Tuesday, November 30, 2010

သီလအမျိုးမျိုး

 သီလ ဟူသည် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု၏ စင်ကြယ်ခြင်းများ ပင်ဖြစ်ပါသည်။ ဟိရီသြတ္တပ္ပတရား နှစ်ပါး (အဟိရက+အနောတ္တပ) ရှိမှ သီလကို ဆောက်တည်နိုင် စောင့်ထိန်းနိုင်သောကြောင့် ဟိရီသြတ္တပ္ပ တရားနှစ်ပါး သည် သီလ၏ အနီးဆုံးသော အကြောင်းလည်းဖြစ်သည်။ 
        အဟိရက = မကောင်းမှုပြုရန်မရှက်ရွံ့ခြင်း၊
        အနောတ္တပ္ပ = မကောင်းမှုပြုရန် မကြောက်လန့်ခြင်း၊
 ဆိုသော တရားနှစ်ပါးမရှိမှ သာလျှင် သီလကိုလုံခြုံစွာ စောင့်ထိန်းနိုင်မည် ဖြစ်သည်။

၁။ ဤအမှုကို ပြုရမည်ဟု ပညတ်တော်မူအပ်သော အာစရိယ၀တ် အစရှိသော သိက္ခာပုဒ်များကို ဘုရားရှင်  အလိုတော်ကျအတိုင်း လိုက်နာပြုကျင့်ခြင်းသည် "စာရိတ္တသီလ" ဖြစ်သည်။

၂။ ဤအမှုကို မပြုကျင့်ရဟု ပညတ်တော်မူအပ်သော ပါရာဇိက အစရှိသည့် သိက္ခာပုဒ်တို့ကို ဘုရားရှင် အလိုတော်ကျအတိုင်း စောင့်စည်းထိန်းသိမ်း ခြင်းသည်  "၀ါရိတ္တသီလ" ဖြစ်သည်။

၃။ မဂ်သီလ၊ ဖိုလ်သီလနှင့် ပြည့်စုံစေရန် ဟောကြားပညတ်အပ်သော အာဇီဝဋ္ဌမကသီလမှ ကြွင်းသော သီလအစုသည်  "အာဘိသမာစာရိက သီလ" ဖြစ်သည်။

၎။ မြတ်သော အရိယာမဂ် အကျင့်ကိုရရန် ရှေးဦးစွာ ဤတရားစုကို ကျင့်ကြံစေရမည်ဟု ဟောကြားအပ်သော အာဇီဝဋ္ဌမကသီလသည် "အာဒိဗြဟ္မစရိယသီလ" ဖြစ်သည်။

၅။ ကောင်းသော စကားပြောခြင်း၊ ကောင်းသော အမှုကိစ္စပြုလုပ်ခြင်း၊ ကောင်းသောအသက်မွေးမှု ပြုခြင်း တည်းဟူသော ၀ိရတီစေတသိက် သုံးပါးသည် "၀ိရတီသီလ" ဖြစ်သည်။

၆။ စေတနာ၊ အလောဘ၊ အဒေါသ၊ အမောဟနှင့် သံဝရငါးပါး အ၀ီတိက္ကမတရားတို့သည် "အ၀ိရတိသီလ" ဖြစ်သည်။

၇။ တဏှာကိုဖြစ်စေ၊ ဒိဋ္ဌိကိုဖြစ်စေ အမှီပြု၍ စောင့်ထိန်းအပ်သော သီလသည် "နိဿိတသီလ" ဖြစ်သည်။

၈။ တဏှာဒိဋ္ဌိနှစ်ပါးကို အမှီမပြုပဲ မြတ်သောအကျင့်ကို ငါကျင့်မည်ဟူ၍ နှလုံးသွင်းပြီး ကျင့်အပ်သော သီလသည် "အနိဿိတသီလ" ဖြစ်သည်။

၉။ မိစ္ဆာအယူရှိသော အလေ့အကျင့် သီလမျိုးသည် "ဒိဋ္ဌိနိဿသီလ" ဖြစ်သည်။ (ဤသီလကို ဗုဒ္ဓဘာသာဝင်များ စောင့်သုံးခြင်းမရှိပါ။)

၁၀။ အလိုရှိသလောက် ကာလကိုပိုင်းခြား၍ စောင့်သုံးအပ်သောသီလသည် "အာပါဏကောဋိကသီလ" ဖြစ်သည်။

၁၁။ ကာလကို မပိုင်းခြားပဲ အသက်ထက်ဆုံး စောင့်သုံးအပ်သော သီလသည် "အာပါဏကောဋိသီလ" ဖြစ်သည်။

၁၂။ ဥစ္စာ၊ အခြံအရံ၊ ဆွေမျိုး၊ အင်္ဂါကြီးငယ်၊ အသက် ဤငါးပါးတို့တွင်  တစ်ပါးပါးကြောင့် ချိုးဖျက်လိုက်ရသော သီလသည် အဆုံးရှိသော "သပရိယန္တသီလ" ဖြစ်သည်။

၁၃။  ဤငါးပါးတို့ဖြင့် ဖျက်၍မရဘဲ ကောင်းစွာ စောင့်သုံးအပ်သော သီလသည် အဆုံးမရှိသော "အပရိယန္တသီလ"  ဖြစ်သည်။

၁၄။  အာသဝေါတို့၏ အာရုံဖြစ်သော အာသဝေါတရားတို့ အာရုံအပြုခံရသော သီလသည် "လောကီယသီလ" ဖြစ်သည်။


၁၅။ အာသဝေါတရားတို့၏ အာရုံမဟုတ်သော အာသဝေါတရားတို့၏ အာရုံ အပြုမခံရသော သီလသည် "လောကုတ္တရသီလ" ဖြစ်သည်။

၁၆။ ကျော်စောဂုဏ်သတင်းကို လိုလား၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် အညံစား "ဟီနသီလ" ဖြစ်သည်။

၁၇။ ကောင်းမှု၏ ဘ၀ချမ်းသာကို လိုလားတောင့်တ၍ ဆောက်တည်ကျင့်သုံး အပ်သော သီလသည် အလတ်စား "မဇ္ဈိမသီလ" ဖြစ်သည်။

၁၈။ တရားတော်၏ မြင့်မြတ်မှုကို နှလုံးသွင်းကာ ဆောက်တည်ကျင့်သုံး  အပ်သော သီလသည် အမြတ်စား ဖြစ်သော "ပဏီတသီလ" ဖြစ်သည်။

၁၉။ မိမိ၏ မသင့်လျော်သော အကျင့်အကြံများကို စွန့်ပစ်လိုသဖြင့် မိမိကိုယ်ကို မိမိအလေးပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် "အတ္တာဓိပတေယျသီလ" ဖြစ်သည်။

၂၀။ လူအများ ကဲ့ရဲ့ရှုတ်ချခြင်းကို ပယ်ရှားလိုသဖြင့် လူအများကို အလေးဂရုပြု၍ ဆောက်တည်ကျင့်သုံး အပ်သော သီလသည် "လောကာဓိပတေယျသီလ" ဖြစ်သည်။

၂၁။ တရားတော်၏ မြင့်မြတ်မှု ဂုဏ်ကျေးဇူးကို ပူဇောလိုသဖြင့် တရားတော်ကို အလေးဂရုပြု၍ ဆောက်တည် ကျင့်သုံးအပ်သော သီလသည် "ဓမ္မာဓိပတေယျသီလ" ဖြစ်သည်။

၂၂။ တဏှာဒိဋ္ဌိ တို့ဖြင့် လွဲမှားသုံးသပ်အပ်သော သီလသည် "ပရာမဋ္ဌသီလ" ဖြစ်သည်။

၂၃။ ကလျာဏ ပုထုဇဉ်တို့ ဆောက်တည်ကျင့်သုံးအပ်သည့် မဂ်၏ အဆောက်အဦဖြစ်သော သီလသည် လည်းကောင်း၊ သေက္ခအရိယာ ပုဂ္ဂိုလ်တို့၏ မဂ်ခဏ၌ဖြစ်သော သီလသည်လည်းကောင်း "အပရာမဋ္ဌသီလ" ဖြစ်သည်။

၂၄။ ဖိုလ်စိတ်လေးပါး၌ ရှိသောသီလသည် "ပဋိပဿဒ္ဓိသီလ" ဖြစ်သည်။

၂၅။ စင်ကြယ်သောပုဂ္ဂိုလ်၏ သီလသည် "၀ိသုဒ္ဓိသီလ" ဖြစ်သည်။

၂၆။ မစင်ကြယ်သောပုဂ္ဂိုလ်တို့၏ သီလသည် "အ၀ိသုဒ္ဓိသီလ" ဖြစ်သည်။

၂၇။ ယုံမှားသံသယရှိနေသော ပုဂ္ဂိုလ်၏ သီလသည် "ဝေမတိကသီလ" ဖြစ်သည်။

၂၈။ မဂ်တရား လေးပါး၊ အောက်ဖိုလ် သုံးပါးတို့နှင့် ယှဉ်သောသီလသည် "သေက္ခသီလ" ဖြစ်သည်။

၂၉။ အရဟတ္တဖိုလ်နှင့် ယှဉ်သောသီလသည် "အသေက္ခသီလ" ဖြစ်သည်။

၃၀။ ထိုမှကြွင်းသော သီလအစုသည် "နေ၀သေက္ခနာသေက္ခသီလ" ဖြစ်သည်။ (ပုထုဇဉ်တို့၏ သီလအစုပင် ဖြစ်ပါသည်။)

၃၁။ ယုတ်လျော့သွားမည်သာဖြစ်သော သီလသည် "ဟာနဘာဂိယသီလ" ဖြစ်သည်။

၃၂။ တည်တံ့နေမည်သာဖြစ်သော သီလသည် "ဌိတိဘာဂိယသီလ" ဖြစ်သည်။

၃၃။ ထူးမြတ်မည်သာ ဖြစ်သောသီလသည် "၀ိသေသဘာဂိယသီလ" ဖြစ်သည်။

၃၄။ ကိလေသာအမှောင်ထုကို ဖောက်ထွင်းဖြိုခွဲနိုင်သော သီလသည် "နိဗ္ဗေဓဘာဂိယသီလ" ဖြစ်သည်။

၃၅။ ရဟန်းယောင်္ကျားများ စောင့်ရှောက် ထိန်းသိမ်းအပ်သော သီလသည် "ဘိက္ခုသီလ" ဖြစ်သည်။

၃၆။ ရဟန်းမများ စောင့်ရှောက် ထိန်းသိမ်းအပ်သော သီလသည် "ဘိက္ခုနီသီလ" ဖြစ်သည်။

၃၇။ သာမဏေယောက်ျား/မ များ စောင့်ထိန်းကျင့်သုံးအပ်သော ဆယ်ပါးသီလသည် "အနုပသမ္ပန္နသီလ"  ဖြစ်သည်။

၃၈။ လူတို့စောင့်သုံးအပ်သော ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့သည် "ဂဟဋ္ဌသီလ" ဖြစ်သည်။

၃၉။ လူအများကျင့်သုံးအပ်သော သီလအဖြစ်ဖြင့် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့အပြင် ဗြဟ္မစရိယ ပဉ္စမသီလလည်းရှိသေး၏။ ယင်းသီလမှာ ငါးပါးသီလပင်ဖြစ်၏။ ပကတိငါးပါးသီလမှ ကာမေသုမိစ္ဆာရ သိက္ခာပုဒ်အစား "အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ဟူ၍ ဆောက်တည် လိုက်လျှင် "ဗြဟ္မစရိယ ပဉ္စမသီလ" ဖြစ်သည်။

၄၀။ "ဗြဟ္မစရိယပဉ္စမဧကဘတ္တိကသီလ" ဟူ၍လည်းရှိသေး၏။ ဧကဘတ္တိကဟူသည် နံနက်စာ ထမင်း တစ်ထပ်တည်းကိုသာ စားရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းသီလကို စောင့်သုံးလိုလျှင် ဗြဟ္မစရိယပဉ္စမသီလ စောင့်သုံး ခံယူသည့်အခါ အဆုံးတွင် "၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" ဟု သိက္ခာပုဒ် တစ်ခုတိုး၍ ဆောက်တည်လိုက်လျှင် "ဗြဟ္မစရိယပဉ္စမ ဧကဘတ္တိယသီလ" ဖြစ်သွားသည်။

၄၁။ လူတို့သည် ပါဏာတိပါတ စသောသိက္ခာပုဒ်ငါးပါးတို့ကို မလွန်ကျူးခြင်းသည် ပင်ကိုယ်သဘောအားဖြင့် ပြည့်စုံသော "ပကတိသီလ"  ဖြစ်သည်။

၄၂။ အမျိုးအားဖြင့်ဖြစ်စေ၊ အရပ်ဒေသအားဖြင့်ဖြစ်စေ၊ ပါသဏ္ဍခေါ် အယူဝါဒအားဖြင့် ဖြစ်စေ မိမိတို့၏ ရှေးလူကြီးများက ထားရှိခဲ့သော အပိုင်းအခြားစည်းကမ်းအတိုင်း ကျင့်ကြံခြင်းသည် "အာစာရသီလ" ဖြစ်သည်။

၄၃။ မိမိတို့ အမျိုးအစဉ်အဆက် ရှောင်ကြဉ်လာသော မကောင်းမှု ဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် "ကုလအာစာရသီလ" ဖြစ်သည်။

၄၄။ မိမိတို့ အရပ်ဒေသမှာ အများရှောင်ကြဉ်ကြသော မကောင်းမှု ဖြစ်သည့်အတွက် ရှောင်ကြဉ်ခြင်းသည် "ဒေသအာစာရသီလ" ဖြစ်သည်။

၄၅။ တဏှာဒိဋ္ဌိ ကျော့ကွင်းတို့ကို ဖြစ်စေတတ်သော ပါသဏ္ဍအယူဝါဒ အရ ရှောင်ကြဉ်ခြင်းသည် "ပါသဏ္ဍသီလ" ဖြစ်သည်။

၄၆။ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသည့်အခါမှစ၍ မယ်တော်၏ စိတ်သန္တာန်တွင် ယောက်ျားများ၌ ကာမဂုဏ်အတွက် နှစ်သက်မက်မော သည့် စိတ်မရှိခြင်းတည်းဟူသော သီလသည် "ဓမ္မတာသီလ" ဖြစ်သည်။

၄၇။ ရှေးရှေးဘ၀များစွာက ကျင့်သုံးခဲ့ဖူးသော ကံကြောင့် ယခုဘ၀မှာ မည်သူကမျှ မဟောပြရဘဲ အလိုအလျောက် စောင့်သုံးဖြစ်ပေါ်လာသော သီလကြီး လေးပါးလည်းရှိသည်။ ယင်းတို့မှာ -
          (က) ပါတိမောက္ခသံဝရသီလ၊
        ( ခ ) ဣန္ဒြိယသံဝရသီလ၊
        ( ဂ ) အာဇီဝပါရိသုဒ္ဓိသီလ၊
        (ဃ) ပစ္စယသန္နိဿိတသီလ၊
ဟူ၍ဖြစ်ပါသည်။ ထိုလေးပါးတို့မှာ ရဟန်းနှင့် အထူးသက်ဆိုင်သော သီလဖြစ်ပါသည်။

၄၈။ လူ သာမဏေတို့၏ သီလသည် အရေအတွက်အားဖြင့် အပိုင်းအခြားရှိ၍ စင်ကြယ်စေအပ်သော သီလ ဖြစ်သောကြောင့် "ပရိယန္တပါရိသုဒ္ဓိသီလ" ဖြစ်သည်။

၄၉။ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော ရဟန်းတို့၏ ၀ိနည်း ကျင့်ဝတ်များကို သင်္ဂါယနာတင် အရှင်မြတ် များက အကျဥိးချုပ် ပြဆိုတော်မူ ကြသော သိက္ခာပုဒ် သီလအပေါင်းသည် "အပရိယန္တပါရိသုဒ္ဓိသီလ" ဖြစ်သည်။

၅၀။ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်တို့၏ အပြည့်အစုံ စင်ကြယ်စေအပ်သော သီလသည် "ပရိပုဏ္ဏပါရိ သုဒ္ဓိသီလ" ဖြစ်သည်။

၅၁။ သေက္ခအရိယာပုဂ္ဂိုလ်တို့၏ ဒိဋ္ဌိဖြင့်မသုံးသပ်အပ်သော သီလနှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ တဏှာရာဂဖြင့် မသုံးသပ်အပ်သော သီလများသည် "အပရာမဋ္ဌပါရိသုဒ္ဓိသီလ" ဖြစ်သည်။

၅၂။ ရဟန္တာပုဂ္ဂိုလ်စသည်တို့၏ သီလသည် အလုံးစုံသော ကိလေသာ အပူအပင် ဟူသမျှ ငြိမ်းချမ်းခြင်းဖြင့် စင်ကြယ်သည်၏ အဖြစ်ကြောင့် "ပဋိပဿဒ္ဓိသီလ" ဖြစ်သည်။

၅၃။ အဆင့်ဆင့်သော ကုသိုလ်တရားဖြင့် ပယ်ရှားသင့်သော အရာ ဟူသမျှကို ပယ်ရှားခြင်းသည် "ပဟာနသီလ" ဖြစ်သည်။

၅၄။ ပါဏာတိပါတ စသော ရှောင်ကြဉ်ဖွယ်တို့ကို ရှောင်ကြဉ်ခြင်း ၀ိရတီ စေတသိက်ပြဋ္ဌာန်းသည့် ကုသိုလ် စေတသိက်စုသည် "ဝေရမဏိ သီလ" ဖြစ်သည်။

၅၅။ ပါဏာတိပါတ စသည်တို့ကို ပယ်ရှားရှောင်ကြဉ်မှုနှင့် စိတ်ကို တွဲစပ်စွဲမြဲစေသော စေတနာတရားသည် "စေတနာသီလ" ဖြစ်သည်။

၅၆။ သတိစေတသိက် ပြဋ္ဌာန်းသည့် ကုသိုလ်စေတသိက်စုသည် "သံဝရသီလ" ဖြစ်သည်။

၅၇။ ပယ်ရှားရှောင်ကြဉ်အပ်သော ပါဏာတိပါတ စသော အမှုတို့ကို မလွန်ကျူးသောအားဖြင့် ဖြစ်သော ကုသိုလ် စေတသိက် တရားစုသည် "အ၀ီတိက္ကမသီလ" ဖြစ်သည်။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်(သာထွန်းပြန့်) စာအုပ်မှ ဖေါ်ပြပါသည်။

သီလ ကို အဘိဓာန်တွင်  -
သီလ = (န) အလေ့။ အလေ့အကျင့်။ အလေ့သဘော။ သီလ
ဟု ဖွင့်ဆိုထားရာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ နေ့စဉ် ပြုလုပ်သော အလေ့အထကို သီလဟုလည်း အဓိပ္ပါယ်ကောက်နိုင်ပါသည်။

ထို့ကြောင့် သီလဟု ဆိုရာ၌  ကောင်းသောအကျင့်ကိုသာ ဆိုလိုပါသည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home