ဝိနည်းသိက္ခာပုဒ်တော်များ ပညတ်ရခြင်းအကြောင်း
မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇာပြည်၌ ၀ါဆိုဝါကပ် သီတင်းသုံးနေတော်မူစဉ် လက်ယာတော်ရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ဤသို့ မေးမြန်းလျှောက်ထား၏။
" ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသော ဘုရားရှင်တို့တွင် အဘယ်ဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်တံ့ပါသနည်း၊ အဘယ်ဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်တံ့ပါသနည်း "
မြတ်စွာဘုရားရှင်က ဤသို့ဖြေကြားတော်မူသည်။
" ၀ိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရားတို့၏ သာသနာတော်သည် အရှည်မတည်တံ့၊ အကြောင်းမူကား ထိုဘုရားရှင်တို့၏ တပည့်သာဝကများသည် တရားဒေသနာတော်ကို အကျဉ်းမျှ ဟောကြားရုံဖြင့် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သွားကြကုန်၏၊ ထို့ကြောင့် တရားဒေသနာတော်ကို အကျယ်ဟောကြားတော်မမူခဲ့၊ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မမူခဲ့ကြကုန်။ ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် တပည့်သာဝက နှစ်ဆက်၊ သုံးဆက် လွန်သောအခါ သာသနာတော် ကွယ်ပခဲ့လေသည်။
ကကုသန်မြတ်စွာဘုရား၊ ကောဏဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်တံ့၏၊ အကြောင်းမူကား ထိုဘုရားရှင်တို့သည် တရားဒေသနာတော်ကို အကျယ်အားဖြင့် ဟောကြားတော်မူခဲ့၊ ၀ိနည်းသိက္ခာပုဒ်တော်ကို ပညတ်တော်မူခဲ့၊ ပါတိမောက်ကို ရွတ်ဆို ပြတော်မူခဲ့ကြကုန်၏။ ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ တပည့်သာဝက အဆက်ဆက်တို့သည် သာသနာတော်ကို အရှည်တည်တံ့စေကြကုန်၏။"
ထိုအခါ အရှင်သာရိပုတ္တရာသည် အပေါ်ရုံသင်္ကန်းကို လက်ဝဲဘက်ပုခုံးတစ်ဖက်၌တင် (လက်ကန်တော့ထိုး)လျက် မြတ်စွာဘုရားသို့ လက်အုပ်ချီပြီးလျှင်
" သာသနာတော် အရှည်တည်တံ့စေချင်းငှာ ၀ိနည်း သိက္ခာပုဒ်တော်ကို ပညတ်တော်မူရန် အချိန်တန်ပါပြီဘုရား၊ ပါတိမောက်ကို ရွတ်ဆိုပြရန် အချိန်တန်ပါပြီဘုရား " ဟုတောင်းပန် လျှောက်ထား၏။
မြတ်စွာဘုရားရှင်က " ချစ်သား သာရိပုတ္တရာ၊ ဆိုင်ငံ့ဦးလော့၊ သိက္ခာပုဒ်တော်များ ပညတ်ရန် သင့်လျော်သည့် အချိန်ကာလကို ငါဘုရား သိတော်မူသည်၊ ယခု အချိန်မတန်သေး၊ ဤသာသနာတော်၌ ထေရ်ကြီး ၀ါကြီးများ များပြားလာသောအခါ၊ သံဃာအရေအတွက်များပြားလာသောအခါ၊ လာဘ်လာဘ ပေါများလာသောအခါ၊ ဗဟုသုတကြွယ်ဝသော ရဟန်းများ များပြားလာသောအခါ ကျူးလွန်မှုအပြစ်များ ထင်ရှားဖြစ်ပေါ်လာလိမ့်မည်၊ ထိုအခါ ထိုသို့ ကျူးလွန်မှု အပြစ်များ ကို တားမြစ်ပိတ်ပင်ရန် ငါဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူမည်၊ ယခုအချိန်အခါ၌ ရဟန်းသံဃာတော်အပေါင်းသည် အပြစ်ကင်း၏။ မှဲ့စက်မထင် ဖြူစင်၏၊ အနှစ်ပြည့်ဝ၏၊ ဤရဟန်းတော်(၅၀၀)တို့တွင် နောက်ဆုံး(အငယ်ဆုံး) ရဟန်းသည် သောတာပန် အရိယာပုဂ္ဂိုလ်ဖြစ်၏ " ဟုမိန့်ကြားတော်မူ၏။
မြတ်စွာဘုရားရှင် ပွင့်တော်မူပြီးစ ၀ါတော်နှစ်ဆယ်( ပထမဗောဓိ) အတွင်း၌ စစ်မှန်သော သဒ္ဓါတရားနှင့် ပြည့်စုံသည့် အမျိုးကောင်းသားများသာလျှင် သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ကြ၍ ပါရာဇိက သိက္ခာပုဒ်၊ သံဃာဒိသိသ်သိက္ခာပုဒ်တို့ ကဲ့သို့သော အပြစ်ကြီးသည့် သိက္ခာပုဒ်များကို ပညတ်ရန် မလိုသေးချေ၊ ကြီးလေးသည့် အပြစ်ကျူးလွန်မှု မရှိသဖြင့် တားမြစ်ပိတ်ပင်ရန် မလိုသေးချေ၊
ဘုရားရှင် ၀ါတော်နှစ်ဆယ်နောက်ပိုင်း၌ကား ကြီးလေးသော အပြစ်ကျူးလွန်သူများ ပေါ်ပေါက်လာခဲ့သည်၊ ပထမပါရာဇိကအမှု (မေထုန်မှီဝဲမှု)ကျူးလွန်သည့် (ရှင်သုဒိန်)၊ ဒုတိယပါရာဇိကအမှု (ခိုးမှု)ကျူးလွန်သည့် (ရှင်မနိယ)၊ သံဃာဒိသိသ်အမှုများကျူးလွန်သည့် (ရှင်ဥဒါယီ)ကဲ့သို့သော ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့ကြသည်။ ယင်းပုဂ္ဂိုလ်များ အပြစ်ကျူးလွန်လာသည့်အခါ မြတ်စွာဘုရားရှင်သည် အပြစ်များကို ထောက်ပြ၍ ပြစ်တင်ရှုတ်ချတော်မူကာ ဤအမှုမျိုးကို မပြုလုပ်ရ၊ မကျူးလွန်ရ၊ ပြုလုပ်ကျူးလွန်လျှင် မည်သည့်အာပတ်(အပြစ်)သင့်ရောက်စေဟု ပြစ်ဒဏ် သတ်မှတ်ပြီးလျှင် တားဆီးပိတ်ပင်တော်မူရန် ၀ိနည်း သိက္ခာပုဒ်တော်များကို ပညတ်တော်မူလေသည်။
(ရဟန်းကျင့်ဖွယ် နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ် စာအုပ်မှ )