Saturday, February 27, 2010

စူဠသောတာပန်ဥာဏ်နှင့် မြတ်ဗုဒ္ဓ၏အလုပ်ပေးတရားတော်

မြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို လူအများနားလည်လွယ်အောင် လက်လှမ်းမီသမျှ ခေတ်သိပ္ပံအမြင်နဲ့ ယှဉ်ပြီး စုဆောင်းတင်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

မြတ်စွာဘုရားအလိုကျ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့ရန် လိုအပ်အပ်ချက်များ ၊ ကမ္ဘာပျက်ပုံ၊ ကံအကြောင်း၊ စကြ၀ဠာအကြောင်းတွေနဲ့ အပါယ်လေးဘုံအကြောင်းနဲ့ အပါယ်သို့သွားရတဲ့ အကြောင်းရင်းတွေကို ထဲထဲဝင်ဝင် တင်ပြထားပါတယ်။

ဒါအပြင် တရားအားထုတ်တဲ့ ယောဂီသူတော်စဉ်တို့ သိသင့်သိထိုက်တဲ့ အချက်အလက်များကိုလည်း တင်ပြထားပါသေးတယ်။
နိဗ္ဗာန် ၊ အရှုခံခန္ဓာငါးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဓာနိယင်္ဂတရားငါးပါး၊ ရှေ့စိတ်နဲ့ နောက်စိတ် စတဲ့ သိသင့်သိထိုက်တဲ့ တရားများကို ရှင်းလင်းပေးထားပါတယ်။

နောက် သတိပဋ္ဌာန်တရားအားထုတ်နည်း ၊ အချိန်တိုင်းတရားအားထုတ်နည်း တို့ကို တင်ပြထားပါတယ်။

ဒါပြင် စာရေးသူက အဲဒီစာအုပ်ကို Copyright ပေးထားပါတယ်။ မည်သူမဆို ကူးယူပုံနှိပ်ခွင့်ပေးထားပါတယ်။ တရားဓမ္မကို ပြန့်ပွားစေချင်တဲ့ ဆန္ဒနဲ့ပါ။
 

အတ္တလည်း ကုသိုလ်ဖြစ်ကြော်ငြာပေးတာပါ... ။ တစ်ဦးတစ်ယောက် ဒီစာအုပ်ကိုဖတ်ပီး နိရောဓ ဖြစ်သွားရင် တင်ပေးရကျိုးနပ်ပါပီ...။

Saturday, February 20, 2010

အမြတ်ဆုံးအချစ်

"ကိုယ်ကမချစ်၊ သူက ချစ်၊ ဒီချစ် အမုန်းဆုံး"
( မုန်းစရာပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲနေရသည့် ဆင်းရဲ)

"ကိုယ်ကသာချစ်၊ သူမချစ်၊ ဒီချစ် ဆင်းရဲဆုံး"
( ချစ်စရာပုဂ္ဂိုလ်တို့နှင့် မယှဉ်တွဲ ကင်းကွာနေရသည့်ဆင်းရဲ )

"ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး"
( စိတ်တူကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲ အပြစ်ကင်းညီညွှတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)

"ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး"
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှ လွတ်မြောက်စေရန်၊ သတိပဋ္ဌာန်လေးပါး မြတ်တရားကို၊ ပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုကြရသည့်ချမ်းသာ)

ကမ္မဋ္ဌာန်းကျောင်းဆရာတော်

Thursday, February 18, 2010

သူတော်ကောင်းနှင့်တွေ့ဆုံခြင်း

မဟာဗောဓိမြိုင်ဆရာတော် အလောင်းလျာကို မြန်မာသက္ကရာဇ် 1303ခုနှစ်၊ ၀ါဆိုလပြည့် ညသန်းခေါင်ယမ် အချိန်တွင် လပြည်ကျော် 1 ရက် အင်္ဂါနေ့ သို့ဝင်ချိန်တွင် အဖဦးဘစံ+ အမိ ဒေါ်မေတို့မှ  စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။


ရွှေကျောင်းကုန်းတောင်(သာစည်)၊ ဇင်းကျိုက်တောင်(ဇင်ကျိုက်)၊ သံသုမာရတောင်(ဖူးကြီး)၊ အရှေ့ပရက္ကမချောင်(စစ်ကိုင်းတောင်ရိုး)၊ လက်လုပ်တောင်(ပျဉ်းမနား)၊ သုဝဏ္ဏသျှံတောင်(မိုင်းပျဉ်း)၊ နတ်တလူတောရ(ကန့်ဘလူ)၊ ဝေဒလ္လတောင်(မေမြို့)၊ မောနေယျတော(ဂန့်ဂေါ)၊ ကျောက်ထီးတောင် (ကျောက်ဆည်) စသည့် တောတောင်များတွင် တောရဆောက်တည်ကာ လှည့်လည်နေထိုင်ခဲ့ပါသည်။



ဒေါင်းလုပ်လင့်တွေကတော့ သူတော်ကောင်းနှင့်ခဏတာ(ဒု) နဲ့ သူတော်ကောင်းနှင့်ခဏတာ(တ) ဖြစ်ပါတယ်။ ဆန္ဒရှိသူများ အဆင်ပြေပြေဒေါင်းနိုင်ကြပါစေ...


သူတော်ကောင်းနှင့် တွေ့ရတဲ့ခဏတာ ကာလဟာ မိမိဘ၀အတွက် တန်းဖိုးဖြတ်လို့မရပါဘူး မိမိယူနိုင်ရင် ယူသလောက်အကျိုးများပါတယ်...။

Wednesday, February 17, 2010

သူတော်ကောင်းနှင့် ခဏတာ

သူငယ်ချင်း မိတ်ဆွေအစ်မကြီးတစ်ယောက်က ဓမ္မဒါနပြုလို့ DVD ခွေတစ်ခွေ ဖွင့်ကြည့်ဖြစ်ပါတယ်။
နတ်တလူဆရာတော်၊ သုဝဏ္ဏရှန်တောင်ဆရာတော်၊ မဟာဗောဓိမြိုင်ဆရာတော် စသည်ဖြင့် ဘွဲ့အမည် အမျိုးမျိုး  နဲ့ ကျော်ကြားတဲ့ ဆရာတော်ကြီးရဲ့ လွန်စွာမှ အခြေခံကျတဲ့ ဆုံးမတရားတွေကို နားကြားရပါတယ်။ အခြေခံကျသလောက် အဆုံးစွန်နိဗ္ဗာန်ထိအောင် ဥပ္ပနိဿယျပစ္စယ အနေနဲ့ ကျေးဇူးပြုမယ့် အကြောင်းအရာတွေဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရယ်လို့ ခံယူဖို့ ဆောက်တည်ရမယ့် သရဏဂုံတည်ဆောက်ပုံနဲ့ သရဏဂုံရဲ့အရေးကြီးပုံ၊  နောက် သီလဆောက်တည်တာနဲ့ ဥပုဒ်မတူပုံ။ ဥပုဒ်သီလရဲ့ အကျိုးကြီးမားပုံတို့ကို ဆရာတော်ကြီးက ရိုးရှင်းစွာ လူအများ နားလည်သဘောပေါက်စေရန် ရှင်းလင်းဟောကြားထားပါတယ်။

မိမိနာကြားရလို့ ကျေးဇူးများသလို ကျန်တဲ့သူတွေ အကြောင်းညီညွှတ်လို့ ဒီပိုစ့်ကလေးကိုဖတ်ပြီး တရားနာကြ သူများ ကျေးဇူးများစေရန်ရည်ရွယ်ပြီး အောက်မှာ ဆရာတော်ကြီးနဲ့ ခဏတာ တွေ့ဆုံခိုက် မှတ်တမ်းတင် ရိုတ်ကူးထားတာလေးကို တင်ထားပါတယ်။ မည်သူမဆို လွတ်လပ်စွာ ကူးယူပြီး ဓမ္မဒါနဖြန့်ဝေနိုင်ကြပါတယ်။

youtube မှာက ၁၀မိနစ်ပဲ ကန့်သန့်ထားလို့ 4share ကနေတင်ပေးလိုက်ပါတယ်။ ကျန်တဲ့ နှစ်ပိုင်းနဲ့ ဆရာတော်ရဲ့ biography ကိုတော့ အကြောင်းညီညွှတ်တဲ့အချိန်တင်ပေးပါမယ်...။
အဲဒီ ဗီဒီယိုဖိုင်ကို download လုပ်ချင်ရင်တော့ သူတော်ကောင်းနဲ့ ခဏတာ(ပထမပိုင်း) ကိုကလစ်နှိပ်ပီး ဒေါင်းနိုင်ကြပါတယ်။

အားလုံး ရယူ စားသုံး ခံစား မျှဝေနိုင်ကြပါစေ...

Sunday, February 14, 2010

ယုံကြည်မှု၊ သိမှု ၊ ကျင့်မှု

ယုံကြည်ခြင်းဆိုသည်မှာ သံသယမရှိ၊ ဒွိဟမဖြစ်ခြင်းကိုခေါ်ပါသည်။ ယုံလျှင် စိတ်မှာကြည်လင်ပါသည်။ ထို့ကြောင့် ယုံကြည်ပါက အရာရာ စေတနာဖြစ်လာသည်။ စိတ်ချလာသည်။ ယုတ်စွအဆုံး မိမိ၏ အလုပ်သမား ပင်ဖြစ်စေ ယုံကြည်ပါက အစစအရာရာစိတ်ချလက်ချလွှဲအပ်ကြပါသည်။ ထိုသို့ အလုပ်တာဝန်များ လွှဲအပ်ခြင်းဖြင့် မိမိအပေါ်ဝန်ပိနေသည်များ အနည်းနှင့် အများ ပေါ့သွားပါသည်။ နည်းနည်းယုံလျှင် နည်းနည်း ပေါ့ပါသည်။ များများယုံလျှင် များများပေါ့ပါသည်။

ထို့အတူ မိမိကိုးကွယ်သည့် ဘာသာပေါ်တွင် မည်သည့်အတွက်ကြောင့် ကိုးကွယ်ရသည်ကို ရှင်းရှင်းလင်းလင်း သိရှိသူ နည်းလှပေသည်။ မည်သည့်ဘာသာဝင်ဖြစ်စေ မိဘရိုးရာလက်ဆင့်ကမ်း၍သော်လည်းကောင်း၊ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်းအရသော်လည်းကောင်း၊ စီးပွားလာဘ်လာဘကြောင့်သော်လည်းကောင်း၊ သံယောဇဉ်ကြောင့်သော်လည်းကောင်း ၊ အများကိုးကွယ်လို့သော်လည်းကောင်း ကိုးကွယ်ကြသူများပေသည်။ မိမိဘာသာ၏ အဓိကပန်းတိုင်၊ ရည်ရွယ်ချက်ကို သိရှိသူ အလွန့်အလွန်နည်းပါသည်။ မသိသူက များပါသည်။ ထိုများသည့်အထဲတွင် ဘာသာရေးဆရာ၊ ဟောပြောသူများပင် ပါဝင်ကြပါသည်။

ထို့တူ မိမိဘာသာအပေါ် သက်ဝင်ယုံကြည်စွာ ဆည်းကပ်သူမှာလည်း ရှားပါးလှပါသည်။ ယုံကြည်၍ ကိုးကွယ်ပြီးလျှင် ထိုဘာသာအပေါ် သိအောင်ကြိုးစားရမည်ဖြစ်သည်။ အနှစ်သာရကိုရရှိအောင် မဖြစ်မနေ အားထုတ်ရမည်ဖြစ်သည်။

ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပါက ထာဝရဘုရားသခင်၏ အဆုံးအမများကို သက်ဝင်ယုံကြည်ရမည်။ ထို့နောက် သူ့အဆုံးအမကို သိအောင်ကြိုးစားမှသာ ခရစ်ယာန်အစစ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုကဲ့သို့ ဘုရားသခင်အဆုံးအမအားလုံးကို မဆိုထားနှင့် ပညတ်တော်ဆယ်ပါးကို တသက်တာလုံခြုံအောင်ထိန်းသိမ်းနိုင်ခဲ့သော သူ မည်မျှရှိမည်နည်း။ နည်းပါးမှာတော့သေချာသည်။

ဗုဒ္ဓဘာသာကိုယုံကြည်၍ ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်သူတစ်ယောက်ဖြစ်ပါကလည်း ဗုဒ္ဓ၏အဆုံးအမများကို သိအောင်ကြိုးစားရမည်။ ယခု ဗုဒ္ဓဘာသာအများစုမှာ ဗုဒ္ဓဘာသာဟုဆိုသော်လည်း ဗုဒ္ဓ၏ ရည်ရွယ်ချက် အစစ်ကို သိသူ နည်းပါးလှသည်။ ဗုဒ္ဓဘာသာ၏ အဓိက ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်သည် ပန်းတိုင်ဖြစ်သည်ကို သိကြသော်လည်း ရောက်ရှိရန် ကြိုးစားသူ မဆိုထားနှင့် နိဗ္ဗာန်အကြောင်းကို စေ့စေ့စပ်စပ် သေသေချာချာ သဘောပေါက်နားလည်အောင် လေ့လာသူပင် နည်းပါးလှပေသည်။ မြတ်ဗုဒ္ဓ၏ ပွင့်ထွန်းပေါ်ပေါက်လာရခြင်း အဓိကရည်ရွယ်ချက်မှာလည်း နိဗ္ဗာန်ကို သိရှိစေရန်၊ ကျင့်ကြံအားထုတ်စေရန်အတွက် ဘ၀များစွာ ပါရမီဖြည့်ကာကြိုးစားခဲ့ပေသည်။ သူတစ်ဦးတစ်ယောက်အတွက်သာ ဆိုပါက သုမေဓာရသေ့ဘ၀ကပင် အလွယ်တကူ ခန္ဓာဇာတ်သိမ်းနိုင်ခဲ့ပေသည်။

သတ္တ၀ါအများ အကျိုးကိုမျှော်ကာ ဒုက္ခအမျိုးမျိုးနှင့် သံသရာတွင် ဘုရားဖြစ်ရန် ပါရမီဖြည့်ခဲ့ရပါသည်။ သူထိုသို့ ဒုက္ခခံခဲ့သည်မှာ သတ္တ၀ါများ သံသရာတွင် ဒုက္ခများမှ ချုပ်ငြိမ်းစေလိုသောကြောင့်ဖြစ်သည်။ ဗုဒ္ဓ၏အဓိက ရည်ရွယ်ချက်မှာ လက်ရှိဘ၀ အဆင်ပြေဖို့၊ စီးပွားတိုးတက်ဖို့၊ နောင်ဘ၀ ချမ်းသာဖို့၊ ကောင်းရာဘုံသုဂတိရောက်ဖို့ မဟုတ်ပါ။ လက်ရှိဘ၀တွင်ပင် သံသရာရပ်ဖို့ ၊ ခန္ဓာဇာတ်သိမ်းဖို့၊ ငြိမ်းဖို့ သာဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်အများစုမှာ စီးပွားတိုးတက်ဖို့၊ နောင်ဘ၀ ကောင်းရာဘုံရောက်ဖို့၊ ဘ၀ဘောဂ ဘ၀သမ္ပတ္တိများကိုသာ ကျိုးစားဆောင်ရွက်နေကြသည်။ ထိုသို့ အဆုံးစွန်သော ရည်ရွယ်ချက်ကို မဆိုထားနှင့် ဗုဒ္ဓ၏ ကောင်းတာလုပ် ကောင်းကျိုးပေးမယ်။ မကောင်းတာလုပ် မကောင်းကျိုးပေးမယ်။ ဒါကြောင့် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုသော သြ၀ါကိုပင်လျှင် လိုက်နာကျင့်သုံးနိုင်သူ နည်းပါလှပေသည်။

လူတို့သည်ကား ကောင်းမှုဆောင်သည့်နေရာတွင် "အင်း...၊ ဟုတ်တယ် ၊ လုပ်ဦးမှရမယ်.." ဆိုပြီး လိုက်နာ ကျင့်သုံးကြသော်လည်း မကောင်းမှုရှောင်ရမည်ကိုတော့..."အို...၊ ငါတစ်ယောက်တည်းမှ မဟုတ်တာ..။ အများ မိုးခါးရေသောက် သောက်ရမှာပေါ့၊ တစ်ခါလောက်နဲ့တော့ ရလောက်ပါတယ်" ဆိုပြီး လွန်ကျူးတတ်ကြ ပါသည်။

ထို့နောက်တွင်တော့ တစ်ခါမှ နှစ်ခါ၊ နှစ်ခါမှ သုံးခါ ကြာတော့ ပြုနေကြ မကောင်းမှုမှာ ရိုးသွားတော့သည်။ သူ့အဖို့ ထိုအမှုကို မကောင်းမှုပြုနေသည်ဟုပင် မထင်မှတ်တော့ချေ။ (ဤကား ကိလေသာ၏ ကောက်ကျစ်မှုပင်ဖြစ်သည်။ သာမာန်ပုထုဇဉ်တို့ မမြင်ချေ။)

ထို့သို့ ကောင်းမှု မကောင်းမှု နှစ်မှု ရောထွေးပြုကြသော သူတို့မှာ စိတ်ထားကိုဖြူစင်အောင် ကျင့်ဆောင်ရာတွင် အခက်အခဲတွေ့တော့သည်။

ထို့ကြောင့် ယုံကြည်စွာ ကိုးကွယ်လာကြသော ဘာသာကို ယုံကြည်သည့်အဆင့်တွင် ရပ်မနေကြပဲ သိအောင်ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ ယုံကြည်မှုနှင့် သိမှုတွင် သိမှုသည် ပို၍ အရေးပါသည်။ အသိမပါသော ယုံကြည်မှုသည် မျက်ကန်းယုံကြည်မှုသာဖြစ်သောကြောင့် အကျိုးမများချေ။
သိပြီးလျှင်လည်း အကျင့်လိုက်မှရပေသည်။ အကျင့်မပါသော အသိသည် သင်လို့သိသော သညာသိသာ ဖြစ်၍ အရေးကြုံပါက သက်လုံမကောင်းချေ။

ကျင့်ပြီး ကိုယ်တိုင်မြင်လာပါက သူများပြောကြောင့် မဟုတ်ပဲ ကိုယ်တိုင်လက်တွေ့မြင်ရသဖြင့် ကိုယ်ပိုင်အသိဖြစ်သွားသည်။ ကိုယ်ပိုင်အသိ(၀ါ)ပညာသိသည် မြဲသော သဘောရှိသည်။ မပြောင်းလဲတော့ချေ။

သတ္ထုသာသနေ ဖြစ်နိုင်အောင် ကျင့်ကြံပွားများနိုင်ကြပါစေ..

Wednesday, February 10, 2010

စေတနာ နှင့် အဆ

ဒါနပြုသည် ဆိုသည်မှာ မိမိပိုင် ပစ္စည်းဥစ္စာ ငွေကြေး စသည်ဖြင့် တစ်ခုခုကို သူတစ်ပါးအား ပေးခြင်းဖြစ်သည်။ မိမိပစ္စည်းအား သူတစ်ပါးပိုင်ဆိုစေလိုသည့် မေတ္တာစေတနာ အရင်းခံရသည်။ ဒါနတစ်ခု ပြုရာတွင် မေတ္တာအရင်းခံမှသာ ဒါန၏စွမ်းအားကြီးမားပါသည်။ ဥပမာ နေပူထဲမှ ရောက်လာသော ဧည့်သည်က ရေတခွက်လောက် သောက်ပါရစေ ဟု ခွင့်တောင်းကာ ရေတောင်းလာပါက မိမိမအားလပ်သည့်အချိန်ဖြစ်နေပါက သို့မဟုတ် စိတ်မကြည်လင်ဖြစ်နေချိန်ဖြစ်နေပါက ထိုရေတခွက်ကို ပေးရန် အတွက် အစဖြစ်သော စေတနာသည် အားမကောင်းပဲ ၊ ဒေါမနဿအရင်းခံသော စေတနာဖြင့် ရေတခွက်ကို ပေးကောင်းပေးမည်။ သို့မဟုတ် ယူသောက်ရန် ညွှန်ပြလျှင်ပြမည်၊ သို့မဟုတ် ရေရှိရာနေရာကို မေ့ငေါ့ပြလျှင်ပြမည်။
ဤတွင် မိမိ ၌ ရေတခွက် ကုန်သွားတာချင်းအတူတူ မိမိထံသို့ ပြန်လာမည့် ထိုရေလှူခြင်း၏ အကျိုးများကား မတူတော့ချေ။ မိမိစေတနာ အလှည့်ပေါ်မူတည်၍ ကွဲပြားပေလိမ့်မည်။

ရေလာတောင်းသူအား ချွေးသံရဲရဲဖြင့် ရေဆာလာသည်ကို မြင်ရသဖြင့် သနားသွားပြီး ရေတစ်ခွက်အား သောက်ပါစေ... သူအမောပြေပါစေ...။ သူ အားရပါးရရေသောက်နေတာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေပါက ထိုဒါနသည် အားကြီးသော အလှူဖြစ်မည်မှာသေချာသည်။

ဤကား ပေးလှူသူဘက်မှ ထားရှိသင့် စေတနာနှင့်ဆိုင်သော အကျိုးများဖြစ်သည်။ အလှူခံပုဂ္ဂိုလ်၏ သီလ သမာဓိ ပညာဂုဏ်ပေါ်မူတည်၍လည်း အကျိုးပေးများ ကွဲပြားသေးသည်။
အနိမ့်ဆုံး တိရစ္ဆာန်ကို ပေးကမ်းလျှင်ပင် တန်ပြန် အဆ တစ်ရာ ရှိသည်။
သီလ မရှိ ဆိုးသွမ်းသော လူမိုက်များကို ပေးကမ်းလျှင် အဆ တစ်ထောင်
သီလ ဖြည့်ကျင့်နေသော သူများကို လှူဒါန်းလျှင် အဆ တစ်သောင်း
ကိလေသာကင်းအောင် ကျင့်နေသူများကို လှူဒါန်းလျှင် အဆ တစ်သိန်း

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဘုရားရှင်တို့ကို လှူဒါန်းလျှင်ကား အဆ များစွာ မရည်မတွက်နိုင်အောင်ပင် အကျိုးများလှပေသည်။

မည်သည့်အလှူခံ အမျိုးအစားမဆို မိမိက စေတနာထက်သန်စွာ လှူဒါန်းမှသာလျှင် အားကြီးသော ဒါနမြောက်မည်ဖြစ်သည်။ ယ္ခု ခေတ်တွင် လှူကား လှူကြပါသည်။ မေတ္တာစေတနာအား နည်းသောကြောင့် ထင်၏ များများလှူသလောက် အကျိုးပေး နည်းနည်းသာရကြသည်။

မလှူခင်ဖြစ်ပေါ်သော လှူချင်သည့် စိတ်စေတနာ၊ လှူနေတုံးဖြစ်ပေါ်သောပီတိ၊ လှူပြီးနောက် မိမိအလှူကို တွေးတွေးပြီး ခံစားနေသောကြည်နူးမှု တို့နှင့် ပြည့်စုံပါမှ စေတနာသုံးတန် ပြတ်သားသော အလှူမည်ပေ၏။

မလှူခင် လှူချင်သည့် စေတနာကို ပုဗ္ဗစေတနာ(ရှေးဦးစေတနာ)
လှူနေတုံး မိမိအလှူကို အားရကြေနပ်ဖြစ်နေသော ပီတိ ကို မုဉ္စစေတနာ(အလယ်စေတနာ)
လှူပြီးနောက် မိမိအလှူအား တွေးတွေးပြီးခံစားသောကြည်နူးမှု ကို ပရစေတနာ(အဆုံးစေတနာ)

အဲလို စေတနာသုံးခု တွင် မေတ္တာဓာတ်ပြည့်ဝပြီး ကြည်လင်အေးမြနေပါက ထိုအလှူ၏ အကျိုးပေးပါက အားကြီးပေလိမ့်မည်။

သို့တည်းမဟုတ် မလှူခင်ကလည်း မကောင်းတတ်၍သာ ပေးရသည်ဆိုပါက ရှေးဦးစေနာပျက်၏။
ပေးဆဲ ကမ်းဆဲမှာလည်း မိမိဟာကို နှမြော...
ပေးပြီးတော့လည်း အင်း ခုချိန်ဆို မျိုဆို့နေကြရော့မယ်...

ဆိုလျှင်တော့ အဆိုပါ ပေးကမ်းမှုသည် ဒါနမမြောက်ပေ။ အချီးနှီးကုန်သွားခြင်းဖြစ်သည်။ ပြန်မရတော့။
လျော့တာချင်းတူတူ စေတနာလေးသာ ထည့်လိုက်ပါက ဆန့်ကျင်ဘက်ရလာဒ် ဖြစ်ပေမည်။

ပေးတတ်ကြပါစေ...လို့...။

Monday, February 8, 2010

ကြော်ငြာ

14.02.2010 ညနေကကပြီး 18.02.2010 နေ့မနက်(၆)နာရီအထိ လေးရက်တရားစခန်းပွဲ ဖွင့်မှာဖြစ်ပါတယ်။ အကြောင်းညီညွှတ်တဲ့ ပုဂ္ဂိုလ်များ တရားစခန်းဝင်နိုင်ကြပါတယ်..။
 
ကမ္မဌာနာစရိယဆရာတော်ကတော့ အောင်ဆန်းဆရာတော်ကြီးဖြစ်ပါတယ်။

 
အဲဒီလူတွေမှာ စာရင်းပေးလို့ရပါတယ်။
ဒါကတော့ လှူချင်ရင် လှူလို့ရတဲ့ အမျိုးအမည်တွေပါ..။

Monday, February 1, 2010

လှေသင်းမင်းကျောင်းဆရာတော် ဆုံးမစာများ

၁။ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ် လေးပါးတို့၌ အကုသိုလ်မဖြစ်စေရ။
   ကုသိုလ်တရားသာ ဖြစ်အောင် နှလုံးသွင်းရမည်။

၂။ အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ။ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကို ကုန်လွန်စေရမည်။

၃။ ကောင်း မကောင်းဖြစ်သော ကံဟောင်းကို မမြှော်လင့်ရ။ ကောင်းသော ကံသစ်ကိုသာ ဖြစ်ပွားအောင် အားထုတ်ရမည်။

၎။ အကျိုးကို အားမထုတ်ရ၊ မကျင့်ရ။ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ်ကျင့်ကြံရမည်။

၅။ အကျင့် အတုအယောင် မဖြစ်စေရ။ အကျင့်အစစ်အမှန်ကို ကျင့်ရမည်။

၆။ ကိုယ်၏အကျင့်ကို တပါးသူမသိစေရ။ ကိုယ့်အကျင့် မှန် - မမှန်ကို ကိုယ်တိုင်သိအောင် ဆင်ခြင်ရမည်။

၇။ သူတပါးကို အားမကိုးရ။ မိမိကိုယ်သာ အားကိုး၍ကျင့်ရမည်။

၈။ မိမိက မကျင့်မူ၍ သူတပါးအား မဆုံးမရ။ ကိုယ့်ကိုယ်ကိုသာ ယဉ်ကျေးအောင် ဆုံးမရမည်။

၉။ သူတပါး၏ အပြစ်ကို မရှုရ။ ကိုယ်အပြစ်ကိုသာ ကိုယ်မြင်အောင်ရှု၍ အပြစ်လွတ်အောင် ပြုရမည်။

၁၀။ သူ့ပစ္စည်းကို မလိုချင်ရ။ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သော သမ္မာဆန္ဒ ဖြစ်စေရမည်။

၁၁။ ပစ္စည်းရအောင် မကျင့်ရ။ တရားကောင်းအစစ်ကို ရအောင်ကျင့်ရမည်။(ဓမ္မဒါယာဒ။)

၁၂။ အပေါင်းအဖော်နှင့်ပျော်၍ သူများနှင့် သင့်အောင် မနေရ။ ရုပ်နာမ်တရားတို့နှင့် သုံးသပ်မွေ့လျော် သင့်တင်အောင် နေရမည်။

၁၃။ ကြောက်လန့်အောင်မနေရ။ ကြောက်လန့်မှုမရှိအောင်နေရမည်။

၁၄။ စာပေကျမ်းဂန်တတ်သိခြင်း မမှားစေရ။ တတ်သိခြင်း အမှန်ကျအောင် သတိပမ္ပဇဉ် ရှိရမည်။

၁၅။ စာပေကျမ်းဂန် တတ်သိရုံမျှနှင့် ရောင့်ရဲ မနေရ။ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။

၁၆။ သံသရာ၌ အသက်ရှည်ရန်မလိုအပ်။ သံသရာသက် တိုရန်သာ လိုအပ်သည်။

၁၇။ ရှည်လျားသော တဏှာကိုဖြတ်၍ တိုသေးသော ပါရမီကိုဆက်ပေးရမည်။

၁၈။ မေ့၍နေလျှင် အဖန်တလဲလဲ သေရလိမ့်မည်။ မမေ့လျှင် နောက်ထပ် မသေရပြီ။

၁၉။ အသက် မပြတ်ရှင်လျက် ရှိနေသော အ၀ိဇ္ဇာ တဏှာကို သေအောင် သတ်။ အမြဲ သေ၍သာနေသော အသင်္ခတ နိဗ္ဗာန်သို့ ရောက်အောင်ကပ်ရမည်။

၂၀။ သင်္ခါရ အလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ်၊ သင်္ခါရဟူသမျှကို စွန့်လွှတ်နိုင်မှ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်မည်။

Read more »