ်စေ နင်းသတ် ထိုးသတ်ပြီးက အလောင်းအား တစ်စစီ ဆွဲဖြဲကာ ခြေတခြား လက်တခြား လွင့်ပစ်တတ်သည်။ ထိုသို့ ပြုလုပ်ရခြင်း အကြောင်းအား မေးမြန်းကြည့်ရာ ဆင်ဦးစီးအိုကြီးများက အကြောက်လွန်းပြီးလုပ်ခြင်းဖြစ်သည်ဟု ပြောကြသည်။ သူတို့သတ်သောသူ ပြန်ရှင်ကာ ပြန်ရန်မူမည်ကိုစိုးသောကြောင့် တစ်စစီဖြဲကာ လွင့်ပစ်ခြင်းဖြစ်သည်ဟု ပြောကြသည်။ လိုက်သွားသော ဆင်သမားများသည် ပုံပျက်နေသောမြေစာပုံအား ငြောင့်များစိုက်ကာ ပြန်ဖို့ထားခဲ့သည်။ နောက်တစ်ကြိမ်ပြန်လာက ငြောင့်စူးကာလန့်သွားစေရန်ဖြစ်သည်။      ဆင်ဝိုင်းသို့ရောက်သောအခါမြို့သို့စာပို့သောသူ ကားကြုံနှင့် ပြန်လိုက်လာပြီး ၀ိုင်းသို့ရောက်နေသည်ကိုတွေ့ရသည်။ လောလောဆယ် လွတ်သွားသော်ဆင်အား ပြန်ဖမ်းရန် ညွှန်ကြားလိုက်ကြောင်းပြောပြသည်။ နောက်နေ့တွင်မြင့်ဌေးအားဖမ်းရန် ၀ိုင်းရှိခေါင်ဆင် မြင့်ကျော်နှင့် တွဲကာဖမ်းရန် အကြံပြုကြသောကြောင့် ဆင်ခေါင်းကြီးလည်း သဘောတူလိုက်သည်။ မြင့်ကျော်နှင့် မြင့်ဌေးသည် သက်တူရွယ်တူဖြစ်သည် ကျုံးလည်း တူတူပင်ဖြစ်သည်။ ငယ်စဉ်ကမူ မြင့်ဌေးကို မြင့်ကျော်က မနိုင်ချေ။ နှစ်ကောင်သား ထိုးကြလျှင် မြင့်ဌေးသာနိုင်လေသည်။ ကြီးလာသောအခါ မြင့်ကျော်သည် စွယ်စုံဆင်ပေါက်ကြီးဖြစ်သည့်အလျှောက် အစွယ်အားကိုးနှင့် အနိုင်ထိုးနိုင်တော့သည်။ ထိုမှ မြင့်ဌေးနှင့် မြင့်ကျော်ခပ်တန်းတန်းဖြစ်သွားသည်။ အရင်လို တွဲမနေတော့ တစ်ကောင်က ချောင်းဖျားတက်လျှင် တစ်ကောင်က ချောင်းအောက်စုန်သည်။ ဦးစီးများလည်း သတိချပ်ကာ လွှတ်ရသည်။ အလုပ်ဆင်ကြီးတွေဖြစ်လာ၍ နှစ်ကောင်တိုက်ခိုက်၍ ဒဏ်ရာအကြီးအကျယ်ရကာ ကျိုးပဲ့လျှင် ဦးစီးများ အရေးယူခံရမည်ဖြစ်သည်။
ထို့ကြောင့် မြင့်ဌေးအား လူချည်းသက်သက် မကပ်ရဲကြသောကြောင့် သူ့ကိုနိုင်သော မြင့်ကျော်နှင့် ကပ်ကာ ၀ိုင်းဖမ်းရန်စီစဉ်ကြသည်။ ထိုသို့ ဆင်ချင်းကပ်ပြီးဖမ်းရာတွင် ဦးစီးရဲရင့်ဖို့လိုသလို ကိုယ်ဆင်ကိုလည်း ယုံကြည်စိတ်ချရမှ ဖြစ်ပေမည်။ ထို့အတူ လျှင်မြန်ဖြတ်လတ်ဖို့လည်းလိုသေးသည်။ မြင့်ကျော်ဦးစီး ကိုကျော်ဝင်းမှာ ဆင်ကိုင်ရိုသေ၍ လူကြီးများသဘောကျကာ မြင့်ကျော်ကိုစီးရသော်လည်း၊ ဆင်ကိုင် ဆင်ခိုင်းတွင်တော့ ပထမတန်းမဟုတ်ချေ။ အကျဉ်းအကျပ်တွင်လည်း အနည်းငယ်ရွံ့တတ်သည်။ ထို့ကြောင့် ဆင်ခေါင်းကြီးမှာသဘောတူလိုက်ပြီးကာမှ ရင်တမမ ဖြစ်နေရတော့သည်။ အကယ်၍ မြင်ဌေးကိုမနိုင်၍ မြင်ကျော်ရှုံးလျှင် ဦးစီးအသက်အန္တရာယ် ရှိသလို မြင့်ကျော်လည်း အစွယ်တစ်ဖက်တော့ချိုးခံရမှာ သေချာသည်။ (ဟိုင်းဆင်များသည် စွယ်စုံဆင်နှင့်တိုက်ခိုက်လျှင် ဦးစွာ စွယ်စုံဆင်၏ အစွယ်ကို ချိုးရန်ကြိုးစားလေ့ရှိသည်။ အစွယ်မရှိမှသာ သူတို့အနိုင်တိုက်နိုင်မည်ဖြစ်သည်။ အားချင်းယှဉ်လျှင် ဟိုင်းဆင်သည် ငယ်စဉ်က မိခင်နို့ကို ကြီးအောင်စို့ခဲ့ရသဖြင့် ခွန်အားကြီးမားကြသည်။ စွယ်စုံဆင်များမှာ အစွယ်ထွက်လာလျှင် မိခင်ဆင်မကြီး နို့အုံကို အစွယ်နှင့်ထောက်မိသဖြင့် မိခင်ဆင်မကြီးမှ နို့စို့မခံပဲ မြန်မြန်နို့ခွဲပစ်ကြသည်။ ထို့ကြောင့် ငယ်အားတွင် ဟိုင်းဆင်က သာသည်။)
မြင့်ကျော်ဦးစီး ကျော်ဝင်းမှာအများရှေ့တွင် မေးသောကြောင့် သူရအောင် ဖမ်းပါမည်၊ သူနှင့်အတူ ကျောလယ်စီး ပဲချိတ်တစ်ယောက်သာပေးပါဟု ရဲရဲကြီးအာမခံလေသည်။ ဆင်ခေါင်းကြီးလည်း တခြားလူမမြင်သဖြင့် ခေါင်းညိတ်သဘောတူလိုက်ပြီး မည်သည့်နေ့ရာတွင် မြူဆွယ်ဖမ်းလျှင်ကောင်းမည်ကို အရင် သွားရောက်လေ့လာ၇န် ဆုံးဖြတ်ပေးလိုက်သည်။ လက်ထောက်ဆင်ခေါင်းကိုထွန်းလင်းနှင့် လေးယောက်အဖွဲ့ ဓားလှံ လေးခွ အစုံအလင်ဖြင့် ထမင်းထုပ်ကာ စခန်းမှ မနက်လင်းလင်းချင်း ထွက်ခွါကြသည်။ တစ်နေ့လုံး မြင့်ဌေး၏ ထူးလမ်းနှင့် စားကျက် အိပ်သည့်နေရာများကို ခြေရာကောက်လေ့လာကြသည်။ မြင့်ဌေးသည် ဆင်မ သောင်းစိန်ခိုင်နှင့်တွဲကာ ၀က်စားကျင်းရွာနှင့် မကျီးကိုင်းရွာနှစ်ရွာကြားရှိ ငှက်ပျောဥယျာဉ်ခြံများနှင့် ဖုန်းဆိုးများတွင်သာ နေထိုင်ကြောင်းတွေ့ရသည်။ ရေကို ပနီချောင်းတွင် ဆင်းသောက်သည်ကိုတွေ့ရသည်။ ထို့နောက် ကိုထွန်းလင်းနှင့်အဖွဲ့ စခန်းပြန်ကာ ရေသောာက်ဆင်းသည့်အချိန်တွင် ခေါင်ဆင်မြင့်ကျော်နှင့် ၀င်ထိန်းကာဝိုင်းဖမ်းရန်စီစဉ်ကြသည်။ နောက်နေ့မနက်စောစော မြင့်ကျော်အား ကုန်းတင်ကာ ဆင်ဝိုင်းရှိလူကုန်ထွက်ကာ ဆင်ဖမ်းထွက်ကြသည်။ ကျေးရွာများအားလည်း ၀က်စာကျင်း ရွာအောက် ပနီချောင်းကိုင်းပြန့်တွင် ဆင်ဖမ်းမည်ဖြစ်သဖြင့် ယာတောသို့သွားမည့်သူများ ယနေ့မသွားရန် အကြောင်းကြားထားရသည်။ ထိုသတင်းကိုကြားသော ရွာသူရွာသားတို့သည် ဆင်ဖမ်းသည်ကိုကြည့်ရန် ပနီချောင်းကိုင်းပြန့်အတွင်းရှိ လက်ပံပင်များ သရက်ပင်များတွင်တက်ကာ ကြည့်နေကြသည်မှာ ပျားအုံကဲ့သို့ဖြစ်နေသည်။ ဆင်ခေါင်းကြီးလည်း သစ်ပင်ငယ်များတွင် တက်ကြည့်နေသူများအား အတင်းဆင်းခိုင်းကာ သစ်ပင်ကြီးကြီးတွင် တက်ကြည့်ရန် လိုက်ပြောရတော့သည်။ တိုးတိုးတိတ်ဖမ်းရန်ကြိုးစားချက်မှာ မအောင်မြင်တော့ချေ။ အောက်ကိုင်းပြန့်ထဲမှ ဆူဆူညံညံ အသံများကြောင့်ဖုန်းဆိုးပေါ်တွင်အစာစားကာကြည်နူးနေကြသော ဆင်မောင်နှံနှစ်ကောင်ထံမှ ခလောက်သံများတိတ်သွားသည်။ တစ်နာရီကျော်ကျော် စောင့်သော်လည်း ရေသောက်ဆင်းမလာတော့ချေ။ နေမြင့်လာပီဖြစ်ဖြင့် မိုးဦးနေမှာ အတော်ပူလာတော့သည်။ နောက်ဆုံး တောခြောက်ကာ ဆင်နှစ်ကောင်အားချောင်းထဲမောင်းချကာ ချောင်းထဲရောက်မှ ဆင်းချင်းကပ်ဖမ်းရန် ဆုံးဖြတ်ကြသည်။ ထို့နောက် လက်ထောက်ဆင်ခေါင်းကိုထွန်းလင်းနှင့် ဆင်သမား ၉ယောက်တို့အား သံပုံး၊ ၀ါးလက်ခုတ် များနှင့် တဖက်တောင်ကြောမှ တက်ကာ မြင့်ဌေးနှင့်သောင်းစိန်ခိုင်နေသော ဖုန်းဆိုးယာတောအား တောချောက်ထုတ်ပါတော့သည်။ (တောချာက်သည်ဆိုသည်မှာ လူရှိသမျှ တန်းစီကာ သံပုံး ၀ါးလက်ခုတ် စသည်များကို ဆူညံစွာတီးကာ ပါးစပ်မှလည်းဝိုင်းအော်ကာ တောတွင်းရှိ တိရစ္ဆာန်များမောင်းထုတ်ခြင်းဖြစ်သည်။)
တောချောက်သံကြားသော ဆင်နှစ်ကောင်မှာငြိမ်နေရာမှ အောက်ကိုင်းမြေပြန့်သို့ဆင်းလာလေသည်။ ချောင်းစပ်ရောက်သော် မြင့်ကျော်၏အနံ့ကို ရသွားလေသည်။ မြင့်ဌေးသည် နှာမောင်းကိုလေတွင်မြောက်ကာ  အနံ့စစ်နေလေသည်။ ထို့နောက် အစ်ထိုးကာ တစ်လှမ်းခြင်းချောင်းကို ကူးလာတော့သည်။မြင့်ကျော်အား ချောင်းစပ်မှ ကိုက်ရှစ်ဆယ်ခန့်ကွာသော လက်ပံပင်ကြီးအောက်တွင် ပုံးစောင့်နေစေသည်။ မြင့်ကျော်သည် အစတွင်ငြိမ်ကာ ခေါင်းပေါ်မှ ဦးစီးပြောသလိုနားထောင်သော်လည်း မြင့်ဌေး၏ မုန်နံ့ရပြီး အစ်ထိုးသံကြားသောအခါ ဂနာမငြိမ်ဖြစ်လာတော့သည်။ ဦးစီးကျော်ဝင်းလည်း ပိုင်မှ ထွက်တိုက်ရန် ဒူအုပ်ခါ ဆင်ကိုရပ်ထားသော်လည်း သူ့ဆင် အခြေအနေမဟန်မှန်း ရိပ်မိလာသည်။ ကုန်းလည်စီး ကျော်လှိုင်အား အခြေအနေကြည့်လိုက်ရန်နှင့် မဟန်လျှင်ခုန်ဆင်းထွက်ပြေးရန် တိုးတိုးတိတ်တိတ်မှာထားသည်။ မြင့်ဌေးသည် ချောင်းလယ်မှ ကမ်းစပ်သို့ရောက်လာကာ ကမ်းပါးခပ်ပြေပြေကိုတက်လာသည်ကို မြင်ကျော်မြင်သောအခါ ဦးစီးအခိုင်းကို မစောင့်ပဲ အစ်ထိုးကာ ၀င်တော့သည်။ ရုတ်တရက် ဆင်ထွက်သွားသောအခါ ကုန်းလည်စီး ကျော်လှိုင်မှာ ပြုတ်ကျကျန်ခဲ့တော့သည်။ အောက်ခြေမှ သဲပြင်ဖြစ်၍သာတော်တော့သည်။ ကျော်ဝင်းလည်း နောက်လှည့်ကြည့်၍ ကျော်လှိုင်မပါသောအခါ သူလည်း ဆင်ပေါ်မှ ခုန်ချကာ နီးရာ ကမ်းပါးယံတွယ်ကပ်တက်တော့သည်။ ဆင်နှစ်ကောင်ကား ချောင်းကမ်းပါးစပ်တွင် တွေ့ကြလေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်......

Tuesday, September 29, 2009

ဟိုတုံးက ကျွန်တော့ဘ၀ (၂)


           အခုသတ်ခံရသော ဦးစီးမှာ ဆင်ကိုင်မဆိုးလှသော်လည်း အသောက်အစား  အနည်းငယ်ရှိကြောင်း၊ အနည်းငယ်မူးနေသည်ဟု သတင်းရကြောင်း၊ ထို့ထက်ပိုဆိုးသည်က မိန်းမ ကိစ္စအရှုပ်အရှင်း ရှိသည်ဟု သိုးသိုးသဲ့သဲ့ကြားရကြောင်း၊ ဆင်ဦးစီးဆိုတာ အိမ်ထောင်အပေါ်မှာ သစ္စာရှိဖို့ အင်မတန်အရေးကြီးကြောင်း မိန်းမက ဖောက်ပြန်လျှင်လည်းမိမိမှာ အန္တရာယ်မကင်းကြောင်း ၊နောက်နောင် ဦးစီးများ သတိပြု ဆင်ခြင်ကြဖို့လိုကြောင်း အဖွင့်မှာတော့ ယဉ်သကိုဖြစ်သွားပါသည်။ ဆင်းဖမ်းမည့်ကိစ္စတွင်တော့ ခေါင်ဆင်(ဆင်ဝိုင်း၏ခေါင်းဆောင်ဆင်) နှစ်ကောင်နှင့် ဆင်မ သန်သန်မြန်မြန်နှစ်ကောင် ခေါ်သွားမည်`ဟုပြောပါသည်။ ထိုအခါ ဦးစွာ ခေါင်ဆင်ကို ရွေးကြပါသည်။ စကားချပ်။ ။ခေါင်ဆင်ဆိုသည်မှာဆင်ဝိုင်းတွင် အင်အားအတောင့်တင်းဆုံး၊ လုပ်ငန်းမခိုမကပ် တော်သော ၊ ချောက်ကမ်းပါး၊ တောင်စောင်းများတွင်မကြောက်မရွံ့ ဦးစီးခိုင်းသည့်နေရာသို့ ရဲရဲဝံ့ဝံ့ သွားလာလုပ်ကိုင်ဝံ့သော စွယ်စုံဆင်ပေါက်ကြီးများဖြစ်သည်။ တချို့ဝိုင်းတွင်တယ်ဆင် (အစွယ်တစ်ဖက်တည်းရှိဆင်) ကိုလည်း ခေါင်ဆင်ထားသည်ကို တွေ့ဘူးသည်။
မုန်းနယ်တွင် ဆင်ဝိုင်းဆယ်နှစ်ဝိုင်းရှိရာ တစ်ဝိုင်းလျှင် ၆ ကောင်နှုံးဖြင့်ဆင်ကောင်ရေ ၇၂ကောင် ရှိသည်။ ဆင်အိုရုံနှင့် စီးဆင်ပါပေါင်းလျှင် ၈၉ ကောင်ရှိသည်။ ဆင်အိုရုံဆိုသည်မှာ အသက် ၆၀ကျော် ဆင်အိုများ၊ မမာမကျန်း၊ နာတာရှည်ရောဂါဆင်များ၊ ကလေးမွေးစဆင်မများနှင့် လုပ်ငန်းခွင် ဒဏ်ရာရသောဆင်များကို ဆေးကုရန်၊ အနားပေးရန်ထားသော ဆင်ဝိုင်းဖြစ်သည်။ စီးဆင်ဆိုသည်မှာ  အသက် ၅နှစ်အရွယ်ထိရှိ ဆင်ပေါက်များကို ရိက္ခာသယ်ရန်နှင့် ဆင်ပေါက်ကလေးများအား လေ့ကျင့်ရန် ဖွဲ့စည်းထားသော ဆင်ဝိုင်းဖြစ်သည်။
ထို အလုပ်ဆင်ဝိုင်းမှ ခေါင်ဆင်များထဲမှ မုန်ယိုပြီးလူသတ်ထွက်ပြေးနေသော မြင့်ဌေးနှင့် ယှဉ်နိုင်သော ဆင်ပေါက်ကြီးနှစ်ကောင်ကိုရွေးချယ်ကြခြင်းဖြစ်ပါသည်။ တဖြေးဖြေးနှင့်ရွေးကြရာ  စကာတင်အဖြစ် ကျွန်တော်တို့ဝိုင်းမှ ခေါင်ဆင် စံလွန်း၊ ကိုညိုခင်ဝိုင်းမှ မြသိန်းခိုင် ကိုရွေးကြပါသည်။ ဆင်မထဲမှ ဦးချင်းအိုဝိုင်းမှ ဘော်ဘင်နှင့် ကိုတေးမောင်ဝိုင်းမှ မြင့်ကျွန်းမယ်ကိုရွေးကြပါသည်။ ထိုသို့ ရွေးရာတွင် ဆင်ပေါက်နှစ်ကောင်နှင့် ဆင်မ ဘော်ဘင်ကို ငြင်းစရာ မရှိသော်လည်း  မြင့်ကျွန်းမယ်ကိုရွေးကြသည်ကို ကျွန်တော်သဘောမပေါက်ချေ။ မြင့်ကျွန်းမယ်ဆိုသည့် ဆင်မသည် လေးလေးမှန်မှန် အမျိုးအစားထဲကဖြစ်သည်။ သွက်သွက်လက်လက်မရှိ၊ ခန္ဓာကိုယ်ကျတော့တောင့်တင်းတင်းမရှိ ထိုဆင်မနှင့် သွားမြှူဖမ်းလျှင် ဦးစီးရောဆင်မပါ အန္တရာယ်ကြီးလှပေသည်။ ထိုကြောင့် ကျွန်တော်တို့ဆင်ခေါင်းကြီးအားလက်ကုပ်၍ အသာမေးကြည့်ရာ သူလည်းမသိကြောင်း ဆင်အုပ်ကြီးနဲ့ ဆင်ခေါင်းကြီး ဦးချင်းအိုရွေးတာဖြစ်လို့ သူလည်း မပြောတတ်ကြောင်းသာ တိုးတိုးပြန်ဖြေပါသည်။ကျွန်တော်အမြင်တွင် ထိုဆင်မကို ရွေးတာအကြောင်းတော့ရှိမည် ဘာအကြောင်းလည်းသိလိုလှ၍ ဆင်အုပ်ကြီးဖိုးစိုတင့်အားကျွန်တော် မေးကြည့်ပါသည်။
ထိုအခါမှ ဆင်အုပ်ကြီးက ပြုံးပြုံးရယ်ရယ်နဲ့  အေးကွ...၊ မသိမေး မစင်ရင်ဆေးကွ၊ အဲလို မသိရင် ရှင်းရှင်းမေးတာကောင်းတယ်၊ သိသလိုလိုနဲ့ ကြောက်ပီး မမေးတာတော့ မကောင်းဘူးကွ၊ ဒီဆင်မကို ငါရွေးတာမဟုတ်ဘူးကွ၊ မင်းတို့ဖိုးချင်းအို ရွေးတာ၊ ရွေးရတာကတော့ အရင် မြင့်ဌေးစီးဆင်တုံးက သူကအဲဒီဝိုင်းမှာ ဆင်ခေါင်းလုပ်ဖူးတယ်။ ဒါကြောင့် သူကငါ့ထက်ပိုပီး သိတယ်။ အခုရွေးတဲ့ ဆင်မမြင့်ကျွန်းမယ်နဲ့ မြင့်ဌေးက တွဲဆင်တွေတဲ့။ အလုပ်ဝိုင်းရောက်တော့မှတနယ်စီးဝေးသွားလို့ ကွဲသွားတာလို့ပြောတယ်။ ဒါကြောင့် ငါလည်း သဘောတူလိုက်တယ်။ (တွဲဆင်ဆိုသည်မှာတစ်ကောင်နှင့်တစ်ကောင် အတူစား၊ အတူသွား၊ အတူလာ အမြဲတန်း တူတူနေကြသော ဆင်ကိုဆိုလိုပါသည်။ ဆင်ထီးနှင့်ဆင်မတွဲသည်ရှိသလို ဆင်မအချင်းချင်းတွဲသည်လည်းရှိသည်။ )
            လူတို့၏ ဉာဏ်နီဉာဏ်နက်ကား စပေါ်လာပါတော့သည်။ အဆိုပါ ဆင်မ မြင့်ကျွန်းမယ်နှင့် မုန်ယိုနေသော မြင့်ဌေးကို မြူဆွယ်ဖမ်းကြရန်စီစဉ်လေတော့သည်။ ငယ်ချစ်ဆိုတာ နှစ်တွေဘယ်လောက်ကြာကြာ မမေ့ကြဘူးမဟုတ်ပါလား ။ အခုလည်း ငယ်ချစ်နဲ့ ဖြားယောင်းကြပေတော့မည်။ ဒီလိုနဲ့ စီစဉ်စရာများစီစဉ်ပြီး မန်းနယ် ဇင်ပြွန်းကြိုး သို့ ထွက်ခွါလာကြပါသည်။ လမ်းတွင် နှစ်ညအိပ်သုံးရက် ခရီးနှင်ပြီးမှ ဇင်ပြွန်းဆင်ဝိုင်းသို့ရောက်ပါတော့သည်။
ကျွန်တော်တို့အုပ်စုရောက်သွားသောအခါ ဆင်ဝိုင်းမှလူများ အလွန်ပျော်ရွှင်သွားကြပါတော့သည်။ မကြာမှီနယ်ရုံးမှ ဆင်ဆရာဝန်နှင့် သစ်အုပ်ကြီး ချောင်းအုပ် ချောင်းခေါင်းများလည်း ကားဖြင့်ရောက်ရှိလာကြရာ ဆင်ဝိုင်းမှာတော်တော်လေး စည်စည်ကားကားဖြစ်သွားတော့သည်။ ညစာကို ဆင်ခေါင်းကြီးဦးဖိုးလှိုင် က ၀ိုင်းကြီးတဲ့မှာ ကျွေးပါသည်။လူကြီးများကို သူ့တဲ့မှာ သပ်သပ်ကျွေးပါသည်။  ကျွန်တော်တို့ လူငယ်များနှင့် ဆင်ဖမ်းကူရန်လိုက်လာကြသော ဦးစီး လှံကိုင်ပဲ့ချိတ်များ မှာ ခရီးပမ်းသည်ကိုအကြောင်းပြ၍ ပုလင်းထောင်ကြပါတော့သည်။ ထိုဝိုင်းတွင် ကျွန်တော်နှင့် လွန်စွာရင်းနှီးသောလက်ထောက်ဆင်ခေါင်း ကိုထွန်းလင်းက ထိုညအတွက်ဒကာခံပါသည်။ သောက်ရင်းစားရင်း မြင့်ဌေး ၏ အဖြစ်သနစ်အစုံအလင်ကို နတ်သံမနှောပဲ ခွက်သံရောကာ အာသွက်လျှာသွက် ပြောပြပါတော့သည်။
သူတို့ လုပ်ကိုင်ရသည့် ဒေသသည် ကားလမ်းကောင်းမွန်သည့်အတွက် သစ်ကုန်သည်များ အလုပ်ဖြစ်ကြသည်။ ထို့ကြောင့် သစ်လုပ်ငန်းနှင့် ဆက်နွယ်နေသည့် ဆင်သမားများ ၀င်ငွေ ထောကြသည်။ အစိုးရဆင်ဝိုင်းဆိုတော့ တော်ရုံ ရဲနဲ့တောခေါင်းလည်း အနားမကပ်တော့။ ရဲနှင့် ဆင်သမားရာဇ၀င်တွေက ရှိခဲ့ဖူးသည်။ ဆင်ဝိုင်းက အောက်ဆိုဒ်ဆွဲထားသောသစ်ကို ရဲကသွားဖမ်းသည်။ တစ်ယောက်နှင့်တစ်ယောက်အခြေအတင်စကားများကြသည်။ နောက်ရဲကပြန်ပြီးသူ့အဖေါ်တွေပါ ခေါ်လာသည်။ ဒါကိုသိသော ဆင်သမားက သူ့ဝိုင်းက ဆင်ဆိုးလှံကိုင်နဲ့ ညှိပြီး ရဲတွေ လာမည့်လမ်းကစောင့်ကာ ဆင်နှင့် တိုက်လွှတ်သည်။ အစိုးရဆင်ဖြစ်နေ၍ သေနတ်ပါသော်လည်း မပစ်ရဲသောကြောင့် ထွက်ပြေးကြသည်။ သေနတ်တွေ ကျကျန်ခဲ့သည်။ ကျန်ခဲ့သည့် သေနတ်ကို ဆင်က နှာမောင်းနှင့်ဆွဲယူကာ သစ်ပင်နှင့် ရိုတ်ချိုးလိုက်သည်။ပြဿနာတွေက တော်တော်ရှုပ်ထွေးကုန်သည်။ နောက်ဆုံး ပြဿနာဖြစ်သည့် ရဲနှင့် ဆင်ဦးစီး ရာထူးချခံလိုက်ရသည်။ နောက်ဆင်ဝိုင်းဆို ရဲတွေ ဝေးဝေးရှောင်ကြတော့သည်။  ဆိုတော့ ဇင်ပြွန်ဝိုင်းတွင်လည်း အစိုးရ လျှာထားချက်သတ်မှတ်ထားသည့် သစ်များ ထုတ်ပြီးသောအခါ အားလပ်ချိန်တွင် အောက်ဆိုက် ရှာကြသည်။ မန်းနယ်သည်သစ်ထုတ်ရာတွက် လွန်စွာမှ လွယ်ကူသည်၊ တောင်ကြီးကမ်းကြီးမရှိပါ။ ဆင်ခြေလျောများသည်။ ကဲ့ထောက်ကားခံ နီးသည်။ထို့ကြောင့် သတ်မှတ်တန်ချိန်ကို စောစီးစွာ ပြီးစီးကြသည်။ ကျွန်တော်တို့ မုန်းနယ်နှင့် တော့ ဆန့်ကျင်ဘက်ဖြစ်သည်။
မုန်းနယ်သည် သစ်ပေါသည်၊ တောင်ကမ်းချောက်ကမ်းပါးကြီးသည်၊ လမ်းဖေါက်ရန်ခက်ခဲသည်၊ ထို့ကြောင့်
သစ်ဆွဲလမ်းရှည်သည်။ ဆင်ရော လူပါ ပင်ပန်းသည်။ သတ်မှတ်ချိန်အမြဲနောက်ကျသည်။ ထို့ကြောင့် မန်းနယ်ဆိုလျှင်ဆင်သမားများ အလွန်သွားချင်ကြသည်။
ထိုသို့ အစစအရာရာ အဆင်ပြေနေသော အခါ လူတို့သည် ဖောက်ပြန်လာသည်။ ဦးစီးတင်သန်းစီးသောဆင်မြင့်ဌေးသည် ဟိုင်းဆင်ဖြစ်သည်။ အစွယ်မရှိချေ၊ သို့သော် အလွန်တောင့်တင်းကာ ၀ိုင်းတွင် ဒုတိယဆင်ဖြစ်သည်။ ထို့ကြောင့် သစ်များများဆွဲကာ ၀င်ငွေကောင်းနေသော ကိုတင်သန်းသည် ဆင်ဝိုင်းအနီးမှ ၀က်စာကျင်းရွာသူနှင့် ရည်ငံလေတာ့သည်။ သူတွင်လက်ရှိအိမ်ထောင်ရှိ၍ ဆင်ခေါင်းကြီးက ဆုံးမသော်လည်း ပြန်မပြော နားမထောင်လုပ်နေခဲ့သည်။ ရွာထဲတွင် ကျွန်တော်တို့ ဆင်သမားများ ဆင်နှင့်သွားပါက အလွန်မျက်နှာပွင့်ပါသည်။ ဆင်တွင် အများချစ်ခင်စေသည့်မျက်နှာပွင့်သည့်သတ္တိတစ်မျိုးရှိသည်ဟု ရှေးဆင်ဦးစီး ကြီးများပြောသည်ကို မှတ်သားရဘူးပါသည်။ ကိုတင်သန်းသည်လည်း ထိုအချက်ကို ကောင်းစွာအသုံးချသွားသည်ထင်ပါသည်။ သို့သော် ထိုသို့ လူမှုရေးဖောက်ပြားပါက ဦးစီးဖြစ်က
အန္တရာယ်ကြုံရတတ်သည်။ ထို့ကြောင့် ဆင်ခေါင်းကြီးက ဆုံးမခြင်းဖြစ်သည်။ ကိုတင်သန်းကိုင်သော မြင့်ဌေးသည် ဆင်ဆိုးစာရင်းမ၀င်သေးသော်လည်း လူတိုင်း ခိုင်းမရချေ။ ဦးစီးရွေးသည်။ ကောက်လျှင်လည်း တစိမ်းကောက်၍မရချေ။
(ဆင်ကောက် ဆိုသည်မှာ ဆင်ကို အလုပ်စေခိုင်းရန်အတွက်သော်လည်းကောင်း၊ ရေတိုက်၊ မန်ကျီးသီးကြွေးရန်အတွက်သော်လည်းကောင်းတောတွင်း ၌သွားရောက်ခေါ်ဆောင်မောင်းနှင်ခြင်းကို ဆင်သမားစကားရ ဆင်ကောက်သည်ဟု ပြောပါသည်။)
ဆင်ဆိုးဦးစီးများ ဦးစီးဖောက်ပြန်က ဆင်က တစ်ကြိမ်နှစ်ကြိမ် သတိပေးပါသည်။ ဆက်လက်ဖောက်ပြန်ပါက
သတ်ပစ်တတ်ပါသည်။ အိမ်သူ မိန်းမ ဖောက်ပြန်ပါက ပန်းချိုးကာ မိမိသခင်အား အသိပေးပါသည်။ ဤကား ဆင်သမားတို့၏အမှတ်သင်္ကေတ ဖြစ်သည်။ ထို့ကြောင့် ဆင်သမားများ မိမိ ဇနီးမယားကို စိတ်ချလက်ချထားကာ တောင်ထဲတောင်ထဲတွင်လုပ်ငန်းခွင်ဝင်နိုင်ကြခြင်းဖြစ်ပါသည်။
ကိုတင်သန်းသည် လူကြီးများ ဆိုဆုံးမသည်ကို မနာခံရုံမျှမက မူးလာလျှင် ဆင်ခေါင်းပေါ်တက်လာ  `ဟေ့ ဒီဆင်လူစီးတာကွ နတ်စီးတာမဟုတ်ဘူးဟု ကြွေးကြော်လေ့ရှိပါသည်။ အခင်းမဖြစ်ခင် တစ်ပတ်ခန့်က

ကိုတင်သန်းဆင်သွားကောက်ရာ ဆင်က ခါတိုင်းလိုမဟုတ်ပဲ ပေပေကြီးရပ်ကာ ကြည့်နေပါသည်။ ကိုတင်သန်းက ငေါက်ငန်းကာ ခဲနဲ့ထု ဆဲဆိုမှ လေးကန်ကန်နှင့် သူခေါ်ရာသို့လိုက်လာပါသည်။ အနားရောက်လို့ စီးရန် မက်(၀ပ်)ခိုင်းသောအခါ ဆင်က ငြင်းဆန်လေသည်။ အမျိုးမျိုးစီးရန်ကြိုးစားသော်လည်း မရသဖြင့် နောက်ဆုံး ကိုတင်သန်း နောက်မှတုတ်တစ်ချောင်းဖြင့် ဆင်ဝိုင်းသို့မောင်းလာပါတော့သည်။ သခင်၏အမိန့်ကို ငြင်းဆန်လာခြင်းဖြစ်သည်ကို  ကိုတင်သန်းသဘောမပေါက်ခဲ့ချေ။ အဲဒီနောက် မြင့်ဌေးသည် ငေးငေးငိုင်ငိုင်နှင့် ဖြစ်လာပါသည်။ မုန်အိုးများ ဖေါင်းကြွလာကာ မုန်ပေါက်မှမုန်းချေးများ ထွက်စပြုလာပါသည်။ ထိုအခြေအနေကို သိ၍ သတိနဲ့ ကိုင်ရန် ဆင်ကောက်လျှင် ပဲချိတ်တစ်ယောက်ခေါ်သွားရန် လှံအမြဲဆောင်ရန် ဆင်ခေါင်းကြီးမှ ညွှန်ကြားထားပါသည်။ အခင်းဖြစ်မည့်နေ့က ၀က်စာကျင်းရွာသို့သစ်ဆွဲရန်သွားကြပါသည်။ သစ်ကုန်သည်အိမ်တွင် ပါလာသည့် ၀န်စည်များချကာ သစ်ကုန်သည်တည်ခင်းသော အရက်ကို အနည်းငယ်စီသောက်ကြ ပါသည်။ ထို့နောက် ဆင်လွှတ်ရန်သွားကြသည်။ အဖေါ်အဖြစ် ပဲချိတ်ကျော်လှိုင်လည်းပါသွားသည်။သူတို့လည်း နီးနီးနားနား အစာပေါသည့်နေရာတွင် သံကြိုးရှည်ရှည်ဖြင့် ချည်ထားမည်ဟု ပြောကာ ရွာနောက်ဖက်သင်းချိုင်းသို့ မောင်းသွားကြသည်။

ဆက်လက်ဖေါ်ပြပါမည်...........

Monday, September 28, 2009

ဟိုတုံးက ကျွန်တော့ဘ၀(၁)

    နွေ၏ ပူပြင်းသောနေ့များ တဖြေးဖြေးနဲ့ မိုးဦးဆီ ရောက်လာခဲ့ပါပီ။ တဖြိုက်နှစ်ဖြိုက် ရွာတဲ့ မိုးစက်တို့ကြောင့် တနွေလုံး ခြောက်သွေ့နေတဲ့ တောဟာ အရွက်နု တွေထိုးကာအနည်းငယ် အစိမ်းနုရောင်သန်းလာခဲ့ပါပြီ။ ပူပြင်းတဲ့နေရဲ့ဒေါသတကြီး လွှတ်ထုတ်ခဲ့တဲ့အပူတွေဟာ မိုးရဲ့ အေးမြတဲ့ မေတ္တာရေစင်တွေကြောင့် လျော့ပါးသွားပါတယ်။
       အချိန်ကတော့ မေလကုန် ဂျွန်လဆန်း ပထမပတ်လောက်ပေါ့။ မြန်မာ့သစ်လုပ်ငန်း ပခုက္ကသစ်ထုတ်ရေးဒေသ ၊ မုန်းနယ်(တောင်ပိုင်း) မှာ တာဝန်ကျနေစဉ်ကာလကပါ။
          နွေရာသီ တလျှောက်လုံး ဆင်ဝိုင်းအားလုံး လုပ်ငန်းနားကြရပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ ဆင်နဲ့ သစ်ထုတ်ခြင်းကို ဥပဒေနဲ့ ထားမြစ်ထားပါတယ်။ မိုးနဲ့ ဆောင်းမှာ ဆင်တွေနဲ့ ထုတ် ထားတဲ့သစ်တွေကို နွေရာသီကျရင် ယန္တယားအကူအညီနဲ့ လမ်းဖောက်ပြီး ကားနဲ့တဆင့် လိုရာဒေသကို သယ်ဆောင်ကြပါတယ်။ ဒါကို ကားတိုက်လုပ်ငန်း လို့ခေါ်ပါတယ်။
    ကျွန်တော်တို့ ဆင်သမားတွေကတော့ ဒီအချိန်မှာ နားကြရပါတယ်။ ဒါမှ ဆင်တွေ နောက်တစ်နှစ် သစ်ထုတ်ရာမှာ အားအင်ပြည့်ဖြိုးစွာနဲ့ လုပ်ငန်းခွင်ဝင်နိုင်မှာပါ။ ဖေဖေါ်ဝါရီ ဒုတိယပတ်လောက်နေပီး ဇွန်လ လယ်လောက်အထိကာလကို ဆင်ကျောင်းချိန်လို့ သတ်မှတ်ထားပါတယ်။ လေးလလောက်တော့ နားရပါတယ်။ ဒါပေမယ့် တချို့ ဒေသတွေမှာ လုပ်ငန်းမနိုင်လို့ မတ်လထိအောင် ခိုင်းတာတွေလည်း ရှိပါတယ်။ ဒီလိုဆင်ကျောင်းချိန်မှာ ဆင်ဝိုင်းတွေကို အစာပေါတဲ့ ရေပေါတဲ့ နောက်နှစ်ထုတ်မဲ့ သစ်ကွက်နဲ့ နီးတဲ့ဒေသတွေမှာ ပြောင်းရွှေပြီး ဆင်ကျောင်းထွက်ကြရပါတယ်။ ဒီလိုဆင်ကျောင်းကာလ ပြီးလို့ လုပ်ငန်းခွင် ၀င်ဖို့အတွက် နဘဲ(ဆင်ကုံးနှီး)၊ လည်ပတ်၊ ၀မ်ပိုက်ကြိုး၊ မြီးထူးကြိုး ၊ခလောက်ကြိုး ၊ အုံးတုံး (သစ်ဆွဲရာတွင် အသုံးပြုသော သစ်သားတုံး)များကို ခုလိုနွေရာသီမှာ စုဆောင်းပြုလုပ်ထားရပါတယ်။ ဆင်သမားတွေရဲ့ လုပ်ငန်းခွင်မှာ သုံးမဲ့ သစ်ခုတ်ပုဆိန်၊ ဓား၊ ပုဆိန်ရိုး၊ တူရွင်း၊ ပေါက်ပြားရိုးများ၊ လှံ၊ ချွန်း(ဆင်မောင်းရတွင် အသုံးပြုသော လက်နက်) များကိုလည်း အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားကြ ရပါတယ်။ ကျွန်တော် ကတော့ အားလုံး ပြီးလို့ အေးအေးဆေးဆေး ဆင်ခေါင်းကြီးရဲ့ တဲ့မှာ ရေနွေးကြမ်း သောက်လိုက် လေဖေါလိုက်နဲ့ ဒူနန့်နေပြီး ဇိမ်ကျနေချိန်ပေါ့။  တစ်ညနေမှာ မြို့က စာပို့တဲ့ ဆက်သား ရောက်လာပါတယ်။ တောထဲတောင်ထဲ လူသူကင်းတဲ့နေရာမှာ လူစိမ်းတစ်ယောက်လာတာတွေ့တော့ ကလေးလူကြီး မိန်းမမကျန် ဆင်ခေါင်းကြီး တဲ့ဆီ လာစပ်စုကြပါတယ်။ ဘာကိစ္စလည်းပေါ့။ ဆင်ခေါင်းကြီးကတော်က ရေနွေးကြမ်းနဲ့ ချေသားခြောက်မီးဖုတ်ထောင်းနဲ့ ဧည့်ခံထားပါတယ်။ ဆင်ခေါင်းကြီးကတော့ နေ့လည်ကတည်းက တောလည်သွားလို့ မရှိပါဘူး။ ဒါနဲ့ ၀ိုင်းပီး ဘာကိစ္စ လာတာလည်းလို့ မေးကြတော့ သူက သစ်ထုတ်ရေးဌာနက စာပို့အသစ်ပါတဲ့ ရုံးက စာပို့ခိုင်းလို့ လာစာပို့တာတဲ့၊ မန်းနယ် ဇင်ပြွန်ကြိုးဝိုင်းမှာ ဆင်တစ်ကောင်က မုန်ယိုပြီး သူ့ဦးစီးကို နင်းသတ်ပီး ထွက်ပြေးလို့တဲ့ အဲဒါ သွားဖမ်းဖို့ ကိစ္စစာလာပို့တာလို့ပြောပါတယ်။
          ဒါနဲ့ ဘယ်သူ့ဝိုင်းလည်း၊ ဘယ်သူ့ဆင်လည်း၊ သေတာဘယ်သူလည်း မေးပေမယ့် တစ်ခုမှ ရေရေရာရာ မဖြေနိုင်ပါဘူး သူလည်း ရုံးဝန်ထမ်း အသစ်မို့ မသိဘူးပဲပြောပါတယ်။ ဒါနဲ့ စာကို ဖတ်ကြည့်ရအောင်တောင်းတော့ ဆင်ခေါင်းကြီးကိုပဲ တိုက်ရိုက်ပေးဖို့ မှာလိုက်တယ်ဆိုပီး မပေးပါဘူး။ အားလုံးကလည်း ဇင်ပြွန်ကဆို ဆင်ခေါင်းကြီးဦးဖိုးလှိုင် ရဲ့ဝိုင်း မုန်ယိုသတ်တယ်ဆိုတော့ ဆိုးတဲ့ဆင်က အဲဝိုင်းမှာမရှိဘူး၊ ဖြစ်နိုင်တာတော့ ဟိုင်းတစ်ကောင်ပဲရှိတယ် ဆိုပြီး ၀ါရင့် ဦးစီးကြီးတွေက ထင်ကြေး ပေးနေကြပါတယ်။
    ဒီလိုနဲ့ ညနေစောင်းကျတော့ ဆင်ခေါင်းကြီးတောလည်ကပြန်လာပါတယ်။ ဘာမှ ရလာခဲ့ပုံမပေါ်ပါဘူး၊ မြို့က ပို့တဲ့စာကို စိတ်ဝင်စားနေတာနဲ့ ညနေထမင်းတောင်မချက်ပဲ ဆင်ခေါင်းကြီးတဲမှာပဲ အဲဒီမြို့သားနဲ့ လေဖောနေလိုက်ပါတယ်။ ဆင်ခေါင်းကြီးလာတော့ စာအိတ်ကိုပေးပါတယ်။ မှောင်ရီပျိုးစအချိန် မှန်မီးအိမ်မှိတ်တုတ်တုတ်နဲ့ ဆိုတော့ မထင့်တထင် လက်နှိပ်စက် စာကို ဆင်ခေါင်းကြီး ကြိုးစားပီး စာလုံးပေါင်းကာ မျက်မှောင်ကြီးကျုံ့ဖတ်နေပါတော့တယ်။ အတန်ကြာမှ ဟဲ့ ငါ့မမြင်မကန်းနဲ့ ဖတ်နေတာကို
ဘာလို့ဝိုင်းကြည့်နေတာလဲ ဖတ်ပြစမ်းဆိုပီး စာကိုကျွန်တော့လက်ထဲပေးပါတော့တယ်။ အဲဒီကျမှ ကျွန်တော်လည်း စာကိုဖတ်ပြီး အကျိုးအကြောင်းပြောလိုက်ရပါတော့တယ်။
            မန်းနယ်၊ ဇင်ပြွန်းကြိုးဝိုင်းတွင် မင်းဘူး-အမ်းလမ်းမကြီးတွင် တံတားဆောက်ရန် သစ်မာများ ထုတ်ပေးရန် တာဝန်ကျစေလွှတ်ထားသော ဆင်ခေါင်းကြီး ဦးဖိုလှိုင်၏ ဆင်ဝိုင်းမှ ဦးစီးတင်သန်း၏ ဆင် မြင့်ဌေး(****)သည် မုန်ယိုကာ ၄င်းကောင်း၏ဦးစီးအား စားကျက်လွှတ်ချိန်တွင် နင်းသတ်ကာ တောထဲသို့ ထွက်ပြေးသွားကြောင်း၊ ထို့ပြင် လွတ်သွားသော မြင့်ဌေး(ဆင်အမည်)သည် တွဲဆင်မ သောင်းစိန်ခိုင်နှင့် တွဲကာ ထိုအနီးနားဝန်ကျင်ရှိ ဥယျာဉ်များ၊ ခြံများတွင် လှည့်လည်ကျက်စားကာ ဖျက်ဆီးနေကြောင်း၊ သွားရောက် မောင်းနှင်သူ ရွာသားများအား လိုက်တိုက်ကြောင်း၊ သို့ပါ၍ အဆိုပါ မုန်ယို သောင်းကျန်းနေသော မြင့်ဌေးအား အမြန်ဆုံး သွားရောက်ဖမ်းဆီးရန်၊ ထိုသို့ဖမ်းဆီးရာတွင် အထိအခိုက်အကျိုးအပဲ့မရှိစေရန် အားလုံးဂရုစိုက်ဆောင်ရွက်ရန်၊ စာရသောဆင်ဝိုင်းများ ဆင်အုပ်ကြီးထံ သတင်းပို့ရန်နှင့် ဆင်အုပ်ကြီး၏အစီအမံဖြင့်အမြန်ဆုံး အကောင်ထည်ဖေါ် ဆောင်ရွက်ရန် ဆိုပီး နယ်တာဝန်ခံမှ ညွှန်ကြားသောစာဖြစ်ကြောင်း ပြောပြလိုက်ရသည်။ ထိုအခါမှ ဆင်ခေါင်းကြီးက မိမိတို့ နှင့် နှစ်မိုင်သုံးမိုင်တွင်ရှိသော စီးဆင်ဝိုင်းတွင် နေထိုင်လျှက်ရှိသော ဆင်အုပ်ကြီးထံသို့ မနက်ဖြန်သွားပီး တွေ့ရန်ပြောကာ အိပ်ယာဝင်ကြပါသည်။ ကျွန်တော်လည်း ၀ါရင့်ဦးစီးများကို အထင်ကြီးလေးစားသွားသည်၊ အတွေ့အကြုံဆိုတဲ့ဆရာဟာ အရာရာကို နီးစပ်ဆုံးပြောနိုင်တာပဲဆိုပီး တွေးမိသွားတယ်။ ကိုယ့်တဲ ကိုပြန်ကာ အိပ်ရန်ပြင်ဆင် ပါတော့သည်။ အိပ်ယာထဲရောက်မှ ဗိုက်က တဂွီဂွီမြည်ကာ ဆာလောင် လာတော့သည်။ မနက်က ကိုးနာရီခွဲလောက်က စားထားသည့် ထမင်းက ညရှစ်နာရီလောက်ဆိုတော့ ဆာတော့တာပေါ့။ ဒါနဲ့ ထမင်းမင်းအိုးကိုမီးထွန်းကြည့်တော့ ရေဆေးမှောက်ထားတာပဲတွေ့ရပါတယ်။ ဒါနဲ့ ထမင်းတောင်းဖို့တခြား အိမ်ထောင်သည်တဲ တွေဘက် ကြွေဇလုံနုတ်ခမ်းပဲ့လေးကိုင်ကာ ပုဆိုးခေါင်းမြီးခြုံ ထွက်လာခဲ့သည်။ ကျွန်တော်တို့ ၀ိုင်းတွင် တဲ ၁၅တဲ့သာရှိသည်မို့ ။ ကျွန်တော်တို့ နေသော ၀ိုင်းကြီးတဲကပြင်မှ လှမ်းကြည့်လျှင် မည်သူ့အိမ်မီးရောင်မြင်ရသည် မအိပ်သေးဟု သိရသည်။ ဒါနဲ့ မီးရောင်မြင်ရတဲ့ ဆင်ဆိုးလှံကိုင် သိန်းဌေး၏တဲသို့ သွားကာ ထမင်းကျန်သွားတောင်းပါသည်။ ကိုသိန်းဌေးမိန်းမ က ဟာ..ဆရာကျောင်း လာလာ ထမင်းတွေ အများကြီးရှိတယ်၊ မျောက်သားချက်လည်း ရှိတယ်ဆိုပြီး မီးဖိုချောင်ဝင်သွားပြီး ထမင်းပွဲပြမယ်လုပ်ပါတယ်။ ကျွန်တော်က အားနာတာနဲ့ နေပါစေဆိုပြီး ပါလာတဲ့ဇလုံထဲ ထမင်းနဲ့ ဟင်းပုံပေးရန်သာပြောကာ ဇလုံပေးလိုက်ပါတယ်။ ကိုသိန်းဌေးက ဆရာကျောင်း ဆင်ဖမ်းလိုက်ချင် နေပီမလား ဆိုပြီး ပြုံးပီးမေးပါတယ်။ (ကျွန်တော်သည်အားလပ်ချိန်တွင် ကလေးများကို ကကြီးခခွေးသင်ပေး သောကြောင့် အားလုံးကဆရာကျောင်းဟုခေါ်ကြပါသည်။) အေးဗျာ အဲဒီကိစ္စသိချင်နေတာနဲ့ ညစာထမင်းမမှီလိုက်ဘူး ဆိုပြီးကျွန်တော်ကပြန်ပြောပါတယ်။ သူ့မိန်းမ ယူလာတဲ့ ထမင်းနဲ့ မျောက်သားဟင်းကို အားရပါးရ ကျွန်တော်လွေးပါတော့တယ်။ ဆာဆာနဲ့စားလိုက်တာ ခဏနဲ့ ထမင်းတစ်ဇလုံ ပြောင်သွားပါတော့တယ်။ စားသောက်လက်ဆေးပြီးနောက် ဆေးဗန်းတောင်းကာ ပြောင်းဖူးဖက်တစ်လိပ် စိတ်ကြိုက်လိပ်ကာ မီးငြိပြီး တစ်ဖွာနှစ်ဖွာရှိုက်လိုက်မှ လောကမှာ အရာရာ ပြီးပြည့်စုံသလို ဖြစ်သွားပါတော့တယ်။ ဗိုက်လည်းတင်း သွားပီမို့ မျက်ခွံတွေလေးကာ အိပ်ချင်လာပါ တော့တယ်။ ဒါနဲ့ ကိုသိန်းဌေးလင်မယားကိုနှုတ်ဆက်ပြီး ကိုယ့်တဲ့ဆီပြန်လာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါတော့တယ်။ လင်းကြက်တွန်ချိန်လောက်မှ နိုးလာပါတော့တယ်။ မျက်နှာသစ် မီးမွှေးပြီး ရေနွေးအိုးတစ်လုံးတည်ထားလိုက်ပါတယ်။ ဆူတော့လက်ဖက်ခြောက်ခပ်ပြီး ၀ါးကျဉ်တောက်ထဲ ထည့်ထား လိုက်ပါတယ်။ ဆက်ပြီး ထမင်းချက်ပါတယ်။  ၀ိုင်းထဲက တဲတွေကတော့ ဝေလီဝေလင်းမှာ အားလုံး မီးရောင်တလက်လက်နဲ့  ကလေးတွေကလွဲရင် နိုးနေကြပါပီ။ ကျွန်တော်တို့ ဆင်သမားဘ၀ ဆိုတာ နေဖင်ထိုးအောင် တစ်ခါမှ မအိပ်ခဲ့ရဖူးပါဘူး။ အလုပ်ချိန်ဆို မနက် ၃နာရီလောက်ထ၊ ဆင်ကောက်၊ ဆင်ရေချိုး၊ နဘဲပြင် နဲ့ လေးနာရီခွဲလောက်မှပီးတယ်။ ထမင်းကြမ်းခဲကို ရေနွေကြမ်း မိုးမျှော်ငြုပ်သီးကို ဆားတို့ပီး ဖြစ်သလိုလွေးရပါတယ်။ ပြီးတာနဲ့ တောတက်ကာ သစ်ဆွဲရပါတော့တယ်။ နေ့လည် ၁နာရီ ၂နာရီလောက်မှ ဆင်ဝိုင်းပြန်ရောက်ပါတယ်။ လူလည်းမော ဆင်လည်းမော ဆိုတော့  ပြန်လာရင် ဆင်မှာ တပ်ဆင်ထားတဲ့ နဘဲတို့ အုံးတုံးတို့ သစ်ဆွဲကြိုးတို့ ဖြုတ် ဆင်ကို ထူးခတ်ပြီး အစာစားရန် လွှတ်လိုက်ပါတယ်။ ပြီးမှ နေ့ လည်စာကို ရှိတဲ့ တောဟင်းတောထမင်းနဲ့ မြိန်ယှက်စွာ စားရပါတယ်။ အလုပ်ကလည်း ပန်း၊ ထမင်းကလည်း ကြမ်းပေမယ့်  စားလို့အလွန်ကောင်းပါတယ်။ စားပြီးတဲ့ အချိန်ကျတော့ နေ့လည်သုံးနာရီ ၀န်းကျင်လောက်ရှိနေပါပီ။ ညစားကို မမှောင်ခင်စားပီး ၇နာရီလောက်ဆို အိပ်ကြပါပီ၊ တစ်ခါ မနက်သုံးနာရီလောက်ထ။ ဒီလိုနဲ့ ပဲ နေ့စဉ်သံသရာလည်နေတာပါပဲ။ ခုလို ဆင်ကျောင်းရာသီမှာပဲ သက်သာတာပါ။
     ပြောရင်းဆိုရင်း ထမင်းကျက်တာနဲ့ ငပိဖုတ်ပြီး ငရုပ်သီးထောင်းထားလိုက်ပါ တယ်။  ပြီးတဲ့ အချိန်ကျတော့ ချေသားခြောက်ကို မီးကင်ပြီး ထုထောင် ဆီဆမ်းထားလိုက်ပါတယ်။ ကျွန်တော်တို့ ၀ိုင်းကြီးတဲ့က လူတွေ အကုန်နှိုးနေကြပါပီ။ ထမင်းပူပူ ကို ရေနွေးကြမ်း ငရုပ်သီးထောင်းနဲ့ စားကြတာ တရှူးရှူး တရှဲရှဲနဲ့ အားပါတရပါပဲ။ ၀ိုင်းကြီးတဲ ဆိုတာက မိသားစုနဲ့ ခွဲနေသူတွေ၊ လူပျိုတွေစုပေါင်း နေကြတာပါ။ ကျွန်တော်တို့ တဲမှာ လူ ၆ယောက်ရှိပါတယ်။ ထမင်းဟင်းကို ကြုံတဲ့လူကချက်ရပါတယ်။ အလုပ်ချိန်ဆိုရင်တော့ ပဲ့ချိန်ကလေးတွေ ချက်တာများပါတယ်။ ဒီလိုအားလပ်ချိန်ဆိုရင်တော့ ကြုံရာလူ ချက်ပါတယ်။ စားကောင်းမကောင်းညဉ်းလို့မရပါဘူး။ တစ်ခါတလေ တောလည်လို့ ဟင်းစားရတဲ့ အခါမှာတော့ အာစိုပါတယ်။ ချေ၊ တောဝက်၊ တောကြက်၊ ဒေါင်း၊ ဖွတ်၊ မြွေ ၊မျောက် စသည်များ မကြာမကြာရတတ်ပါတယ်။  အဲစားသောက်ပီးတော့ မိုးစင်စင်လင်းနေပါပီ။ ဆင်ခေါင်းကြီးတဲကိုသွားပီး မိမိလည်း ဆင်အုပ်ကြီးဆီ လိုက်မည့်အကြောင်းပြောပါတယ်။ ဆင်ခေါင်းကြီးလည်း အပြန်အဖေါ်ရတာပေါ့ ဆြိုံပီး စာပို့သမားရယ်၊ ဆင်ခေါင်းကြီးရယ်၊ ကျွန်တော်ရယ် ထွက်လာခဲ့ကြပါတယ်။ ဆင်အုပ်ကြီးနေတဲ့ စီးဆင်ဝိုင်းရောက်တော့ စာပို့သမားသည် သစ်ကားကြုံဖြင့် ပြန်သွားပါသည်။ နွေရာသီတွင် စီးဆင်ဝိုင်းအထိ ကားလမ်ပေါက်ပါသည်။ ဆန်၊ မကျီး၊ ဆား၊ ၀က်ဆီများ နောက်တစ်နှစ်အတွက် အသုံးပြုရန် စီးဆင်ဝိုင်းတွင် သိုလှောင်ပါသည်။ တနယ်လုံးရှိ ဆင်ဝိုင်း ၁၂၀ိုင်းစာအတွက်ဖြစ်သောကြောင့် နွေရာသီတွင် ကားဖြင့်သယ်ကာ သိုလှောင်ထားပါသည်။ ထို့အပြင် လူနေကျေးရွာနှင့်လည်း နီးပါသည်။ ထို့ကြောင့် စီးဆင်ဝိုင်းသည် စည်ကားပါသည်။ မိမိဌာနမှ လူကြီးများလည်း မကြာမကြာရောက်သည်။ ထို့ကြောင့် စီဆင်ဝိုင်း ဆင်ခေါင်းသည် အလွန်အနေအထိုင်နပ်ရပါသည်။ အရက်ထန်းရည် ကလည်းပေါ ၊ ဖဲဝိုင်းကလည်းစည်ကား၊ ဘောလီဘောကွင်းတွင်လည်းလူမပြတ်သောကြောင့် စည်ကားသလို မကြာမကြာ စကားများ ရန်ဖြစ်သည်များလည်းရှိသောကြောင့် အလွန်ခေါင်းရှုပ်ရပါသည်။ သစ်ကုန်သည် ၀ါးကုန်သည်များလည်း မကြာမကြာရောက်၍ ၀င်ငွေလည်းကောင်းသည်။ ထို့ကြောင့် နွေရာသီဆိုရင် ဆင်ခေါင်းတစ်ယောက်တည်း မထားပါ။ အထက်လူကြီးများက ဆင်အုပ်ကြီးများကိုပါ စခန်းထိုင် အုပ်ချုပ်ခိုင်းပါသည်။ ဆင်အုပ်ဆိုသည်မှာ ဆင်အကောင် ၅၀ ကိုတစ်ယောက်နှုန်းဖြင့် အုပ်ချုပ်ရသော သူဖြစ်သည်။ ကျွန်တော်တို့ နယ်တွင်မူ ဆင်အုပ် တစ်ယောက်သာရှိသည်။ အသက် ငါးဆယ်ကျော် ပီဖြစ်သည်။ လူမှာ ပိန်ပိန်ပါးပါးနှင့် စိတ်မရှည်သူဖြစ်သည်။ လူငယ်များ ဆင်ခိုင်းတာကို ကြည့်၍ မကြိုက်လျှင် ဆင်ပေါ်မှ ဆင်းခိုင်းပြီး သူကိုယ်တိုင်ခိုင်းပြကာ ဆင်ဆိုတာ ဒီလိုခိုင်းရတယ်၊ ဒူးမနိုင်ရင် ခေါင်းပေါ်မတက်နဲ့ဟု ဆိုဆုံးမပါသည်။ ပြီးရင် သူ့အကျင့်က မင့် ငယ်ဆရာဘယ်သူလဲမေးပြီး ငယ်ဆရာကိုပါ တွေ့သည့်နေရာတွင် မင်းတပည့် ဘယ်သူဖြင့် အလွန်ချာတယ်။ မင်းဘယ်လို သင်ပေးလိုက်တာလဲ၊ ဒါ ကျောင်းစာသင်သလိုမဟုတ်ဘူးနော်၊ ကျောင်းစာက မတတ်ရင် စာမေးပွဲကျရုံပဲ၊ ဆင်ခိုင်းတာမတတ်ရင် လူရော ဆင်မှာပါ အန္တရာယ်ရှိတယ်ဟု ဆုံးမပါသည်။ အားလုံးက ငယ်ကြောက်ဖြစ်၍ ဟုတ်ကဲ့ အဘဟုသာ ခေါင်းညိတ်ကြရပါသည်။ ကျွန်ုပ်၏ဆင်ခေါင်းကြီးမှာလည်း ငယ်ကြောက်ဖြစ်၍ ခပ်ရို့ရို့လေး ထိုင်ကာ ရောက်ပီဖြစ်ကြောင်း သတင်းပို့ပါသည်။ ကျွန်တော်တို့ ၀ိုင်းအပြင် အခြားဆင်ဝိုင်းမှ ဆင်ခေါင်းကြီးများလည်း ရောက်နေကြပါသည်။ လူစုံလျှင် ဆင်အုပ်ကြီးဖိုးစိုးတင့်မှ ဆင်းဖမ်းသွားရန်ကိစ္စကို ပြောပါသည်။


..........ဆက်လက်ဖေါ်ပြပါမည်........

Saturday, September 26, 2009

သုံးဆယ့်တစ်ဘုံ

  ဘုရားရှင်ဟောကြားထားသော အနန္တစကြ၀ဠာတွင် သတ္တ၀ါတို့သည် သူတို့ ပြုခဲ့သော ကုသိုလ် အကုသိုလ် ကံအလျှောက် ဆိုင်ရာ ဘုံဘ၀တွင် ကျင်လည်ကြရပေသည်။ ကုသိုလ်များသည့် ပုဂ္ဂိုလ်က ကုသိုလ် အကျိုးပေးချိန်တွင်  ကုသိုလ်အကျိုးပေးရာဘုံများဖြစ်သည့် ကာမသုဂတိ(၇)ဘုံနှင့် ဗြဟ္မာ(၂၀)တွင် ရောက်ရှိ ကျင်လည်ကြရပေ သည်။ အကုသိုလ် အကျိုးပေးချိန်တွင် ကာမဒုက်ဂတိ(၄)ဘုံတွင် ကျင်လည်ကြရပေသည်။

ကုသိုလ် အကုသိုလ် အနည်းအများပေါ်မူ၍ လည်းကောင်း၊ ကုသိုလ်အကုသိုလ် ဖြစ်ချိန်အနည်း အများ ပေါ်မူ၍လည်းကောင်း၊ ခံစား စံစားကြရသည့် ဘုံဘ၀များ ကွဲပြားသွားသည်။ စုစုပေါင်း (၃၁)ဘုံ ရှိပါသည်။ ကုသိုလ်အားလျှော်စွာ ခံစားစံစားရသော ဘုံ (၂၇)ဘုံရှိပြီး၊ အကုသိုလ်အကျိုးပေးရာဘုံ (၄)ဘုံရှိပါသည်။
           အကုသိုလ်အကျိုးပေးရာ (၄)ဘုံမှာ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံနှင့် ငရဲဘုံဟူ၍ လေးဘုံရှိ၏။ ထိုတွင် ငရဲဘုံတွင် အကုသိုလ် အနည်းအများပေါ်မူတည်၍ခံစားရသော ငရဲ အမျိုးအစား (၈)မျိုး ကွဲသွားပြန်သည်။ ထိုငရဲ ရှစ်ထပ်တွင် တစ်ထပ်စီ၌ တစ်မျက်နှာတွင်  ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတော့ငရဲ၊ ကြိမ်ပိုက်ချောင်းင၇ဲ ဟူ၍ အရံငရဲ လေးခုရှိပြီး လေးမျက်နှာပေါင်းတွင် အရံ ငရဲ (၁၆) ခုရှိပါသည်။ ထို့ကြောင့် ရှစ်ထပ်တွင် စုစုပေါင်းအရံငရဲငယ် (၁၂၈)ထပ်ရှိပါသည်။ ထိုငရဲဘုံတွင် ကောင်းမှုကုသိုလ်ပြုလုပ်ခွင့်မရပါ။ မဂ်တရားဖိုလ်တရားရရန် အခွင့်အလမ်းမရှိပါ။ ထို့ကြောင့် ရပ်ပစ်ရှစ်ပါးတွင် တစ်ပါးအပါသွင်းထားခြင်းဖြစ်သည်။( တိရစ္ဆာန်၊ ပြိတ္တာနှင့် အသူရကာယ် တို့သည်လည်း မဂ်ဖိုလ်ရရန် အခွင့်မရှိပါ၊ ငရဲနှင့် အတူတူပင်ဖြစ်သည်)
 လူ့ဘုံသည် ကောင်းမှုရော မကောင်းမှုပါ ပြုလုပ်ခွင့်ရှိသည်၊ ရွေးချယ်ခွင့်ရှိသည်။  အောက်ဆုံး အ၀ီစိမှ အထက်ဘ၀ဂ်ဖြစ်သော နေ၀သညာနာသညာယတနဘုံ (နေ၀သင်ညာ နာသင်ညာဟုဖတ်ပါရန်) အထိ သုံးဆယ့်တစ်ဘုံတွင်း ကြိုက်ရာဘုံသို့ သွားနိုင်သော ဘုံဌာနဖြစ်ပေသည်။ ထို့ပြင် သုံးဆယ့်တစ်ဘုံမှ လွတ်ရာ နိဗ္ဗာန် သို့လည်း ရောက်အောင်ကြိုးစားသွားနိုင် သောနေရာထူးကြီးလည်းဖြစ်ပေသည်။
        နတ်ပြည် (၆)ထပ်သည် ကောင်းမှုကုသိုလ်၏ အကျိုးကို ခံစားစံစားရာ နေရာဌာနဖြစ်သောကြောင့် ချမ်းသာစွာ နေထိုင်ရသော်လည်း ကောင်းမှုကုသိုလ်ပြုခွင့်မရချေ။ ဗြဟ္မာ(၂၀)ဘုံသည်လည်း ဈာန်ကုသိုလ်၏ အကျိုးပေးရာ ဌာနဖြစ်သဖြင့် ဗြဟ္မာကြီးများသည် ဈာန်ချမ်းသာဖြင့်သာ နေကြပေသည်။ ထိုဗြဟ္မာ(၂၀)တွင် သုဒ္ဓါဝသ (၅)ဘုံတွင် အရိယာဗြဟ္မာများ နေထိုင်ကြသည်။ ကျန်(၁၅)ဘုံတွင် ပုထုဇဉ်ဗြဟ္မာနှင့် အရိယာဗြဟ္မာ များနေထိုင်ကြပေသည်။

Thursday, September 24, 2009

အတွေးစကားတချို့

အသက် ၃၄ နှစ်ရှိပီဖြစ်တဲ့ သူတစ်ယောက်ရဲ့  အတွေးစကားလေတွေပါ။ အဲဒီသူရဲ့ တသက်တာ ၃၄နှစ်တာ

ကာလမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ တွေပေါ်မှာ သူမြင်လာခဲ့တဲ့ အတွေးအမြင်တွေလို့ ပြောရင်လည်း ရပါတယ်။ သက်တမ်း တစ်ခုမှာ ဘ၀ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတာကို သတိပြုမိရင် ကံရဲ့ ဆန်းကြယ်မှုတွေကို သတိပြု မြင်နိုင်ပါတယ်။
အချိန်တွေပြောင်းနေတာနှင့်အမျှ ဘဝေတွေပြောင်းနေပါတယ်။ အမိဝမ်းထဲကဘ၀၊ မွေးကင်းစဘ၀မှသည်

ယနေ့အချိန်အခါကာလအတွင်းမှာ ဘ၀တွေဟာ နိမ့်လိုက်မြင့်လိုက် ဆင်းလိုက်တက်လိုက်နဲ့ ကံနိမ့်ကံမြင့်တွေရဲ့ အကျိုးပေးရာတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပါတယ်။
ဒီလို ဘ၀ တစ်ဆစ်ချိုး အကွေ့တွေမှာ လဲကျသူများ၊ ထောင်မတ်လာသူများ ရှိကြပါတယ်။ လဲကျသူများက

ပြန်လည်ထူမတ် ဆက်လက်လျှောက်လှမ်းဖို့ အားအင်တွေလိုသလို၊ ထောင်မတ်လာသူများကလည်း မတိမ်းမစောင်းအောင် ထိန်းသိမ်းတတ်ဖို့လိုပါတယ်။
ဘ၀ခရီးကို လျှောက်လှမ်းရာမှာ မိမိတို့ရဲ့ စိတ်စေတနာတွေက အချိန်နဲ့အမျှ အမျိုးမျိုးပြောင်းလဲ နေတာနဲ့အမျှ စေတနာရဲ့ အကျိုးတူဘ၀တွေရကြ ရမှာပါ။ ဒါကိုပဲ ကံရဲ့ ဆန်းကြယ်မှုလို့ခေါ်တာပါပဲ။
 အမှန်က ကိုယ်စိတ်ရဲ့ ဆန်းကြယ်မှုပါပဲ။ အဲဒီဆန်းကြယ်တဲ့စိတ် အပြောင်းလဲမြန်တဲ့စိတ်ကို
 အရွယ်နဲ့လိုက်ပြီး တိုးတက်မြင့်မားအောင် ပြောင်းပေးနိုင်ရင် အလုပ်အကိုင်၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ အစစအရာရာမှာ အဖက်ဖက်က တိုးတက်မျာ သေချာပါတယ်။

ဒါကိုပဲ ကံကောင်းတယ်လို့ပြောကြတာပါပဲ။
ကံဆိုတာ စေတနာကို ပြောတာပါ။ စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ လို့ ဘုရားဟောပါတယ်။ စေတနာကိုပင်လျှင် ကံဟု ငါဘုရားဟော၏ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် စေတနာကောင်းရင် ကံကောင်းမယ်၊ ဘ၀တွေကောင်းမယ်။ တိုးတက်မယ်။ စေတနာဆိုးရင် ကံဆိုးလို့ ဘ၀တွေ တိမ်းစောင်းဆုတ်ယုတ်မယ်။
ဒီစိတ်စေတနာ အမျိုးမျိုးပြောင်းလဲလို့ ဘ၀မှာ ပျော်ရွှင်မှုတွေ၊ ငိုကြွေးမှုတွေ၊ ရယ်မောရတာတွေ၊

လွမ်းဆွေးရတာတွေ ၊ အားတက်စရာတွေ၊ ငေးငိုင်ရတာတွေ အမျိုးမျိုးကြုံကြရပါတယ်။ ကောင်းတာကိုကြုံလို့ မလွမ်းလောက်ပေမယ့် ဆိုးတာကိုကြုံရင်တော့ မောလောက်ပါတယ်။ ဒါကြောင့် သူ့ရဲ့ စကား (၃၄) ခွန်းထဲက

နှစ်သက်မိတာလေးတွေကို မျှဝေလိုက်ပါတယ်။

၁။ သေချာတယ်
သင်......
ဘယ်အရာကိုမှ မျှော်လင့်ကြီးစွာ မထားပါနဲ့။
သင့်အတွက်
အသေချာဆုံးကတော့.... သေခြင်းပါ။

၂။ ကြိုက်ရာရွေးပါ
လောကဓံကို မခံနိုင်ရင်
လောကရဲ့ဒဏ်ကို ခံရမှာဘဲ။

၃။ပေါင်းသာပေါင်း
ဒုက္ခဟာ သတ္တ၀ါတွေအတွက်
အကောင်းဆုံးမိတ်ဆွေဘဲ။
ဒုက္ခနဲ့ များများပေါင်းမှ
သုခဆိုတာ ခိုင်မြဲတာ။
ဒုက္ခနဲ့မပေါင်းချင်ရင်
သုခဆိုတာ ရောက်မလာနိုင်ဘူး။

၎။ ၀မ်းနည်းစရာ
ဗျသန(ပျက်စီးခြင်း)တရား (၅)မျိုးမှာ...
ဆွေမျိုးတွေပျက်စီးတာ၊ စီးပွားဥစ္စာပျက်စီးတာ၊ ရောဂါဖြစ်တာ ဒါတွေက သဘာဝပျက်စီးခြင်းတွေ။
ဘယ်သူမှရှောင်လို့မရဘူး။
ဒီပျက်စီးမှုတွေကြောင့် အပါယ်လည်းမရောက်သလို နိဗ္ဗာန်နဲ့လည်း ဝေးမသွားပါဘူး ။
ဒါကြောင့် ၀မ်းနည်းစရာ ငိုစရာမလိုဘူး။
သီလပျက်စီးခြင်း၊ အယူပျက်စီးခြင်းကတော့ ကိုယ်အသုံးမကျလို့ဖြစ်တာ။
ဒီနှစ်မျိုးပျက်စီးရင် အပါယ်ကနေ ခေါင်းဖေါ်နိုင်မှာမဟုတ်သလို တိုင်းပြည်နဲ့ လူမျိုးလည်း မတိုးတက်ဘူး။
ဒါကြောင့် ဒီနှစ်မျိုးပျက်စီးရင် ၀မ်းနည်းစရာပဲ။

၅။ ရှာပါ
ဒါနရှိမှ ဓနရှိမှာ
လူတွေက လွဲနေတာ
ဒါနမရှာပဲ ဓနချည်းပဲ ရှာနေတော့
ဖတ်ဖတ်သာမောရော။

၆။ ကျောခြင်းကပ်မှာရှိတယ်
အချစ်နဲ့ အပြစ်ဆိုတာ
သုံးနဲ့ လေးလိုဘဲ၊
ဘယ်တော့မှ မျက်နှာချင်းဆိုင်မနေဘူး။

၇။ အကောင်းဆုံး
ရှုံးရှုံး နိုင်နိုင်
ဘယ်ဟာမှ မကောင်းဘူး၊
အကောင်းဆုံးကတော့
မပြိုင်ပဲနေတာဘဲ။

၈။ စီးဆင်းပါ
စီးပွားဆိုတာ
စီးဆင်းသွားမှ ပွားတာ။
မစီးဆင်းပဲ ပိတ်ထားရင်
မပွားတော့ဘူး။

၉။ ကျော်မကောင်း ကြားမကောင်း
ကျော်ဖို့ထက်
ကောင်းဖို့ အရေးကြီးပါတယ်။
ကျော်ပြီး မကောင်းရင်
ကြားလို့လည်း မကောင်းပါဘူး။


ကျန်တာတွေ ကို ဆက်လက် အလျဉ်းသင့်သလို ဖေါ်ပြပေးပါမည်။

အရှင်အဂ္ဂဉာဏ(ဇေယျာရွှေပြည်) ၏ ၃၄ အတွေးစကား မှ ထုတ်နှုတ်တင်ပြပါသည်။

Sunday, September 20, 2009

စေတနာတိုင်းသည်.......လူတိုင်းနဲ့မထိုက်တန်

စေတနာသည်.....လူတိုင်းနဲ့ မထိုက်တန် ဆိုပြီးတော့ လူတွေပြောလေ့ ပြောထရှိပါတယ်...။ ဆောင်ပုဒ်တွေ ရေး ပြီးတော့ တချို့က ကိုယ့် ရုံးစားပွဲတို့ ၊ ဆိုင်တို့ဒါမှမဟုတ်....အများနဲ့ ဆိုင်တဲ့ နေရာတွေမှာ ကပ်ထားလေ့ရှိကြပါတယ်....။ ဘာလို့ ဒီလိုကပ်ထား တာလဲလို့ မေးကြည့်တော့...။ သူတို့က ငြီးပြောလေး...ပြောပြကြတယ်။ လူတွေဗျာ....စေတနာနဲ့ မတန်ဘူးတဲ့ တချို့က၊ လူတိုင်းကို စေတနာထားလို့ မရဘူးဗျာတဲ့ တချို့ကပြောကြပါတယ်..။ အဲဒီလိုပြောကြတော့.......မေးတဲ့သူတချို့က ပြန်ပြောကြပြန်တယ်..။ လူတိုင်းနဲ့ထိုက်တန်တဲ့စေတနာထားလိုက်ပေါ့ဗျာ...တဲ့။
စေတနာ ဆိုတဲ့ စကားလုံးလေးပေါ်မှာ တင်ပဲ အမြင်တွေ မတူဘူးဖြစ်နေကြတယ်..။ ဒါနဲ့ စေတနာ ဆိုတဲ့ စကားလုံးလေးကို ကျွန်တော် သိချင်လာပြီး လေ့လာခဲ့ပါတယ်..။
- စေတနာဆိုတာ ဘာကိုခေါ်တာလဲ...................?
- စေတနာဆိုတာ ဘယ်အချိန်မှာဖြစ်တာလဲ.........?
- စေတနာ ဆိုတာ ဘယ်နေရာမှာ ဖြစ်ပေါ်လဲ........?
- စေတနာ ဘာကြောင့် ဖြစ်ရတာလဲ...................?

အဲဒီလို ဆန်းစစ်ကြည့်ပါတယ်....။
စေတနာ ဆိုတာ ပါဠိစကားပါ..။ မြန်မာလို သိခြင်း၊ စေ့ဆော်ခြင်း၊ နှိုးဆော်ခြင်း၊ စေတနာ လို့ အဘိဓာန်မှာဖွင့်ဆိုထားပါတယ်။ စိတ်တခုခုကို ဖြစ်ပေါ်ရေရန် စေ့ဆော်ပေးတဲ့ စေတသိက်တစ်မျိုး ပါပဲ။ အာရုံပေါ်သို့ ယှဉ်ဖက်စေတသိက်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း၊ နှိုးဆော်ပေးခြင်းသဘော လို့လည်း ဆရာတော်ကြီးများဖွင့်ဆိုထားပါတယ်။ ကောင်းမှု ဖြစ်စေ၊ မကောင်းမှုဖြစ်စေ အထမြောက်အောင် စေ့ဆော်ပေးတဲ့ အရာကို စေတနာလို့ ဆိုပါသည်။
ကျွန်တော်တို့ သိတာက ပေးချင်၊ ကမ်းချင်၊ လှူချင်တန်းချင်၊ ကူညီချင်တာမှ စေတနာလို့ ထင်ခဲ့ကြပါသည်။ အလွဲကြီးလွဲနေပါသည်။ သူ့ မူရင်း အဓိပ္ပါယ်ကတော့ ကောင်းတာပဲလုပ်လုပ်၊ ဆိုးတာပဲပြုပြု အထမြောက်အောင်နှိုးဆော် ပေးတာကို စေတနာလို့ ခေါ်ပါသည်။ ကိုယ်ချစ်တဲ့သူမွေးနေ့မှာ....သူပျော်သွားအောင် သူပြောပြောနေတဲ့ ပစ္စည်းလေးတစ်ခု အမှတ်တရ ၀ယ်ပေးချင်နေတာ စေတနာပါ။ အဲလိုဝယ်ပေးဖို့ ငွေကြေး မပြည့်စုံလို့ ငွေကို ဖြစ်တဲ့နည်းနဲ့ရှာမယ်။ လိမ်ချင်လိမ်ရပါစေ၊ ခိုးချင်ခိုးရပါစေ၊ သူပျော်သွားအောင် အဲဒီပစ္စည်းလေးကိုယ ၀ယ်ကို ၀ယ်ပေးမယ်ပြီး စိတ်ဆုံးဖြတ်ထားရင် သူ့မှာ စေတနာ နှစ်မျိုးဖြစ်နေပါပီ။ ချစ်သူပျော်စေချင်တဲ့ ပေးချင်တဲ့ မေတ္တာဦးစီးတဲ့ ကုသိုလ် စေတနာရယ်၊ ခိုးဖွက်လိမ်ကောက်ချင်တဲ့ လောဘဦးစီးတဲ့ အကုသိုလ်စေတနာရယ် ဆိုတဲ့ နှစ်မျိုးပါ။ သူတစ်ပါးကိုပေးချင်တဲ့ ပျော်စေချင်တဲ့ စိတ်စေတနာ အထမြောက်ဖို့အတွက် ကျန်တဲ့ လောဘ၊ ဒေါသဦးစီးတဲ့ အကုသိုလ်စေတနာတွေပါ တွဲလာပါတယ်။ ဒါဆို စေတနာ အဖြုနဲ့ အမဲ ရောသွားတဲ့သဘောပါ ။ မကောင်းပါဘူး၊ ရောတဲ့အတွက် ကိုယ်ပြန်ရတဲ့ အကျိုးပေးမှာလည်း အကောင်းအဆိုးရောတဲ့ အကျိုးပေးမျိုးပဲ ပြန်ရပါမယ်။
ဒီနေရာမှာ စေတနာဖြစ်ပေါ်တဲ့အချိန်ကလေးကို ပြောပြပါမယ်။ ကိုယ်ချစ်တဲ့သူရဲ့  မွေးနေ့ဆိုတဲ့ အာရုံကို ကိုယ်စိတ်နဲ့ တိုက်တဲ့အချိန်မှာ အတွေးတွေ ဆက်ကာ ဆက်ကာ ဖြစ်လာပါတယ်။ ဖြစ်လာတဲ့အတွေးတွေထဲမှာ သူ့အတွက် အကောင်းဆုံး အလိုအပ်ဆုံး အကြိုက်ဆုံး ဆိုတဲ့အရာကိုပေးချင်တဲ့ စိတ် ဖြစ်လာပါတယ်။ အဲဒီ စိတ်ဟာ စေတနာပါပဲ။
မွေးနေ့ ဆိုတဲ့အာရုံနဲ့ ကိုယ်စိတ်နဲ့ တိုက်တဲ့နေရာဟာ.....ကိုယ်စိတ်ဖြစ်တဲ့နေရာ.. ကိုယ်နှလုံးသားထဲမှာ ပါ။ ဒါကြောင့် စေတနာ ရဲ့ဖြစ်ပေါ်ရာ မြစ်ဖျားဟာ နှလုံးသားပါ။
ကိုယ်ချစ်သူဆိုတဲ့အာရုံ၊ မွေးနေ့ဆိုတဲ့အာရုံ၊ ငွေကြေးဆိုတဲ့အာရုံ၊ လက်ဆောင်ပစ္စည်းဆိုတဲ့ အာရုံတွေနဲ့ ကိုယ်စိတ်တို့ဟာ စေတနာကိုဖြစ်ပေါ်စေတဲ့အကြောင်းပါပဲ။ ကောင်းတဲ့စေတနာဖြစ်ဖြစ်၊ ဆိုးတဲ့စေတနာပဲဖြစ်ဖြစ် ပေါ်လာတဲ့အာရုံ တွေနဲ့ ကိုယ့်စိတ်အခံဓာတ်တို့ တွေ့ဆုံခြင်းကြောင့် ပေါ်လာတာပါပဲ။
ပေးချင်တာ၊ လိုချင်တာ ။ လွတ်မြောက်စေချင်တာ၊ ချုပ်နှောင်ချင်တာ။ ချစ်တာ၊ မုန်းတာ။ တွယ်တာတာ၊ စွန့်ပစ်တာ။ ကြည်ဖြူတာ၊ အမြင်ကပ်တာ။ အဲဒါတွေအားလုံး စေတနာတွေပါ။ သူတစ်ပါးကို ဖြစ်စေလိုတဲ့ စိတ်စေတနာတွေပါ။ ဒါကြောင့် စေတနာတိုင်းသည် လူတိုင်းနဲ့ မတန် လို့ပြောချင်တာပါ။

ကောင်းသောစေတနာများကိုသာ လူတိုင်းလူတိုင်းထားနိုင်ကြရင်ဖြင့်......

Tuesday, September 15, 2009

ဆုတောင်းတိုင်းသာ ..ပြည့်မယ်ဆိုရင်...(၂)

ကိုယ်တောင်းတဲ့ဆု.......ပြည့်စုံဖို့ ကတော့ အချက်(၅)ချက် ပြည့်စုံမှ အောင်မြင်မယ် ဆိုတာတော့ ပြောခဲ့ပြီးပါပီ။ အခု အဲဒီ ငါးချက်က ထပ်ရှင်းပါမယ်။
(၁) သဒ္ဓါ ....... ဆိုတာက မြန်မာလိုယုံကြည်မှု ကိုခေါ်ပါသည်။ မိမိတောင်းတဲ့ဆု အပေါ်မှာ ရကို ရရမယ် ဆိုတဲ့ ယုံကြည်မှုပါ။ ကိုယ်ကတော့ ဆုတစ်ခုခုကို ဆုတောင်းလိုက်ပေမယ့်..... ရမှ ရပါ့လား၊ သူများ တောင်းလို့ သာ တောင်းရတယ်...။ တယ် မထင်ပါဘူး၊ စသည်ဖြင့်.... သံသယဖြင့်တောင်းပါကလည်း.. ထိုဆုသည် ပြည့်လာစရာအကြောင်းမရှိပေ။ ကိုယ်တောင်တဲ့ဆု ပြည့်ရကိုပြည့်ရမယ်၊ ရကို ရ ရမယ် လို့  သံဓိဋ္ဌာန်ချပြီး ယုံယုံကြည်ကြည်နဲ့  ဆုတောင်းရပါမယ်..။

(၂) သီလ.... ဆိုတာက အလေ့အကျင့်၊ အလေ့သဘော လို့ မြန်မာလို တိုက်ရိုက်အဓိပ္ပါယ်ရပါတယ်...။ ကိုယ်တောင်းတဲ့ ဆုပြည့်ဖို့ ရန်..ကောင်းသော အလေ့အကျင့်များကို မြဲမြံစွာ စောင့်ထိန်း ဆောက်တည်ဖို့ လိုပါတယ်..။ လူမှာ စောင့်ထိန်း လေ့ကျင့်အပ်သော သီလကတော့ (၅)ပါး ရှိပါတယ်..။ (က) သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် (ခ) သူ့ ဥစ္စာခိုးခြင်း မှရှောင်ကြဉ်ရန်၊ (ဂ)လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရန်၊ (ဃ) မှားယွင်းသော ကာမမှုမှရှောင်ကြဉ်ရန်၊ (င) မေ့လျော့စေ တတ်သော သေရည်သေရက်စသည်များမှီဝဲခြင်းမှ ရှောင်ကြဉ်ရန် တို့ ဖြစ်ပါတယ်...။ အဆိုပါ ငါးပါးသီလကို စောင့်ထိန်းခြင်း သည်လည်း ကိုယ်တောင်းတဲ့ဆုပြည့်ရန် အထောက်အပံကောင်း တစ်ခုဖြစ်ပါသည်။

(၃) သုတ......ဆိုတာကတော့ သင်ကြားအပ်သော အတတ် ၊ အကြားအမြင် လို့ ပြောရမယ် ထင်ပါတယ်..။ ကိုယ်တောင်းတဲ့ဆုနဲ့ ပါတ်သက်တဲ့  အကြားအမြင်သုတ များ ရှိရမှာ ဖြစ်တဲ့အတွက် လေ့လာ သင်ကြား ရမှာဖြစ်ပါတယ်..။ ဥပမာ.. ကိုယ်က ဆရာဝန် ဆုတောင်းရင်... ဆေးပညာနဲ့ ပတ်သက်တဲ့ အကြားအမြင်၊ အတတ်ပညာများကို တတ်မြောက်ဖို့ လိုပါတယ်..။ (အကြားအမြင်ဆိုသည်မှာ ဥုံဖွ အကြားအမြင်ကိုမဆိုလိုပါ)

(၄) စာဂ....ဆိုတာကတော့ စွန့် ခြင်း ပေးကမ်းခြင်း လို့ အဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ လှူဒါန်းခြင်းလို့ ပြောရင်လည်းရပါတယ်။ ကျောင်းဆရာဆုကိုတောင်းထားသူတစ်ယောက်ဟာ.....ထိုဆုအတွက် သူများကို ပညာဒါန ပေးလှူရန်လိုအပ်ပါတယ်...။

(၅) ပညာ........ ဆိုသည်မှာ အပြားအားဖြင့် သိခြင်း လို့ ဖွင့်ဆိုထားပါတယ်.။ ကိုယ်တောင်းတဲ့ဆုပြည့်ဖို့ ရန် ..သူနဲ့ ပတ်သက်တာတွေကို သိထားဖို့ ဆိုလိုပါတယ်..။

ဒါကြောင့် တောင်းတဲ့ဆုကဖြင့်များပီ....ဘာကြောင့် မပြည့်လဲလို့ ဆိုရင်...အထက်ပါ ငါးချက်မှာ.....တစ်ချက်ချက်သော်လည်းကောင်း...၊ အားလုံးသော်လည်းကောင်းလိုအပ်နေလို့ ပါလို့ ........။

ပြီးပြည့်စုံအောင်ကျင့်နိုင် ဖြည့်နိုင် ကြံနိုင်သူများ.....ဖြစ်အောင်ကြိုးစားကြပါလို့ .......တိုက်တွန်း ဆန္ဒပြုရင်း......။

Wednesday, September 9, 2009

ဆုတောင်းတိုင်းသာ ..ပြည့်မယ်ဆိုရင်...(၁)

"တောင်းတဲ့ဆုနဲ့ ပြည့်ရပါလို၏" လူတိုင်းနီးပါး ဆုတောင်းတတ်ကြပါတယ်..။ နောက် ဘုန်းကြီးတွေ၊ မိဘ ဆရာသမား၊ လူကြီးသူမတွေကို ကန်တော့တဲ့အခါမှာလည်း.......ဆုတွေ တသီတတန်းကြီး ပေးကြပါတယ်..။ ပေးပြီးတဲ့အခါမှာလည်း ကန်တော့တဲ့သူတွေက ပေးတဲ့ဆုနဲ့ ပြည့်ဝရပါလို၏လို့  ပြောကြပြန်ပါတယ်..။
ဒီနေရာမှာ စဉ်းစားဖို့ လိုလာပါတယ်..။ ကိုယ်တောင်းခဲ့တဲ့ဆုပေါင်းလည်း မရေမတွက်နိုင်..။ အကြိမ်ပေါင်းလည်း မရေမတွက်နိုင်၊ သူများပေးတဲ့ဆုတွေလည်း အနန္တ ၊ ဒါနဲ့ တောင် ကိုယ်ကိုတိုင် လိုအင်ဆန္ဒ မပြည့်ဝ၊ အမြဲတန်း လိုနေတာ ချည်းပါပဲ..။ ကိုယ်တောင်းတဲ့ဆုတွေ ၁၀၀% မဟုတ်တောင်..၊ ၅၀% ရရဲ့ လား၊ ၅၀%လောက်ရရင် တော်တော် ဘုန်းကံကြီး တဲ့သူလို့ ပြောလို့ ရပါပီ။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ တောင်းခဲ့ တဲ့ဆုက နည်းမှမနည်းပဲကိုး..။
တကယ်တန်းကျတော့ ၁၀%တောင် တောင်းတဲ့ဆု မပြည့်ခဲ့ပါဘူး..။ ဒီအခါမှာ ကျွန်တော်စဉ်းစားလာတယ်..။ ဘာလို့  ဆုတောင်းနေတော့မှာလဲ..။ အပိုအလုပ် လို့ မြင်လာပါတယ်..။ ခင်ဗျားတို့ ကော... အဲလို စဉ်းစား ဖူးလား..။ ရရ..မရရ ဆက်တောင်းနေတာပဲလား..။ ကျွန်တော်က တော့ အဲလို အတွေးတွေ ၀င်လာပီး နောက်တော့......... ဆုတောင်းတာကို သံသယ ဖြစ်လာပါတယ်..။ ဒါနဲ့ တဆက်တည်း ကိုယ်ကိုးကွယ်တဲ့ ဘာသာအပေါ်မှာပါ.. တမျိုးမြင်လာပါတော့တယ်..။ တဖြေးဖြေး ကိုယ့်ကို ကိုယ်တောင်..ကြောက်လာတယ်..။ ဘာလို့ အဲလို အတွေးမျိုးဝင်ရတာလဲလို့ လေ..။
ဒါနဲ့ မဖြစ်သေးဘူး..။ ဘုရားဟောဆိုတာ လွဲတယ်မရှိဘူး၊ ငါ့အသိ လိုအပ်နေသေးလို့ ဖြစ်မှာပဲလို့  ဖြေတွေးလေးတွေးပြီး ဆုတောင်းနဲ့ ပတ်သက်တဲ့ဟာတွေ လေ့လာတယ်...၊ စာအုပ်တွေရှာဖတ်တယ်..။ ဒါပေမယ့် ကိုယ်ကျေနပ်လောက်တဲ့ အဖြေကို မရခဲ့ဘူး..။ ဒီလိုနဲ့ နေရင်း..။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတပုဒ်မှာ အဲဒီ ဆုတောင်းနဲ့ ပတ်သက်လို့  ဆရာတော်ကြီးဟောတာကို နာလိုက်ရတယ်..။ အရမ်းသဘောကျသွားတယ်...။ ဆရာတော်ကြီးဟောတာက...
ခင်ဗျားတို့ ....တဲ့..။ နိဗ္ဗာန်ကို ရောက်ရပါလို၏ ၊ ရရပါလို၏ဆိုပီး၊ ဘုရားထံမှာ ပန်းလေး ဆီမီးလေး ဆွမ်းလေး ကပ်ပီး ဆုတောင်းကြတယ်..။ အဲဒီ မှာ "နိဗ္ဗာန်မရောက်မှီ စပ်ကြား "ဆိုတာက ပါလိုက်သေးတယ်..တဲ့။ လူချမ်းသာ အကြိမ်ကြိမ်၊ နတ်ချမ်းသာအကြိမ်ကြိမ်၊ အပါယ်လေးပါးမှ ကင်းလွတ်ပီးသကာလ၊ ခံစား  စံစားပီး နောက်ဆုံးမှ နိဗ္ဗာန်ကို ရရပါလို၏ ဆိုပီး ဆုတောင်းကြတယ်..တဲ့။ ခင်ဗျားတို့ ဆု မပြည့်ဘူး၊ မပြည့်ဘူး..စိတ်ချ ..တဲ့..။ ဆရာတော်ကြီးက မိန့် ပါတယ်..။
တောင်းတဲ့ဆုနဲ့ ပြည့်ချင်ရင်.....တဲ့..အချက်ငါးချက်နဲ့ ပြည့်စုံမှ ကိုတောင်းတဲ့ဆုပြည့်တယ်တဲ့..။ အဲဒီ ငါးချက်ကတော့..
(၁) သဒ္ဓါ
(၂) သီလ
(၃) သုတ
(၄) စာဂ
(၅) ပညာ

အဲဒီ ငါးချက်ပြည့်စုံပီးတောင်းမှ .....ကိုယ်တောင်းတဲ့ဆုနဲ့ ပြည့်ပါတယ်တဲ့ခင်ဗျား..။