Wednesday, September 30, 2009

ဟိုတုံးက ကျွန်တော့ဘ၀ (၃)

         မနီးမဝေးတွင်လည်း ဆင်မ သောင်းစိန်ခိုင်ကို သူ့ဦးစီးက လက်လား(သံကြိုးကို လက်တစ်ဖက်တွင် ချည်၍လွှတ်လားခြင်း)နှင့်လွှတ်ထားသည်ကိုတွေ့ရသည်။ ဆင်မတွင်လည်း မုန်အိုး ဖောင်းနေသည်။ ထိုမုန်အနံ့ကို ရသောအခါ မြင်ဌေးသည် အစ်ထိုးတော့သည်။ (အစ်ထိုးသည်ဆိုသည်မှာ အံကြိတ်သံနှင့်တူပြီး အစ်အစ်ဟူသောသေးသေးစူးစူး အသံတစ်မျိုး ထွက်ပါသည်။) ထိုအသံသည် ဦးစီးအတွက် အန္တရယ်အချက်ပေးခေါင်းလောင်းသံဖြစ်ပါသည်။ ဆင်ဦးစီးတိုင်းသိကြပါသည်။ သို့သော် အရက်အနည်းငယ်ဝင်ထားသော ကိုတင်သန်းကား လုံးဝဂရုမစိုက်ပဲ ဆင်ကို တစ်ချက်နှစ်ချက် ရိုက်ကာ ဆက်လက်မောင်းသွား ပါသည်။ နောက်မှ လိုက်သောကျော်လှိုင်က သတိပေးပြီး ဆင်မ သောင်းစိန်ခိုင်ကို အဝေးသို့ ထွက်သွားရန် လိုက်မောင်း၏။ ကိုတင်သန်းက ဂရုမစိုက်ပဲ ဆက်မောင်းသွားကာ သင်းချိုင်းဘေး ၀ါးရုံပုတ်ကြီးကြီးနှင့် ဆင်ချည်ရန် သစ်ပင်ကြီးကြီးကိုသာ ရှာရင်းမောင်းနေပါသည်။ မြောင်ကျပ်ကလေးတခုနားတွင် သစ်ဖြူပင်ကြီးနှင့် အနားတွင် ၀ါးရုံပင်သုံးလေးပုတ် ရှိသောကြောင့် ထိုနေရာတွင် ချည်မည်ဟု ဆုံးဖြတ်ကာ ဆင်ကို မက်(၀ပ်)ခိုင်းလိုက်ပါသည်။ ဆင်က မက်(၀ပ်)မပေးပဲ ယို့ ရုံ ယို့ပေးပါသည်။ (မက်ဆိုသည်မှာ ခြေရောလက်ပါ လေးဖက်လုံး ရှေ့နောက်ပစ်ကာ ၀ပ်ချလိုက်ချင်းဖြစ်သည်။ဆင်၏ခန္ဓာကိုယ်က လေးသောကြောင့် ချက်ချင်းထရန် မလွယ်ပေ။ ယို့သည်ဆိုသည်မှာ ရှေ့ခြေနှစ်ချောင်းကို အနည်းငယ် ကွေးကာ ခေါင်းကိုငုံ့ ပေးချင်းဖြစ်သည်။ ပြန်ထရန် လွယ်ကူသည်။)
ကိုတင်သန်းမှာ သတိမထားပဲ ခါတိုင်းကဲ့သို့ပင် နားရွက်ဆွဲပီး ဂုတ်ပေါ်မှ ဆင်းလိုက်ပါသည်။ ထိုအချိန်တွင် ကျော်လှိုင်မှာ ခပ်လှမ်းလှမ်းတွင်သာရှိသေးသည် အနားသို့ရောက်မလားသေးချေ။ စိတ်မချ၍ လိုက်လာသော ဆင်ခေါင်းကြီး ဦးဖိုးလှိုင်လည်း ကိုတင်သန်း နောက်ခပ်လှမ်းလှမ်းတွင်ရာက်လာနေသည်။ ဆင်အောက်ဆင်းရန် မက်(၀ပ်)ခိုင်းသံကြား၍ ဆင်လေးဖက်ချ ၀ပ်မှ ခေါင်းပေါ်ကဆင်းရန် အော်ပြောလိုက်သေးသည်။ ကိုတင်သန်းကာ ဂရုမစိုက်ပဲ ဘယ်ဘက်မှဆင်းလိုက်ပါသည်။
နားရွက်ဆွဲရာမှ အောက်ရောက်၍ နားရွက်လွတ်လိုက်ပြီး ဂုတ်ပေါ်မှ သံကြိုးကိုချကာ ညာလက်တွင်ချည်ပါသည်။ ထို့နောက် သံကြိုးစတစ်ဖက်ကို သစ်ဖြူပင်တွင်ချည်ရန် ဆွဲသွားပါသည်။ ထိုအချိန်တွင် မြင့်ဌေးသည် အစ်တစ်ချက်ထိုးကာ တင်သန်းအား နှာမောင်းဖြင့် လှမ်းရိုက်ပါတော့သည်။ အနည်းငယ်မူးနေသောတင်သန်းမှာ မှောက်လျားထိုးလဲကျသွား ပါတော့သည်။ ပြန်မထနိုင်ခင် နောက်မှ မုန်အစ်နေသော မြင့်ဌေးကသူ့သခင်အားသခင်လို့ မြင်တော့ပဲ ချောက်ကလေးထဲ လဲကျနေသော သူ့ဦးစီးတင်သန်း၏ ကျောပြင်အား ရှေ့လက်ဖြင့် နင်းချလိုက်ပါတော့သည်။ ကိုတင်သန်း၏ အော်သံပင်ထွက်မလာနိုင်ချေ။
သံပတ် (ဆင်တွင်ဆွဲထားသောခလောက်) သံနှင့် သံကြိုးသံဆူညံစွာကြားသဖြင့် ကျော်လှိုင်နှင့် ဆင်ခေါင်းကြီးတို့မှာ အပြေးရောက်လာကြလေသည်။မြင်ဌေ့း၏ညာလက် အောက်တွင် ပြားနေသော ကိုတင်သန်းအား တွေ့လိုက်ရပြီး ဆက်လက်၍ လက် တစ်ဖက်ကို ဆွဲဖြုတ်ရန် နှာမောင်းဖြင့် စမ်းနေသည်မြင်ရသဖြင့် နှစ်ယောက်သား ယား ယား (မလုပ်နဲ့ မလုပ်နဲ့) ဟု အတင်းအော်ကာ ကျောက်ခဲကောက်ကာ ထုကြတော့သည်။ နောက်မှအ်ာသံကြောင့် မြင့်ဌေးသည်  ချာကနဲလှည့်ကာဆင်ခေါင်းကြီးနှင့်ကျော်လှိုင်တို့ဆီ အတင်းဝင်တိုက်တော့သည်။ သူတို့နှစ်ယောက်လည်း ခံစရာသစ်ပင်ကိုကြည့်ပြီး ပြေးကြရာ မန်းကျီးပင်တစ်ပင်တွင် ကပ်နေကြသည်။ မြင့်ဌေးလည်း တန်းဝင်မလာချေ။ ၀ါးသုံးရိုတ်လောက်မှ နားရွက်ကားကာနှာမောင်း လိပ်ပြီးကြည့်နေသည်။ ကျော်လှိုင်က ကျွန်တော်ခံထားမယ် ဆင်ခေါင်းကြီးအရင်ပြေးပါဟုပြာသောကြောင့် ဆင်ခေါင်းကြီးလည်း လူအကူခေါ်ရန် ရုတ်တရက် ထွက်ပြေးသွားရာ မြင့်ဌေးသည် ဆင်ခေါင်းကြီးကို ဆက်လိုက်တော့သည်။
  ကျော်လှိုင်လည်း နောက်မှ အသာလိုက်ကာ မြီးထူးကို ပါလာသောလှံနှင့် ပစ်လိုက်ပြီး မြောင်ကမ်းပါးယံသို့  အပြေးတွယ်ကပ်တက်ရတော့သည်။ နောက်မှ လှံချက်ကြောင့် ဆင်ခေါင်းကြီးကိုမဲလိုက်နေရာမှ ကျော်လှိုင်ဖက်သို့ လှည့်လာပြန်သည်။ သို့သော် ကျော်လှိုင်မှာမြောင်ကမ်းပါးပေါ်သို့ရာက်သွားပြီဖြစ်သလို ဆင်ခေါင်းကြီးလည်းလွတ်မြောက်သွားသည်။ ထိုအခါ သူနင်းသတ်ခဲ့သော သူ့သခင်တင်သန်း၏အလောင်းကို ဆုတ်ဖြဲရန် တရွေ့ရွေ့ သွားတော့သည်။ ကျော်လှိုင်လည်း ကမ်းပါးပေါ်မှာ အော်ဟစ်ကာ တွေ့ရာ ကျောက်ခဲ တုတ်တိုတို့ဖြင့် ပစ်ခတ် ချောက်လှန့်သည်။ ထိုအခါ ကျော်လှိုင်ဆီသို့ လိုက်လာပြန်သည်။ ကြားက ကမ်းပါးက ခုနစ်ပေရှစ်ပေလောက်ရှိသဖြင့် ရုတ်တရက် တက်ကာ မလိုက်နိုင်ချေ။ တခါ အလောင်းဘက်လှည့်လိုက်၊ ကျော်လှိုင်က အော်ဟစ် ခဲဖြင့်ပစ်လိုက်၊ ကျော်လှိုင်ဘက်လှည့်လိုက်နှင့် သုံးလေးခါဖြစ်နေချိန်ကျမှ ဆင်ခေါင်းကြီးခေါ်လာသော ဆင်သမားလေးငါးယောက်ရောက်လာမှ အတင်းဝိုင်းကာ အောဟစ်ခြောက်လှန့် မောင်းထုတ်ကြရသည်။ သို့မှ ပေစောင်း ပေစောင်းနှင့် ထွက်သွားတော့သည်။ ကျန်လူများလည်းထိုအခါမှ ကိုတင်သန်းအလောင်း သွားရောက်ကြည့်ကြ၏။
  နောက်ကျောတွင်ဆင်တစ်ကောင်လုံး၏ အလေးချိန်ဖိအားကြောင့် ဆင်ရှေ့လက်ရာကြီးမှာ အထင်းသား ပေါ်နေသည်။လူမှာ ချောက်ကလေးထဲ ကွက်တိကျနေသဖြင့် နင်းသည့်နေရာက မပွင့်ထွက်ပဲ နံတိုအောက်မှ အူကလီစာများ ပွင့်ထွက်ကာ မကြည့်ရက်စရာ ကြောက်စရာဖြစ်နေသည်။ အလောင်းကို ပက်လက်လှန်လိုက်ရာလျှာမှာအပြင်သို့ လက်ငါးလုံးလောက်ထွက်နေပြီးမျက်လုံးနှစ်လုံးမှာ ပြူးထွက်နေသည်။ လွန်စွာ မချိမဆန့် ခံလိုက်ရကာ အသက်ထွက်သွား ပုံရသည်။ ထို့နောက် ရွာလူကြီးများအားအကြောင်းကြားကာ အလောင်းအား ထိုသချိုင်းမှာပင် သဂြိုဟ်လိုက်ကြသည်။ တွင်းကိုနက်နက်တူးကာ မြှုပ်လိုက်ကြသည်။ ထို့နောက် အားလုံး သစ်ဆွဲမည့်အစီအစဉ်ဖျက်ကာ ၀ိုင်းသို့ ပြန်လာခဲ့ကြသည်။
မိမိ အထက်ဌာနသို့ စာပို့နှင့် အမြန်အကြောင်းကြားခိုင်းလိုက်သည်။ နောက်နေ့တွင် ၀က်စာကျင်းရွာမှ ရွာသားနှစ်ယောက် ရောက်လာကာ ကိုတင်သန်းမြေပုံအား ဖွထားရာတွေ့ရကြောင်း ဆင်ခြေရာများလည်း တွေ့ရကြောင်း သတင်းလာပို့၍ ဆင်ဝိုင်းမှ လေးငါးယောက် ဓားလှံ လေးခွများယူကာ လိုက်ကြည့်ကြသည်။ မြင့်ဌေးသည် သူ့သခင်အား စိတ်ရှိလက်ရှိ မလုပ်ရ၍ ပြန်လာကာ အလောင်းအား ဖေါ်ရန်ကြိုးစားခြင်းဖြစ်သည်။  ဆင်တို့သည် သူ့သခင်ဖြစ်စေ တစိမ်းဖြစ်စေ နင်းသတ် ထိုးသတ်ပြီးက အလောင်းအား တစ်စစီ ဆွဲဖြဲကာ ခြေတခြား လက်တခြား လွင့်ပစ်တတ်သည်။ ထိုသို့ ပြုလုပ်ရခြင်း အကြောင်းအား မေးမြန်းကြည့်ရာ ဆင်ဦးစီးအိုကြီးများက အကြောက်လွန်းပြီးလုပ်ခြင်းဖြစ်သည်ဟု ပြောကြသည်။ သူတို့သတ်သောသူ ပြန်ရှင်ကာ ပြန်ရန်မူမည်ကိုစိုးသောကြောင့် တစ်စစီဖြဲကာ လွင့်ပစ်ခြင်းဖြစ်သည်ဟု ပြောကြသည်။ လိုက်သွားသော ဆင်သမားများသည် ပုံပျက်နေသောမြေစာပုံအား ငြောင့်များစိုက်ကာ ပြန်ဖို့ထားခဲ့သည်။ နောက်တစ်ကြိမ်ပြန်လာက ငြောင့်စူးကာလန့်သွားစေရန်ဖြစ်သည်။      ဆင်ဝိုင်းသို့ရောက်သောအခါမြို့သို့စာပို့သောသူ ကားကြုံနှင့် ပြန်လိုက်လာပြီး ၀ိုင်းသို့ရောက်နေသည်ကိုတွေ့ရသည်။ လောလောဆယ် လွတ်သွားသော်ဆင်အား ပြန်ဖမ်းရန် ညွှန်ကြားလိုက်ကြောင်းပြောပြသည်။ နောက်နေ့တွင်မြင့်ဌေးအားဖမ်းရန် ၀ိုင်းရှိခေါင်ဆင် မြင့်ကျော်နှင့် တွဲကာဖမ်းရန် အကြံပြုကြသောကြောင့် ဆင်ခေါင်းကြီးလည်း သဘောတူလိုက်သည်။ မြင့်ကျော်နှင့် မြင့်ဌေးသည် သက်တူရွယ်တူဖြစ်သည် ကျုံးလည်း တူတူပင်ဖြစ်သည်။ ငယ်စဉ်ကမူ မြင့်ဌေးကို မြင့်ကျော်က မနိုင်ချေ။ နှစ်ကောင်သား ထိုးကြလျှင် မြင့်ဌေးသာနိုင်လေသည်။ ကြီးလာသောအခါ မြင့်ကျော်သည် စွယ်စုံဆင်ပေါက်ကြီးဖြစ်သည့်အလျှောက် အစွယ်အားကိုးနှင့် အနိုင်ထိုးနိုင်တော့သည်။ ထိုမှ မြင့်ဌေးနှင့် မြင့်ကျော်ခပ်တန်းတန်းဖြစ်သွားသည်။ အရင်လို တွဲမနေတော့ တစ်ကောင်က ချောင်းဖျားတက်လျှင် တစ်ကောင်က ချောင်းအောက်စုန်သည်။ ဦးစီးများလည်း သတိချပ်ကာ လွှတ်ရသည်။ အလုပ်ဆင်ကြီးတွေဖြစ်လာ၍ နှစ်ကောင်တိုက်ခိုက်၍ ဒဏ်ရာအကြီးအကျယ်ရကာ ကျိုးပဲ့လျှင် ဦးစီးများ အရေးယူခံရမည်ဖြစ်သည်။
ထို့ကြောင့် မြင့်ဌေးအား လူချည်းသက်သက် မကပ်ရဲကြသောကြောင့် သူ့ကိုနိုင်သော မြင့်ကျော်နှင့် ကပ်ကာ ၀ိုင်းဖမ်းရန်စီစဉ်ကြသည်။ ထိုသို့ ဆင်ချင်းကပ်ပြီးဖမ်းရာတွင် ဦးစီးရဲရင့်ဖို့လိုသလို ကိုယ်ဆင်ကိုလည်း ယုံကြည်စိတ်ချရမှ ဖြစ်ပေမည်။ ထို့အတူ လျှင်မြန်ဖြတ်လတ်ဖို့လည်းလိုသေးသည်။ မြင့်ကျော်ဦးစီး ကိုကျော်ဝင်းမှာ ဆင်ကိုင်ရိုသေ၍ လူကြီးများသဘောကျကာ မြင့်ကျော်ကိုစီးရသော်လည်း၊ ဆင်ကိုင် ဆင်ခိုင်းတွင်တော့ ပထမတန်းမဟုတ်ချေ။ အကျဉ်းအကျပ်တွင်လည်း အနည်းငယ်ရွံ့တတ်သည်။ ထို့ကြောင့် ဆင်ခေါင်းကြီးမှာသဘောတူလိုက်ပြီးကာမှ ရင်တမမ ဖြစ်နေရတော့သည်။ အကယ်၍ မြင်ဌေးကိုမနိုင်၍ မြင်ကျော်ရှုံးလျှင် ဦးစီးအသက်အန္တရာယ် ရှိသလို မြင့်ကျော်လည်း အစွယ်တစ်ဖက်တော့ချိုးခံရမှာ သေချာသည်။ (ဟိုင်းဆင်များသည် စွယ်စုံဆင်နှင့်တိုက်ခိုက်လျှင် ဦးစွာ စွယ်စုံဆင်၏ အစွယ်ကို ချိုးရန်ကြိုးစားလေ့ရှိသည်။ အစွယ်မရှိမှသာ သူတို့အနိုင်တိုက်နိုင်မည်ဖြစ်သည်။ အားချင်းယှဉ်လျှင် ဟိုင်းဆင်သည် ငယ်စဉ်က မိခင်နို့ကို ကြီးအောင်စို့ခဲ့ရသဖြင့် ခွန်အားကြီးမားကြသည်။ စွယ်စုံဆင်များမှာ အစွယ်ထွက်လာလျှင် မိခင်ဆင်မကြီး နို့အုံကို အစွယ်နှင့်ထောက်မိသဖြင့် မိခင်ဆင်မကြီးမှ နို့စို့မခံပဲ မြန်မြန်နို့ခွဲပစ်ကြသည်။ ထို့ကြောင့် ငယ်အားတွင် ဟိုင်းဆင်က သာသည်။)
မြင့်ကျော်ဦးစီး ကျော်ဝင်းမှာအများရှေ့တွင် မေးသောကြောင့် သူရအောင် ဖမ်းပါမည်၊ သူနှင့်အတူ ကျောလယ်စီး ပဲချိတ်တစ်ယောက်သာပေးပါဟု ရဲရဲကြီးအာမခံလေသည်။ ဆင်ခေါင်းကြီးလည်း တခြားလူမမြင်သဖြင့် ခေါင်းညိတ်သဘောတူလိုက်ပြီး မည်သည့်နေ့ရာတွင် မြူဆွယ်ဖမ်းလျှင်ကောင်းမည်ကို အရင် သွားရောက်လေ့လာ၇န် ဆုံးဖြတ်ပေးလိုက်သည်။ လက်ထောက်ဆင်ခေါင်းကိုထွန်းလင်းနှင့် လေးယောက်အဖွဲ့ ဓားလှံ လေးခွ အစုံအလင်ဖြင့် ထမင်းထုပ်ကာ စခန်းမှ မနက်လင်းလင်းချင်း ထွက်ခွါကြသည်။ တစ်နေ့လုံး မြင့်ဌေး၏ ထူးလမ်းနှင့် စားကျက် အိပ်သည့်နေရာများကို ခြေရာကောက်လေ့လာကြသည်။ မြင့်ဌေးသည် ဆင်မ သောင်းစိန်ခိုင်နှင့်တွဲကာ ၀က်စားကျင်းရွာနှင့် မကျီးကိုင်းရွာနှစ်ရွာကြားရှိ ငှက်ပျောဥယျာဉ်ခြံများနှင့် ဖုန်းဆိုးများတွင်သာ နေထိုင်ကြောင်းတွေ့ရသည်။ ရေကို ပနီချောင်းတွင် ဆင်းသောက်သည်ကိုတွေ့ရသည်။ ထို့နောက် ကိုထွန်းလင်းနှင့်အဖွဲ့ စခန်းပြန်ကာ ရေသောာက်ဆင်းသည့်အချိန်တွင် ခေါင်ဆင်မြင့်ကျော်နှင့် ၀င်ထိန်းကာဝိုင်းဖမ်းရန်စီစဉ်ကြသည်။ နောက်နေ့မနက်စောစော မြင့်ကျော်အား ကုန်းတင်ကာ ဆင်ဝိုင်းရှိလူကုန်ထွက်ကာ ဆင်ဖမ်းထွက်ကြသည်။ ကျေးရွာများအားလည်း ၀က်စာကျင်း ရွာအောက် ပနီချောင်းကိုင်းပြန့်တွင် ဆင်ဖမ်းမည်ဖြစ်သဖြင့် ယာတောသို့သွားမည့်သူများ ယနေ့မသွားရန် အကြောင်းကြားထားရသည်။ ထိုသတင်းကိုကြားသော ရွာသူရွာသားတို့သည် ဆင်ဖမ်းသည်ကိုကြည့်ရန် ပနီချောင်းကိုင်းပြန့်အတွင်းရှိ လက်ပံပင်များ သရက်ပင်များတွင်တက်ကာ ကြည့်နေကြသည်မှာ ပျားအုံကဲ့သို့ဖြစ်နေသည်။ ဆင်ခေါင်းကြီးလည်း သစ်ပင်ငယ်များတွင် တက်ကြည့်နေသူများအား အတင်းဆင်းခိုင်းကာ သစ်ပင်ကြီးကြီးတွင် တက်ကြည့်ရန် လိုက်ပြောရတော့သည်။ တိုးတိုးတိတ်ဖမ်းရန်ကြိုးစားချက်မှာ မအောင်မြင်တော့ချေ။ အောက်ကိုင်းပြန့်ထဲမှ ဆူဆူညံညံ အသံများကြောင့်ဖုန်းဆိုးပေါ်တွင်အစာစားကာကြည်နူးနေကြသော ဆင်မောင်နှံနှစ်ကောင်ထံမှ ခလောက်သံများတိတ်သွားသည်။ တစ်နာရီကျော်ကျော် စောင့်သော်လည်း ရေသောက်ဆင်းမလာတော့ချေ။ နေမြင့်လာပီဖြစ်ဖြင့် မိုးဦးနေမှာ အတော်ပူလာတော့သည်။ နောက်ဆုံး တောခြောက်ကာ ဆင်နှစ်ကောင်အားချောင်းထဲမောင်းချကာ ချောင်းထဲရောက်မှ ဆင်းချင်းကပ်ဖမ်းရန် ဆုံးဖြတ်ကြသည်။ ထို့နောက် လက်ထောက်ဆင်ခေါင်းကိုထွန်းလင်းနှင့် ဆင်သမား ၉ယောက်တို့အား သံပုံး၊ ၀ါးလက်ခုတ် များနှင့် တဖက်တောင်ကြောမှ တက်ကာ မြင့်ဌေးနှင့်သောင်းစိန်ခိုင်နေသော ဖုန်းဆိုးယာတောအား တောချောက်ထုတ်ပါတော့သည်။ (တောချာက်သည်ဆိုသည်မှာ လူရှိသမျှ တန်းစီကာ သံပုံး ၀ါးလက်ခုတ် စသည်များကို ဆူညံစွာတီးကာ ပါးစပ်မှလည်းဝိုင်းအော်ကာ တောတွင်းရှိ တိရစ္ဆာန်များမောင်းထုတ်ခြင်းဖြစ်သည်။)
တောချောက်သံကြားသော ဆင်နှစ်ကောင်မှာငြိမ်နေရာမှ အောက်ကိုင်းမြေပြန့်သို့ဆင်းလာလေသည်။ ချောင်းစပ်ရောက်သော် မြင့်ကျော်၏အနံ့ကို ရသွားလေသည်။ မြင့်ဌေးသည် နှာမောင်းကိုလေတွင်မြောက်ကာ  အနံ့စစ်နေလေသည်။ ထို့နောက် အစ်ထိုးကာ တစ်လှမ်းခြင်းချောင်းကို ကူးလာတော့သည်။မြင့်ကျော်အား ချောင်းစပ်မှ ကိုက်ရှစ်ဆယ်ခန့်ကွာသော လက်ပံပင်ကြီးအောက်တွင် ပုံးစောင့်နေစေသည်။ မြင့်ကျော်သည် အစတွင်ငြိမ်ကာ ခေါင်းပေါ်မှ ဦးစီးပြောသလိုနားထောင်သော်လည်း မြင့်ဌေး၏ မုန်နံ့ရပြီး အစ်ထိုးသံကြားသောအခါ ဂနာမငြိမ်ဖြစ်လာတော့သည်။ ဦးစီးကျော်ဝင်းလည်း ပိုင်မှ ထွက်တိုက်ရန် ဒူအုပ်ခါ ဆင်ကိုရပ်ထားသော်လည်း သူ့ဆင် အခြေအနေမဟန်မှန်း ရိပ်မိလာသည်။ ကုန်းလည်စီး ကျော်လှိုင်အား အခြေအနေကြည့်လိုက်ရန်နှင့် မဟန်လျှင်ခုန်ဆင်းထွက်ပြေးရန် တိုးတိုးတိတ်တိတ်မှာထားသည်။ မြင့်ဌေးသည် ချောင်းလယ်မှ ကမ်းစပ်သို့ရောက်လာကာ ကမ်းပါးခပ်ပြေပြေကိုတက်လာသည်ကို မြင်ကျော်မြင်သောအခါ ဦးစီးအခိုင်းကို မစောင့်ပဲ အစ်ထိုးကာ ၀င်တော့သည်။ ရုတ်တရက် ဆင်ထွက်သွားသောအခါ ကုန်းလည်စီး ကျော်လှိုင်မှာ ပြုတ်ကျကျန်ခဲ့တော့သည်။ အောက်ခြေမှ သဲပြင်ဖြစ်၍သာတော်တော့သည်။ ကျော်ဝင်းလည်း နောက်လှည့်ကြည့်၍ ကျော်လှိုင်မပါသောအခါ သူလည်း ဆင်ပေါ်မှ ခုန်ချကာ နီးရာ ကမ်းပါးယံတွယ်ကပ်တက်တော့သည်။ ဆင်နှစ်ကောင်ကား ချောင်းကမ်းပါးစပ်တွင် တွေ့ကြလေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်......

1 Comments:

At October 1, 2009 at 5:43 AM , Blogger ဝက်ဝံလေး said...

ဟယ် စိတ်ဝင်စားစရာတွေပါပဲလား ငါ ဆင်တွေအကြောင်း ကမ္ဘီရတို့ သူရဇ္ဇတို့မှာ ဖတ်ဖူးတယ် ဒါကတော့ အတ္တ ရဲ့ ကိုယ်တွေ့ပေါ့နော် ဟုတ်လား

အင်း ဆက်ရေးနော် ဖတ်မယ်

 

Post a Comment

Subscribe to Post Comments [Atom]

<< Home