သားတော်စေတီ
မိခင်ပုဏ္ဏေးမကြီး က သားကိုနေ့စဉ် သတိရနေ၏။ တသသနှင့် လွမ်းရသည်မှာလည်းကြာပြီ၊ တစ်ယောက်တည်းသော သားမို့ အရိပ်တကြည့်ကြည့်နှင့် နေခဲ့သည်။ ကြည့်လို့မ၀ခဲ့ ၊ ပညာရေးအတွက်မို့သာ လွှတ်လိုက်ရသည်။ လွမ်းရလွန်းလို့ ရင်ထဲမှာ နာရ ကျင်ရတဲ့ ဒဏ်ရာဒဏ်ချက်
တွေပင်ပြည့်နှက်နေလေပြီ၊ တစ်နေ့တွင်ကား မအောင့်နိုင်၍ ပုဏ္ဏားကြီးအား ပူဆာမိ၏။
"ဘယ်နှယ်လဲရှင်...၊ ကိုယ်သားသွားတာ ကြာလှပြီမဟုတ်လား၊ စားလဲမလာ၊ လူလဲမရောက်၊ သတင်းလဲမကြားရ၊ လိုက်ပါဦးမှပေါ့ရှင်..."
ရင်နင့်နင့်ဖြင့် ရန်တွေ့ပြော-ပြောသောအခါ ဖခင် သင်္ခပုဏ္ဏားကြီးက သူ့အလုပ်ကို လက်မှချ၍ ခေါင်းထောင်လာ၏။ မျက်စိမျက်နှာတို့ကို ပွတ်သတ်နေသည်။ ပြီးမှ-
" အိမ်း.... ဟုတ်ပေသားပဲ၊ အတော်တောင်ကြာသွားပြီမှကိုး...။ တို့သားကြီး"
ဟူ၍ နှုတ်က ရွတ်ဆိုထောက်ခံရင်း နောက်ပြန် စဉ်းစား၍ ငေးမောနေမိ၏။ ဟုတ်ပါသည်။
အခုဆိုရင် (၄)နှစ်လောက်တောင် ကျော်သွားပြီ ထင်သည်။
"သားကြီး"ဆိုသည်မှာ "သုသီမ " ဖြစ်၏။ (၁၆)နှစ်အရွယ်က မိခင်ဖခင်တို့အား ပန်ကြားပြီး ပညာသင်ကြားရငန် ဗာရာဏသီပြည်သို့ ထွက်ခွါသွားခဲ့သည်။ အချိန်တန်အရွယ်ရောက်လာလျှင် "ပညာသင်ရတယ်" ဆိုတာ ထုံးစံမဟုတ်လား၊ ပညာမတတ်လို့ ဘယ်ဖြစ်ပါ့မလဲ၊ သွားခါနီးမှာ ဖခင်ကြီးက မှာလိုက်သေး၏။
"ဗာရာဏသီမှာ ဖေဖေ့သူငယ်ချင်း ပါမောက္ခဆရာကြီးရှိတာပဲကွ၊ သူ့ဆီသွားသင်"
သုသီမသည် ဗာရာဏသီပြည်၊ ပါမောက္ခဆရာကြီးထံ ချောမောစွာ ရောက်သွားပါ၏၊ အကျိုးအကြောင်းပြောပြ၍ ဆရာကြီးက သူငယ်ချင်း
၏ သားမှန်းသိလေပြီ၊ သုသီမသည် ဆရာကြီးထံမှာ ပညာတွေ သင်ယူခဲ့၏။ တစ်နေ့ တစ်နေ့လျှင် အတတ်ပညာတွေ မန္တာန်တွေ များစွာ - များစွာ သင်ယူသည်။ သင်ယူပြီးသမျှကိုလည်း မမေ့မပျောက်အောင် မှတ်သားထား၏။ ယခုဆိုလျှင် ပညာသင်နှစ်တွေပင် ကြာညောင်းလာခဲ့ပြီ၊ မန္တာန်တွေလည်း များလှပြီ၊ သို့သော် မန္တာန်တို့၏ အနှစ်သာရကို ရှာဖွေသောအခါ အစနှင့် အလယ်ကိုသာမြင်ရသည်။ အဆုံးကိုမမြင်နိုင်အောင် ဖြစ်နေတော့၏။
ဆရာကြီးထံချည်းကပ်၍ "ဆရာကြီး မန္တာန်တွေရဲ့ အနှစ်သာရ အစနှင့်အလယ်ကိုသာမြင်ရပါသည်။"
ဟုမေးလျှင် ဆရာကြီးက-
"အိမ်း.... ငါလဲ အဆုံးကို မမြင်"
ဟု ရိုးရိုးပင် ၀န်ခံလေသည်။
"ဒီလိုဆိုလျှင် အဆုံးကို မည်သည့်ပုဂ္ဂိုလ်တွေ မြင်ပါသလဲ ဆရာကြီး"
လို့ ထပ်ဆင့်မေးသောအခါ-
"ဟိုး...ဣသိပတနမိဂဒါဝုန်တောမှာ ရဟန်း ပစ္စေကဗုဒ္ဓါတွေ ရှိတယ်ကွ၊ သူတို့တော့ မြင်နိုင်ကောင်း မြင်နိုင်မယ်၊ သူတို့ထံသွားမေးချေ"
ဟူ၍ ခွင့်ပြုသည်။
သုသီမသည် ရဟန်းပစ္စေကဗုဒ္ဓါတို့ထံ ချဉ်းကပ်၍ မေးမြန်း၏၊
"အရှင်မြတ်တို့ဘုရား မန္တာန်ပညာရပ်တို့၏ အဆုံးကို မြင်ကြပါသလား"
"မြင်တာပေါ့ကွယ်"
"မြင်ပါလျှင် တပည့်တော်အား သင်ပြပေးပါလားဘုရား"
"တို့က ရဟန်းဖြစ်တဲ့သူကိုမှ သင်ပေးကြတာကွယ့်"
ဟု မိန့်တော်မူကြ၏။ သို့နှင့် ပညာလိုချင်၍ ခေါင်းတုံး တုံးလိုက်သည်။ ပြီးလျှင် ဖန်ရည်စွန်းသော အ၀တ်ကိုဝတ်၍ ရဟန်းပြုလိုက်ရတော့သည်။
ရဟန်းပစ္စေကဗုဒ္ဓါတို့က ဦးစွာပထမ-
"ဒီလို ၀တ်ရတယ်၊ ဒီလိုရုံရတယ်ကွယ့်" စသည်ဖြင့် ၀တ်စားဆင်ယင်မှုကို သင်ပေးကြ၏။ ပြီးလျှင် သီလပြည့်စုံအောင် ဆုံးမတော်မူကြသည်။ ထို့နောက် ကျင့်ကြံအားထုတ်ရပုံတွေ၊ အဲဒါတွေပြီးတော့ (ဘင်္ဂ-ဆိုတဲ့) အပျက်၊ အဲဒီအပျက်ရဲ့ဆုံး (ဘင်စွန်း) ကိုမြင်နိုင်တဲ့နည်းတွေ သင်ပေးတော်မူကြသည်။
ထိုနည်းတွေအတိုင်း ကျင့်ကြံအားထုတ်လိုက်ရာ ရှေးပါရမီ ဓာတ်ခံပါသူဖြစ်၍ မကြာမီ ပစ္စေကဗုဒ္ဓါတစ်ပါး ဖြစ်၍ သွားတော့၏။ "အဆုံး " ကိုမြင်၍ သွားလေပြီ...။
သုသီမသည် ပစ္စေကဗုဒ္ဓါဖြစ်သွားပြီးနောက် ချမ်းမြေ့စွာနေရန် အကျိုးငှာလည်းကောင်း၊ လူသူအများအား ချီးမြှောက်ရန်အကျိုးငှာလည်းကောင်း တစ်ရွာမှ တစ်ရွာ၊ တစ်မြို့မှ တစ်မြို့၊ တစ်နယ်မှ တစ်နယ် လှည့်လည် ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ တိတ်ဆိတ်အေးချမ်း၍ စိမ်းစိုညို့သန်းသောတောင်တန်းကြီးတစ်ခုသို့ ရောက်လာခဲ့၏။ ထိုတောင်တန်းကြီးမှ လှမ်း၍ကြည့်လျှင် ခေါင်မိုးဖွေးဖွး မြင်နေရသော မြို့ကလေးသို့ ဆွမ်းခံကြွသည်။ ထိုမြို့ကလေးကား တစ်နေ့ တစ်နေ့နှင့် ဆွမ်းခံကြွ၍ သုသီမ ပစ္စေကဗုဒ္ဓါ၏ ချီးမြှောက်မှုကို များစွာခံယူရသောမြို့ကလေးဖြစ်လာ၏။ အားလုံးက ကြည်ညိုကြသည်၊ ကြာသော် ရင်းနှီးလာ၏။ တဖြည်းဖြည်းနှင့် မသိသူမရှိသလောက် ဖြစ်လာသည်။
"ဘယ်မှမကြွပါနှင့်ဘုရား၊ ဒီတောင်တန်းမှာပဲ အမြဲသီတင်းသုံးပြီး တပည့်တော်တို့ကို ချီးမြှင့်တော်မူပါဘုရား"
ဟူ၍ပင် ၀ိုင်း၍လျှောက်ထားနေကြပြီး၊ ချီးမြှောက်ရန် အကြောင်းလည်းရှိ၍ ရွှေ့ပြောင်းလာခဲ့သော နေရာပေါင်းလည်း များခဲ့ပြီ၊ ချီးမြှောက်မှုတွေလည်း ပြုခဲ့ပြီ၊ ဤတောင်တန်းသည်လည်း အေးချမ်းလှပေ၏။ သင့်လည်း သင့်မြတ်လှပေသည်။ ၀ိုင်း၍လည်း လျှောက်ထားနေကြပြီ။
ဤသို့နှလုံးပိုက်ကာ စကားတုံ့ မပြန်ပဲ ခပ်မဆိတ်နေတော်မူလိုက်၏။ ဤသို့သော လက္ခဏာကိုကြည့်၍-
"တို့လျှောက်ထားချက်ကို လက်ခံပြီ"
ဟုသိလိုက်ကြလေသည်။
ဖခင်ပုဏ္ဏားကြီးသည် မိခင်ပုဏ္ဏားကြီး၏ မျက်ရည်စမ်းစမ်းဖြင့် အရေးဆိုမှုကြောင့် သားထံကို လိုက်လာခဲ့ရ၏။ ပထမ ဗာရဏသီသို့ သွားရသည်။ သူငယ်ချင်းဆရာကြီးထံ ၀င်သောအခါ သားကိုမတွေ့ရ။ "ဟိုက်" ခနဲမောသွားရ၏။ အကျိုးအကြောင်းမေးသောအခါ ပစ္စေကဗုဒ္ဓါတို့ထံ သွားကြောင်းပြောပြသည်။ ဆရာကြီးညွှန်ကြားလိုက်သော ပစ္စေကဗုဒ္ဓါတို့ထံ လိုက်၍မေးသောအခါ "နေရပြောင်းသွားပြီ" ဟုဆိုကြ၏။ ထိုပြောင်းသွားသော နေရာကို လိုက်ရပြန်သည်။ စုံးစမ်းမေးမြန်းသောအခါ "နောက်တစ်နေရာ ပြောင်းသွားပြန်ပြီ" ဟုကြားရပြန်၏။ သို့နှင့် လိုက်ရပြန်သည်။ ထိုနေရာကလည်း "ပြောင်းသွားပြန်ပြီ" ဟု ဆိုလိုက်ပြန်၏။ ပုဏ္ဏားကြီးက "အို....တစ်နေ့တွေ့ရမှာပေါ့" ဟု ကိုယ့်ကိုယ်ကို အားပေးပြီး ခရီးဆက်ခဲ့သည်။
ဒီလိုနှင့် ဖခင်ပုဏ္ဏားကြီးမှာ တစ်ရွာဝင်တရွာထွက် လူတွေ့တိုင်းမေးခဲ့ရ၏။ နယ်ပေါင်းလည်းစုံပြီ၊ မေးခဲ့ရပေါင်းလည်း များပြီ၊ ပင်လည်းပင်ပန်းလှလေပြီ၊ မောလည်းမောလှပြီ၊ တွေ့ကားမတွေ့ရသေး၊ မတွေ့ရသေးသော်လည်း "သုသီမ" ဆိုတဲ့ နာမည်အစအနကိုတော့ သတင်းရနေသည်။ သို့အတွက် အားတက်ရပါ၏။ အားတက်စွာဖြင့် ဆက်လက်၍ သားပျောက်ရှာပုံတော် ဖွင့်နေရရှာသည်။
ရွာပေါင်းများစွာ နေရာပေါင်းများစွာ ကျော်လွန်၍ တောင်တန်းကြီး တစ်သွယ်နှင့်နီးသောမြို့ကလေး တစ်မြို့သို့ရောက်သွားတော့၏။ မြို့တံခါးဝအနီးတွင် ထုံးသင်္ကန်းဖြူဖြူဖွေးဖွေးနှင့် အဝေးကပင် မြင်နိုင်သည့် စေတီကြီးတစ်ဆူကို တွေ့လိုက်ရသည်။ လူတွေကလည်း လှုပ်လှုပ်ရွရွ၊ ကွင်းပြင်ကြီး အပြည့်မျှ စည်ကားလှပါဘိ၊ ဘာတွေများ လုပ်နေကြတာပါလိမ့်။
"လူအုပ်ကြီးဆီသို့ သွားရလျှင် သူ့သားအကြောင်းကို သိသူ တစ်စုံတစ်ယောက် ရှိကောင်းရှိတန်ရဲ့" ဟု ပုဏ္ဏားကြီး အတွေးဝင်လာ၏၊ ထိုရည်ရွယ်ချက်ဖြင့် လူအုပ်ကြီးရှိရာသို့ ချဉ်းကပ်သွားသည်။ အနားသို့ရောက်သောအခါ သူ သိလိုရာကို စွတ်၍ နီးရာပုဂ္ဂိုလ်အား မေးတော့၏-
"ဒီမယ်ခင်ဗျာ...မိတ်ဆွေတို့ ဒီနယ်မှာ "သုသီမ" ဆိုတဲ့ လူရွယ်တစ်ယောက်ကို ကြားဖူးပါသလား"
"ကြားဖူးတာပေါ့"
"အော.....ရင်းရင်းနှီးနှီးကော သိဖူးပါသလား"
"ဟာ....သိဖူးတောပေါ့ဗျ"
"ဒါဖြင့် သူဘယ်မှာလဲ ဟင်"
ပုဏ္ဏားကြီးသိလိုဇောဖြင့် အရေးတကြီး အငမ်းမရဖြစ်လာ၏။ ပြူးပြူးပျာပျာ မေးတော့သည်။ သူက အရေးကြီးသလောက် တစ်ဘက်လူကမူ အေးအေးဆေးဆေးပင်၊ ဤသို့ဖြစ်နေသည်ကိုပင် ကြာရှည်မဆိုင်းနိုင်၍ တောင်းပန်တိုးလျှိုး၏။
"ပြောပါဗျ"
"သူဟာ ဒီစေတီပေါ့"
"ဘာ.....ဗျ"
ပုဏ္ဏားကြီးက သူနားမလည်နိုင်တဲ့ စကားလုံးဖြစ်နေ၍ အံအားသင့်မှုကြီးစွာဖြင့် ထပ်မံမေးနေပြန်သည်။ ပို၍လည်း မျက်လုံးကျယ်လာတော့၏။
"သူဟာ ... ဒီစေတီ"
"ရှင်းအောင်ပြောစမ်းပါဦးဗျ"
"အော်...ဝေါ.. သုသီမဆိုတဲ့ လူရွယ်ဟာ ကျုပ်တို့သိရသလော်ဆိုရင် ၊ ဗာရာဏသီမှာ ပညာသင်၊ ဗေဒင်သုံးပုံ တစ်ဖက်ကမ်းခပ်ရောက်အောင်တတ်၊ ပြီးတော့ ပစ္စေကဗုဒ္ဓါတို့ထံသွား၊ အဲဒီမှာ တရားတွေ အားထုတ်၊ ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်။ တစ်မြို့က တစ်မြို့ ၊ တစ်နယ်က တစ်နယ်ကို ပြောင်း ပြောင်းပြီး လာရက ကျုပ်တို့ ဟောဟို တောင်တန်းကြီးမှာ သီတင်းသုံး၊ ဒီမြို့မှာဆွမ်းခံကြွလေ့ရှိတယ်ဗျ၊ အားလုံးက ကြည်ညိုကြတယ်။ အခု သူ ပရိနိဗ္ဗာန်ပြုလို့ ၊ ကျုပ်တို့က မီးသင်္ဂြိုဟ် ၊ ဓာတ်တော်တွေကျလို့၊ ကောက်ယူပြီး စေတီတည်ထားပူဇော်တာ၊ ဒီကနေ့ ထီးတင်ပွဲ...."
"အံမယ်လေး...ဗျ"
ပုဏ္ဏားကြီးသည် ဖြေကြားသူ၏ စကားအဆုံးတွင် သူခေါင်းထဲ၌ "ဒိုင်း" ကနဲဖြစ်သွားသလို ခံစားလိုက်ရ၏။ ပါးစပ်မှလည်း အံ့အားသင့်ကြီးသင့်၍ "အံမယ်လေး...ဗျ" ဟူ၍ အော်ဟစ်မိသွား၏။ ယင်းနောက်တွင် "မိုက်" ကနဲဖြစ်ကာ မြေပြင်ပေါ်သို့ "ဘိုင်း"ကနဲ မူးမေ့လဲကျသွားတော့သည်။
အနီးရှိလူတို့က ကူညီဖေးမ ထူပေးကြ၏၊ သတိရအောင် ပြုစုပေးကြသည်။ "ဘယ်က ဧည့်သည်လဲ" ဟူ၍လည်း တစ်ဦးကိုတစ်ဦး မျက်ကလူးဆန်ပျာ မေးကြ၏၊ အကဲခတ်ကြသည်။ အတန်ကြာသောအခါမှ ပုဏ္ဏားကြီးသည် အနည်းငယ် သတိရ လူးလွန့်လာရင် ရှိုက်ကြီးတငင် ဖြစ်လာပြန်၏။ မြေကြီးကို လက်ဖြင့်ပုတ်ကာ ပုတ်ကာ တအားကုန် အော်ဟစ်၍ အားရပါးရ ငိုကြွေးပြန်လေသည်။
"ဟော....ဘာဖြစ်တာတဲ့လဲ" ပရိတ်သတ် လူအုပ်ကြီးက အံ့အားသင့်နေကြ၏၊
"ဘာကြောင့်များ သည်လူကြီး သည်မျှလောက် ပူပြင်းသောက ရင်ဝလှိုက်ဆူ သည်းအူကျွမ်းမျှ ငိုကြွေးရပါလိမ့်မည်နည်း"
အကြောင်းရင်းကို မည်သူမျှ မသိကြ။ နောက်မှ ၀ိုင်း၍မေးကြသောအခါ "သုသီမ" ပစ္စေကဗုဒ္ဓါ၏ ဖခင်ကြီးဖြစ်နေကြာင်း သိကြရတော့၏။ ထိုအခါမှ "ဟာ" ကနဲ "ဟင်"ကနဲ "အို"ကနဲ အာမေဋိတ်သံများ ဆိုကြပြီးလျှင် ပို၍ ပို၍၀ိုင်းအုံလာကြတော့သည်။ မိသားစုစိတ်ဓာတ်ဖြင့် အနီးသို့ ကပ်လာကြ၏၊ ပြီးမှ ကျွတ်..ကျွတ်ချင်းထပ်အောင် စုတ်တသပ်သပ်ဖြင့် ကရုဏာသက်ကြလေတော့သည်။
ပုဏ္ဏားကြီးသည် မြေပြင်ပေါ်လဲကျနေရာမှ အားယူ၍ ကုံးထပြီးလျှင် စေတီရှိရာသို့ တအားကုန် တစ်ဟုန်ထိုး အပြေးကလေးသွားလိုက်၏။ ပြီမှ စေတီကို တအားသိမ်းကျုံးဖက်ပြီးလျှင် တအိအိနှင့် ငိုနေပြန်ရှာသည်။ လူကြီးဣနြေ္ဒ ကိုပင် မဆည်နိုင်၊ မျက်ရည်တွေရွှဲစို၊ အငိုတစ်ဝက် အပြောတစ်ဝက်နှင့်-
"အိမ်ပြန်ရောက်ရင် မင့်အမေကို ငါ ဘယ်လိုလုပ် ပြန်ပြောရမလဲ သားရဲ့"
ပါးစပ်က ဗရွတ် ဗဒေါက်ပြောရင်း ငိုကြွေးပြန်လေသည်။ ဘေးက မြင်ရကြားရသူအပေါင်းမှာ ရင်ထဲမသက်သာ၊ မချိအောင် နာကျင်လာကြရတော့သည်။
သင်္ခပုဏ္ဏားကြီးသည် ရင်ထဲရှိသမျှ ဖွင့်ဟပြောဆို အားရအောင်ငိုပြီးမှ မျက်ရည်စမ်းစမ်းဖြင့် စေတီတော်ကို လက်ယာရစ် လှည့်ပတ်နေ၏။ သုံးပတ်ပြည့်အောင် လေးလေးမြတ်မြတ် လှည့်ပတ်နေသည်။ ထို့နောက်တွင်မှ မျက်ရည်စမ်းစမ်းဖြင့် စေတီရင်ပြင်ပေါ် တံမြက်လှည်းခြင်း၊ အ၀တ်ဖြင့် သဲများသယ်၍ သဲဖြူခင်းခြင်း၊ ပါလာသော ရေတံခေါးမှ ရေတို့ဖြင့် ဖျန်းခြင်း၊ တောပန်းကလေးများကို ရှာ၍ ဆွတ်ခူးပူဇော်ခြင်းများ ပြုလုပ်နေ၏။ ပြီးလျှင် အပေါ်ခြုံအ၀တ်ကို တိုင်ဖျားတွင် တံခွန်ထူးလျက် တလူလူနေအောင် လွှင့်ထူ လှူဒါန်းလိုက်လေသည်။
ထို့နောက်ပုဏ္ဏားကြီးသည် စေတီတော်ကို အားရပါးရ ၀အောင် အကြိမ်ကြိမ် ဦးချနေပြန်၏။ သို့သော် မ၀။ မျက်ရည်တွေသာ တွေတွေ ကျလာပြန်သည်။ နှုတ်ကလည်း ပြောချင်တဲ့ စကားလုံးတွေ ကုန်သေးဟန် မတူ၊ ပြောဖို့ရန် ဟန်ပြင်နေပြန်၏။ ပြီးမှ မျက်နှာကိုမော့၍ မမှိတ်သောမျက်စိဖြင့် စေတီတော်ကို စူးစူးစိုက်စိုက် ကြည့်နေရှာပြန်သည်။ သို့အောင် အားမရနိုင်၊ မ၀နိုင်၊ မည်သူတွေ ကယ်နိုင်ကြမည်နည်း..။
"ကယ်ကြပါအုံး"
မျက်လုံးအစုံတို့မှ မျက်ရည်တွေက တဖြိုင်ဖြိုင်၊ လွမ်းစကိုလည်း မသိမ်းနိုင်၊ ဒယိမ်းဒယိုင် အားယူထပြီးမှ နှုတ်ကလည်း ရွရွ-ရွရွနှင့် သူများမကြားနိုင်သော စကားလုံးတို့ကို ရွတ်ဆိုကာ မသဲကွဲသော ငိုသံတို့ဖြင့် ပြန်ဖို့ရန် ဟန်ပြင်ရတော့သည်။ ပြန်ကား မပြန်ချင်သေး။
မျက်စိသူငယ်ဖြင့် ဧည့်သည်ခမျာ သင်္ခပုဏ္ဏားကြီးသည် ယခုတစ်ဦးတည်း ပြန်ရပါတော့မည်။ သို့ဖြစ်ပါ၍ လာခဲ့သော လမ်းဘက်ကို မျက်နှာမူလိုက်ရတော့၏။ ပြီးမှ နောက်သို့ပြန်ကြည့် ပြန်ကြည့်နှင့် ဇာတိ ဌာနေသို့ မျက်နှာအိုအိုဖြင့် ပြန်သွားရှာလေသည်။
သားတော်စေတီကား ပြန်တော့မည့် ဖခင်အိုကြီးကို နှုတ်ဆက်သလိုလို၊ မိခင်ကြီးအတွက် သြ၀ါဒစကားများ မှာကြားနေသလိုလို၊ အားလုံးအတွက် ခြုံ၍ -
ယခုအခါတွင်မူ "သားတော်စေတီ" မှာ မြို့တံခါးဝတွင် ကိုယ်လုံးတော်မှ ထုံးဖြူရောင်က တလွင်လွင်၊ ထိပ်ဖူးထီးတော်မျ နေရောင်တွင် ရွှေရောင်တို့က အမျှင်..အမျှင်၊ ဆည်းလည်းသံတို့ကလည်း လေပင့်တိုင်း တချွင်ချွင်ဖြင့် နေ့စဉ်ပင် တရားဓမ္မ ဟောပြနေသလို ဖြစ်တော့သည်။

"ရတက်မအေး ပူဆွေးသောက မရောက်ကြနှင့်၊ ဖြစ်သမျှ ပျက်ဖို့ချည်းပဲ၊ အပျက်၏အဆုံး (ဘင်စွန်း)ကိုသာ မြင်အောင်ကြည့်ကြ"
လို့ သြ၀ါဒပေးသလိုလိုဟန်ဖြင့် ကျန်ရစ်တော့သတည်း။ယခုအခါတွင်မူ "သားတော်စေတီ" မှာ မြို့တံခါးဝတွင် ကိုယ်လုံးတော်မှ ထုံးဖြူရောင်က တလွင်လွင်၊ ထိပ်ဖူးထီးတော်မျ နေရောင်တွင် ရွှေရောင်တို့က အမျှင်..အမျှင်၊ ဆည်းလည်းသံတို့ကလည်း လေပင့်တိုင်း တချွင်ချွင်ဖြင့် နေ့စဉ်ပင် တရားဓမ္မ ဟောပြနေသလို ဖြစ်တော့သည်။
အင်း...... အနိစ္စ.....ဒုက္ခ.....အနတ္တ။
(မြတ်စွာဘုရားက ဤဇာတ်တော်ကို ပေါင်းပြသောအခါ "ဟို... အဲဒီတုန်းက သင်္ခပုဏ္ဏားကြီး ဆိုတာ တခြားသူများ မမှတ်ကြလေနဲ့၊ ငါဘုရားပဲ" ဟု ကြေကွဲဖွယ်ရာ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ဟောပြတော်မူပါသည်။)
ဆရာတော်ဦးဃောသိတ၏ တစ်ဘ၀သာသနာ(မိုးကုတ်ဆရာတော်ဘုရားကြီး)စာအုပ်မှ မျှဝေပါသည်။
1 Comments:
အခုမှ အကိုရဲ့ ဘလော့ကိုကောင်းကောင်းဖတ်ဖြစ်ပါတယ်....
ရေးထားသောစာများအားသဘောကျသလို..........
တခါတရံအမြင်ချင်းတူ၍ နှစ်သက်မိပါတယ်..............
Post a Comment
Subscribe to Post Comments [Atom]
<< Home