ဟိုတုံးက ကျွန်တော့ဘ၀(၁)
နွေ၏ ပူပြင်းသောနေ့များ တဖြေးဖြေးနဲ့ မိုးဦးဆီ ရောက်လာခဲ့ပါပီ။ တဖြိုက်နှစ်ဖြိုက် ရွာတဲ့ မိုးစက်တို့ကြောင့် တနွေလုံး ခြောက်သွေ့နေတဲ့ တောဟာ အရွက်နု တွေထိုးကာအနည်းငယ် အစိမ်းနုရောင်သန်းလာခဲ့ပါပြီ။ ပူပြင်းတဲ့နေရဲ့ဒေါသတကြီး လွှတ်ထုတ်ခဲ့တဲ့အပူတွေဟာ မိုးရဲ့ အေးမြတဲ့ မေတ္တာရေစင်တွေကြောင့် လျော့ပါးသွားပါတယ်။
အချိန်ကတော့ မေလကုန် ဂျွန်လဆန်း ပထမပတ်လောက်ပေါ့။ မြန်မာ့သစ်လုပ်ငန်း ပခုက္ကသစ်ထုတ်ရေးဒေသ ၊ မုန်းနယ်(တောင်ပိုင်း) မှာ တာဝန်ကျနေစဉ်ကာလကပါ။
နွေရာသီ တလျှောက်လုံး ဆင်ဝိုင်းအားလုံး လုပ်ငန်းနားကြရပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ ဆင်နဲ့ သစ်ထုတ်ခြင်းကို ဥပဒေနဲ့ ထားမြစ်ထားပါတယ်။ မိုးနဲ့ ဆောင်းမှာ ဆင်တွေနဲ့ ထုတ် ထားတဲ့သစ်တွေကို နွေရာသီကျရင် ယန္တယားအကူအညီနဲ့ လမ်းဖောက်ပြီး ကားနဲ့တဆင့် လိုရာဒေသကို သယ်ဆောင်ကြပါတယ်။ ဒါကို ကားတိုက်လုပ်ငန်း လို့ခေါ်ပါတယ်။
ကျွန်တော်တို့ ဆင်သမားတွေကတော့ ဒီအချိန်မှာ နားကြရပါတယ်။ ဒါမှ ဆင်တွေ နောက်တစ်နှစ် သစ်ထုတ်ရာမှာ အားအင်ပြည့်ဖြိုးစွာနဲ့ လုပ်ငန်းခွင်ဝင်နိုင်မှာပါ။ ဖေဖေါ်ဝါရီ ဒုတိယပတ်လောက်နေပီး ဇွန်လ လယ်လောက်အထိကာလကို ဆင်ကျောင်းချိန်လို့ သတ်မှတ်ထားပါတယ်။ လေးလလောက်တော့ နားရပါတယ်။ ဒါပေမယ့် တချို့ ဒေသတွေမှာ လုပ်ငန်းမနိုင်လို့ မတ်လထိအောင် ခိုင်းတာတွေလည်း ရှိပါတယ်။ ဒီလိုဆင်ကျောင်းချိန်မှာ ဆင်ဝိုင်းတွေကို အစာပေါတဲ့ ရေပေါတဲ့ နောက်နှစ်ထုတ်မဲ့ သစ်ကွက်နဲ့ နီးတဲ့ဒေသတွေမှာ ပြောင်းရွှေပြီး ဆင်ကျောင်းထွက်ကြရပါတယ်။ ဒီလိုဆင်ကျောင်းကာလ ပြီးလို့ လုပ်ငန်းခွင် ၀င်ဖို့အတွက် နဘဲ(ဆင်ကုံးနှီး)၊ လည်ပတ်၊ ၀မ်ပိုက်ကြိုး၊ မြီးထူးကြိုး ၊ခလောက်ကြိုး ၊ အုံးတုံး (သစ်ဆွဲရာတွင် အသုံးပြုသော သစ်သားတုံး)များကို ခုလိုနွေရာသီမှာ စုဆောင်းပြုလုပ်ထားရပါတယ်။ ဆင်သမားတွေရဲ့ လုပ်ငန်းခွင်မှာ သုံးမဲ့ သစ်ခုတ်ပုဆိန်၊ ဓား၊ ပုဆိန်ရိုး၊ တူရွင်း၊ ပေါက်ပြားရိုးများ၊ လှံ၊ ချွန်း(ဆင်မောင်းရတွင် အသုံးပြုသော လက်နက်) များကိုလည်း အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားကြ ရပါတယ်။ ကျွန်တော် ကတော့ အားလုံး ပြီးလို့ အေးအေးဆေးဆေး ဆင်ခေါင်းကြီးရဲ့ တဲ့မှာ ရေနွေးကြမ်း သောက်လိုက် လေဖေါလိုက်နဲ့ ဒူနန့်နေပြီး ဇိမ်ကျနေချိန်ပေါ့။ တစ်ညနေမှာ မြို့က စာပို့တဲ့ ဆက်သား ရောက်လာပါတယ်။ တောထဲတောင်ထဲ လူသူကင်းတဲ့နေရာမှာ လူစိမ်းတစ်ယောက်လာတာတွေ့တော့ ကလေးလူကြီး မိန်းမမကျန် ဆင်ခေါင်းကြီး တဲ့ဆီ လာစပ်စုကြပါတယ်။ ဘာကိစ္စလည်းပေါ့။ ဆင်ခေါင်းကြီးကတော်က ရေနွေးကြမ်းနဲ့ ချေသားခြောက်မီးဖုတ်ထောင်းနဲ့ ဧည့်ခံထားပါတယ်။ ဆင်ခေါင်းကြီးကတော့ နေ့လည်ကတည်းက တောလည်သွားလို့ မရှိပါဘူး။ ဒါနဲ့ ၀ိုင်းပီး ဘာကိစ္စ လာတာလည်းလို့ မေးကြတော့ သူက သစ်ထုတ်ရေးဌာနက စာပို့အသစ်ပါတဲ့ ရုံးက စာပို့ခိုင်းလို့ လာစာပို့တာတဲ့၊ မန်းနယ် ဇင်ပြွန်ကြိုးဝိုင်းမှာ ဆင်တစ်ကောင်က မုန်ယိုပြီး သူ့ဦးစီးကို နင်းသတ်ပီး ထွက်ပြေးလို့တဲ့ အဲဒါ သွားဖမ်းဖို့ ကိစ္စစာလာပို့တာလို့ပြောပါတယ်။
ဒါနဲ့ ဘယ်သူ့ဝိုင်းလည်း၊ ဘယ်သူ့ဆင်လည်း၊ သေတာဘယ်သူလည်း မေးပေမယ့် တစ်ခုမှ ရေရေရာရာ မဖြေနိုင်ပါဘူး သူလည်း ရုံးဝန်ထမ်း အသစ်မို့ မသိဘူးပဲပြောပါတယ်။ ဒါနဲ့ စာကို ဖတ်ကြည့်ရအောင်တောင်းတော့ ဆင်ခေါင်းကြီးကိုပဲ တိုက်ရိုက်ပေးဖို့ မှာလိုက်တယ်ဆိုပီး မပေးပါဘူး။ အားလုံးကလည်း ဇင်ပြွန်ကဆို ဆင်ခေါင်းကြီးဦးဖိုးလှိုင် ရဲ့ဝိုင်း မုန်ယိုသတ်တယ်ဆိုတော့ ဆိုးတဲ့ဆင်က အဲဝိုင်းမှာမရှိဘူး၊ ဖြစ်နိုင်တာတော့ ဟိုင်းတစ်ကောင်ပဲရှိတယ် ဆိုပြီး ၀ါရင့် ဦးစီးကြီးတွေက ထင်ကြေး ပေးနေကြပါတယ်။
ဒီလိုနဲ့ ညနေစောင်းကျတော့ ဆင်ခေါင်းကြီးတောလည်ကပြန်လာပါတယ်။ ဘာမှ ရလာခဲ့ပုံမပေါ်ပါဘူး၊ မြို့က ပို့တဲ့စာကို စိတ်ဝင်စားနေတာနဲ့ ညနေထမင်းတောင်မချက်ပဲ ဆင်ခေါင်းကြီးတဲမှာပဲ အဲဒီမြို့သားနဲ့ လေဖောနေလိုက်ပါတယ်။ ဆင်ခေါင်းကြီးလာတော့ စာအိတ်ကိုပေးပါတယ်။ မှောင်ရီပျိုးစအချိန် မှန်မီးအိမ်မှိတ်တုတ်တုတ်နဲ့ ဆိုတော့ မထင့်တထင် လက်နှိပ်စက် စာကို ဆင်ခေါင်းကြီး ကြိုးစားပီး စာလုံးပေါင်းကာ မျက်မှောင်ကြီးကျုံ့ဖတ်နေပါတော့တယ်။ အတန်ကြာမှ ဟဲ့ ငါ့မမြင်မကန်းနဲ့ ဖတ်နေတာကို
ဘာလို့ဝိုင်းကြည့်နေတာလဲ ဖတ်ပြစမ်းဆိုပီး စာကိုကျွန်တော့လက်ထဲပေးပါတော့တယ်။ အဲဒီကျမှ ကျွန်တော်လည်း စာကိုဖတ်ပြီး အကျိုးအကြောင်းပြောလိုက်ရပါတော့တယ်။
မန်းနယ်၊ ဇင်ပြွန်းကြိုးဝိုင်းတွင် မင်းဘူး-အမ်းလမ်းမကြီးတွင် တံတားဆောက်ရန် သစ်မာများ ထုတ်ပေးရန် တာဝန်ကျစေလွှတ်ထားသော ဆင်ခေါင်းကြီး ဦးဖိုလှိုင်၏ ဆင်ဝိုင်းမှ ဦးစီးတင်သန်း၏ ဆင် မြင့်ဌေး(****)သည် မုန်ယိုကာ ၄င်းကောင်း၏ဦးစီးအား စားကျက်လွှတ်ချိန်တွင် နင်းသတ်ကာ တောထဲသို့ ထွက်ပြေးသွားကြောင်း၊ ထို့ပြင် လွတ်သွားသော မြင့်ဌေး(ဆင်အမည်)သည် တွဲဆင်မ သောင်းစိန်ခိုင်နှင့် တွဲကာ ထိုအနီးနားဝန်ကျင်ရှိ ဥယျာဉ်များ၊ ခြံများတွင် လှည့်လည်ကျက်စားကာ ဖျက်ဆီးနေကြောင်း၊ သွားရောက် မောင်းနှင်သူ ရွာသားများအား လိုက်တိုက်ကြောင်း၊ သို့ပါ၍ အဆိုပါ မုန်ယို သောင်းကျန်းနေသော မြင့်ဌေးအား အမြန်ဆုံး သွားရောက်ဖမ်းဆီးရန်၊ ထိုသို့ဖမ်းဆီးရာတွင် အထိအခိုက်အကျိုးအပဲ့မရှိစေရန် အားလုံးဂရုစိုက်ဆောင်ရွက်ရန်၊ စာရသောဆင်ဝိုင်းများ ဆင်အုပ်ကြီးထံ သတင်းပို့ရန်နှင့် ဆင်အုပ်ကြီး၏အစီအမံဖြင့်အမြန်ဆုံး အကောင်ထည်ဖေါ် ဆောင်ရွက်ရန် ဆိုပီး နယ်တာဝန်ခံမှ ညွှန်ကြားသောစာဖြစ်ကြောင်း ပြောပြလိုက်ရသည်။ ထိုအခါမှ ဆင်ခေါင်းကြီးက မိမိတို့ နှင့် နှစ်မိုင်သုံးမိုင်တွင်ရှိသော စီးဆင်ဝိုင်းတွင် နေထိုင်လျှက်ရှိသော ဆင်အုပ်ကြီးထံသို့ မနက်ဖြန်သွားပီး တွေ့ရန်ပြောကာ အိပ်ယာဝင်ကြပါသည်။ ကျွန်တော်လည်း ၀ါရင့်ဦးစီးများကို အထင်ကြီးလေးစားသွားသည်၊ အတွေ့အကြုံဆိုတဲ့ဆရာဟာ အရာရာကို နီးစပ်ဆုံးပြောနိုင်တာပဲဆိုပီး တွေးမိသွားတယ်။ ကိုယ့်တဲ ကိုပြန်ကာ အိပ်ရန်ပြင်ဆင် ပါတော့သည်။ အိပ်ယာထဲရောက်မှ ဗိုက်က တဂွီဂွီမြည်ကာ ဆာလောင် လာတော့သည်။ မနက်က ကိုးနာရီခွဲလောက်က စားထားသည့် ထမင်းက ညရှစ်နာရီလောက်ဆိုတော့ ဆာတော့တာပေါ့။ ဒါနဲ့ ထမင်းမင်းအိုးကိုမီးထွန်းကြည့်တော့ ရေဆေးမှောက်ထားတာပဲတွေ့ရပါတယ်။ ဒါနဲ့ ထမင်းတောင်းဖို့တခြား အိမ်ထောင်သည်တဲ တွေဘက် ကြွေဇလုံနုတ်ခမ်းပဲ့လေးကိုင်ကာ ပုဆိုးခေါင်းမြီးခြုံ ထွက်လာခဲ့သည်။ ကျွန်တော်တို့ ၀ိုင်းတွင် တဲ ၁၅တဲ့သာရှိသည်မို့ ။ ကျွန်တော်တို့ နေသော ၀ိုင်းကြီးတဲကပြင်မှ လှမ်းကြည့်လျှင် မည်သူ့အိမ်မီးရောင်မြင်ရသည် မအိပ်သေးဟု သိရသည်။ ဒါနဲ့ မီးရောင်မြင်ရတဲ့ ဆင်ဆိုးလှံကိုင် သိန်းဌေး၏တဲသို့ သွားကာ ထမင်းကျန်သွားတောင်းပါသည်။ ကိုသိန်းဌေးမိန်းမ က ဟာ..ဆရာကျောင်း လာလာ ထမင်းတွေ အများကြီးရှိတယ်၊ မျောက်သားချက်လည်း ရှိတယ်ဆိုပြီး မီးဖိုချောင်ဝင်သွားပြီး ထမင်းပွဲပြမယ်လုပ်ပါတယ်။ ကျွန်တော်က အားနာတာနဲ့ နေပါစေဆိုပြီး ပါလာတဲ့ဇလုံထဲ ထမင်းနဲ့ ဟင်းပုံပေးရန်သာပြောကာ ဇလုံပေးလိုက်ပါတယ်။ ကိုသိန်းဌေးက ဆရာကျောင်း ဆင်ဖမ်းလိုက်ချင် နေပီမလား ဆိုပြီး ပြုံးပီးမေးပါတယ်။ (ကျွန်တော်သည်အားလပ်ချိန်တွင် ကလေးများကို ကကြီးခခွေးသင်ပေး သောကြောင့် အားလုံးကဆရာကျောင်းဟုခေါ်ကြပါသည်။) အေးဗျာ အဲဒီကိစ္စသိချင်နေတာနဲ့ ညစာထမင်းမမှီလိုက်ဘူး ဆိုပြီးကျွန်တော်ကပြန်ပြောပါတယ်။ သူ့မိန်းမ ယူလာတဲ့ ထမင်းနဲ့ မျောက်သားဟင်းကို အားရပါးရ ကျွန်တော်လွေးပါတော့တယ်။ ဆာဆာနဲ့စားလိုက်တာ ခဏနဲ့ ထမင်းတစ်ဇလုံ ပြောင်သွားပါတော့တယ်။ စားသောက်လက်ဆေးပြီးနောက် ဆေးဗန်းတောင်းကာ ပြောင်းဖူးဖက်တစ်လိပ် စိတ်ကြိုက်လိပ်ကာ မီးငြိပြီး တစ်ဖွာနှစ်ဖွာရှိုက်လိုက်မှ လောကမှာ အရာရာ ပြီးပြည့်စုံသလို ဖြစ်သွားပါတော့တယ်။ ဗိုက်လည်းတင်း သွားပီမို့ မျက်ခွံတွေလေးကာ အိပ်ချင်လာပါ တော့တယ်။ ဒါနဲ့ ကိုသိန်းဌေးလင်မယားကိုနှုတ်ဆက်ပြီး ကိုယ့်တဲ့ဆီပြန်လာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါတော့တယ်။ လင်းကြက်တွန်ချိန်လောက်မှ နိုးလာပါတော့တယ်။ မျက်နှာသစ် မီးမွှေးပြီး ရေနွေးအိုးတစ်လုံးတည်ထားလိုက်ပါတယ်။ ဆူတော့လက်ဖက်ခြောက်ခပ်ပြီး ၀ါးကျဉ်တောက်ထဲ ထည့်ထား လိုက်ပါတယ်။ ဆက်ပြီး ထမင်းချက်ပါတယ်။ ၀ိုင်းထဲက တဲတွေကတော့ ဝေလီဝေလင်းမှာ အားလုံး မီးရောင်တလက်လက်နဲ့ ကလေးတွေကလွဲရင် နိုးနေကြပါပီ။ ကျွန်တော်တို့ ဆင်သမားဘ၀ ဆိုတာ နေဖင်ထိုးအောင် တစ်ခါမှ မအိပ်ခဲ့ရဖူးပါဘူး။ အလုပ်ချိန်ဆို မနက် ၃နာရီလောက်ထ၊ ဆင်ကောက်၊ ဆင်ရေချိုး၊ နဘဲပြင် နဲ့ လေးနာရီခွဲလောက်မှပီးတယ်။ ထမင်းကြမ်းခဲကို ရေနွေကြမ်း မိုးမျှော်ငြုပ်သီးကို ဆားတို့ပီး ဖြစ်သလိုလွေးရပါတယ်။ ပြီးတာနဲ့ တောတက်ကာ သစ်ဆွဲရပါတော့တယ်။ နေ့လည် ၁နာရီ ၂နာရီလောက်မှ ဆင်ဝိုင်းပြန်ရောက်ပါတယ်။ လူလည်းမော ဆင်လည်းမော ဆိုတော့ ပြန်လာရင် ဆင်မှာ တပ်ဆင်ထားတဲ့ နဘဲတို့ အုံးတုံးတို့ သစ်ဆွဲကြိုးတို့ ဖြုတ် ဆင်ကို ထူးခတ်ပြီး အစာစားရန် လွှတ်လိုက်ပါတယ်။ ပြီးမှ နေ့ လည်စာကို ရှိတဲ့ တောဟင်းတောထမင်းနဲ့ မြိန်ယှက်စွာ စားရပါတယ်။ အလုပ်ကလည်း ပန်း၊ ထမင်းကလည်း ကြမ်းပေမယ့် စားလို့အလွန်ကောင်းပါတယ်။ စားပြီးတဲ့ အချိန်ကျတော့ နေ့လည်သုံးနာရီ ၀န်းကျင်လောက်ရှိနေပါပီ။ ညစားကို မမှောင်ခင်စားပီး ၇နာရီလောက်ဆို အိပ်ကြပါပီ၊ တစ်ခါ မနက်သုံးနာရီလောက်ထ။ ဒီလိုနဲ့ ပဲ နေ့စဉ်သံသရာလည်နေတာပါပဲ။ ခုလို ဆင်ကျောင်းရာသီမှာပဲ သက်သာတာပါ။

ပြောရင်းဆိုရင်း ထမင်းကျက်တာနဲ့ ငပိဖုတ်ပြီး ငရုပ်သီးထောင်းထားလိုက်ပါ တယ်။ ပြီးတဲ့ အချိန်ကျတော့ ချေသားခြောက်ကို မီးကင်ပြီး ထုထောင် ဆီဆမ်းထားလိုက်ပါတယ်။ ကျွန်တော်တို့ ၀ိုင်းကြီးတဲ့က လူတွေ အကုန်နှိုးနေကြပါပီ။ ထမင်းပူပူ ကို ရေနွေးကြမ်း ငရုပ်သီးထောင်းနဲ့ စားကြတာ တရှူးရှူး တရှဲရှဲနဲ့ အားပါတရပါပဲ။ ၀ိုင်းကြီးတဲ ဆိုတာက မိသားစုနဲ့ ခွဲနေသူတွေ၊ လူပျိုတွေစုပေါင်း နေကြတာပါ။ ကျွန်တော်တို့ တဲမှာ လူ ၆ယောက်ရှိပါတယ်။ ထမင်းဟင်းကို ကြုံတဲ့လူကချက်ရပါတယ်။ အလုပ်ချိန်ဆိုရင်တော့ ပဲ့ချိန်ကလေးတွေ ချက်တာများပါတယ်။ ဒီလိုအားလပ်ချိန်ဆိုရင်တော့ ကြုံရာလူ ချက်ပါတယ်။ စားကောင်းမကောင်းညဉ်းလို့မရပါဘူး။ တစ်ခါတလေ တောလည်လို့ ဟင်းစားရတဲ့ အခါမှာတော့ အာစိုပါတယ်။ ချေ၊ တောဝက်၊ တောကြက်၊ ဒေါင်း၊ ဖွတ်၊ မြွေ ၊မျောက် စသည်များ မကြာမကြာရတတ်ပါတယ်။ အဲစားသောက်ပီးတော့ မိုးစင်စင်လင်းနေပါပီ။ ဆင်ခေါင်းကြီးတဲကိုသွားပီး မိမိလည်း ဆင်အုပ်ကြီးဆီ လိုက်မည့်အကြောင်းပြောပါတယ်။ ဆင်ခေါင်းကြီးလည်း အပြန်အဖေါ်ရတာပေါ့ ဆြိုံပီး စာပို့သမားရယ်၊ ဆင်ခေါင်းကြီးရယ်၊ ကျွန်တော်ရယ် ထွက်လာခဲ့ကြပါတယ်။ ဆင်အုပ်ကြီးနေတဲ့ စီးဆင်ဝိုင်းရောက်တော့ စာပို့သမားသည် သစ်ကားကြုံဖြင့် ပြန်သွားပါသည်။ နွေရာသီတွင် စီးဆင်ဝိုင်းအထိ ကားလမ်ပေါက်ပါသည်။ ဆန်၊ မကျီး၊ ဆား၊ ၀က်ဆီများ နောက်တစ်နှစ်အတွက် အသုံးပြုရန် စီးဆင်ဝိုင်းတွင် သိုလှောင်ပါသည်။ တနယ်လုံးရှိ ဆင်ဝိုင်း ၁၂၀ိုင်းစာအတွက်ဖြစ်သောကြောင့် နွေရာသီတွင် ကားဖြင့်သယ်ကာ သိုလှောင်ထားပါသည်။ ထို့အပြင် လူနေကျေးရွာနှင့်လည်း နီးပါသည်။ ထို့ကြောင့် စီးဆင်ဝိုင်းသည် စည်ကားပါသည်။ မိမိဌာနမှ လူကြီးများလည်း မကြာမကြာရောက်သည်။ ထို့ကြောင့် စီဆင်ဝိုင်း ဆင်ခေါင်းသည် အလွန်အနေအထိုင်နပ်ရပါသည်။ အရက်ထန်းရည် ကလည်းပေါ ၊ ဖဲဝိုင်းကလည်းစည်ကား၊ ဘောလီဘောကွင်းတွင်လည်းလူမပြတ်သောကြောင့် စည်ကားသလို မကြာမကြာ စကားများ ရန်ဖြစ်သည်များလည်းရှိသောကြောင့် အလွန်ခေါင်းရှုပ်ရပါသည်။ သစ်ကုန်သည် ၀ါးကုန်သည်များလည်း မကြာမကြာရောက်၍ ၀င်ငွေလည်းကောင်းသည်။ ထို့ကြောင့် နွေရာသီဆိုရင် ဆင်ခေါင်းတစ်ယောက်တည်း မထားပါ။ အထက်လူကြီးများက ဆင်အုပ်ကြီးများကိုပါ စခန်းထိုင် အုပ်ချုပ်ခိုင်းပါသည်။ ဆင်အုပ်ဆိုသည်မှာ ဆင်အကောင် ၅၀ ကိုတစ်ယောက်နှုန်းဖြင့် အုပ်ချုပ်ရသော သူဖြစ်သည်။ ကျွန်တော်တို့ နယ်တွင်မူ ဆင်အုပ် တစ်ယောက်သာရှိသည်။ အသက် ငါးဆယ်ကျော် ပီဖြစ်သည်။ လူမှာ ပိန်ပိန်ပါးပါးနှင့် စိတ်မရှည်သူဖြစ်သည်။ လူငယ်များ ဆင်ခိုင်းတာကို ကြည့်၍ မကြိုက်လျှင် ဆင်ပေါ်မှ ဆင်းခိုင်းပြီး သူကိုယ်တိုင်ခိုင်းပြကာ ဆင်ဆိုတာ ဒီလိုခိုင်းရတယ်၊ ဒူးမနိုင်ရင် ခေါင်းပေါ်မတက်နဲ့ဟု ဆိုဆုံးမပါသည်။ ပြီးရင် သူ့အကျင့်က မင့် ငယ်ဆရာဘယ်သူလဲမေးပြီး ငယ်ဆရာကိုပါ တွေ့သည့်နေရာတွင် မင်းတပည့် ဘယ်သူဖြင့် အလွန်ချာတယ်။ မင်းဘယ်လို သင်ပေးလိုက်တာလဲ၊ ဒါ ကျောင်းစာသင်သလိုမဟုတ်ဘူးနော်၊ ကျောင်းစာက မတတ်ရင် စာမေးပွဲကျရုံပဲ၊ ဆင်ခိုင်းတာမတတ်ရင် လူရော ဆင်မှာပါ အန္တရာယ်ရှိတယ်ဟု ဆုံးမပါသည်။ အားလုံးက ငယ်ကြောက်ဖြစ်၍ ဟုတ်ကဲ့ အဘဟုသာ ခေါင်းညိတ်ကြရပါသည်။ ကျွန်ုပ်၏ဆင်ခေါင်းကြီးမှာလည်း ငယ်ကြောက်ဖြစ်၍ ခပ်ရို့ရို့လေး ထိုင်ကာ ရောက်ပီဖြစ်ကြောင်း သတင်းပို့ပါသည်။ ကျွန်တော်တို့ ၀ိုင်းအပြင် အခြားဆင်ဝိုင်းမှ ဆင်ခေါင်းကြီးများလည်း ရောက်နေကြပါသည်။ လူစုံလျှင် ဆင်အုပ်ကြီးဖိုးစိုးတင့်မှ ဆင်းဖမ်းသွားရန်ကိစ္စကို ပြောပါသည်။
..........ဆက်လက်ဖေါ်ပြပါမည်........
1 Comments:
ဟဲ့ နင် ဆင် တွေနဲ့ အလုပ်လုပ်ခဲ့သေးတယ် ပေါ့ ဟုတ်လား
Post a Comment
Subscribe to Post Comments [Atom]
<< Home