Tuesday, November 10, 2009

To live is to risk dying

အသက်ရှင်နေရတာ တော်တော်အန္တရာယ်များတယ်။ အချိန်မရွေး သေသွားနိုင်တယ် ။ လမ်းသွားတိုင်း သတိထားနေရတယ်။ ကားတိုက်မှာ ဆိုင်ကယ်တိုက်မှာ ကြောက်နေရတယ်။ ကားတွေကလည်း အရမ်း မောင်းကြတယ်။
စားတော့လည်း သတိထားနေရတယ်။ မတည့် တာစားမိမှာကြောက်နေရတယ်။  မတည့်တာတွေကလည်း ကြာလေများလေ ဖြစ်လာနေတယ်။ သွေးတိုးနဲ့ မတည့်လို့ရှောင်ရ၊ ဆီးချိုနဲ့ မတည့်လို့ ရှောင်ရနဲ့ ဆီးချိုသမား ဆိုရင် ထမင်းတောင် များများ မစားရပါဘူး။ ကိုယ်စားနေတဲ့ ထမင်းတောင် သေစေနိုင်တယ်ဆိုတော့ အင်း ... စားရတဲ့ကိစ္စက အန္တရာယ်တော်တော်များသား။ စွန့်စွန့်စားစား စားလိုက်ရတယ်။
သေရမှာကို ကြောက်သလားမေးရင် အရင်တုန်းကလောက်တော့ မကြောက်တော့ဘူး။ ဒါပေမယ့် အခုမှ ဘ၀ရဲ့ တန်ဖိုးကို သိလာလို့ နေရတာ အဓိပ္ပါယ်ရှိလိုက်တာလို့ ခံစားရတယ်။ အခုအချိန်မှာ သေရမယ်ဆိုရင် နည်းနည်းစောသေးတယ်။ အခုမှ နေတတ်ခါစရှိသေးတယ်။ နေပါရစေဦး။ အခုမှဘ၀ကို လွတ်လပ်တဲ့စိတ်နဲ့ နေတယ်ဆိုတာ ဘာကိုခေါ်သလဲဆိုတာ သိလာပြီး၊ အဲဒါလေးတွေ ပြောပြချင်သေးတယ်။ ဒါတွေကို မပြောရသေပဲနဲ့တော့ သေလို့ မဖြစ်သေးပါဘူး . . . နော် ။
ဒါပေမယ့် ဒါတွေက အကြောင်းပြချက်တွေပါ ။ တကယ်တော့ ဘ၀ကို တွယ်တာတဲ့စိတ်ဟာ ရဟန္တာဖြစ်မှ ကုန်တာပါ။ ' ဘ၀ရာဂ သံယောဇဉ် ' ဆိုတာ ရဟန္တာဖြစ်မှကုန်တာ။ အဲဒီတော့ ဘ၀ကို မတွယ်တာပါဘူးလို့ ပြောရင် ကြွားရာရောက်မယ်။ ရဟန္တာဖြစ်ပြီလို့ ပြောရာရောက်မယ် ။
တစ်ခါတလေတော့လည်း ဘ၀ကိုငြီးငွေ့တဲ့စိတ် ဖြစ်တယ်။ ဒါပေမယ့်အဲဒါခဏပါပဲ။ တစ်ခါတလေတော့ နေရတာ ပျော်တယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်နေရရင်ပျော်တယ်။ အခုလို စားရေးနေရတာ ပျော်တယ်။ တရားထိုင်လို့ကောင်းနေရင် ပျော်တယ်။ တစ်ခါတလေတော့ ဘာလုပ်လုပ် မပျော်တော့ဘူး။ ဘာမှ မလုပ်ချင်တော့ဘူး။ ဘာမှမလုပ်ပဲနေရတာ ပျော်သလားဆိုတော့ အဲဒါက ပိုဆိုးတယ်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ တော်တော်ဆိုးပါတယ်။ ငါတောင်ဒီလိုဖြစ်နေရင် သူများတွေဘယ်လို နေကြသလဲမသိဘူးလို့ တွေးမိတယ်။ များသောအားဖြင့်တော့ ကောင်းတာတွေလုပ်ပြီး ပျော်နေပါတယ်။
' ကိုယ့်ဘ၀ကိုကိုယ် တန်ဖိုးရှိရှိ နေခဲ့တဲ့သူဟာ သေရမှာ သိပ်မကြောက်ဘူး။ ' လို့ ပညာရှိများ ပြောကြတာ မှတ်သားရပါတယ်။ အဲဒါကြောင့်သေရမှာ မကြောက်အောင် အကောင်းဆုံး နေလိုက်မယ်။ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး အလုပ်တွေကို များများလုပ်မယ်။ သေခါနီးမှာ ' ငါလုပ်နိုင်ရက်နဲ့ အကောင်းဆုံးကို မလုပ်လိုက်ရဘူး ' ဆိုတဲ့ နောင်တတော့ မရချင်ဘူး။ အဲဒီ နောင်တမျိုး ရမှာ အကြောက်ဆုံးပဲ။
သေတာက အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်ဘူး။
ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး အလုပ်တွေကို
မလုပ်လိုက်ရပဲ သေသွားရတာက
အကြီးမားဆုံး ဆုံးရှုံးမှုပဲ။
သေရမှာက သေချာနေတဲ့ကိစ္စကြီးလေ။ ဘယ်လောက် အသက်ရှည်ရှည် နေရနေရ သေမှာပဲ။ အဲဒီတော့ သေတာက အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ လုပ်နှိုင်ရက်နဲ့ ကောင်းတာတွေ မလုပ်လိုက်ရတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုပဲ။
ဘယ်လိုနေသလဲ။
ဘယ်လို အသိအမြင်နဲ့ နေသလဲ။
ဘယ်လို စိတ်ထားနဲ့နေသလဲ။
ဘာတွေ သိရသလဲ။
ဘာတွေကို လုပ်သလဲ။
ဘယ်လောက်ပေးနိုင်သလဲ။
ဘာတွေ ပေးနိုင်သလဲ။
အဲဒီမေးခွန်းတွေက အရေးကြီးတယ်။ ဘယ်တော့သေမှာလဲ ဆိုတဲ့မေးခွန်းက အရေးမကြီးပါဘူး။
' အသက်ကိုဥာဏ်စောင့်တယ်။ '  ဆိုတဲ့စကားပုံရှိပါတယ်။ အဲဒီစကားကို ယုံပါတယ်။ ကံ တစ်ခုထဲကို ပုံပြီး မယုံဘူး။ 'ကံကိုယုံ၍ ဆူးပုံမနင်းရာ' ဆိုတဲ့စကားကြားဖူးတယ် မဟုတ်လား။
'ကောင်းတဲ့ အလုပ်တွေကို စိတ်အားထက်ထက်သန်သန်နဲ့ လုပ်နေရင် အသက်ရှည်တယ်။ ' လို့လည်း စိတ်ပညာရှင်များ သုတေသန ပြုချက်အရ သိရတယ်။ ဘုန်းကြီးက ကောင်းတဲ့အလုပ်တွေကို စိတ်ပါ လက်ပါလုပ်နေတယ်။ ဒကာ ဒကာမတွေလည်း ကောင်းတဲ့အလုပ်တွေကို စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်နေပါ။ ဘယ်တော့ သေမလဲဆိုတာကို မေ့ထားလိုက်ပါ။ 'သေမှာပဲ . . . သေမှာပဲ ...'​ ဆိုပြီး ဘာမှ မလုပ်ပဲ နေရင် အသက်မထွက်ခင် ဘ၀သေနေပြီ။ ဒါတွက်ခြေမကိုက်ဆုံးပါပဲ။ တွက်ခြေ အကိုက်ဆုံးက အခု ကိုယ်စိတ်ဝင်စားတာတွေကို စိတ်ပါ လက်ပါ လုပ်နေလိုက်။ အဲဒါ တွက်ခြေ အကိုက်ဆုံးပဲ။ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။
အသက်ရှင်နေရတာ စွန့်စားရတဲ့ အလုပ်ပါ။ စွန့်စွန့်စားစား လုပ်လိုက်ပါ။ ဘာမှမလုပ်ပဲနေလည်း သေရမဲ့ အတူတူတော့ လုပ်ချင်တာတွေ လုပ်ရင်းပဲ သေမယ်။


လွပ်လပ်သောစိတ်(ဦးဇောတိက) ထုတ်နှုတ်ဖေါ်ပြပါသည်။
....................................................................................................

မှတ်ချက်။         ။
ဘ၀ရာဂသံယောဇဉ် ဆိုသည်မှာ ဘ၀ကို ခုံမင်နှစ်သက်ခြင်းဖြစ်ပါသည်။ ယ္ခုဘ၀ ကိုလည်း တွယ်တာသည်။ နောက်ဘ၀အတွက်လည်း ပြင်ဆင်ကျိုးစားသည်။ ဘ၀တဏှာ ဟုလည်း ခေါ်သည်။
ထိုသူများသည် အကုသိုလ်ကိုရှောင်၍ ကုသိုလ်များသာ ပြုကြသည်။ ထို့ကြောင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် သို့သာ လားရောက်ကြသည်။ အဆိုပါ ဘ၀တဏှာ၊ ဘ၀ရာဂသံယောဇဉ် ကိလေသာ ကို သာမာန်လူမှစ၍ သောတာပန်၊ သကဒါဂမ် နှင့် အနာဂါမ် ပုဂ္ဂိုလ်အထိ မပါယ်သတ်နိုင်ပါ။
ရဟန္တာမှသာ ပါယ်သတ်နိုင်ပါသည်။ ထို့ကြောင့် ရဟန္တာကို ကိလေသာ ကုန်ခမ်းသူ ဟုခေါ်ခြင်းဖြစ်ပါသည်။
ရဟန္တာဖြစ်လျှင် ဘ၀ဆုံးသွားပီဖြစ်သည်။ နောက်ထပ် မည်သည့်ဘုံဘ၀မျှ မရတော့။ နောက်ထပ် ဘုံဘ၀ တွင် မဖြစ်ရသောကြောင့် ခန္ဓာ့ဝန်ထုပ်ဝန်ပိုးကိုလည်း မထမ်းရတော့ပေ။ ထို့ကြောင့် ထိုသူများကို အစစ် အမှန် လွတ်မြောက်သူဟု ခေါ်ဆိုရမည်ဖြစ်ပါသည်။ ထိုသူများသာ လွတ်လပ်ရေးအစစ်ကို ရရှိသူများ ဖြစ်သည်။

2 comments:

  1. ဆောင်းမြူခိုးNovember 13, 2009 at 5:32 AM

    ငါလည်း လွတ်လပ်တဲ့သူ သိပ်ဖြစ်ချင်တယ်
    ကိုယ် ဘာဖြစ်ချင်တာလဲ
    ကိုယ် ဘာလုပ်ချင်တာလဲ
    ကိုယ့်ဘာကိုယ် သေသေချာချာသိပြီး
    ဘယ်သူတွေ ဘာပြောပြော
    ကိုယ် ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား တန်းတန်းမတ်မတ် သွားတတ်တဲ့ သူမျိုးကို သိပ်အားကျတယ်။
    ဒါပေမယ့် ငါ အဲ့လိုလူမျိုးဖြစ်ဖို့ သတ္တိ ချို့ တဲ့တယ်။

    ReplyDelete
  2. လူ တစ်ရာမှာ တစ်ရာ့တစ်ယောက်က အဲလိုပဲလေ မြူခိုးရဲ့။ အကြောင်းပြချက်တွေ တသီကြီးနဲ့ပေါ့ဟာ....ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားကြတယ်။

    ReplyDelete