"မဖြစ်နိုင်ဘူးဆိုတာ ... သေချာပီလား"
အဲဒီနေ့က အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လည်စာစားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးတိုးကျဲတဲနှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေးထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြ သဘောကျကာ ငေးကြည့်နေမိသည်။ အဲဒီတုန်းက ကျွန်တော်ကျောင်းသားလေးပဲ ရှိသေးသည်။
ဒီအခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့ဆီ ရုတ်တရက်ထိုးပေးသည်။
'လုပ်ကွာ ချာတိတ် မှုတ်ကြည့်စမ်း'
'ကျွန်တော် မမှုတ်တတ်ဘူးခင်ဗျ' ကျွန်တော်က ငြင်းသည်။
လူကြီးက ကျွန်တော့ကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့မှ -
"ဘယ်ဟုတ်မလဲ ကလေးရ၊ မှုတ်သာကြည့်စမ်းပါ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ"
ဟုဆိုသည်။ အဲဒီနောက် သူက ကျွန်တော့တစ်သက်တာအတွက် တန်ဘိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။
"ကိုယ်တကယ် လုပ်မကြည့်သေးပဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့" ဟူ၏။
တစ်နေ့မှာ စန္ဒယားဆရာက အမေ့ထံ စာတစ်ဆောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့် ပတ်သက်၍ မညှာမတာရေးထားသည့် စာဖြစ်သည်။
'ခင်ဗျားရဲ့သား လက်စဟာ ဂီတပညာ ဘယ်တော့မှ သင်လို့တတ်မှာ မဟုတ်ဘူး၊ ကျွန်တော်သူ့ကို နောက်ထပ် မသင်နိုင်တော့ပါ' တဲ့။
ဒီစာကိုဖတ်ပြီးနောက် ဟိုအလုပ်သမားကြီးပြောခဲ့တဲ့ စကားကို ကျွန်တော် ပြေးသတိရသည်။ စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍မရနိုင်ဆိုတာ သေချာအောင်မှ မစမ်းသပ်ကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါကြိုးစားမယ်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။
အဲဒီနှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီးသင်သည်။ ကျွန်တော့အိမ်နားမှာ ဂစ်တာသမား တစ်ယောက်ရှိရာ အဲဒီလူတီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းတွေ ဘယ်အနေအထားထး၍ တီးလျှင် ဘယ်အသံထွက်သည်ဆိုတာမှတ်သားကာ ၄င်းအတိုင်း တပ်တူလိုက်တီးကြည့်ခြင်းဖြစ်သည်။ သင်ယူရသည့်အချိန်တာက ကြာရှည်လှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့အဖို့တော့ ကိုယ်ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်မည့် တူရိယာပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ခြင်းပဲဖြစ်သည်။
အသက်နှစ်ဆယ်အရွယ်မှာ ကျွန်တော်က ကျွန်တော့ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်း တစ်ခု ဖွဲ့စည်းခဲ့သည်။ ပြီးအောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက် ရောက်တော့ နာမည်ကြီး တီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွတ်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းမဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင် အချိန်မပေးနိုင်လောက်အောင် သူတို့အလုပ်များ နေကြသည်။
တစ်နေ့ ဘရော့ဒ်ဝေး သဘင်ဂီတလမ်းမ အဆောက်အဦကြီးတစ်ခု၏ ကော်ရစ်ဒါမှာ ကျွန်တော်တို့ သုံးယောက်အဖွဲ့ ထိုင်စောင့်နေဆဲ နာမည်ကြီး ပင်ဆီလ်ဗေးနီးယား အဖွဲ့ခေါင်းဆောင် ဖရက်(ဒ)၀ါရင်း ဓာတ်လှေကားဆီသို့ လျှောက်သွားတာ ကျွန်တော်လှမ်းမြင်သည်။ ရုတ်တရက်ပင် ကျွန်တော် ဒီလူ့ကို ဒီနေရာမှာပဲ တီးပြလိုက်မည်ဟု ဆုံးဖြတ်သည်။ ကျွန်တော့အဖွဲ့သားတစ်ယောက်က လန့်သွားသည်။ 'ဟ ဒီနေရာကြီးမှာ ဖြစ်ပါ့မလားကွ' ဟု ဆိုသည်။
"တကယ်ဖြစ် မဖြစ် သေချာအောင် စမ်းကြည့်တာပေါ့ကွာ" ကျွန်တော်ပြောရင်း ဂစ်တာကို ကောက်ကိုင် လိုက်သည်။ ကံအားလျော်စွာ ဓာတ်လှေကားကလည်း ကြာနေသည်။ ကျွန်တော်တို့ လက်သံကြားရသည့် အခါ ဖရက်(ဒ်) အံ့အားသင့်သွားသည်။ ဓာတ်လှေကားရောက်လာ၍ လှေကားထဲ သူမ၀င်မီမှာပင် ကျွန်တော်တို့ 'လက်(စ)ပေါလ် သုံးယောက်ဝိုင်း' ကို သူငှားရမ်းပြီး ဖြစ်သွားလေသည်။
ထို့နောက် နှစ်ပေါင်းအတော်ကြာအောင် ကျွန်တော်ညစဉ်ညတိုင်း ဂစ်တာကို အမျိုးမျိုး အဖုံဖုံ တီထွင်စမ်းသပ် တီးခတ်နေခဲ့သည်။ ဒီတူရိယာပစ္စည်း တကယ် ထူးခြားပေါ်လွင်လာအောင် မြှင့်တင်ပေး နိုင်မည့်နည်းလမ်းများ ကျွန်တော်မပြတ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဂစ်တာ တစ်လက်တည်းနှင့်ပင် ဂစ်တာများစွာ ပါဝင်သော သံစုံတီးဝိုင်းကြီးတစ်ခုမှထွက်လာသည့်အသံမျိုးရအောင် ဖန်တီးရန် နည်းလမ်း ကိုကျွန်တော်တွေ့ရှိခဲ့သည်။ တေးသီချင်းတစ်ပုဒ်အတွက် ရစ်သမ်၊ မယ်လိုဒီ၊ ဟာမိုနီ၊ ဘက်ဂရောင်း စသည်တို့ကို တစ်ခုချင်း သီးခြားစီ တီးခတ်ပြီး အသံသွင်းယူသည်။ ထို့နောက် ၄င်းဓာတ်ပြားများအားလုံးမှ အသံစုံကို ဓာတ်ပြားတချပ်တည်းသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ဤသည်ကား ယခုအခါ (Multiples) ဟု လူသိများနေပြီဖြစ်သည့် နည်းပင်ဖြစ်ပါသည်။
ပထမဆုံး multiple disc များသွင်းရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဖြစ်ပြီးနောက် မိသားစုထံ အလည်ပြန် ခဲ့သည်။ အိမ်မှာကောင်းကောင်းအနားယူပြီး အပြန်လမ်းတွင် ကားဘီးချော်ပြီး လမ်းဘေးထိုး ကျသည်။ ဆီးနှင်းတွေထဲမှာ ရှစ်နာရီလောက်ကြာပြီးမှ ကျွန်တော့ကိုတွေ့ကြကာ လူနာတင်ယာဉ်နှင့် ဆေးရုံသို့ ယူဆောင်ကြသည်။
ဆေးရုံက လူနာမှတ်တမ်းမှာ ရေးသားထားသည့် ကျွန်တော့ထိခိုက် ဒဏ်ရာစာရင်းက ကြောက်စရာ ရှည်လျားလွန်းလှသည်။ ကျောရိုးဆစ်တစ်ချို့ ကျိုးသွားသည်။ ပခုံနှစ်ဖက်လုံးကျိုးသည်။ နှာခေါင်းရိုး ကျိုးသည်။ ညာဘက်လက်မောင်းက သုံးနေရာတိတိ ကျိုးသည်။ အဲဒီနောက် နံရိုးအတော်များများ တင်ရိုးခွေ၊ ပြီးတော့ ခြေထောက်နှစ်ချောင်းလုံး။
တစ်နေ့ မနက်မှာ ဆရာဝန်တွေ ကျွန်တော့ညာလက်မောင်းရိုးက ကျိုးကြေသွားတာတွေ သိပ်များနေလို့ ပြန်လည်ပြင်ဆင်နိုင်ဖို့ အလွန်ခဲယဉ်ကြောင်း သုံးသပ်ကြသည်။ ဒီလက်ကို ဖြတ်ပစ်လိုက်တာ အကောင်းဆုံး ဖြစ်လေမလား သူတို့ ဆွေးနွေးကြသည်။
သူတို့ပြောဆိုကြသည့် စကားများ၏ အနက်အဓိပ္ပါယ် အပြည့်အ၀ကို သေချာစွာ စေ့ငုနေမိသည့်အချိန် အခန်းထဲမှာ ကျွန်တော်နောက်ထပ် ဘာသံမှမကြား၊ ကျွန်တော် စဉ်းစားနေမိတာက လက်မောင်းရင်းကသာ ဖြတ်မည်ဆိုလျှင် ကျွန်တော့ ဂစ်တာသမားဘ၀ ဆုံးပြီ၊ ကျွန်တော်ကြိုးစားခဲ့သမျှ သဲရေထဲကျပြီး ဆိုတာပဲဖြစ်သည်။ ခုတင်ပေါ်မှာ လဲလျောင်းရင်းပင် အတိတ်ကာလဆီသို့ ကျွန်တော် လွင့်မျောရောက်ရှိသွားသည်။ ဘာဂျာဟောင်းလေးကို မှုတ်နေသည့် မြောင်းတူသည့် အလုပ်သမားကြီး ဆီသို့။ ယခုအချိန်ထိ ကျွန်တော် ရရှိခဲ့သမျှ အောင်မြင်မှုသည် သူပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာခဲ့ ခြင်းကြောင့်သာဖြစ်သည်။ ဆံဖြူကျိုးတိုးကျဲတဲနှင့် သူ့ရုပ်သွင်ကို ကျွန်တော်ပြန်မြင်ယောင်လာသည်။ သူ့ သြ၀ါဒစကားတွေ ကျွန်တော် ပြန်ကြားယောင်လာသည်။
သို့နှင့် ကျွန်တော့်ခုတင်နှင့် အနီးဆုံးမှာ ရှိသည့် ဆရာဝန်ကို လှမ်းပြောလိုက်သည်။
'ကျွန်တော် ပြောပါရစေ ဆရာ၊ ဒီလက်မောင်းကို ဆရာတို့ တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါအုံး၊ လုံးဝမရတော့ဘူး ဆိုတာ သေချာတော့မှပဲ မရဘူးလို့ လက်လျော့ကြရအောင်လား ဆရာ'
အဲဒီနောက်မှာတော့ ကျွန်တော့လက်မောင်းကို အကြိမ်ကြိမ် အထပ်ထပ် ခွဲစိတ်ကြသည်။ ခြေထောက် အရိုးကို လက်မောင်းဆီ ဆက်ပွားပေးနိုင်ပြီးတော့မှသာ လက်တစ်ချောင်းလုံး ဖြတ်ပစ်ရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားတော့သည်။ သို့သော် တတောင်ဆစ်နေရာမှာ ပြဿနာကျန်နေသေးသည်။ တတောင်ဆစ်နားတွင် အရိုးတွေကြေမွသွားသည်ဖြစ်ရာ အဲဒီနေရာတွင် သတ္ထုပြားတစ်ခု အစားထိုးပြီး ပြန်လည်တည်ဆောက်ရသည်။ ဒီနေရာမှာ အကွေးအဆန့်လုပ်၍ ရမည်မဟုတ်တော့။ ကွေးလျှင် ကွေးသည့်အတိုင်း ဆန့်လျှင် ဆန့်သည့်အတိုင်း တသမတ်ရှိတော့မည်ဖြစ်ရာ ဆရာဝန်များအား ကျွန်တော် ဂစ်တာတီးရန် အဆင်ပြေသည့် အနေအထားအတိုင်း ထားပေးရန် မေတ္တာရပ်ခံလိုက်သည်။
တကယ် ဂစ်တာတီး၍ ရ မရ သေချာအောင်ကား တစ်နှစ်ခွဲလောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် မရဘူးဆိုတာ မသေချာမချင်း လက်မလျော့ဘူး ဟူသော မူဝါဒကို လက်ကိုင်ထားသူပီပီ အဲဒီ စောင့်ဆိုင်းနေရစဉ် ကာလအတွင်းမှာ တေးသွားတွေ၊ တီးကွက်တွေကို ခေါင်းထဲမှာပဲ စဉ်းစားသည်၊ စီစဉ်သည်၊ အမျိုးမျိုးအဖုံဖုံ စိတ်ကူးနှင့် တီးခတ်ကြည့်နေသည်။
တဖြည်းဖြည်း ကျွန်တော့ခေါင်းထဲမှာ ဧရာမlongplay disc တစ်ချပ်တည်ဆောက်မိလာသည်။ ကျွန်တော် ဂစ်တာ သေသေချာချာ ပြန်ကိုင်နိုင်သည့်အချိန် တီးခတ်မည့် ဂီတသံစဉ်တွေအားလုံး ဒီဓာတ်ပြားကြီးထဲမှာ သိုမှီးထားသည်။
ဒီလိုနဲ့ နောက်ဆုံး ကျောက်ပတ်တီးဖြည်ရမည့် အချိန်ဆိုက်ရောက်လာပါသည်။ အဲဒီနောက်တွင် လုံးဝ အချိုးမကျဖြစ်နေသော ကျွန်တော့ညာလက်ကို အရင်တုန်းက သူတတ်သမျှတွေ ပြန်လုပ်တတ်အောင် ခဲယဉ်ပင်ပန်းစွာ ပြန်လည်သင်ကြားခြင်း ပြုရပါသည်။ ထို့နောက် သုံယောက်ဝိုင်းတစ်ခု ထပ်မံထူထောင် ကာ နယ်ပွဲစဉ်များစတင်သည်။
ဒီလို လုပ်ဖြစ်ရန်အတွက် ကျွန်တော် အတော်ကြီးသတ္တိမွေးခဲ့ရသည်။ ဇွဲကြီးကြီးနှင့်လည်း အားထုတ်ခဲ့ရပါ သည်။ ယခင်ပုံမှန်အနေအထား ရောက်အောင် ကျွန်တော် ပြန်လုပ်နိုင် မလုပ်နိုင်ဆိုသည်က စင်ပေါ် တကယ်တက်ကြည့်မှ သေချာပေါက် သိနိုင်မည်မဟုတ်လား။
တစ်မြို့ပြီး တစ်မြို့၊ တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက်ကူးကာ တစ်နှစ်လောက်ကြာအောင် ကျွန်တော်ထွက်ခဲ့ သည်။ အလွန်ပင်ပန်းသည်။ သို့သော် အဲဒီ ပြင်းထန်ကြမ်းတမ်းလွန်းသော ခရီးစဉ်က အကျိုးရလာဒ်ကြီးမား ခဲ့သည်။ ထိခိုက်ဒဏ်ရာမရမီက လက်ကိုမီအောင် ကျွန်တော်ပြန်လည်တီးခတ်လာနိုင်ခဲ့သည်။
ကျွန်တော့ဓာတ်ပြားတွေ ပြန်သွင်းဖြစ်သည်။ ဒီအခါမှာတော့ ကျွန်တော့ဂစ်တာသံမှာ ဇနီးသည် မေရီဖိုဒ့်၏ အဆိုပါ တွက်ဖက်ပါဝင်လာပြီ။ ကျွန်တော်တို့ ဇနီးမောင်နှံ၏ဓာတ်ပြားတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ နားသောတဆင်ကြသည်။ ဓာတ်ပြားချပ်ပေါင်း (၁၇)သန်းကျော်မျှ ၀ယ်ယူအားပေးခဲ့ကြသည်။ အတိုင်းတိုင်း အပြည်ပြည်က လူငယ်လောကတွင်လည်း ဂစ်တာဆိုသော တူရိယာပစ္စည်းက အကြီးအကျယ် ရေပန်းစားကာ အားတက်သရော လေ့ကျင့်တီးခတ်လာခဲ့ကြသည်။
များမကြာမှီကမူ မိတ်ဆွေ ဂီတသမားတစ်ယောက် ကျွန်တော့နည်းတူ ဆိုးဆိုးဝါးဝါး ထိခိုက်အနာ တရဖြစ်သည့်အကြောင်း ကြားသိရသည်။ သူက စန္ဒရားသမားဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် စန္ဒရားလုံးဝ မတီးနိုင်တော့ပြီ၊ ဂီတပညာရှင်ဘ၀ကို စွန့်လွှတ်ရတော့မည်ဟု ကြားသည့်အခါ ကျွန်တော် သူ့ကိုစာတွေ အစောင်စောင်ရေးကာ ဂီတကို မစွန့်လွှတ်ဖို့၊ ပြန်လည်ကြိုးစားကြည့်ဖို့ တိုက်တွန်းသည်။
"ကျွန်တော် မတတ်နိုင်တော့ပါဘူးဗျာ..."
သူ့ထံမှ စိတ်ပျက်စွာ အကြောင်းပြန်လာသည်။
'မတတ်နိုင်တော့ဘူးဆိုတာ သေချာလား၊ သေချာအောင် ခင်ဗျား စမ်းကြည့်ပြီးပြီလား'
ဟူ၍ပဲ ကျွန်တော် ထပ်တလဲလဲ ပြန်မေးသည်။
နောက်ဆုံးတော့ ကျွန်တော့တိုက်တွန်းမှု အောင်မြင်သွားသည်။ သူစန္ဒရားပြန်တီးသည်။ မျှော်လင့်ချက် ကင်းမဲ့နေသော အနေအထားမှနေ၍ တောက်ပသောအနာဂတ်တစ်ခု သူပြန်လည်တည်ဆောက်နိုင် ခဲ့သည်။
ဒီလိုပဲ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်တော်တို့ ဘ၀တွေမှာ အုတ်နံရံကြီး ကာဆီးသလို ခက်ခဲသော အနေအထားမျိုး ကြုံရတတ်ပါတယ်။ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပြီဟု ထင်ရသည့် ပြဿနာမျိုး၊ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး ဒီအနေအထားမျိုးကြုံလာရသောအခါ ငါမတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့်၊ ငါမတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့ စမ်းကြည့်ပါ။ မတတ်နိုင်တာသေချာပီ ဆိုမှသာ လက်လျှော့ပါ။
ကျွန်တော်ကိုယ်တိုင်အနေနှင့်မူ ငယ်စဉ်က တွေ့ဖူးသည့် မြောင်းတူးသူ အလုပ်သမားကြီး၏ ကျေးဇူး ကြီးမားလှသော သြ၀ါဒစကားကို လိုက်နာခဲ့သည့် အကျိုးကျေးဇူးကြောင့် ကျောက်တုံး ကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည် ဆိုတာတွေ့ရှိ သိမြင်ခဲ့ပြီ ဖြစ်ပါသည်။
Les Paul (Lester William Polsfuss ) အမေရိကန် ဂစ်တာသမား။
1916 တွင် ၀စ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့တွင် မွေးဖွားခဲ့သည်။
ရေဒီယိုကျေးလက်တေးများ တီးခတ်သီဆိုရင် စတင်နာမည်ရခဲ့သည်။ ထို့နောက် Jazz ဂီတဘက်သို့ ကူးပြောင်းကာ Les Paul သုံးယောက်ဝိုင်းကိုဖွဲ့စည်းသည်။ 1938 မှ 1941 အတွင်း နာမည်ကြီး ဖရက်(ဒ)၀ါရင်းအဖွဲ့နှင့် လိုက်ပါဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍ လူသိများလာသည်။ 1942 တွင် ဟောလိဝုဒ်သို့ရောက်သည်။ 1950 ကျော်နှစ်များတွင် အထူးကျော်ကြားလာသည်။ အဓိကက ဇွဲနဘဲ ကြီးကြီးနှင့် ဆောင်ရွက်ခဲ့သည့် သူ၏စမ်းသပ် တီထွင်မှုများကြောင့်ဖြစ်သည်။ ဂစ်တာဖြင့် Multiple recording များသူ စတင်ပြုလုပ်သည်။ ဆောလစ် (လော့ဂ်) ဂစ်တာကိုတီထွင်သည်။ လျှပ်စစ်ဂစ်တာ ဖြင့်ရေပန်းစားအောင် သူကြိုးစားခဲ့သည်။
ဇနီးမေရီဖိုဒ့်နှင့်တွဲဖက်၍ ထင်ရှားသော ဓာတ်ပြားအချပ်ပေါင်း များစွာသွင်းခဲ့ပြီး ရုပ်မြင်သံကြားတွင်လည်း နှစ်ပေါင်း အတော်ကြာအောင် ပူးတွဲတင်ဆက်ခဲ့သည်။ နောက်ပိုင်းကာလ၌ လျှပ်စစ်ဂစ်တာအား ပို၍ ပီပြင် ထက်မြက်သော တူရိယာ ပစ္စည်းဖြစ်အောင် မွမ်းမံပြုပြင်သော အလုပ်ကိုပင် နှစ်မြုပ်လုပ်ကိုင်ခဲ့သည်။
August 12, 2009 အသက် 94 အရွယ်တွင် White Plains, New York ၌ကွယ်လွန်ခဲ့သည်။
မူရင်း။ Reader's Digest မဂ္ဂဇင်း 'The Best Adivce I ever Had' ဆောင်းပါးတွဲများ မှ ဖေမြင့် ဘာသာပြန်သည်။
1 Comments:
အားပေးသွားပါတယ်ရှင့်
Post a Comment
Subscribe to Post Comments [Atom]
<< Home