Monday, February 1, 2010

လှေသင်းမင်းကျောင်းဆရာတော် ဆုံးမစာများ

၁။ သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ် လေးပါးတို့၌ အကုသိုလ်မဖြစ်စေရ။
   ကုသိုလ်တရားသာ ဖြစ်အောင် နှလုံးသွင်းရမည်။

၂။ အကုသိုလ်ဖြစ်သော အချိန်ကာလကို မရှိစေရ။ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကို ကုန်လွန်စေရမည်။

၃။ ကောင်း မကောင်းဖြစ်သော ကံဟောင်းကို မမြှော်လင့်ရ။ ကောင်းသော ကံသစ်ကိုသာ ဖြစ်ပွားအောင် အားထုတ်ရမည်။

၎။ အကျိုးကို အားမထုတ်ရ၊ မကျင့်ရ။ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ်ကျင့်ကြံရမည်။

၅။ အကျင့် အတုအယောင် မဖြစ်စေရ။ အကျင့်အစစ်အမှန်ကို ကျင့်ရမည်။

၆။ ကိုယ်၏အကျင့်ကို တပါးသူမသိစေရ။ ကိုယ့်အကျင့် မှန် - မမှန်ကို ကိုယ်တိုင်သိအောင် ဆင်ခြင်ရမည်။

၇။ သူတပါးကို အားမကိုးရ။ မိမိကိုယ်သာ အားကိုး၍ကျင့်ရမည်။

၈။ မိမိက မကျင့်မူ၍ သူတပါးအား မဆုံးမရ။ ကိုယ့်ကိုယ်ကိုသာ ယဉ်ကျေးအောင် ဆုံးမရမည်။

၉။ သူတပါး၏ အပြစ်ကို မရှုရ။ ကိုယ်အပြစ်ကိုသာ ကိုယ်မြင်အောင်ရှု၍ အပြစ်လွတ်အောင် ပြုရမည်။

၁၀။ သူ့ပစ္စည်းကို မလိုချင်ရ။ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သော သမ္မာဆန္ဒ ဖြစ်စေရမည်။

၁၁။ ပစ္စည်းရအောင် မကျင့်ရ။ တရားကောင်းအစစ်ကို ရအောင်ကျင့်ရမည်။(ဓမ္မဒါယာဒ။)

၁၂။ အပေါင်းအဖော်နှင့်ပျော်၍ သူများနှင့် သင့်အောင် မနေရ။ ရုပ်နာမ်တရားတို့နှင့် သုံးသပ်မွေ့လျော် သင့်တင်အောင် နေရမည်။

၁၃။ ကြောက်လန့်အောင်မနေရ။ ကြောက်လန့်မှုမရှိအောင်နေရမည်။

၁၄။ စာပေကျမ်းဂန်တတ်သိခြင်း မမှားစေရ။ တတ်သိခြင်း အမှန်ကျအောင် သတိပမ္ပဇဉ် ရှိရမည်။

၁၅။ စာပေကျမ်းဂန် တတ်သိရုံမျှနှင့် ရောင့်ရဲ မနေရ။ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။

၁၆။ သံသရာ၌ အသက်ရှည်ရန်မလိုအပ်။ သံသရာသက် တိုရန်သာ လိုအပ်သည်။

၁၇။ ရှည်လျားသော တဏှာကိုဖြတ်၍ တိုသေးသော ပါရမီကိုဆက်ပေးရမည်။

၁၈။ မေ့၍နေလျှင် အဖန်တလဲလဲ သေရလိမ့်မည်။ မမေ့လျှင် နောက်ထပ် မသေရပြီ။

၁၉။ အသက် မပြတ်ရှင်လျက် ရှိနေသော အ၀ိဇ္ဇာ တဏှာကို သေအောင် သတ်။ အမြဲ သေ၍သာနေသော အသင်္ခတ နိဗ္ဗာန်သို့ ရောက်အောင်ကပ်ရမည်။

၂၀။ သင်္ခါရ အလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ်၊ သင်္ခါရဟူသမျှကို စွန့်လွှတ်နိုင်မှ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်မည်။

တရား ရှုမှတ်နေသူများသည် ရှုမှတ်ပွားများတိုင်း ရှေ့သို့ ရောက်သည်မဟုတ်၊ တိုးတက်သည်မဆိုသာ။ သီလ၊ သမာဓိ၊ ပညာ၊ သဒ္ဒါ၊ ၀ီရိယ ဖြစ်ကြောင်း ဘုရားစသော သူတော်ကောင်းကြီးတို့၏ ဤသို့သော သြ၀ါဒများ၊ ဖြစ်စဉ် ဖြစ်ရပ် အထ္ထုပ္ပတ်များ၊ နှလုံးသွင်းပုံများ၊ တရားဆောင်ပုဒ်များဖြင့်လည်း မကြာခဏ အားဖြည့်ဆင်ခြင်၍ ပေးသင့်သည်။ ပေးရမည်။ တိုး၊ ရပ်၊ ဆုတ် (၀ိသေသ၊ ဋ္ဌိတိ၊ ဟာန) ဘာဂိယ သုံးမျိုးဖြင့် ချိန်ထိုးကြည့်ရာ၏။

ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (ဦးဌေးလှိုင်) စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

1 Comments:

At November 29, 2010 at 5:56 AM , Blogger Aeimt Kabyar Mon said...

ကျေးကျေးပါ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home