ကမ္မဋ္ဌာန်းရွေးနည်း၊ ၀ိပဿနာရှုနည်း (ယောဂီသစ်များအတွက်)
ဝိပဿနာရှုနည်း သင်တော့မယ်ဆိုတာ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်ရလိမ့်မယ်။
(ကာယနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်)
ကာယနုပဿနာ ဆိုတာ ရုပ်ကိုရှုတယ်။
ဝေဒနာနုပဿနာ ဆိုတာက ဝေဒနာကိုရှုတာပါ။
အေး - စိတ္တာနုပဿနာဆိုတာက စိတ်ကိုရှုတာပါ။
ဓမ္မနုပဿနာဆိုတာက သညာ၊ သင်္ခါရ နှစ်ခုကို ရှုတာပါဘဲ။
သတ္တ၀ါစရိုက်မတူတာနဲ့ လေးမျိုးပြားလိုက်ရတယ်။ တရားဟာ အားလုံးပဲ သိပြီးသား ရမ်းပေးလို့ မဖြစ်ဖူး။ တချို့ယောဂီတွေက အမျိုးမျိုးအဖုံဖုံ ရှိကြပါတယ်။ သူတို့ဆီရောက်ရင် သူတို့ဟာ ပေးတာပဲ၊ ဘာစရိုက် - ညာစရိုက် မရွေးပါဘူး။ ဒါဖြင့် ကိုက်ပါ့မလား။
မကိုက်ပါဘူးတဲ့။ ဒါတွေကို ခင်ဗျားတို့က စဉ်းစား၊ ရှေ့နောက် အစဉ်လွဲလို့ မှားတာကတစ်မျိုး၊ ကမ္မဌာန်းအပေးလွဲလို့ မှားတာကတစ်မျိုးပါ။ ဒါဖြင့် မှားစရာအချက်တွေ များနေပါတယ်။
ကဲ - ဒါဖြင့် ဉာဏ်နဲ့ ကျပ်ကျပ်စဉ်းစားပြီး သြော် .. တို့ - ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို လိုချင်သော် ငြားသော်လည်း၊ ခေါင်းဆောင်ကောင်း တော်တော်အရေးကြီးတယ်။
အခုဘယ်လိုသိရတုံးဆိုတော့ ဒိဋ္ဌိမခွါဘဲနဲ့ ၀ိပဿနာ ရှုနေသော်လည်း အလကားဝိပဿနာ၊ စရိုက်မသိပဲနဲ့ ကမ္မဋ္ဌာန်းပေးနေလို့ရှိရင်လဲ၊ အလကားဆရာဖြစ်ရမယ်။
ဘာဖြစ်လို့ အလကားဆရာဖြစ်ရတုံး ဆိုတော့ ဒီ အားထုတ်တဲ့ ပုဂ္ဂိုလ်ပန်းရုံပဲ၊ ဘုရားက သတိပဋ္ဌာန် လေးပါး ဘာဖြစ်လို့ ဝေဖန်ရတုံးဆိုတော့ စရိုက်နဲ့ ဝေဖန်တာ၊ စရိုက်နဲ့ ဥာဏ် အနုံ့ အထက်နဲ့ ဝေဖန်တာ။
တရားပေးတဲ့အခါ မတူဘူးဆိုတဲ့ သတ္တ၀ါစရိုက်တွေ မတူဘူးဆိုတာ သိပြီး ဝေဖန်တဲ့ အဓိပ္ပါယ်ပဲ။
အဲဒါ ဘုန်းကြီးတို့ ဒီမှာ တစ်ခါတလေ တချို့ ဝေဒနာပေးတယ်၊ တချို့ကျတော့ စိတ်ပေးတယ်။ သူ့စရိုက်ကို အကဲခတ်ရတာကို ပေးရပါတယ်။ အင်း တချို့ကျတော့လည်း ရုပ်ကိုပေးရတယ်။ တချို့ကျတော့လည်း သစ္စာပိုင်းကချည်း ပေးရတယ် ဓမ္မာနုပဿနာက သစ္စာ။
အင်း ... မင်းဒုက္ခသစ္စာကြီး ရှုစမ်း၊ ဒီလိုလည်း ပေးရတာရှိတယ်။ ကဲ - ဒါဖြင့် ဒကာဒကာမတို့ သတိပဋ္ဌာန် လေးပါး ပြန်ကောက်ကြစို့နော်။ ဘယ်နှယ်ကြောင့် လေးပါး ဝေဖန်ရပါလိမ့်ဆိုတော့ သတ္တ၀ါတို့၏ စရိုက်ကြောင့်နော်၊ ဒါဖြင့် သတ္တ၀ါစရိုက် သူ့စရိုက်နဲ့တော်တဲ့ ကမ္မဋ္ဌာန်းကို သူ့ပေးရမှာပါဘဲ။ သူ့စရိုက်နဲ့ မတော်တဲ့ ကမ္မဋ္ဌာန်းကို သူ့ပေးမိလို့ရှိရင် မျောက် အုန်းသီးရဖြစ်လိမ့်မယ်။ မျောက် အုန်းသီးရတော့ မခွဲစားတတ်ဖူးလို့ မှတ်ပါ။
ပါးစပ်နဲ့ကိုက်ရမှာလည်းခက်၊ ပေါက်ခွဲလို့ရှိရင်ကော မရပါဘူး၊ အဲ သူ့စရိုက်နဲ့ မတော်တဲ့ ကမ္မဋ္ဌာန်းဆရာက ပေးမိလို့ရှိရင် ခင်ဗျားတို့ မျောက်အုန်းသီးရဖြစ်လိမ့်မယ်ဆိုတာ ရှင်းပြီးနော်၊ ဒါဖြင့် ဟောတဲ့ ဆရာဘုန်းကြီးက အစုံဟောလိမ့်မယ့်။
အစုံဟောမယ်၊ ကာယနုပဿနာလည်းဟော၊ ဝေဒနာနုပဿနာလည်းဟော၊ စိတ္တာနုပဿနာဟော၊ ဓမ္မနုပဿနာလည်းဟော အကုန်ဟောလိမ့်မယ်။ ဟောတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့က -
အချည်ကြိုက်လို့ရှိရင် ဒေါသသမားလို့မှတ်၊
အချိုကြိုက်လို့ရှိရင် လောဘသမားလို့မှတ်ပါ။ အချိုများများကြိုက်ရင် လောဘသမားပါ။
အဆိမ့်ကြိုက်ရင် မောဟသမားပါ။ အခါးတို့ အဆိမ့်တို့ ကြိုက်ရင် မောဟသမားပါ။
အဲဒါကိုယ့်အစာနဲ့ကို အကဲခတ်၊ အိမ်ကျတော့မှ အကဲခတ်၊ ... အေး... အိမ်ကျတော့ ကဲ အချဉ်ကြိုက်ရင် ဒေါသသမားပါပဲ။
အချိုကြိုက်ရင်လောဘသမားပါ၊ အင်း အခါးတို့ အဆိမ့်တို့ကြိုက်ရင် မောဟသမားပါ၊ လောဘ၊ ဒေါသ၊ မောဟ တော့ သေချာပါတယ်။ ဒါ သူ့စရိုက်နဲ့သူ စားတယ်။ သူ့စရိုက်နဲ့သူစားတယ်။ အဲ ...-
လောဘသမားဖြစ်ခဲ့လို့ရှိရင် ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း သူကိုင်ရမယ်။
ကိုင်း.. ဒေါသသမားလည်း ဥာဏ်နဲ့နီးတယ်။ ဒေါသသမားဆိုရင် ဓမ္မနုပဿနာပေးရမယ်။ သူက ငါမလုပ်တော့ဘူး ဆိုလို့ရှိရင် ဒေါသသမားက မလုပ်တော့ဘူး။ ပျော့နွဲ့ပြီး ဟိုကပ် ဒီကပ် လုပ်မနေတော့ဘူး။ မလုပ်ဆို မလုပ်ဘူးဟေ့၊ ဒါ ဒေါသသမား၊ အဲ - ဒေါသဖြုတ်လို့ရှိရင် ဥာဏ်ဘက်လှည့်သွားတယ်။ ကောင်းပြီး ဒါဖြင့် ဒကာဒကာမတို့ ကိုယ့်ဟာကို ချိန်တဲ့ အခါကျလို့ရှိရင် ဒါ တချို့ကျတော့လည်း အလုပ်တစ်ခုလုပ်မယ် ကြံလို့ရှိရင် ကြံလုံးဖန်လုံးတွေ ရှိသေးတယ်။ ဖြုန်းကနဲ အလုပ်မသွားသေးဘူး၊ အဲဒီဥစ္စာကျတော့ ၀ိတက်သမား ၀ိတက်စရိုက်ရှိတယ်။
ဝိတက်စရိုက်ရှိရင် ကာယာနုပဿနာဖြစ်တဲ့ အာနပါန စလုပ်၊ ဒါမှရမယ်။ နို့မို့လို့ရှိရင် ကမ္မဋ္ဌာန်းလွဲမယ်။
ဒါဖြင့် ကမ္မဋ္ဌာန်းနဲ့ လူဟာလည်း လူနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ စရိုက်နဲ့ ၊ စရိုက်ဆိုတာက သေသေချာချာမှတ်ပါ၊ ဘ၀များစွာက အမြဲတမ်းအထုံပါလာခဲ့တယ်၊ အထုံက ဘယ်နည်းနဲ့မှ မစွန့်ဘူး၊ ရှင်သာရိပုတ္တရာကိုယ်တော်ကြီး ချောင်းခုန်သလို မှတ်ပါ။ ရဟန္တာဖြစ်တာတောင် ချောင်းခုန် ကူးပါတယ်နော်..။
မျောက်ဖြစ်ခဲ့တာများလွန်းလို့ ဆိုတော့ သေချာပါတယ်။ အဲတော့ ဒကာဒကာမတို့တဲ့ အင်မတန် အရေးကြီးတဲ့ ရွေးနည်းပါပဲ၊ ရွေးတတ်ကြပလား...။ ရွေးတတ်လို့ရှိရင် ဒီဥစ္စာ တရားဟောတဲ့ ဘုန်းကြီးက အစုံးပေးသော်ငြားလည်း ခင်ဗျားတို့က ကိုယ်စရိုက်နဲ့ကိုယ် - ကိုယ်ကြိုက်တဲ့၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ၊ ကိုယ့်စရိုက်နဲ့ လိုက်တာရှု...။ အင်း -
ဒိဋ္ဌိများလို့ရှိရင် စိတ္တာနုပဿနာရှုရလိမ့်မယ်၊ ပညာစရိုက်များတဲ့ ပုဂ္ဂိုလ် သစ္စာရှု၊ ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ် ရုပ်ရှု။
သတိပဋ္ဌာန်လေးပါးဟာ စရိုက်လိုက်ပြီး ထားရတယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်နော်။ သတိပဋ္ဌာန်လေးပါးထားရတာက စရိုက်မတူလို့ပါ၊ စရိုက်က အမျိုးမျိုးရှိတယ်လို့ မှတ်ထားရမယ်။
တချို့က ရာဂစရိုက် လောဘအားကြီးတယ်၊ တချို့ကျတော့လည်း ဒေါသစရိုက်အားကြီးတယ်။ တချို့က မောစရိုက်ရှိတယ်။ စရိုက်သုံးပါး နေပါတယ်။ တချို့က သဒ္ဒါစရိုက်ရှိတယ်။ တချို့က ၀ိတက်စရိုက်ရှိတယ်။ တချို့က ပညာစရိုက်ရှိတယ်။
စရိုက်ခြောက်ပါး မှတ်မိကြပီလား ....။
လောဘစရိုက် ၊ ဒေါသစရိုက်၊ မောဟစရိုက် ဒါကလူတိုင်းသိပြီးသား၊ သဒ္ဓါစရိုက်ဆိုတာက သဒ္ဓါတရား လွန်ကဲနေတာပဲ၊ သူဟာ ပညာမပါဘူး၊ ဘုရားချည်းပဲ ကြည်ညိုနေတော့တာပဲ၊ တစ်ခါတည်း လူမြင်ရလို့ရှိရင်လည်း တစ်ခါတည်း သက်ကြီးဝါကြီးလည်း ကြည်ညိုနေတာပဲ၊ သဒ္ဓါစရိုက်သာ အားကြီးနေတာပဲ ပညာက မပါဘူး။
ဒီလိုလည်းရှိရသေးတယ်၊ ၀ိတက်စရိုက်ဆိုတဲ့ ဥစ္စာလည်း သူတွေ့လိုက်လို့ရှိရင် ကြံဖန်နေတာနဲ့ပဲ ပြီးသွားတာပဲ။ ပွားရတယ်၊ ရှုရတယ်မရှိဘူး ဒီလို ၀ိတက်စရိုက်လည်းရှိပါတယ်။ ပညာစရိုက်ဆိုတာကတော့ ထိုးထိုးထွင်းထွင်း သူကလာတယ်၊ အဲတော့ စရိုက်က ခြောက်ပါးရှိတယ်။
စရိုက်ခြောက်ပါးရှိတော့ လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာနုပဿနာရှု လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ် ဝေဒနာနုပဿနာရှုရပါမယ်။ သြော်... ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံး ဆိုတော့ ဝေဒနာ နိရောဓောဖြစ်မှ တဏှာနိရောဓော ဖြစ်မှာကိုး ။ ဝေဒနာနိရောဓောဖြစ်မှ တဏှာနိရောဓော ဖြစ်မှာပါပဲ။
သူ့ကို ဝေဒနာကမ္မဋ္ဌာန်းပေးပါ။ ဒီလိုမှ တည်အောင် မပေးလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်ဟာ လွဲနေမှာပဲ။ လွဲနေလို့ရှိရင် စဉ်းစားတာပေါ့။ သြော်... အချိန်ကြာသလောက် ခရီးမပေါက်ဘူး။
ရှင်သာရိပုတ္တရာတောင် အချိန်လွဲပါတယ်ဆိုတာ ပြောထားပေါ့၊ ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကျလို့ရှိရင် ပညာနဲ့နီးပါတယ်နော်။ ဒေါသစရိုက်ရှိနေတဲ့ပုဂ္ဂိုလ် ပညာနဲ့ နီးတယ်ဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဓမ္မနုပဿနာ ဒုက္ခသစ္စာပေး။
မောဟစရိုက် ရှိတဲ့ပုဂ္ဂိုလ် လာပါတယ်။ မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အင်မတန် ဥာဏ်မလေးပေဘူးလား။ အဲဒီပုဂ္ဂိုလ်ကျတော့ ခုနင်က လေးလေးဖြစ်တဲ့ အဖြစ်ကလည်းနှေး၊ အပျက်ကလည်းနှေးနဲ့၊ ရုပ်တရားများကို ပေးရမယ်ဆိုတော့ သူ့စရိုက်နဲ့သူ မလျော်ရင် တော်ပါ့မလား။
ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်လည်း ၀ိတက်က တောင်ပြေး မြောက်ပေးနဲ့ သြော်... ဒါဖြင့် အာနာပါန ပေးမှကိုက်မှာပေါ့။ မပြေးတဲ့တရား အာနာပါနဆိုတော့ စိတ်က ပြေးခွင့်မရပါဘူး။ ဒီလိုပေးရတယ်။
ပညာစရိုက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကျတော့လည်း သစ္စာပေးပါ။ သစ္စာကမ္မဋ္ဌာန်းသာပေးလိုက်၊ ခဏလေးနဲ့ရတယ်။ ကောင်းပြီ။ ဒါဖြင့် ဒကာ- ဒကာမတို့ စရိုက်နဲ့ လျော်တာကို ဘုန်းကြီးကတော့ ရှင်းပြပေးနေတယ်။
ဒကာဒကာမတွေဟာ အလုံးစုံပဲ အပါယ်လေးပါးတံခါးပိတ်ပြီး သုဂတိဒုက္ခတွေတောင်မှ မတွေ့စေလိုဘူး။ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်စေချင်တော့ ဒီထဲစရိုက်ကလည်း အမျိုးမျိုးရှိတယ်။ အဲတော့ ကိုယ်စရိုက်နဲ့ကိုယ် ကြိုက်ပြီး၊ ကိုယ်နဲ့ တော်တဲ့ ကမ္မဋ္ဌာန်း ကိုယူပါ။
ကိုယ့်စရိုက်နဲ့ တော်တာကိုယ်ယူရမှာပါ။ ကိုယ်နဲ့တော်တဲ့ ကမ္မဋ္ဌာန်းကိုယူပါ။ သို့သော် ဘယ်လိုပင် ဒီဟာတွေက ဘယ်လိုပင်ထူးခြားသော်လည်း နောက်ဆုံးပိတ် အနိစ္စာဝတ သင်္ခါရာ မလွတ်စေနဲ့ နောက်ဆုံးပိတ်ကျတော့ ဖြစ်တဲ့တရား ပျက်တတ်တယ်။
ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကလည်း အင်း - သူလည်းလောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ် - ဘာဖြစ်ဖြစ် လိုချင်၊ ရချင်တဲ့ ပုဂ္ဂိုလ် ဝေဒနာက စရှုရမယ်။ သို့သော်... တွေ့တော့ ဖြစ်ပျက်တွေ့ရမယ်။ ဖြစ် -ပျက် တွေ့ရင် ပြီးတယ်။
နောက်ဆုံးမှာကျတော့ ဖြစ် - ပျက်မှာ လမ်းဆုံးတယ်လို့မှတ်ရမယ်။ နောက်ပိတ်ဆုံး တစ်နေ့ကျတော့ ဖြစ်ပျက်မှာ လမ်းဆုံးပါတယ်။
ကောင်းပြီ...။ အားလုံးဒကာ ဒကာမတွေ စရိုက်မသိဘဲနဲ့ ကမ္မဋ္ဌာန်းကို ဆရာကပေးပေး၊ တပည့်ကပဲ နေရာမကျလို့ အယူလွဲလွဲ၊ ကြားလိမ့်မယ်ဆိုတာ မှတ်ရမယ်။ သြော်... ကမ္မဋ္ဌာန်းဆရာလုပ်ဖို့ကလည်း မလွယ်ပါလား..။ မလွယ်ဘူးတဲ့။
တစ်ချို့ နေရာမှာများ ဒီနေရာလာလို့ရှိရင် ရှူရှိုက်မှုပဲ လုပ်ဟေ့ဆိုတော့ သူဟာ စရိုက်မရွေးပါဘူး။ သူက ၀ိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ပေးရမှာ ၀ိတက်က တောင်ကြံ - မြောက်ကြံ ... အကြံအစည်များတယ်။
အကြံအစည်များတဲ့ပုဂ္ဂိုလ်ကျ စိတ်က တောင်ရောက် - မြောက်ရောက် ဒီလိုပုဂ္ဂိုလ်မှ အာနာပါန ပေးရမဲ့ ဥစ္စာကို အင်း.. သူက ၀ိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါပေးဆိုလို့ရှိရင် မရနိုင်ဘူးဆိုတာ သေချာပါပြီ၊ ဒါဖြင့် တောင်ဝှေးဆွဲလည်း အရေးကြီးပါတယ်။
နောက်လိုက်ကော ... အရေးကြီးပါတယ်။ နောက်လိုက်ကတော့ ဒီတရားမျိုးကို နာရမှ ရွေးတတ်တယ်။ တောင်ဝှေးဆွဲကလည်း ဒီပုဂ္ဂိုလ်တွေရဲ့ စရိုက်တတ်မှ ဖမ်းတတ်မှ နေရာကျတယ်။ လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ် များသွားတဲ့အခါကျလို့ရှိရင်ဖြင့် ခြေထောက်ဟာ စမ်းသပ်ပြီး နူးနူးညံ့ညံ့သွားလေ့ နင်းလေ့ရှိတယ်။
လောဘ စရိုက်ရှိတဲ့ပုဂ္ဂိုလ် ... မကြွချင် - ကြွချင်ပေါ့ဗျာ ခပ်နှေးနှေးနဲ့ ခပ်ဖြေးဖြေး ဒီလို သွားလေ့ လာလေ့ရှိတယ်။ သူ့အိပ်ယာ နေရာသွားကြည့်လိုရှိရင်ဖြင့် နူးနူးညံ့ညံ့ သန့်သန့်ရှင်းရှင်း လုပ်ထားလေ့ရှိတယ်။
ဒါ သူ့ဝါသနာအတိုင်း လာတယ်။ ဒါကျတော့ သူ့ကို ဝေဒနာနုပဿနာ ပေးလိုက်ရင် တည့်ပါတယ်လို့မှတ်။
ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ် သူ့အိမ်သွားကြည့်လိုက်ရင် ၊ သူ့အခန်းသွားကြည့်လိုက်ရင် ရှုပ်ပွေလိမ်နေတာပဲ၊ ဘယ်တော့မှ မလှည်းကျင်းဘူး၊ ဖြစ်သလိုနေတတ်တဲ့ ပုဂ္ဂိုလ် ကျတော့ ဒေါသစရိုက် ရှိတဲ့ ပုဂ္ဂိုလ်ပါပဲ၊ အဲဒါတွေ ကျလာလို့ရှိရင်ဖြင့် သြော်.. ဒေါသစရိုက်ရှိပါလား၊ ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း ဘယ်ကမ္မဋ္ဌာန်း ပေးရမှာတုံးဆိုတာက ဆရာကရွေးချယ်ရပါတယ်။
လမ်းသွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကို အကဲခပ်ချင်ရင် သူ့ခြေရာ သူ့ခြေရာသွား ကြည့်လိုက်ရင်သိမယ်။ သူ့ခြေရာက နဂိုက မသွားခင်က ရောက်ချင်နေတယ်။ ဒေါသစရိုက်သမားက မသွားခင်က ရောက်ချင်ပါတယ်၊ မသွားခင်က ရောက်ချင်နေတော့ သူ့ခြေရာ သွားကြည့်လိုက်လို့ရှိရင် သူက ရှေ့ကုတ်ကုတ်ပြီး မြေကြီးပေါ်မှာသွားလေ့ရှိတယ်။
သူ့ဖိနပ်ကို သွားကြည့်လိုက်လို့ရှိရင် ဒီရှေ့ပိုင်းက ခြေမတို့ ခြေသူကြွယ်တို့ အစရှိသည်တို့က အဲဒီနေရာက ဖိနပ် ခွက်နေတယ်၊ ကတ္တီပါဖိနပ်ဆို အဲနေရာက စပြတ်တယ်၊ ဒါ.. ဒေါသစရိုက်သမား..။