နားလည်မှု
ကျွန်တော်အသက်(၂၀)ကျော်အရွယ်လောက် ကျောင်းဆရာဘ၀နှင့်ရှိစဉ် ဘရမ်လီ အမည်ရှိ အခြားကျောင်းဆရာ တစ်ယောက်နှင့် အိမ်တစ်လုံး စပ်တူငှားနေခဲ့ဖူးသည်။ သူက ကျွန်တော့ထက် အသက်အတော်လေး ကြီးသည်။ သူနှင့် ကျွန်တော် စိတ်ဝင်စားမှုချင်းလည်းမတူကြ။ သို့သော် တစ်ယောက်နှင့် တစ်ယောက် ယဉ်ယဉ်ကျေးကျး ဖော်ဖော်ရွေရွေ ဆက်ဆံကြသည်။ သူ့အခန်း ကိုယ့်အခန်းက ထွက်လာ၍ ဆုံမိကြလျှင် Goodmorning ဟုနှုတ်ဆက်ကြသည်။ ညနေအိမ်အပြန် အ၀င်ဝမှာ ဆုံမိကြ၍ ဒီနေ့တော့ စိတ်ပျက်စရာကြီးဗျာဟု တစ်ယောက်ကပြောလျှင် ကျန်တစ်ယောက်က ဟုတ်သဗျာဟု သဘေတူ အတည်ပြုသည်။
အဲဒီအနေအထားက တစ်ပတ်နှစ်ပတ်ပဲ ခံသည်။ နောက်တော့ ဘာဖြစ်မှန်မသိ၊ တစ်ယောက်နှင့် တစ်ယောက် အေးစက်စက်ကြီးဖြစ်လာသည်။ သူက ကျွန်တော့တွေ့လျှင် ခေါင်းဆတ်ပြရုံလောက်ပဲ လုပ်လာသည်။ အဲဒါ နှုတ်ဆက်တာ။ နောက်တော့ တွေ့လျှင် တဖက်လှည့်နေတာမျိုး ဖြစ်လာသည်။ တစ်ကြိမ်နှစ်ကြိမ်မှာတော့ အခန်းကအထွက်မှာ ကျွန်တော်နှင့်တခဏ မျက်နှာချင်းဆိုင်ရမှာ စိုးသဖြင့် သူ့အခန်းထဲ တမင်ပြန်ဝင်သွားတာ တွေ့လိုက်ရသည်။
ဒီလိုနှင့် အကြောင်းမည်မည်ရရမရှိပဲ အာဃာတ တဖြည်းဖြည်းကြီးလာသည်။ နှစ်ယောက်တည်း ဖြစ်နေသည့် ပြဿနာက တဖြည်းဖြည်း ကျောင်းဆရာများသို့ပါ ကူးစက်ကာ ဘရမ်လီလိုလားသူနှင့် အဲလစ် လိုလားသူဟူ၍ နှစ်အုပ်စုကွဲသည့် အဆင့်သို့ပင် ရောက်လာသည်။ ကြာတော့ ကျွန်တော်စိတ်ညစ်လာသည်။ ဒီကိစ္စက လူကို အမြဲဖိစီးနေသလို ဖြစ်လာသည်။ တစ်နေ့တော့ ကျွန်တော် ဒီကိစ္စသည်းမခံနိုင်တော့သည့် အကြောင်းမိတ်ဆွေတစ်ယောက်အား ဖွင့်ပြောမိသည်။
"အဲဒီ ကိစ္စက ဘာကြီးဖြစ်မှန်းလဲ မသိဘူးဗျာ....။ အဲဒါ ကျွန်တော် စိတ်အညစ်ဆုံးပဲ၊ ဘာအတွက် ဒီရန်ပွဲဖြစ်နေရသလဲဆိုတာ ကျွန်တော် နည်းနည်းလေးမှတောင် စဉ်းစားလို့မရဘူး"
" ဘာမှန်းမသိရင် သိအောင်လုပ်ပေါ့ဗျာ၊ သူ့သွားပြီး မေးကြည့်ပါလား" မိတ်ဆွေကဆိုသည်။
"သူ့သွားမေး " "ဟာ!" ကျွန်တော် အံ့အားသင့်သွားသည်။ သူ့အကြံဉာဏ်က ထူးခြားလွန်းနေသည်။
သို့သော် ထူးခြားသည့် အကြံဉာဏ်ကို ကျွန်တော်လက်ခံခဲ့သည်။ ကျွန်တော် ကိုယ့်ကိုယ်ကို အားပေးကာ ခပ်ရဲရဲ ခပ်ဘွင်းဘွင်း အမူအရာမျိုးနှင့် ဘရမ်လီအခန်းထဲ ၀င်ချသွားပြီး အသံကျယ်ကျယ်နှင့် မေးသည်။
"ဒီမှာ ဘရမ်လီ၊ အခုဖြစ်နေတာ ဘာလဲဗျ။ ပြောစမ်းပါအုံး"
"သြ... ခင်ဗျား" ဒီလိုပြောပြီး သူနှင့်ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက် တိတ်ဆိတ်စွာ အတန်ကြာ ကြည့်နေမိကြသည်။ ဒီနောက် သူက ဘောပင်ကိုချကာ 'ခင်ဗျား ဒီမှာနေ ကျွန်တော်ပြမယ်' ဆိုပြီး အခန်းထဲက ကပျာကယာထွက်သွားသည်။ အိမ်သာတံခါး ဗြောင်းကနဲပိတ်သံကြားသည်။ နဂိုကတည်းက အသံမြည်တတ်လှသည့် အိမ်သာသုံးရေကို တဂျောင်ဂျောင် တဂျင်ဂျင် ဆွဲနေသည်။ ပြီးမှ ပြန်ရောက်လာသည်။
"အဲဒါ ပဲဗျ" သူကအော်သည်။ "အဲဒါ ကျုပ်ခံနေရတာ တစ်ညမဟုတ် နှစ်ညမဟုတ် ညတိုင်း ခင်ဗျား အဲဒါကြီး တဂျောင်းဂျောင်းဆွဲပြီး ကျုပ်ကို အိပ်မရအောင်လုပ်နေတာ"
သြ... ဒါကိုး။ လက်စသတ်တော့ သူနှင့်ကျွန်တော် မဟာရန်သူတော်ဖြစ်ရသည့်အကြောင်းရင်းက ဒီကိစ္စ။ ချက်ချင်းပင် ကျွန်တော်သူ့ကိုတောင်းပန်သည်။ ဒီလိုဆိုတော့ သူကလည်းတစ်ဖန် တောင်းပန်သည်။ သူနှင့်ကျွန်တော် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်တွေ တောင်းပန်ကြ၀န်ချကြသည်။ ကျွန်တော့အပြစ်ပါ၊ ကျွန်တော်အလိုက်ကမ်းဆိုးမသိတာပါ။ ကျွန်တော်ကိုယ်က ကလေးဆန်တာပါ စသဖြင့် ၀န်ခံဖွင့်ဟကြသည်။ ငါးမိနစ်အတွင်းမှာပဲ သူနှင့်ကျွန်တော် တကယ်ခိုင်မြဲသော တစ်ယောက်ကို တစ်ယောက် သိနားလည်သော မိတ်ဆွေကောင်းကြီးတွေ ဖြစ်သွားကြသည်။
ပြောရလျှင်တော့ အသေးအဖွဲပြဿနာ၊ သို့သော် ဒီပြဿနာက တစ်သက်မမေ့နိုင်စရာ သင်ခန်းစာ တစ်ခု ကျွန်တော့ခေါင်းထဲ ထည့်ပေးခဲ့သည်။
နောက်နှစ်ပေါင်း အတော်ကြာပြီးသည့်နောက်တွင် ကျွန်တော် အိမ်ရှင်တစ်ယောက်နှင့် စာပေးစာယူအားဖြင့် အငြင်းပွားရပါသည်။ ကိစ္စက လျော်ကြေးရလိုမှု။ သူနှင့်အပြန်အလှန် စားရေးရင်း ကျွန်တော်စိတ်တွင် ဒီလူကတော့ အေးအေးဆေးဆေးနှင့် ပြေလည်မှုရနိုင်မည့် လူစားမျိုး မဟုတ်ဘူးဟု မြင်လာသည်။ ဒီလူ့ကို ကျွန်တော်တစ်ခါမျှ မတွေ့ဘူးပါ။ သို့သော် သူ့စာပါလေပေါက်ကို ကြည့်ခြင်းအားဖြင့် သူ့စိတ်ဓာတ်နှင့် သူ့ရုပ်ရည်ကို ကျွန်တော် မှန်း၍ရနေသည်။ လူက နည်းနည်းလေးမှ အလျော့ပေးမည့် လူစားမျိုးမဟုတ်။ ကိုယ့်အတွက်ဆိုလျှင် တရားတာ မတရားတာ မစဉ်းစား၊ ဉာဏ်များများနှင့် လုပ်မည့်လူ။ ၀၀ဖိုင့်ဖိုင့် မျက်နှာနီနီ မေးစေ့နှစ်ထပ်နှင့်၊ မျက်လုံးက ဘာကိုမှ အလစ်မပေးသည့် သိမ်းငှက် မျက်လုံးမျိုး။ အဲသလို ကျွန်တော်မြင်ထားသည်။
ဒီကိစ္စကတော့ ရှေ့နေလက်အပ်ရမယ့်ကိစ္စပဲဟု ကျွန်တော်စဉ်းစားထားပြီးကာမှ ဘရမ်လီနှင့် ဖြစ်ဖူးသည့် ပြဿနာကို သွားသတိရသည်။ သို့နှင့် မျှော်လင့်ချက် သိပ်မထားသော်လည်း အဲဒီမကောင်းဆိုးဝါး ပုဂ္ဂိုလ်ထံ သွားဖြစ်သည်။ တကယ်တွေ့သည့်အခါ၌ မှန်းထားတာနှင့် တခြားစီ။ အရမ်းအဆင်ပြေသည်။ သူ့ရုပ်က ကျွန်တော်ထင်သလိုမဟုတ်။ လူကောင်သေးသေး၊ အသားဖြူဖြူ၊ မျက်မှန်လေးတပ်၍ ပျော့ပျော့ပြောင်းပြောင်း ပုံမျိုးဖြစ်သည်။ နာရီဝက်လောက်အတွင်းမှာပင် သူနှင့်ကျွန်တော်ကြားသဘောထား ကွဲလွဲမှုတွေ ပြေလည်သွားခဲ့သည်။ သို့သော် ကျွန်တော်ပြန်ကာနီးမှာတော့ အံ့အားသင့်စရာ စကားတစ်ခွန်းကို သူကပြောလိုက်သည်။
"ခင်ဗျား ရောက်လာတော့ ကျွန်တော် ရုတ်တရက် ကြောင်ကိုသွားတာဗျ၊ ကျွန်တော့စိတ်ထဲမှာ ခင်ဗျားကို လူကောင်ကြီးကြီး မျက်နှာနီနီနဲ့ မေးနှစ်ထပ်နဲ့ ရှိလိမ့်မယ်လို့ ထင်ထားတာဗျ"
" မျက်လုံးတွေက ဘာကိုမှ အလစ်မပေးတဲ့ သိမ်းငှက်မျက်လုံးမျိုးလို့ကော ထင်မထားဘူးလား"
"အာ..... အဲဒါတော့ မပါပါဘူးဗျ " သူ ရှက်ကိုးရှက်ကန်းနှင့် ပြန်ဖြေသည်။
ဒီနောက်မှာတော့ မျက်နှာနီနီနှင့် လူသေးသေး ပျော့ပျော့လေးနှစ်ယောက် နှုတ်ဆက် ထွက်ခွါခဲ့ကြသည်။
ဒီတွင်ပင် ထူးဆန်းတာတစ်ခု ကျွန်တော် သွားသတိပြုမိသည်။ လူတွေသည် ပြဿနာတစ်စုံတစ်ခုဖြစ်လျှင် ၄င်းပြဿနာနှင့် တကယ်ပတ်သက်သူဆီမသွား၊ မတွေ့ဆုံ မရှင်းလင်း၊ မဆိုင်သောသူတွေဆီသာ သွားပြီး ပြောတတ်ဆိုတတ် ဖွင့်ဟတတ်ကြသည် ဆိုသောအချက်။
စစ်ကြီးအတွင်းက ကျွန်တော် ကြည်းတပ်စစ်ဌာနချုပ်တစ်ခုတွင် တာဝန်ထမ်းဆောင်ရသည်။ ဒီနေရာ၌ ကျွန်တော် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များထဲတွင် စစ်ဆင်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက် စာကြမ်းများရေးသားရခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော် ဒီတာဝန်ကို ကျွန်တော် မထမ်းဆောင်ရပဲ ကျွန်တော့အထက်အရာရှိကချည်း လုပ်ကိုင်နေသည့်အခါ ကျွန်တော် မကျေမနပ် ဖြစ်လာသည်။ ဒါသည် ကျွန်တော့အရည်အချင်း အစွမ်းအစကို ယုံကြည်မှုမရှိ၍ပဲဟု တနုံ့နုံ့တွေးကာ ကျွန်တော် မကျေမနပ်စိတ်တွေ တဖြည်းဖြည်း စုဝေးလာသည်။ ဒီကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မကျေနပ်သည့်အကြောင်းကို ဌာနချုပ်ရှိ တခြားအရာရှိတွေ သိအောင်ပြောရမည်။ နောက်ဆုံး မခံနိုင်သည့် နေ့မှာ တိုက်ရိုက်တာဝန်ရှိသော ပုဂ္ဂိုလ်ဆီသွားကာ သူလုပ်ပုံကိုင်ပုံကြောင့် ကျွန်တော်သိက္ခာကျရသည့် အကြောင်း၊ ကျွန်တော့အား တစ်နေရာသို့သာ အမြန်ဆုံး ပြောင်းရွှေ့ပေးစေလိုကြောင်း၊ ဗြောင်ဖွင့်ပြောမည်ဟူ၍ ကျွန်တော်ကြံစည်နေခဲ့သည်။ဒီလိုနဲ့ တစ်ယောက်တည်း အတော်ကြာအောင် ခံစားနေပြီးမှ ကျွန်တော်တကယ်ဖွင့်ပြောလိုက်သည့် အခါ ကျွန်တော့အထက်အရာရှိ ဗိုလ်မှူးကြီးမှာ အကြီးအကျယ် အံ့အားသင့်သွားသည်။ ကျွန်တော့မှာ အလုပ်တွေ သိပ်ပိနေသည်ထင်၍ သူယူလုပ်ပေးခြင်းသာ ဖြစ်ကြောင်း သူကရှင်းပြပြီး၊ အကယ်၍ ဒီအလုပ်တွေ ကျွန်တော်ကိုယ်တိုင်ပဲ လုပ်ချင်ပါသည်ဆိုလျှင်လည်း သူ့အနေနှင့် ၀မ်းမြောက်ဝမ်းသာ ခွင့်ပေးနိုင်ပါကြောင်း ပြောဆိုသည်။
ကိုယ့်သိက္ခာ ကိုယ်ပြန်ထိန်းနိုင်ခဲ့ပြီ ဟူ၍ ကျေနပ်စွာ ကျွန်တော်ပြန်လာခဲ့သည်။ သို့သော် သိပ်မကြာမီမှာပင် ၄င်းအရာရှိထံ တစ်ကြိမ်ပြန်သွားတွေ့ရန်လိုအပ်လာပြန်ပါသည်။ ကျွန်တော့မှာ သူပြောသည့် အတိုင်း အလုပ်တွေ တကယ်ပင် မနိုင်မနင်းဖြစ်လာသဖြင့် စစ်ဆင်ရေးဆိုင်ရာ အမိန့် ညွှန်ကြားချက် စာကြမ်းများ ရေးသားသည့်အလုပ်ကို ၄င်းပင် တာဝန်ယူပေးပါဟု ပြောကြားရခြင်းဖြစ်သည်။
ဒီလို အတွေ့အကြုံတွေရှိပြီးသည့်နောက်၌ လူမှုဆက်ဆံရေး ပြဿနာများနှင့်စပ်လျဉ်း၍ ကျွန်တော် အတော်သဘောပေါက်လာခဲ့ပါသည်။
လူမှုဆက်ဆံရေးနယ်၌ ပြဿနာ ဆယ်ကြိမ်တွင် ကိုးကြိမ်သည် ကာယကံရှင်နှင့် တကယ်သွားတွေ့ဖြေရှင်းလိုက်သည့်အခါ အလွယ်တကူ ရှင်းလင်းပြေလည်သွားစမြဲဖြစ်ပါသည်။ တစ်ခါတရံ၌မူ ပြဿနာတကယ်ရှိသည်မဟုတ် အထင်လွဲနေတာသာ ဖြစ်ကြောင်းတွေ့ရတတ်ပါသည်။
ဆယ်ကြိမ်မှာ ကိုးကြိမ်က အဲသလို ပြေလည်သော်လည်း တစ်ကြိမ်မှာတော့ ပြဿနာအစစ်နှင့် တကယ် နဖူးတွေ့ ဒူးတွေ့တွေ့ရနိုင်ပါသည်။
တစ်ခါမှာ ကျွန်တော့အလုပ်ရှင်တစ်ယေက်က ကျွန်တော့လုပ်ကိုင်ဆောင်ရွက်မှုအပေါ် ကျေနပ်အားရပုံ မပေါ်ဟု ကျွန်တော်ယူဆကာ စိတ်အနှောက်အယှက်များလာသည်နှင့် အထက်ကနည်းအတိုင်း ကိုယ်တိုင် သွားတွေ့ပြီးမေးမြန်းရာ၊ ကျွန်တော့ ဆောင်ရွက်ချက်များအပေါ် သူ ကျေန်ပမှုမရှိဘူးဆိုတာ တကယ်အတိကျပင်ဖြစ်ကြောင်း ကျွန်တော်သိလာခဲ့ရသည်။ အထင်အမြင်မဟုတ် အစစ်အမှန်ဖြစ်သည်။
သို့သော် အဲသလို တကယ်ဆိုးသည့် အနေအထားနှင့် ပက်ပင်းသွားတိုးရသည့်တိုင်အောင်လည်း ဆိုခဲ့သည့် ကာယကံရှင်နှင့် တွေ့ဆုံရှင်းလင်းသည့် အလေ့အကျင့်သည် ကောင်းသည်ဟုပဲဆိုပါမည်။ အကြောင်းမူ အခြေအနေကို အရှိအမှန်အတိုင်း ဗြောင်သိခွင့်ရခြင်းသည်လည်း ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်ရေးအတွက် အထောက်အကူပြုသဖြင့် တစ်နည်းအားဖြင့် အကျိုးရှိသည်ပဲ မဟုတ်ပါလား.......။
ဖေမြင့်၏ မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား စာအုပ်မှ မျှဝေပါသည်။
5 Comments:
ဗဟုသုတ ရယူသွားပါ ၏
ဟုတ်တယ်ဗျာ တကယ်တော့ အကြောင်းရင်းမှန်ကို ဖွင့်ဟတိုင်ပင်ပြီး နာလည်မှုဆိုတာ လုပ်ယူလို့ရတဲ့အရာပါ တိုင်းကျူး ကိုစိုင်းး)
မျှဝေမှု့လေးတွေအတွက်ကျေးဇူးတင်ပါတယ်
Really Nice post , bro
ကျေးဇူးပါ
Post a Comment
Subscribe to Post Comments [Atom]
<< Home