အရှုံးမရှိသော ဒဿန
ဘာသာဝင်အားလုံးအတွက် အရှုံးမရှိသော ဒဿနတစ်ခုကို ပေးချင်ပါသည်။ သံသရာတစ်လျှောက်လုံးနှင့် ပတ်သက်သော ဘာသာရေးကိစ္စတွင် ကံစမ်းမဲနှိုက်သလို ပစ္စည်းတစ်မျိုး မျိုးပေါက်ချင်ပေါက်၊ မပေါက်ချင် ဗလာဟု ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။ ကံစမ်းမဲမှာ ဗလာဖြစ်သွား၍ မိမိအတွက် ဘာမျှ မထိခိုက် သော်လည်း ဘာသာရေးတွင် ဗလာဖြစ်သွားလျှင်ကား မိမိအတွက် တစ်သံသရာလုံး နစ်မွန်းရမည်ဖြစ်၏။
ကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရားကားပွင့်ပွင့်လင်းလင်း ၊ ရိုးရိုးသားသားပင် ဟောကြားခဲ့၏။ သတ္တ၀ါတွေ ကောင်းတဲ့နေရာ ကောင်းတဲ့ဘုံဘ၀ရောက်အောင် ငါဘုရား မကယ်တင်နိုင်၊ ငါဘုရားသည် လမ်းမှန်ကိုသာ ညွှန်ပြရုံသာ ရှိသည်။
ကောင်းသောအမှုကိစ္စ ပြုလုပ်သောသူများသည် ကောင်းသောအကျိုးများကို ခံစားကြရမည်။ မကောင်းသောအမှုကိစ္စ ပြုလုပ်သူများသည် မကောင်းသောအကျိုးကို ခံစားကြရမည်။
ချိုသောမျိုးစေ့ကို စိုက်ပျိုးလျှင် ချိုသောအသီးကို စားရမည်။ ခါးသောမျိုးစေ့ကို စိုက်ပျိုးလျှင် ခါးသောအသီးကို စားရမည်။ ထို့အတူ ကောင်းသောအမှုကို ပြုလုပ်လေ့ရှိသောသူသည် ကောင်းသောအကျိုးကို ခံစားရမည်။ မကောင်းသောအမှုကို ပြုလုပ်လေ့ရှိသော သူသည် မကောင်းသောအကျိုးကို ခံစားရမည်။
ဤကား ဗုဒ္ဓ၏ ပွင့်လင်းပြတ်သားစွာ ဟောကြားခဲ့သော စကားဖြစ်သည်။ အဆိုပါ ဗုဒ္ဓ၏ ဟောကြားချက်ကို လိုက်နာသူတို့အတွက် အရှုံးမရှိသော ဒဿနတစ်ခုပင် ဖြစ်၏။ သူတစ်ပါးအား လှူဒါန်းပေးကမ်းခြင်းဒါန၊ စောင့်ထိန်းထားအပ်သော သီလ၊ အထပ်ထပ်အဖန်ဖန်ပွားများအပ်သော ဘာဝနာဟူသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ထားသူသည် တမလွန် ဘ၀သို့ ရောက်သောအခါတွင် ကယ်ဆယ်သော ဘုရား တကယ်ရှိသည်ဆိုလျှင်လည်း ကောင်းတာများကို ပြုလုပ်ထားသူဖြစ်သောကြောင့် ရှေ့ဆုံးက အကယ်ဆယ်ခံရမည်ဖြစ်သည်။
ထိုသို့ ကယ်ဆယ်သောဘုရားမရှိပါကလည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများက မိမိကိုပြန်လည် စောင့်ရှောက်မည်ဖြစ်သောကြောင့် အားငယ်စရာမရှိပေ။ နောင်တမလွန် ဘ၀ကျမှ ကယ်ဆယ်မည့် ဘုရားကို အားကိုးပြီး ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့သောသူသည် တမလွန်ဘ၀ရောက်လျှင် မိမိယူဆခဲ့သလို ဘုရားရှင်က လာမကယ်လျှင်ကာိးမိသာ နစ်မွန်းတော့မည်ဖြစ်၏။
ယခု ဒဿနနှင့်ပတ်သက်၍ ဘုရားဟော ဇာတ်တော်တစ်ပုဒ်ရှိပါသည်။ တစ်ခါက ကုန်သည်တစ်ထောင် တို့သည် သင်္ဘောပျက်၍ လူသူမနီးကျွန်းကြီးတစ်ကျွန်းပေါ်သို့ ရောက်သွားကြသည်။ ကျွန်းပေါ်တွင် အစားအစာနှင့် သောက်ရေပေါသဖြင့် လူငါးရာစီ အုပ်စုခွဲပြီး နေကြလေသည်။ အုပ်စုတစ်ခုကို ဘုရားလောင်းပညာရှိက ဦးဆောင်ပြီး၊ ကျန်တစ်စုကို ဒေ၀ဒတ်လောင်း လူမိုက်ကဦးဆောင်သည်။
ကျွန်းပေါ်တွင်နေစဉ် သစ်သီးမျိုးစုံးကို သေရည်ချက်ပြီး စိတ်ကြိုက်သောက်စားကာ နေကြလေသည်။ မူးရူးလာသောအခါ အညစ်အကြေးများကို ထင်သလို စွန့်ပစ်ကြသည်။ ကျွန်းကိုစောင့်ကြပ်နေထိုင်သော နတ်များသည် အလွန်ဒေါသထွက်ပြီး လာမည့် လပြည်ည ဒီရေတက်ချိန်တွင် ပင်လယ်ရေများကို ကျွန်းဖုံးသည်အထိ တက်စေပြီး ကျွန်းပေါ်မှလူများကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ကြသည်။
ထိုအခါ သနားတတ်သော နတ်သားတစ်ယောက်က လူအများမြင်သာအောင် ကိုယ်ထင်ပြပြီး လပြည့်ညတွင် ပင်လယ်ရေများ ကျွန်းကိုဖုံးလွှမ်းလိမ့်မည်။ ယခုကတည်းက လှေ၊ ဖေါင်များ အသင့်ပြုလုပ်ပြင်ဆင်ကြပါဟု တိုက်တွန်းနှိုးဆော်ပြီး ပျောက်သွားသည်။
တဖန် ရက်စက်တတ်သောနတ်တစ်ယောက်ကလည်း ကိုယ်ထင်ပြကာ ဤကျွန်းပေါ်သို့ ရေဖုံးလွှမ်းခြင်း ဟူသည် တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ ဖြစ်လည်းမဖြစ်နိုင်။ ထို့ကြောင့် မည်သည့်လှေ ၊ ဖေါင်မျှ အပင်ပန်းခံကာ လုပ်နေစရာမလို၊ အရင်အတိုင်း လွတ်လပ်ပျော်ရွှင်စွာ နေနိုင်သည်ဟု ပြောပြီး ပျောက်သွားပြန်သည်။
ဤတွင် ကျွန်းကြီးတစ်ခုလုံး ရေဖုံးလွှမ်းမည်/ မဖုံးလွှမ်းမည်မှာ မသေချာဖြစ်နေ၏။ လူအများမှာ မည်သည့် နတ်သား၏စကားကို ယုံကြည်ရမည်မသိဖြစ်နေ၏။ ရေလွှမ်းမည်/ မလွှမ်းမည် မသေချာသောအခါ လှေတို့ ဖေါင်တို့ လုပ်သင့်မလုပ်သင့် မရေမရာဖြစ်ရပြန်သည်။ ဒေ၀ဒတ်အလောင်း ခေါင်းဆောင်နှင့် နောက်လိုက်များကား ဉာဏ်ပညာမရှိသောကြောင့် ဒုတိယနတ်သား၏ စကားကိုလက်ခံပြီး လှေမထွင်းပဲ၊ မလုပ်ပဲနေကြ၏။
ပညာရှိ ခေါင်းဆောင်၏ နောက်လိုက်များကလည်း အခြားအဖွဲ့ကဲ့သို့ လှေမထွင်း၊ ဖောင်မဖွဲ့ပဲ သက်သာစွာ နေချင်ကြသည်။ ထိုအခါ ဘုရားလောင်းက သေချာရေရာသည့် အရှုံးမရှိသော ဒဿနတစ်ခုကို ယခုလိုပေး၏။
နတ်သားနှစ်ယောက်တွင် စကားနှစ်ခွန်းဖြစ်နေ၍ မည်သူမျှ သေချာမသိနိုင်၊ ထို့ကြောင့် လပြည့်နေ့ည ရောက်မှသာ ရေဖုံးလွှမ်းမည်/ မဖုံးလွှမ်းမည်ကို သေချာစွာသိနိုင်ကြမည်။ ငါတို့တစ်တွေသည် ဒုတိယနတ်သား စကားကိုယုံကြည်ပြီး လှေမလုပ်ဘဲနေကြလျှင် လပြည်ညရောက်ပါက ရေမတက်လျှင်တော် သေးသည်။ ရေတက်လာလျှင်ကား ငါတို့တစ်တွေသာ အသက်ဆုံးရှုံးကြမည်ဖြစ်သည်။
ထို့ကြောင့် လှေမလုပ်သောနည်းလမ်းသည် အသက်အတွက်မသေချာ မရေရာသောနည်းလမ်း၊ အရှုံးရှိနိုင်သော နည်းလမ်းသာဖြစ်သည်။ ထို့ကြောင့် ပထမနတ်သား၏ သတိပေးစကားအတိုင်း လှေလုပ်ကြမည်။ လှေ၊ ဖောင်တို့ကို ကြိုလုပ်ထားလျှင် လပြည့်ညတွင် ရေမတက်ပါကလည်း ကိစ္စမရှိ။ နောင်သွားရေးလာရေး ကိစ္စများအတွက် အသုံးဝင်မည်။ ရေတက်လာက ငါတို့တစ်တွေ၏ အသက်ကို ကယ်ဆယ်နိုင်မည်။ ထို့ကြောင့် လှေ၊ ဖောင်တို့ကို ကြိုတင်လုပ်ထားခြင်းကား ငါတို့တစ်တွေအတွက် အသက်မသေစေရန် သေချာသောနည်းလမ်းဖြစ်သည်။ အရှုံးမရှိသော နည်းလမ်းသာဖြစ်သည်။ ဟုပြောကာ လှေ ဖေါင်တို့ကို ပြုလုပ်ကြသည်။
လပြည့်နေ့ည ရောက်သောအခါ ရေများတက်လာသဖြင့် လူမိုက်နှင့် အပေါင်းအပါများမှာ ရေနစ်သေဆုံးကြရပြီး၊ ဘုရားအလောင်းနှင့် အပေါင်းအပါများမှာ အသင့်ပြုလုပ်ထားသော လှေ၊ ဖောင်များကြောင့် အသက်ချမ်းသာရာ ရကြသည်။ ထို့ကြောင့် မည်သည့်ဘာသာဝင်မဆို ဒါန၊ သီလ၊ ဘာဝနာတည်းဟူသော လှေ၊ ဖေါင်များကို ဧကန်မုချ ပြုလုပ်ထားသင့်ကြ၏။
ရေတက်မည် မတက်မည်ဆိုသည်မှာ မသေချာသကဲ့သို့ သေပြီးနောက်မှ မိမိဘာသာနှင့်ဆိုင်သော ဘုရားက ကယ်ဆယ်မည်/ မကယ်မည်ဆိုသည်မှာ မသေချာမရေရာသော နည်းလမ်းဖြစ်သည်။ လက်ရှိကမ္ဘာပေါ်တွင် လူဦးရေ သန်းခြောက်ထောင်ကျော်တွင် သေပြီးနောက်မှ ဘုရားက ကယ်တင်မှုကို လက်တွေ့ကြုံဖူးသူ တစ်ယောက်မှ မရှိချေ။ စာတွေ့ဖြင့်သော်လည်းကောင်း၊ တစ်ဆင့်ကြားဖြင့် သော်လည်းကောင်း ဟောပြောယုံကြည်နေကြခြင်းဖြစ်သည်။
ထိုသို့ ဟောပြောယုံကြည်သူကိုယ်တိုင်လည်း ဘုရားက ကယ်/မကယ်ဆိုသည်ကို သေပြီးနောက်မှသာ သေချာပေါက်သိရမည်ဖြစ်သည်။ ထို့ကြောင့် ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကုသိုလ်များကို ပြုလုပ်မထားလျှင် သေလွန်သောအခါ ဘုရားကကယ်မလျှင် တော်ပါသေးသည်။ မကယ်လျှင်ကာ မိမိသာ ဒုက္ခရောက်ရမည်ဖြစ်၏။ ဒါန၊ သီလ၊ ဘာဝနာတရားများကို ပြုလုပ်ထားလျှင်ကား ဘုရားက ကယ်လျှင်လည်း သူတော်ကောင်းတရားများကို များစွာပြုလုပ်ထားသူဖြစ်၍ တခြားသူများထက် ပို၍ ကယ်တင်ခြင်းကိုခံယူရမည်ဖြစ်၏။
ဘုရားက ကယ်တင်မှုမပြုလျှင်လည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများက မိမိကို ပြန်လည်ကယ်တင် စောင့်ရှောက်မည်ဖြစ်၏။ ထို့ကြောင့် မိမိအတွက် အရှုံးမရှိသော နည်းလမ်းကာ ဒါန၊ သီလ၊ ဘာဝနာဟူသော ကုသိုလ်တရားများကို ကြိုတင်ပြုလုပ်ထားခြင်းသာ အသေချာဆုံးသောနည်းဖြစ်သည်။
အရှုံးမရှိသော ဒဿနဖြစ်သည်။
အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)တရားတော်မှ ထုတ်နှုတ်တင်ပြပါသည်။
1 Comments:
မှန်၏
Post a Comment
Subscribe to Post Comments [Atom]
<< Home