Thursday, December 24, 2009
ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့ အဆက်
       ဒီစကားတွေကြောင့် ယောက်ယက်ခတ်ကာ ကျွန်မရင်ထဲ မငြိမ်းအေးနိုင် ဖြစ်နေရသည်။ ရက်အတန်ကြာအောင် တစ်ယောက်တည်း အကျောက်အကန် ငြင်းခုန်ဝေဖန်နေပြီးသည့်နောက် ကျွန်မ ခဲအိုဆီသို့ တယ်လီဖုန်းဆက်ဖြစ်သည်။ ကျွန်မ နိုင်ငံခြားသို့ မထွက်ခွါမီ သူတို့မိသားစုကို လာရောက်နှုတ်ဆက် ချင်ပါသည် ဟူ၍။
      ကျွန်မသူတို့နှင့် တွေ့ရပြီး ငါးမိနစ်မပြည့်မီမှာပင် ကျွန်မလာရောက်သည့်အတွက် သူတို့အားလုံးမှာ စိတ်သက်သာ ပေါ့ပါးမှုရသွားကြကြောင်း ကျွန်မသတိပြုမိလိုက်ပါသည်။ ကျွန်မအစီအစဉ်တွေ ဖွင့်ဟပြောဆို ပြီးနောက် ကျွန်မဘ၀၏ ကဏ္ဍသစ်အတွက် အောင်မြင်စေကြောင်း ဆုမွန်ကောင်း တောင်းပေးကြရန် သူတို့ကို ပြောဖြစ်သည်။ ဒီလိုတွေ့ဆုံပြောဆိုဖြစ်လိုက်မှု၏ အကျိုးသက်ရောက်မှုက ကျွန်မကိုယ်တိုင်အတွက် တကယ် သိသိသာသာကြီးဖြစ်ပေါ်ခဲ့သည်။ ကျွန်မအပေါ်ဖိစီးနေသည့် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလို ခံစားလိုက် ရသည်။ ရင်ထဲမှာ ရှင်းလင်းပေါ့သွားပြီး လွတ်လွတ်လပ်လပ် အရင်လို ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ် ပြန်ဖြစ်လာခဲ့သည်။
        ဆွေမျိုးများနှင့် ပတ်သက်သည့် အဲဒီအပြုအမူကလေးသည် နောက်ကျွန်မ၌ ဖြစ်ပေါ်လာမည့် သိသာ ထင်ရှားသော ပြောင်းလဲမှုများအတွက် ရှေ့ပြေးဖြစ်ခဲ့သည်။ နောက်တစ်နှစ်ခွဲအကြာတွင် ကျွန်မ နယူးယောက်မြို့၌ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ရောက်ရှိနေ ပါသည်။ အဲဒီအချိန် ကျွန်မတို့အတွက် အရေးကြီးနေသည့် ပြဿနာက တောင်အာဖရိကနိုင်ငံ၌ ရှိနေသည့် အိန္ဒိယနွယ်ဖွားများအပေါ် ၄င်းနိုင်ငံ၏ ဆက်ဆံနေပုံများဖြစ်သည်။ ဒီကိစ္စနှင့်ပတ်သက်၍ သူတို့ဘက်ကရော ကျွန်မတို့ဘက်ကပါ စကားတွေရင့်ရင့်သီးသီး ပြောခဲ့ကြပြီးဖြစ်၏။ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေက အိန္ဒိယ၏ ဂုဏ်သိက္ခာကိုရော ကျွန်မကိုယ်တိုင်ကိုပါ ထိခိုက်စော်ကားသည့် စကားတွေ ပြောကြသည့်အခါ ကျွန်မ တစ်ခွန်းမခံ၊ အလားတူ စူးရှပြင်းထန်သော စကားလုံးများဖြင့် ပြန်လှန်ထိုးနှက် တိုက်ခိုက်ခဲ့သည်။
         အဲသလို အပြန်အလှန် စိတ်မချမ်းမသာစရာ စကားစစ်ထိုးပွဲတစ်ခု ဆင်နွှဲခဲ့ပြီးနောက်တွင်မှ ဂန္ဒီကြီး ပြောခဲ့ဖူးတာတွေ ကျွန်မသတိရသွားသည်။ သူဆိုလျှင် သဘောတူပါ့မလား၊ ကျွန်မတွေးမိသည်။ သူက ဘယ်ကိစ္စမဆို လုပ်နည်းလုပ်ဟန်နှင့် အကျိုးရလာဒ်သည် တန်းတူပင် တန်ဘိုးရှိသည်ဟု မြင်သူဖြစ်သည်။ ရေရှည်အဖို့ဆိုလျှင် လုပ်နည်းလုပ်ဟန်ကပင် ပို၍အရေးကြီးသေးသည်ဟု သူမြင်သည်။ ယခုကိစ္စများတွင် အဆုံးသတ်၌ ကျွန်မတို့နိုင်သည်ပဲထားဦး ကိုယ်ရည်မှန်းသော အရာကိုရအောင်ယူသည့်နေရာ၌ ကျွန်မတို့ ကျင့်သုံးသောနည်းက အိန္ဒိယ၏ဂုဏ်သိက္ခာကို အနည်းနှင့်အများ ထိခိုက်စေမည့် နည်းလမ်းမျိုး ဖြစ်နေလျှင် ဘယ်လိုလုပ်မလဲ။
         အဲဒီည အိပ်ရာမ၀င်မီ ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်သည်။ ဘယ်လိုအနေအထားမျိုးနှင့် ရင်ဆိုင်ရသည် ဖြစ်စေ ကုလသမဂ္ဂတွင် ကျွန်မပြောသည့် စကားများသည် ပေါ့ပေါ့တန်တန် ကရော်ကမည် စကားမျိုးမဖြစ်စေရ ဟူ၍။
          အဲဒီနောက်တွင်တော့ ကျွန်မက စကားစစ်ထိုးပွဲကို ပြဿနာနှင့် တကယ်ပတ်သက်သည့် အကန့် အသတ်ဘောင်အတွင်း၌သာ ပြောတော့သည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို လုံးဝ လက်တုန့်မပြန်နေတော့ လက်ခုပ်သြဘာသံတွေ တန်ဘိုးမရှိသည့် အမှတ်တွေရဖို့ လုံးပမ်းမနေတော့။
      ဒီအခါမှာတော့  တစ်ဖက်လူများကလည်း ကျွန်မတို့ကို အဆင့်အတန်းရှိစွာ ပြန်လည်တုန့်ပြန်လာသည်။ သို့နှင့် နောက်ပိုင်းတွင် ပြဿနာကို ဓမ္မဓိဋ္ဌာန်ကျစွာ ကျိုးကြောင်းစိစစ်၍ ဝေဖန်ဆွေးနွေး နိုင်လာကြသည်။ ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ကော်မတီစည်းဝေခန်းမှ ပြန်ထွက်မလာမီ တစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ကျွန်မသွား၍ စကားပြောသည်။
"စကား အခြေအတင်ပြောရင်းနဲ့ ကျွန်မ လူကြီးမင်းကို အပြုအမူအားဖြင့်ဖြစ်စေ၊ စကားလုံး အသုံးအနှုန်းအရ ဖြစ်စေ ထိခိုက်နစ်နာအောင် လုပ်မိခဲ့တာရှိရင် ခွင့်လွှတ်ဖို့ ကျွန်မလာပြီး တောင်းပန်တာပါ"
ဟုဆိုသည့်အခါ သူက ကျွန်မလက်ကို လှိုက်လှဲစွာ ဆွဲကိုင်လှုပ်ယမ်းရင်း -
"ဘာမှ အပြစ်ပြောစရာမရှိပါဘူးဗျာ"  ဟုဆိုလေသည်။
ဂန္ဒီကြီး၏ သြ၀ါဒစကားက ကျွန်မကို ကျွန်မကိုယ်တိုင်၏ရန်မှ နောက်တစ်ကြိမ် ကယ်တင်လိုက်ခြင်း ဖြစ်ပါသည်။ သူ့သြ၀ါဒက ကျွန်မအား ကိစ္စကြီးများ၌သာမက ကိစ္စသေးသေးများမှာပါ အတိုင်းအတာ အနေအထားတွေ သတိပြုတတ်အောင် ထိန်းသိမ်းထောက်ကူပေးခဲ့သည်။
ကျွန်မ မကြာခဏ မက်တတ်သည့် အိပ်မက်ဆိုးတစ်ခု ရှိသည်။
အမျိုးသမီးတော်တော်များများလည်း ကျွန်မနည်းတူ ခံစားဖူးကြမည် ထင်ပါသည်။ အရေးကြီးသော ဧည့်သည်တစ်ယောက် အိမ်ကိုညစာစား ဖိတ်ထားသည်။ ဧည့်သည်တွေ ရောက်လာကြသည်။ အစားအသောက်တွေ တည်ခင်းကျွေးမွေးရတော့မည်။ သို့သော် ဘာဟင်းမှ အဆင့်သင့်မဖြစ်သေး။ လူတစ်ကိုယ်လုံး ဇောချွေးတွေပြန်ပြီးနောက် အိပ်ရာက နိုးလာသည်။ ဒီတော့မှ အိပ်မက်ပဲဟု သိပြီး စိတ်သက်သာသွားမည်။
       များမကြာမီကတော့ အဲဒီအိပ်မက်ထဲကလို အနေအထားမျိုး ကျွန်မအပြင်မှာ တကယ်ကြုံလိုက်ရသည်။ ကျွန်မဖိတ်ကြားထားသည့် ဂုဏ်ထူဆောင်ဧည့်သည်များက ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအီဒင်နှင့် ဇနီး လေဒီအီဒင်။ ဗြိတိန်နိုင်ငံမှာ အိန္ဒိယပြည်၏မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ကျွန်မအဖို့ ဒီဝန်ကြီးချုပ် ဇနီးမောင်နှံထက် အရေးကြီးသော ဧည့်သည်မရှိနိုင်တော့ပါ။ ဒီပွဲအတွက် အစားအသောက် စာရင်းမှသည် စားပွဲပေါ်တွင် သူ့အရောင်အသွေးအလိုက် စီစဉ်နေရာချမည့် ပန်းများ၊ ထွန်းညှိမည့် ဖယောင်းတိုင်များအထိ အစီအစဉ် အသေးစိတ်တွေ တိကျသေချာအောင် ရေးဆွဲပြင်ဆင်ခဲ့ပါသည်။
       ဧည့်သည်များရောက်လာသည်။ အဖျော်ယမကာတွေ နှစ်ကြိမ်ထည့်ပေးပြီးပြီဆိုသည့်အခါ ဘဏ္ဍာစိုး အားညစားကြေညာရန် ကျွန်မ အချက်ပြလိုက်သည်။ ဒီနောက် အစားအသောက်တွေ စောင့်မျှော် နေကြသည်။ သို့သော် ရောက်မလာ၊ အဖျော်ယမကာသာ တတိယအကြိမ် ဖြည့်တင်းပေးပြန်သည်။ ကျွန်မ မနေနိုင်တော့၊ ဧည့်သည်များထံ ခွင့်ပန်ကာ မီးဖိုချောင်ထဲ ကသောမျောပါး ပြေးလာခဲ့သည်။
      မီးဖိုခန်းထဲမှာ မြင်ရသည့်မြင်ကွင်းကြောင့် ကျွန်မ အံ့အားသင့်သွားသည်။ ထမင်းချက် အကူမိန်းကလေး ကအခန်းထောင့်တစ်နေရာမှာ မျက်စိပျက် မျက်နှာပျက်လျက် ရပ်နေသည်။ အိမ်ဖော်အမျိုးသမီးကြီးကတော့ နောက်တစ်ထောင့်မှာ။ ကျွန်မ၏ စားဖိုမှူးကတော့ စားပွဲမှာထိုင်ကာ လက်က ဟင်းချိုဇွန်းကို ဝှေ့ယမ်းလျက် ခြေထောက်က စည်းချက်လိုက်လျက် သီချင်းဆို၍နေသည်။ သူ့မျက်လုံးတွေက ရီဝေကာ စိတ်အာရုံများ ကတော့ဘယ် ကမ္ဘာဆီရောက်နှင့်လေသည်မသိ။ စားပွဲပေါ်တွင်ကား ကြက်သားတုံးတွေ ပြန့်ကျဲလျက် ရှိသည်။  ကျွန်မ ခြေတွေလက်တွေ မသယ်နိုင်အောင် ဖြစ်သွားသည်။ သို့သော် တတ်နိုင်သမျှ အသံမှန်အောင် ထိန်းရင်းမေးသည်။
"ညစာ ဘာဖြစ်လို့ အဆင်သင့် မဖြစ်သေးတာလဲ"
"ပြီးနေပါပြီဆရာမ၊ အားလုံး အဆင်သင့် ဖြစ်နေပါပြီ"
စားဖိုမှူးက အရှိန်မသေသေး၊ သီချင်းဆိုသံနှင့်ဖြေသည်။
"အားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ ထိုင်ကြပါ၊ အားလုံးထိုင်ကြပါ"
အာလေးလျှာလေးသံနှင့် စာဖိုမှူးပြောသည်။
ကျွန်မ အကြီးအကျယ် ဒေါသထွက်သွားသည်။
"ရှင်- အခုချက်ချင်း ထွက်သွားစမ်း၊ ရှင့်ကိုထုတ်လိုက်ပြီ"
ဟူသောစကားကို ကျွန်မအော်ပြောမိတော့မည့်ဆဲဆဲ၊ လျှာဖျားလေးပေါ်ရောက်နေပြီ။ ဒီအခိုက်ကလေးမှာပင် ကျွန်မကို စိတ်တည်ငြိမ်အောင် အကြိမ်ကြိမ်ထိန်းပေးနိုင်ခဲ့သည့် သြ၀ါဒစကားကို ကျွန်မချက်ချင်း အမှတ်ရလိုက်သည်။ ငါဒီနေရာမှာ ဒေါသမထိန်းနိုင်ရင် ငါပဲ အကျပ်အတည်းကြုံရမှာဟု ကျွန်မသဘောပေါက်လိုက်သည်။ ကိုယ့်ကိုယ်ကို တတ်နိုင်သလောက် တည်ငြိမ်အောင်ထိန်းပြီး -
"ကဲ - တစ်ခုခု မြန်မြန်လေး ပေးနိုင်အောင် လုပ်ကြစမ်းပါ"
ဟူ၍သာ တိုက်တွန်းလိုက်ရသည်။ အားလုံး အလျင်အမြန်လှုပ်ရှားလိုက်ကြသည်။ ဟင်းပွဲတွေတည်ခင်းသည့် အခါ မူလကပေးထားသည့် Menu နှင့်သိပ်မကိုက်ညီသဖြင့် တောင်းပန်ရသည်။ သို့သော် မီးဖိုချောင်မှ ဖြစ်ပျက်ပုံကို ပြောပြသည့်အခါမှာတော့ ဧည့်သည်များထံမှ အံ့သြသံတွေ တစ်ပြိုင်နက်တည်း ထွက်လာကြ သည်။
"အရက်မူးနေတာတောင် ဒီလောာက်ကောင်းအောင် ချက်နိုင်တယ်ဆိုတော့ မူးများ မမူးရင် ဘယ်လိုများနေ လေမလဲမသိဘူး"
တစ်ယောက်ကဆိုသည်။ ကျွန်မ စိတ်သက်သာယာရသွားပြီး ရယ်လိုက်သည့်အသံက ငိုသံထွက်နေသလိုလို။ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေမှာ ကယောက်ချောက်ချားမဖြစ်အောင်တော့ ကျွန်မထိန်းနိုင်ခဲ့သည်။ ညစာစားပွဲ ဟူသည် ဘယ်လောက်အရေးကြီးတယ်ဆိုစေ သေရေးရှင်ရေးလောက်အထိတော့ လုံးဝ မဟုတ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်မိပါသည်။
        ကိစ္စတစ်ခု၏ အတိုင်းအတာ အကန့်အသတ်ကို သိတတ်ရေးသည်လည်း နှလုံးသားတွင်း၌ ဒေါသအာဃာတ ကင်းစင်ရေးနည်းတူ အရေးကြီးလှပါသည်။
      "မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကိုဒုက္ခမပေးနိုင်ပါဘူး"
ဟူ၍ မဟတ္တမဂန္ဒီကြီး ဆုံးမပြောဆိုခဲ့သည်။ သူ့သြ၀ါဒစကားက ကျွန်မအတွက်သာမက အခြားမည်သည့် အလုပ်အကိုင်မျိုးရှိသူအတွက်မဆို အဖိုးတန်သောစကား၊ အနက်အဓိပ္ပါယ်ပြည့်ဝသောစကား ဖြစ်ချေသည်။
 အထက်ပါစာကို Mrs. Vijaya Lakshmi Pandit က 1955-56 လောက်ကရေးသားခဲ့ပါသည်။ မဒမ်ပန်ဒစ်ကို အိန္ဒိယပြည် အာလာဟာဘတ်မြို့တွင် 1900ပြည့်နှစ်က မွေးသည်။ ဖခင် မိုတိလာလ်နေရူး ၊ အစ်ကို ဂျဝါဟာလာလ်နေရူး(၀န်ကြီးချုပ်) တို့နှင့်အတူ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သဖြင့် အကြိမ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသည်။
      1921 တွင် Mr. Ranjit Sitaram Pandit နှင့်လက်ထပ်ခဲ့သည်။ သမီး(၃)ယောက်ထွန်းကားခဲ့သည်။ 14 ဇန်န၀ါရီ 1944 တွင် ခင်ပွန်းကွယ်လွန်ခဲ့သည်။ 
     အိန္ဒိယပြည်လွတ်လပ်ရေး ရသောအခါ အိန္ဒိယပြည်၏ သံအမတ်ကြီးအဖြစ် 1947 တွင် ရုရှား၊ 1949တွင် အမေရိကန်ပြည်ထောင်စုတို့သို့ ပို့လွှတ် တာဝန်ပေးခြင်းခံခဲ့ရသည်။ 1953-54တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ သဘာပတိအဖြစ် ဆောင်ရွတ်ခဲ့ရာ ထိုတာဝန်ကို ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးအမျိုးသမီး ဖြစ်ခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံ၌ အိန္ဒိယပြည်၏ မဟာမင်းကြီး တာဝန်ကိုလည်းကောင်း၊ 1955 မှစ၍ အိုင်ယာလန် သံအမတ်၊ 1958 တွင် စပိန် သံအမတ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
      1962 တွင် အိန္ဒိယပြည် မဟာရပ်ရှ်ထရာပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူပြီး 1964 မှ 1967 အထိ အိန္ဒိယပါလီမန်တွင် တာဝန်ယူခဲ့သည်။ 1968 မှစ၍ နိုင်ငံရေးမှ အနားယူကာ 1977 တွင်မှ တူမဖြစ်သူ အင်ဒီရာဂန္ဒီဦးစီးသော အစိုးရအဖွဲ့၏ ချုပ်ချယ်မှုများကို ကန့်ကွက်သော လှုပ်ရှားမှုများ တစ်ကြိမ် လုပ်ကိုင်ခဲ့သည်။
       မဒမ်ပန်ဒစ်၏ အများပြည်သူဆိုင်ရာ လုပ်ရပ်များအနက် အမျိုးသမီးများအခွင့်အရေးအတွက် ဆောင်ရွက်ချက်များမှာ ပိုမိုထင်ရှားသည်။  1 December 1990 တွင် ကွယ်လွန်ခဲ့သည်။
မူရင်း  the best Adivice I ever had, Reader's Digest, February 1956
ဆောင်းပါးကို ဖေမြင့် ဘာသာပြန်ပြီး မဒမ်ပန်ဒစ်၏ အထုပ္ပတိကို အတ္တဖြည့်စွက်တင်ပြသည်။
1 Comments:
At September 5, 2010 at 3:14 AM , Blogger Unknown said...
“Forgiveness” is easy to say it but very hard to follow. It is really depending on how deeply been hard. Some time “Forgiveness” does not deserve for everyone. Need to use “Ignorance” as well.
Post a Comment
Subscribe to Post Comments [Atom]
<< Home