ငွေတစ်ပဲနဲ့ အိမ်ရှေ့မင်းဖြစ်သူ
ရှေးတုန်းက လူတစ်ယောက်ဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်ပါသတဲ့။ သူဟာ အတော်ဉာဏ်ထိုင်းတဲ့ အတွက် ခုနစ်နှစ်တိုင်တိုင် သင်ကြားသော်လည်း မည်သည့်ပညာမှ မတတ်မြောက်ပါဘူးတဲ့။ ဒါနဲ့ သူလည်းစိတ်လျော့ပြီး သူ့ဇာတိရပ်ရွာပြန်တော့မယ်လို့ ဆုံးဖြတ်ကာ သူ့မှာရှိတဲ့ ငွေကလေး တစ်ပဲကိုယူ၊ ဆရာကြီးဆီသွား၊ သူ့ဇာတိရပ်ရွာပြန်တော့မှာ ဖြစ်တဲ့အတွက် လာကန်တော့တဲ့အကြောင်းပြောပြီး အဲဒီ ငွေကလေးတစ်ပဲနဲ့ ဆရာကြီးကို ကန်တော့ပါသတဲ့။ ဒီအခါ ဆရာကြီးက ဒီလောက်သင်တာ ဘာပညာမှ မတတ်ပဲ ပြန်သွားရမလား ဆိုပြီး စိတ်ချဉ်ချဉ် ရှိတာနဲ့ ငွေတစ်ပဲကို ကောက်ယူပြိး "နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး" ဆိုပြီး လွှင့်ပစ်လိုက်ပါသတဲ့။ အဲဒါကို အတော့်ကိုထူတဲ့ တပည့်က အင်း.....ဒါဟာ ဆရာကြီးက ငါ့ကို ပြန်ခါနီးမို့ နောက်ဆုံး ပညာပေးလိုက်တာပဲလို့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ "နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး" ဆိုတဲ့ ဆရာကြီးရဲ့နှုတ်ထွက်စကားကို လေးလေးစားစားမှတ်သားပြီး ဆရာကြီးကို ရှိခိုးကန်တော့ပြီး သူ့ရပ်ရွာ ပြန်ခဲ့ပါသတဲ့။
ဒီလိုပြန်လာလို့ လမ်းခုလတ် တိုင်းပြည်တစ်ခုအရောက်မှာ အဲဒီတိုင်းပြည်က ဘုရင့်သမီးတော်မှာ ဆုံဆို့နာ ဖြစ်နေပါသတဲ့၊ ဒီရောဂါကို ပျောက်အောင်ကုသပေးနိုင်လျှင် ယောင်္ကျားဖြစ်က အိမ်ရှေ့အရာအပ်နှင်းမယ်၊ မိန်းမဖြစ်က မိဖုရားမြှောက်မယ် လို့ မြို့ထဲမှာ လိုက်ကြေငြာနေတာ ကြားတာနဲ့ ဘာမှ မတတ်တဲ့အဲဒီလူဟာ
သူကုနိုင်တဲ့အကြောင်း မင်းချင်းတွေကို ပြောသတဲ့။ မင်းချင်းတွေလည်း နန်းတော်ကိုခေါ်သွားတာပေါ့။ နန်းတော်ရောက်လို့ သမီးတော်ရောဂါပျောက်အောင် သူကုနိုင်ကြောင်း ဘုရင်ကြီးကို လျောက်ထားတဲ့အခါ ဘုရင်ကြီးက ကုစေလို့ အမိန့်ချလိုက်တာနဲ့ သမီးတော်ကို ကန့်လန့်ကာစေပြီး ဆုံဆို့နာဖြစ်တဲ့ သမီးတော်ကို ပက်လက်အိပ်စေကာ သူက ခေါင်းရင်းဘက်က ထိုင်ပြီး သူ့ဆရာကြီး နောက်ဆုံးပေးလိုက်တဲ့ ဂါထာကို "ဥုံ" ခံပြီးရွတ်ဖတ်ပါသတဲ့။ "ဥုံ နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး"၊ "ဥုံ နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး"လို့ အကြိမ်ကြိမ်ရွတ်ဆို မန်းမှုတ်ပါသတဲ့။ ဒီအခါ သမီးတော်ဟာ ငိုအားထက်ရယ်အားသန်ဆိုသလို အနာကိုမကုပဲ အဲဒါပဲ အကြိမ်ကြိမ်ရွတ်ဆိုနေတာကို သဘောကျပြီး အနာနာနေတာကို သတိမရပဲ တအစ်အစ်နဲ့ ရယ်ပါလေရောတဲ့။ ဆုံဆို့နာဆိုတာ လည်ချောင်းထဲမှာပေါက်တဲ့ အနာမျိုးဆိုတော့ ရယ်တဲ့အခါ လည်ပင်းကို အစ်သလိုဖြစ်ပြီး အနာကို ညှစ်လိုက်သလိုဖြစ်တာကြောင့် ပြည်မှည့်နေတဲ့အနာဟာ ပြည်ပေါက်ပြီး ပျောက်သွားပါရောတဲ့။
ဒါနဲ့ ဘုရင်ကြီးလည်း သူ့စကားအတိုင်း အဲဒီလူကို အိမ်ရှေ့အရာ အပ်နှင်းပြီ သမီးတော်နဲ့ ထိမ်းမြားလက်ထပ် ပေးလိုက်ပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်မှာ ဘာမှမဟုတ်တဲ့ ဆရာ့စကားကို အလေးအနက်ယုံကြည်မှုနဲ့ ရွတ်ဆိုတဲ့သူတောင် အိမ်ရှေ့မင်းဖြစ်ပါတယ်။ ရွတ်ဆိုတဲ့အချိန် သူ့စိတ်မှာ ရွတ်ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ထက် ဆရာ့ရဲ့ နောက်ဆုံးစကား ဆိုတာကို အဓိကထားပါတယ်။ အဲဒီ ဆရာသမားရဲ့ ဂုဏ်ကို အဓိကထားတဲ့ သူ့ရဲ့စိတ်စေတနာက အကျိုးပေးတာပါ။ ဘယ်အရာမဆို ယုံယုံကြည်ကြည်နဲ့ လုပ်ရင် အောင်မြင် အကျိုးပးတာပါပဲ။
ဘာမှမဟုတ်တဲ့ စကားတောင် အကျိုးပေးအားကြီးတာကို ကြည့်ရင် လောကသုံးပါးမှာ အထွဋ်အမြတ်ဖြစ်တဲ့ သဗ္ဗေညုတမြတ်စွာဘုရားရှင် နှုတ်တော်ကကိုယ်တော်တိုင် ရွတ်ဖတ်ခဲ့တဲ့ တရားတော်တွေကိုသာ ယုံယုံကြည်ကြည်နဲ့ ရွတ်ဆိုကြမယ်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးကတော့ Unlimited ပါပဲ။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home