ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့
ကျွန်မဘ၀အတွက် အဘိုးတန်ဆုံးသော သြ၀ါဒစကားကို လွန်ခဲ့သော ၁၀နှစ်ခန့်က ကျွန်မ ကြားနာခဲ့ရသည်။ ဆုံမစကားပြောကြားသည့် ပုဂ္ဂိုလ်က ကမ္ဘာ့အကြီးမြတ်ဆုံး လူသားတစ်ဦးဖြစ်သူ မဟတ္တမဂန္ဒီ ဖြစ်သည်။
လူဆိုသည်က လူသားအချင်းချင်းအပေါ် မယုံကြည်နိုင်စရာ ဖြစ်လာရသည့်အခါမျိုးတွင် အကြီးအကျယ် စိတ်ပင်ပန်းဆင်းရဲ ရမြဲဖြစ်ပါသည်။ အဲဒီအချိန်က ကျွန်မလည်း အဲဒီ အနေအထားမျိုး ကြုံကြိုက်ခဲ့ရသည်။
ခင်ပွန်းသည်က မကြာခင်ကမှ ကွယ်လွန်သွားခဲ့ပါသည်။ သွားလေသူအတွက် ပူဆွေးသောကတွေ ကြီးမား နေဆဲမှာပင် ကျွန်မဘ၀ကို ချိုးနှိမ်ပစ်လိုက်သည့် ကိစ္စကြီးတစ်ခု ထပ်ဆင့်ပေါ်ပေါက်လာပါသည်။
အိန္ဒိယနိုင်ငံဥပဒေ၏ ရှေ့မှောက်၌ ကျွန်မမှာ တသီးပုဂ္ဂလရပ်တည်ပိုင်ခွင့် မရှိဆိုတာ ဘွားကနဲ တွေ့လိုက်ရခြင်းဖြစ်သည်။ အခြားသော အိန္ဒိယတိုင်းရင်းသူများစွာနည်းတူ ကျွန်မလည်း နိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုကြီးတွင် ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး ဒုက္ခဆင်းရဲခံကာ ပါဝင်ခဲ့ပါသည်။ သို့သော် ဒီအရေးကိစ္စကြီး ထမြောက်အောင်မြင်ပြီဆိုသည့်အချိန်၌ ကျွန်မတို့မိန်းမတွေက တရားဥပဒေကိစ္စနှင့် ပတ်သက်လာလျှင် ယောက်ျားများနှင့် ဆက်စပ်၍သာ စဉ်းစားဆုံးဖြတ်ခံရသည့် အခြေအနေမှာပဲ ဆက်လက်တည်ရှိဆဲ ဖြစ်နေသည်။ ယခု ကျွန်မက သားယောက်ျား မွေးမထားသည့် မုဆိုးမတစ်ဦး ဖြစ်သွားပြီ ဆိုသည့်အခါ မိသားစုပိုင် ပစ္စည်းများကို ကျွန်မ တစိုးတစိမျှပင် ဆက်ခံပိုင်ဆိုင်ခွင့် မရှိတော့။ ကျွန်မသာမဟုတ် ကျွန်မသမီးသုံးယောက်သည်လည်း လုံးဝ ခံစားပိုင်ခွင့်မရှိ။
ဒီလောက် မတရားဖြစ်ရကောင်းလားဟု ကျွန်မ အကြီးအကျယ်ဒေါသထွက်မိသည်။ ဒီလိုခေတ်နောက်ကျလှသည့် ဥပဒေမျိုးကို နှစ်သက်လက်ခံနေသည့် ကျွန်မ မိသားစု အသိုင်းအ၀ိုင်းကိုလည်း ကျွန်မတကယ် နာကြည်းသွားခဲ့သည်။ အဲဒီအချိန်လောက်မှာ ကျွန်မ ဂန္ဒီကြီးနှင့် တွေ့ဆုံခဲ့သည်။ အမေရိက မှာကျင်းပသည့် ပစိဖိတ်ဆက်ဆံရေး ကွန်ဖရင့်သို့ တက်ရောက်ရန် မထွက်ခွါမီ ကျွန်မသွားရောက် နှုတ်ဆက် ဂါရ၀ပြုခြင်းဖြစ်သည်။ နိုင်ငံရေးကိစ္စပြောဆိုပြီးသောအခါ သူက မေးသည်။
"ဆွေမျိုးတွေနဲ့ သင့်သင့်မြတ်မြတ် ပြန်ဆက်ဆံဖြစ်ပြီလား" တဲ့။
ရုတ်တရက် ကျွန်မ အံ့အားသင့်သွားသည်။ သူ ကျွန်မနှင့် ဆန့်ကျင်ဘက် ရပ်တည်လိမ့်မည်ဟု ကျွန်မ လုံးဝ မယူဆခဲ့။"ကျွန်မ ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး၊ ဒါပေမယ့် အဲဒီခေတ်နောက်ပြန်ဆွဲတဲ့ ဥပဒေဟောင်းကြီးကို ခုတုံးလုပ်ပြီး ကျွန်မကို အမြတ်ထုတ်တဲ့ လူတွေ၊ ကျွန်မ ဒုက္ခရောက်အောင် နိမ့်ပါးအောင်လုပ်ကြတဲ့လူတွေနဲ့တော့ ကျွန်မ လုံးဝ အဆက်အဆံလုပ်မှာ မဟုတ်ဘူး"
ကျွန်မဖြေကြားချက်ကို နားထောင်ပြီး သူတစ်ဖက်လှည့်သွားသည်။ ပြတင်ပေါက်မှ အပြင်သို့ အတန်ကြာငေးနေသည်။ ထို့နောက် ကျွန်မဘက်သို့လှည့်ကာ ပြုံး၍ စကားဆိုသည်။
"ဘာပဲဖြစ်ဖြစ် သူတို့ဆီတော့ သွားပြီးနှုတ်ဆက်လိုက်ပါ၊ ယဉ်ကျေးမှုနဲ့ လူမှုကျင့်ဝတ်အရ လုပ်ရမယ့် ကိစ္စပဲ၊ တို့အိန္ဒိယမှာ ဒီအလေ့အကျင့်လေးတွေ တန်ဘိုးထားကြတုန်းဘဲကွဲ့"
"ဟင့်အင်း - ကျွန်မကို ဒုက္ခပေးချင်တဲ့ လူတွေဆီတော့ ဘဘကြီးကျေနပ်အောင်လည်း ကျွန်မ မသွားနိုင်ဘူး"
ကျွန်မ အပြတ်ငြင်းသည်။
" မင်း ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကို ဒုက္ခမပေးနိုင်ပါဘူးကွဲ့"
ဂန္ဒီကြီးက ပြုံး၍ပင်ပြောသည်။"မင်း ရင်ထဲမျာ အာဃာတတွေ သိပ်များနေတာ ဘဘမြင်နေရတယ်၊ ဒါတွေကို မထိန်းချုပ်နိုင်ရင် မင်းမှာ အန္တရာယ်ဖြစ်လာမယ်"
ကျွန်မနှုတ်ဆိတ်နေသည့်အခါ သူက ဆက်ပြောသည်။"မင်း --- အခုဒီမှာ စိတ်မချမ်းသာဘူး၊ ဒီပတ်ဝန်းကျင်နဲ့ဝေးချင်တယ်၊ အဲဒါကြောင့်မို့လို့ တိုင်းပြည်အသစ် တစ်ခုကို သွားမှာမဟုတ်လား၊ ဒါပေမယ့် ဒီလူတွေဆီကသာ လွတ်မြောက်နိုင်မယ်၊ မင်းကိုယ်တိုင်ဆီက မင်းလွတ်မြောက်နိုင်မလား၊ ရင်ထဲမှာ ဒေါသအာဃာတတွေ ရှိနေတဲ့လူဟာ အပြင်မှာ ချမ်းသာသုခ ရှာတွေ့ နိုင်ပါ့မလား၊ ပြန်စဉ်းစားကြည့်ပါဦး၊ နည်းနည်းလေးတော့ လျော့လိုက်ပါ၊ မင်းမှာ ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးခဲ့ရတယ်၊ ဒါနဲ့တင်ပဲ ၀မ်းနည်းပူးဆွေးခဲ့ရပြီပဲ၊ ကိုယ့်ကိုယ်ကို ဘာလို့ ဆင်းရဲဒုက္ခထပ်ပေးနေဦးမှာလဲ၊ ကိုယ်နှလုံးသားကို ဖွင့်ပစ် ဆေးကြောပစ်ဖို့ သတ္တိမမွေးနိုင်ရင် ကိုယ်ပဲ ဆက်ပြီးထိခိုက် နာကျင်နေဦးမှာပဲ"
သူ့စကားတွေ ကျွန်မနားထဲ စွဲကျန်ခဲ့သည်။
3 Comments:
VERY NICE N VERY VALUABLE POST.THS A LOT FOR THIS POST
Thanks alot for great post.
“Forgiveness” is easy to say it but very hard to follow. It is really depending on how deeply been hard. Some time “Forgiveness” does not for everyone. Need to use “Ignorance” as well.
Post a Comment
Subscribe to Post Comments [Atom]
<< Home