လမ်း
ကျွန်မတို့နေထိုင်ရာ ရောမမြို့နှင့် မနီးမဝေးမှာ ရွာသာသာ မြို့လေးတစ်မြို့ရှိသည်။ မြို့ကလေး၏ ဘုရားရှိခိုးကျောင်း မျှော်စင်ကြီးထိပ်မှာ အဖေနှင့်အတူ ကျွန်မရောက်နေသည်။
အဖေ ငါ့ကို ဒီအပေါ်ဘာလို့ခေါ်လာပါလိမ့်ဟုတွေးနေဆဲ အဖေကပြောသည်။
"အောက်ကို ငုံ့ကြည့်လိုက်စမ်းသမီး" တဲ့-
ကျွန်မ မရဲတရဲ ခေါင်းပြူကာ အောက်ဖက်ရှိ မြို့ကလေးကို ကြည့်မိသည်။ မြို့လယ်မှာ ကွက်လပ်တစ်ခု ရှိသည်။ ထို့နောက် ဘေးပတ်လည်မှာ လမ်းသေးလမ်းသွယ်တွေ အမျိုးမျိုးအဖုံဖုံ ကွေ့ကောက်ယှက်ဖြာ လျက်ရှိသည်။
"သေသေချာချာကြည့်စမ်းသမီး"
အဖေက ကြင်နာစွာဆိုသည်။
"မြို့လယ်ကွက်လပ်ကို သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး၊ အများကြီးရှိတယ်။ လူ့ဘ၀မှာလည်း ထိုနည်း၎င်းပဲ၊ သမီးရည်မှန်းထားတဲ့ ပန်းတိုင်ကို ဒီလမ်းကသွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ရနိုင်တယ်"
ဒီတော့မှ အဖေ ကျွန်မကို ဘာကြောင့် ဒီနေရာခေါ်လာရသလဲရိပ်မိလိုက်သည်။အဲဒီနေ့မနက်က ကျွန်မ အမေ့ကို ကျောင်းမှာ ကျွန်မတို့ညီအစ်မ စားရသည့် ဆိုးဝါးလှသော နေ့လယ်စာနှင့် ပတ်သက်၍ တစ်ခုခုလုပ်ပေးရန် ပူဆာခဲ့သည်။ သို့သော်အမေက ကျွန်မတင်ပြချက်ကို အလေးအနက်မထားခဲ့။ ဒီကိစ္စကို အဖေ့ထံ အယူခံဝင်တော့ အဖေက သူကြားမ၀င်နိုင်ပါဟု ဆိုသည်။ ပြီးတော့ ကျွန်မကို ဒီမျှော်စင်ကြီးပေါ်ခေါ်ကာ သင်ခန်းစာတစ်ခု ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာမြင်အောင် ပြခဲ့သည်။
'ဘောင်တစ်ခုထဲမှာ ပိတ်လှောင် ကန့်သတ်ခံမနေပဲ၊ လိုရာရအောင် စူးစမ်းတီထွင် ကြံဆတတ်ရေး'
'ပြီးအဲသည်လိုကြံဆတတ်သည့် စိတ်ဓာတ်မျိုး၏ တန်ဘိုးကို သိမြင်ရေး'
အဖေ့သင်ခန်းစာကို ကျွန်မချက်ချင်းနားလည်သဘောပေါက်သွားခဲ့သည်။အိမ်ပြန်မရောက်မီပါပင် ကျွန်မခေါင်းထဲ အကြံဉာဏ်တစ်ခုပေါ်ခဲ့သည်။
နောက်တစ်နေ့ ကျောင်းမှာ နေ့လည်စာ စားရသည့်အခါ ကျောင်းကကျွေးသည့် စွပ်ပြုပ်ရည်ကို ပုလင်းတစ်လုံးထဲ တိတ်တိတ်ထည့်ပြီး အိမ်ယူလာခဲ့သည်။ ထို့နောက် ညစာစားချိန်၌ အဲဒီစွပ်ပြုပ်ရည်ကို အမေ့အား ထည့်ကျွေးရန် စဖိုမှူးကို ချော့ပြောရသည်။
ကျွန်မစီစဉ်ထားသည့်အတိုင်း အားလုံးအဆင်ပြေသည်။ စွပ်ပြုပ်ရည်တစ်ဇွန်း အမေသောက်လိုက်မိ ပြီးနောက် ချက်ချင်း ထွေးမလိုအန်မလို ဖြစ်သွားပြီး စိတ်ဆိုးမာန်ဆိုးနှင့်ပြောသည်။
"စဖိုမှူးတော့ ရူးသွားပီထင်တယ်"
ဆိုတော့မှ အဖြစ်မှန်ကို ကျွန်မတို့ညီအစ်မ ကပျာကယာ ဖွင့်ပြောရသည်။ ကျွန်မတို့အခြေအနေကို အမေ သဘောပေါက်သွားပြီ...။ မနက်ဖြန် ဒီကိစ္စကို ကျွန်မတို့ကျောင်းမှာလိုက်ပြောမည်ဖြစ်ကြောင်း အမေ ပြတ်ပြတ်သားသား ကြေညာလိုက်လေသည်။
နောက်နှစ်ပိုင်းများတွင်ကား ဖြတ်ကျော်မရနိုင်သည့် အထားအဆီးဟု ထင်ရသောအရာတွေသည် မိမိက ၄င်းအတိုင်းမငြင်းမဆန် လက်ခံလျှင်သာ မိမိအတွက် မအောင်မြင် ရှုံးနိမ့်မှုများ ဖြစ်သွားသည်။ တီထွင်ကြံဆ တတ်သောဉာဏ်နှင့် စွန့်စားရဲသော စိတ်တို့သာရှိပါက ကွေ့ဝိုက်ကျော်လွှား သွားနိုင်သော လမ်းကိုမြင်ကာ အောင်မြင်မှုရနိုင်သည်ဆိုတာ ကျွန်မ အကြိမ်ကြိမ် တွေ့မြင်သိရှိလာခဲ့ရပါသည်။
အ၀တ်အထည် ဒီဇိုင်းသမားတစ်ယောက်အဖြစ် ကျွန်မ ပထမဆုံး ရခဲ့သည့် အောင်မြင်မှုလေးတစ်ခုက အဲသလို လမ်းပိတ်နေသည့်အခါမျိုးမှာ လမ်းသစ်ထွင်ကာ ကွေ့ကျော်သွားနိုင်ခဲ့သဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ ဖက်ရှင်လောကတစ်ခုလုံး မွှေနှောက်ချောက်ချားပစ်လိုက်မည်ဟူသော စိတ်ဓာတ်ကြီးဖြင့် ကျွန်မ ပါရီသို့ ရောက်လာခဲ့သည်။ သို့သော် ပါရီရှိ အ၀တ်အထည်လောကကို ကြီးစိုးနေသည့် ပုဂ္ဂိုလ်များက ကျွန်မရေးဆွဲထားသည့် ဒီဇိုင်းပုံစံတွေကို စိတ်မ၀င်စားကြ။ တစ်နေ့မှာတော့ မိတ်ဆွေတစ်ယောက် ၀တ်လာသည့် ဆွယ်တာအင်္ကျီတစ်ထည်က အလွန်ထူးခြားလှတာကို ကျွန်မ သွားတွေ့မိသည်။ အရောင်အသွေးတို့ကတော့ ရိုးရိုး၊ သို့သော် ချည်ထိုးထားပုံက ဘယ်သူနှင့်မှမတူ သိပ်သိပ်သည်းသည်ရှိလှသည်။
မေးမြန်းကြည့်တော့ လက်ရာရှင်က အားမေးနီးယန်း အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သိရသည်။ အမျိုးသမီးက သူတို့ အားမေးနီးယား လယ်ယာကျေးလက်က လက်မှုပညာကို ပါရီသို့ ဆောင်ယူခဲ့ခြင်း ဖြစ်သည်။ ကျွန်မမျက်စိထဲတွင် သည်ဆွယ်တာကို လုံးဝဆန်းပြားသော အဆင်သစ် တစ်မျိုးနှင့် တွဲဖက် မြင်ယောင်ကြည့်မိလိုက်သည်။ သည့်နောက်မှာ ပို၍ရဲတင်းသော အကြံဉာဏ်တစ်ခု ကျွန်မခေါင်းထဲ ပေါ်လာသည်။ ဘယ်အထည်ချုပ်လုပ်ငန်းရှင်ကမှ ကျွန်မ ဒီဇိုင်းတွေကို မကြိုက်ဘူးဆိုလျှင် ရှီယာပရယ်လီ ဒီဇိုင်းဆိုပြီး ကိုယ့်နာမည်နှင့် ကြော်ငြာကာ ကိုယ်တိုင်ရောင်းရလျှင် မကောင်းဘူးလားဟူသော အကြံအစည်။
အဖြူနှင့်အနက်ကို ရဲရဲသုံးကာ လိပ်ပြာလည်စည်းပုံ အဆင်နှင့် ဆွယ်တာဒီဇိုင်းတစ်ခု ကျွန်မရေးဆွဲပြီး ၄င်းအာမေးနီးယန်း အမျိုးသမီးဆီသို့သွားခဲ့သည်။ အနက်ရောင်ဆံပင်နှင့် သိမ်မွေ့သော မျက်လုံးပိုင်ရှင်တစ်ဦး။ အမျိုးသမီးက ကျွန်မပြောသည့် ပုံစံအတိုင်းရအောင်ထိုးပေးသည်။ ထိုးပြီးသည့်အခါ အင်္ကျီက အကြီးအကျယ်လူကြိုက်များမှာ မုချဟု ကျွန်မတွေးမိလိုက်သည်။ တကယ်ကြိုက်မကြိုက် သေချာအောင်စမ်းသပ်ရန်အတွက် ၄င်းဆွယ်တာကို ကိုယ်တိုင်ဝတ်ကာ ပါရီဖက်ရှင်ဝါသနာအိုးများ စုံညီမည့် နေ့လည်စာစားပွဲတစ်ခုသို့ သွားခဲ့သည်။ ဆွယ်တာကိုကြည့်ကာ အုတ်အုတ်ကျက်ကျက် အံ့သြချီးမွမ်းကြတော့ ကျွန်မ အကြီးအကျယ် ၀မ်းသာသွားရသည်။ နယူယောက်ရှိ ကုန်တိုက်ကြီးတစ်ခုမှ ကိုယ်စားလှယ်က အထည်(၄၀)၀ယ်လိုကြောင်းကမ်းလှမ်းသည်။ ပစ္စည်းကိုတော့ နှစ်ပတ်အတွင်းရလိုသည်ဟုဆိုသည်။ အမှာကို ကျွန်မလက်ခံလိုက်သည်။ အဲဒီနေ့ စားသောက်ဆိုင်ကပြန်တော့ ခြေထောက်တွေက မြေမှာမကျ။ ကျွန်မတစ်ကိုယ်လုံး တိမ်တိုက်ကြားထဲမှာ။ ဒါပေမယ့် ကျွန်မအတွက် ဆွယ်တာတွေ ထုတ်လုပ်ပေးမယ့် ပုဂ္ဂိုလ်ရှေ့ရောက်တော့ ကျွန်မတိမ်တိုက်တွေ ရုတ်ချည်းလွင့်စင် ကွယ်ပျောက်သွားတော့သည်။ အားမေးနီးယန်းအမျိုးသမီးခမျာ ဆွယ်တာတစ်ထည်ပြီအောင် တစ်ပတ်လုံးလုံး ထိုးခဲ့ရသည်တဲ့။ ဆွယ်တာအထည်(၄၀)ကို နှစ်ပတ်နှင့်ပြီးဖို့ဆိုသည်ကား ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။
တစ်နေ့ခင်းအတွင်းမှာပင် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်း ကို ဆက်တိုက် တွေ့ကြုံခံစားလိုက်ရပြီး ကျွန်မ စိတ်ပျက်အားငယ်စွာ ထွက်လာခဲ့သည်။ ရုတ်တရက်တစ်စုံတစ်ခုကို သတိရပြီး ကျွန်မတုန့်ခနဲ ရပ်သွားသည်။ နောက်ထပ်လမ်းတစ်သွယ် မရှိတော့ဘူးလားဟူသောအတွေး...။ အာမေးနီးယန်းသူတွေ ပါရီမှာ မုချရှိလိမ့်ဦးမည်။
စောစောက အမျိုးသမီးထံသို့ နောက်ကြောင်းပြန်လာခဲ့သည်။ ပညာရှင်အမျိုးသမီးက ရုတ်တရက်တော့ ယုန်ထင်ကြောင်ထင် စိုးရိမ်ချင်သလိုလို။ သို့သော် ကျွန်မအစီအစဉ်ကို ရှင်းလင်းပြောပြတော့ သူကူညီသည်။ သူတို့ အာမေးနီးယန်းနယ်မြေကို ဆိုဗီယက်တွေသိမ်းပိုက်တော့ တချို့က ပါရီဘက်ထွက်ပြေးလာခဲ့ကြသည်။ သူနှင့်ကျွန်မ စုံထောက်လုပ်ကာ အဲသည်လူတွေနောက် ခြေရာကောက်ကြသည်။ တစ်ယောက်မှတစ်ယောက် လက်ဆင့်ကမ်း လမ်းညွှန်သည်ကိုလိုက်ကာ နောက်ဆုံးတော့ အဲဒီခဲခဲယဉ်းယဉ်း ချည်ထိုးနည်းကိုကျွမ်းကျင်သည့် အာမေးနီးယန်းအမျိုးသမီး အယောက် (၂၀)မျှ စုစည်း၍ရခဲ့ပါသည်။ သို့နှင့် သတ်မှတ်ထားသည့်ရက်အတွင်းမှာပင် အသစ်စက်စက် ပေါ်ပေါက်သည့် ရှီယာပရယ်လီ အထည်တိုက်မှ ပထမအသုတ် ဆွယ်တာများ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ပေးနိုင်ခဲ့ပါသည်။ အဲဒီနောက်မှာတော့ ပလာ့စ်ဗင်ဒုန်းမှာ ရုံးချုပ်ဖွင့်ထားသည့် ကျွန်မကုမ္မဏီမှ အ၀တ်အထည်တွေ၊ တွဲဖက်အသုံးအဆောင် ပစ္စည်းတွေ ရေမွှေး အမျိုးမျိုးတွေ တသွင်သွင် ထုတ်လုပ်ဖြန့်ချီ နိုင်ခဲ့ပါသည်။ ကမ္ဘာ့ ဖက်ရှင်လောက က ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှသလို စွန့်စားရတာ၊ အားစမ်းလာသသည့် အနေအထားမျိုး ရင်ဆိုင်ရတာတွေလည်း မပြတ်ရှိတတ်တာ ကျွန်မ တွေ့ခွင့်ရခဲ့ပါသည်။ သို့သော် ပါရီကို နာဇီတွေ သိမ်းလိုက်သည့်အခါမှာတော့ ကျွန်မတို့ အဲသည်လောကလေး နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့သည်။
ဖက်ရှင်ခန်းမကို စွန့်ခွါကာ အမေရိကသို့ ကျွန်မလာခဲ့သည်။ ပြင်သစ်ပြည်ရှိ ရန်သူ မသိမ်းပိုက်ရသေး သည့် နယ်မြေမှ ကလေးသူငယ်များအတွက် ဆေးဝါးပစ္စည်းများ ၀ယ်ယူနိုင်အောင် ရန်ပုံငွေစုဆောင်းသည့် တရားပွဲတွေ အမေရိက မြို့ရွာများလှည့်လည်ပြီး ကျွန်မဟောသည်။ နောက်နှစ်လခန့်အကြာ တိုင်းပြည်သို့ပြန်တော့ နောက်ထပ် လမ်းပိတ်ဆို့မှုတစ်ခု ကျွန်မကြုံရပြန်သည်။
ပြင်သစ်ကလေးများ ဆေးဝါးကိစ္စအတွက် အမေရိကန်ပြည်တွင် ရန်ပုံငွေကောက်ခံပွဲ ဦးဆောင်ပြုလုပ်သူက ကွိတ်ကာ ခရစ်ယာန်ဂိုဏ်းမှ ပုဂ္ဂိုလ်များက ဒေါ်လာခြောက်သောင်းဘိုးခန့်ရှိ ဗီတာမင်ဆေးများကို ကျွန်မနှင့်အတူ သယ်ဆောင်ပြီး ပြင်သစ်တွင် ဖြန့်ချီပေး၇န် အပ်နှံခဲ့သည်။ စစ်ကာလ အတွင်း ရန်သူရေငုပ်သင်္ဘောရန်ကို ရှောင်ကာ ဟိုကွေ့ ဒီကောက်နှင့် ခရီးသွားကြရသည်ဖြစ်ရာ ဘာမြူဒါ ကျွန်းတွင် ပထမတစ်ထောက်နားကြရသည်။ ဒီတွင်ပြဿနာကြုံတော့သည်။ အစိုးရိမ်ကြီးလွန်းသော အကောက်ခွန်အရာရှိက ကျွန်မနှင့်အတူပါလာသည့် ဆေးဝါးပစ္စည်းများကို ရန်သူတစ်ဝက်တစ်ပျက် သိမ်းထားပြီးသည့် တိုင်းပြည်သို့ ယူဆောင်ခွင့်မပြုနိုင်ဟု ပိတ်ပင်ထားဆီးနေခြင်းဖြစ်သည်။
ကျွန်မက သည်ဆေးဝါးများသည် ကြန့်ကြာနေလျှင် ပျက်စီးကုန်မည်ဖြစ်ပြီး ပို့ပေးသူများမှာလည်း ကြာနေ ကွိတ်ကာများဖြစ်ရာ နာဇီတွေလက်ထဲ ရောက်သွားဖို့အရေး တွေးပူစရာအကြောင်းမရှိကြောင်း ပြောဆိုသော်လည်း ထိုပုဂ္ဂိုလ်က ခေါင်းမာမာနှင့်သာ ငြင်းဆန်နေပါသည်။ သို့နှင့် နောက်ဆုံးတော့ ဆေးသေတ္တာတွေကို ဆိပ်ကမ်းလုပ်သားများ သင်္ဘောပေါ်က ချတာ ကျမစိတ်မချမ်းသာစွာထိုင်ကြည့် နေလိုက်ရပါတော့သည်။ ဘာမျူဒါမှ သင်္ဘောထွက်သည့် တစ်လျှောက် ကျွန်မခေါင်းထဲ သည်ပြဿနာက တအုံတနွေးနွေးလိုက်ပါလာသည်။
... မြို့လယ်ကွက်လပ်သို့သွားရန် တခြားလမ်း မရှိတော့ပြီလော ...
သင်္ဘောပေါ်မှာ သတင်းစာဆရာတစ်ယောက်နှင့်တွေ့တော့ ကျွန်မ စိတ်ပျက်စွာ ဒေါပွပွနှင့် ဖြစ်ကြောင်းကုန်စင် ပြောပြမိသည်။ သူက ဒီကိစ္စကို အရမ်းစိတ်ဝင်စားသွားပြီး ကြေးနန်းဖြင့် သတင်းပို့လိမ့် မည်ဟူ၍ ကျွန်မ လုံးဝမထင်မှတ်ခဲ့။ အတ္တလန်တိတ်သမုဒ္ဒရာကြီးကို ဖြတ်သန်းကာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့သို့ ဆိုက်ရောက်သည့်အခါတွင်ကား ကျွန်မ၏ ပြဿနာက နိုင်ငံတကာသတင်းတစ်ပုဒ်ဖြစ်နေပြီ ဆိုတာသွားတွေ့ရသည်။ အဲဒီမှာရှိသည့် ဗြိတိသျှသံအမတ်က ကျွန်မကို တွေ့ဆုံကာ အသေးစိတ် အချက်အလက်တွေ မေးမြန်းသည်။ ထို့နောက်၌ကား ကျွန်မတို့ ဗီတာမင်ဆေးပြားတွေ သယ်ယူပို့ဆောင်ရေး အတွက်လိုအပ်သည့် လမ်းကြောင်းတွေအားလုံး နာရီပိုင်းအတွင်းမှာပင် ရှင်းလင်းသွားတော့သည်။စစ်ကြီးပြီးသည့်အခါ ပါရီသို့ ကျွန်မပြန်လာသည်။ ရှီယာပရယ်လီဖက်ရှင်တိုက်ကို ပြန်ဖွင့်လှစ်သည်။ ကုန်တိုက်၌ ဖက်ရှင်ပွဲတစ်ပွဲစာစီအတွက် ပြင်ဆင်စုဆောင်းရသည်မှာ မလွယ်ပါ။ တစ်ခုသောနွေရာသီ၌ လာမည့် ဆောင်းအကြိုပြပွဲအတွက် ပြင်ဆင်နေဆဲတွင် ကျွန်မ အပ်ချုပ်သမလေးတွေ အလုပ်သမားသပိတ်ထဲ ပါသွားကြသည်။ ကျွန်မထံမှာ အပ်ချုပ်ပညာသည် တစ်ယောက်နှင့် အပ်ချုပ်ခန်း ကြီးကြပ်သည့် အမျိုးသမီးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ကြားမှာ အချိန် ၁၃-ရက်ပဲရှိတော့သည်။
အင်း......ဒီတစ်ပွဲတော့ အဖေ့သြ၀ါဒ ကိုတကယ်မှတ်ကျောက်တင်မည့် အကြီးမားဆုံး စမ်းသပ်ပွဲပဲ ဟု ကျွန်မတွေးလိုက်မိသည်။ ကိုင်း..... ဒီတစ်ကြိမ် ဘယ်လမ်းက ထွက်မလဲ.??
ကျွန်မအမျိုးမျိုးကြံဆသည်။ ထို့နောက်စိတ်တိုလာသည်။ သည်ရက်ချိန်းအတိုင်းတော့ ဘယ်လိုမှ မဖြစ်နိုင် အစီအစဉ်ကို ရွှေဆိုင်းလိုက်ဖို့ သာရှိတော့သည်ဟု ကျွန်မဆုံးဖြတ်ချင်လာသည်။ ဒီအခိုက်မှာပင် အကြံတစ်ခုရလာသည်။
ပုံစံသစ် အ၀တ်အထည်တွေကို ချုပ်လက်စ အနေအထားနှင့် ထုတ်ပြ၍ မဖြစ်နိုင်ဘူးလား??
ဟုတ်ပြီ..။ ကျွန်မရယ်၊ အပ်ချုပ်ပညာသည်ရယ်၊ အလုပ်ကြမ်းအမျိုးသမီးရယ်၊ အရောင်းဈေးသည်မလေးရယ်၊ ပြီးတော့ အ၀တ်အစားတွေ ၀တ်ဆင်ပြသည့် ကော်ရုပ်တွေရယ်၊ ဒလကြမ်း အသည်းအသန် အလုပ်လုပ်ကြ သည်။ 13-ရက်တိတိ မနားမနေ လုပ်ကိုင်ပြီးနောက် သတ်မှတ်ထားသည့်နေ့ရက်တွင် ရှီယာပရယ်လီဆောင်း အထည်ပြပွဲကို အချိန်အတိအကျ ဖွင့်လှစ်နိုင်ခဲ့သည်။
တင်ဆက်ပြသထားသည့် ပစ္စည်းတွေလည်းကြည့်ပါဦး...။ တချို့ကကုတ်အင်္ကျီတွေမှာ လက်မပါသေး။ တချို့က လက်တစ်ဖက်ပဲ တပ်ထားသည်။ ကျွန်မတို့ တီထွင်ဖန်တီးထားသည့် အ၀တ်အထည် အများအပြားက တကယ်ချုပ်လုပ်ပြီးသည့်အခါ မည့်သည့်ပုံစံမျိုးဖြစ်မည်ဆိုတာ မှန်းဆနိုင်ရုံ ပိတ်စလေးတွေညှပ်ကာ ပုံစံမှာကပ်ပြထားရုံလောက်ပဲရှိသေးသည်။ သို့သော် တမူထူးခြားလှသည့် ပြပွဲကို ပရိတ်သတ်က အထူးအားပေးကာ ချုပ်ထည်အမှာတွေလည်း အများကြီးရခဲ့သဖြင့် ကျွန်မတို့အတွက် အားရကျေနပ်ဖွယ် အောင်မြင်မှုကြီးတစ်ခုဖြစ်သွားခဲ့သည်။
အဖေ၏ အမြှော်အမြင်ကြီးလှသော သြ၀ါဒစကားများက ကျွန်မကို နောက်တစ်ကြိမ် အောင်အောင် မြင်မြင် လမ်းပြကူညီနိုင်ခဲ့ခြင်းပဲဖြစ်ပါသည်။ နောက်ပိုင်းကာလ ကျွန်မဘ၀သက်တမ်း တစ်လျှောက်လုံးပင် အဖေ့သြ၀ါဒ၏ စောင့်ရှောက်မှုကို ကျွန်မ အစဉ်ခံယူရရှိခဲ့ပါသည်။
မြို့လယ်ကွက်သို့ သွားရာလမ်းသည် တစ်လမ်းတည်းမဟုတ်၊ အများပင်ရှိသည်ဟူသော စကားကား တစ်ခါတရံမဟုတ် အမြဲတမ်းမှန်ကန်သောစကား ဖြစ်ချေသည်။
(Elsa Shiaparelli)
ဖေမြင့် ဘာသာပြန်ထားသည်ကို မျှဝေပါသည်။
1 Comments:
awesome post!!! absolutely love it !!! that gives me many points of good views on how to solve the problem!!!
Post a Comment
Subscribe to Post Comments [Atom]
<< Home