Friday, October 23, 2009

ကံထိုက် - မထိုက်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ အနည်းဆုံး ငါးပါးသီလကို အမြဲ စောင့်ထိန်းရပါတယ်။ ဥပုဒ်သည်တွေအတွက် ရှစ်ပါးသီလ၊ ကိုရင်သာမဏေတို့အတွက် ဆယ်ပါးသီလနဲ့ ရဟန်းတော်တွေအတွက် (၂၂၇)သွယ်သော သိက္ခာပုဒ်ဆိုပီး ဗုဒ္ဓဟောကြား ပြဌာန်းထားတာရှိပါတယ်။

အဓိကပြောချင်တာ လူအတွက် ငါးပါးသီလပါပဲ။ ငါးပါးသီလကို ဆောက်တည်ပီး မကျိုးမပေါက်အောင် စောင့်ထိန်းနိုင်သူဆိုတာ ယခုခေတ်မှာ ဟိုရှေးတုန်းနဲ့စာရင် နည်းလာပါပီ။
နောက်ကိုယ်စောင့်တဲ့သီလ ကျိုးမကျိုး ကံထိုက်မထိုက်ဆိုတာလည်း သိဖို့လိုပါတယ်။

(က) သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ။ 
ဒီအချက်ကတော့ တော်တော်များများ စောင့်နိုင်ကြပါတယ်။ ဒါတောင်တစ်ခါတစ်လေ ခြင်တို့ ပရွတ်ဆိတ်တို့ ရိုတ်မိပါသေးတယ်။
ပါဏာတိပါတကံ ထိုက်မထိုက်ဆုံးဖြတ်ရန်အတွက် ငါးချက်လိုပါတယ်။
၁။ သတ္တ၀ါတစ်ကောင်ဖြစ်ခြင်း
၂။ သတ္တ၀ါဟူသော အမှတ်သညာရှိခြင်း
၃။ သေစေလိုသောဆန္ဒရှိခြင်း
၎။ သေသွားစေရန် ကိုယ်၊ နှုတ် တစ်ခုခုဖြင့် ဆောင်ရွက်ခြင်း။
(နှုတ်ဖြင့် သတ်ရန်စေခိုင်းခြင်း၊ ပြောခြင်း၊ အမိန့်ပေးခြင်း)
၅။ သေသွားခြင်း
အဲလိုငါးချက်နဲ့ ပြည့်စုံမှ ပါဏာတိပါတကံထိုက်ပါတယ်။ သတ်တော့သတ်တယ် မသေရင်လည်းမထိုက်ပါဘူး။ သေတော့သေသွားတယ် သေစေလိုတဲ့စိတ်မရှိရင်လည်း မထိုက်ပါဘူး။
ဒီကံကိုကျူးလွန်တဲ့အတွက် ပြန်ရမယ့် အကျိုးတွေကတော့...
အင်္ဂါမစုံလင်ဖြစ်တတ်တယ်။ နောက်ဘ၀မှာ အင်္ဂါချို့တဲ့ပီးမွေးတတ်တယ်။
ရုပ်ရည် လှပတင့်တယ်မှုမရှိဘူး။
ခွန်းအားလည်းနည်းတယ်။ သွက်သွက်လက်လက်မရှိဘူး။ ရောဂါလည်းထူမယ်။ အလိုလိုကြောက်နေတတ်တယ်။ နောက် အသက်တိုတယ်  တဲ့။


(ခ) သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ။
ဒီဟာလည်း ရှောင်နိုင်ကြပါတယ်။ ဒါတောင် အစိုးရ၊ ကုမ္ပဏီဝန်ထမ်းများ အလုပ်ချိန်နောက်ကျတာတို့ စောပြန်တာတို့ဟာ အဒိန္နဒါနာ နဲ့ မလွတ်ပါဘူး။ သတိပြုဖွယ်ပါ။
ဒီကံမြောက် မမြောက်ကို အချက်ငါးချက်နဲ့ပဲ ဆုံးဖြတ်ပါတယ်။
၁။ သူတစ်ပါးဥစ္စာဖြစ်ခြင်း
၂။ သူတစ်ပါးဥစ္စာဟုသိခြင်း
၃။ ခိုးယူလိုသော စိတ်စေတနာရှိခြင်း
၎။ ခိုးယူရန် ကိုယ်၊ နှုတ် တခုခုဖြင့်ဆောင်ရွက်ခြင်း
၅။ ခိုးယူမှု အောင်မြင်ခြင်း။
ဒီသီလကို စောင့်ထိန်းခဲ့တဲ့ပုဂ္ဂိုလ်များကတော့ လက်ရှိဘ၀ကနေ နောင်အဆက်ဆက်
ဥစ္စာစည်းစိမ်ပေါများမယ်။
ငွေကြေးချမ်းသာမယ်။
အလိုရှိတာအကုန်ရမယ်။
စည်းစိမ်ဥစ္စာခိုင်မြဲမယ်။
ရေ၊ မီး၊ မင်း၊ သူခိုး၊ သားသ္မီးဆိုး ဆိုတဲ့ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ပါတဲ့။

(ဂ) မှားယွင်းသောကာမမှုအကျင့်မှရှောင်ကြဉ်ခြင်း
အင်းဒါကတော့ တော်တော်များများ ကင်းကြပါလိမ့်မယ်လို့ ထင်ပါတယ်။
 ဒီကံကို တော့ မိန်းမများမထိုက်ယောက်ျားများသာထိုက်တယ်လို့ဆိုပါတယ်။
ဒီကံကိုတော့ လေးချက်နဲ့ဆုံးဖြတ်ပါတယ်။
၁။ မသွားလာအပ်သော မိန်းမ(၂၀)ဖြစ်ခြင်း
၂။ ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း
၃။ လုံ့လပြုခြင်း
၎။ သာယာခြင်း
ဘာကြောင့်ဒီကံ မိန်းမတွေပြုလို့မရတာလဲလို့ စောဒကတက်ဖူးပါတယ်။ ဒီကိစ္စကို ယောက်ျားတွေ စိတ်ဆန္ဒမရှိရင် မိန်းမတွေဦးဆောင်ပြုလို့ မရလို့ပါတဲ့။ ဆရာတော်ကြီးတစ်ပါးမိန့်တာ မှတ်ထားဖူးပါတယ်။

(ဃ) မဟုတ်မမှန်လိမ်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း
ဒီအချက်ကိုပဲ အားလုံးနီးပါး ကျူးလွန်နေကြတာပါ။ ရယ်စရာပင်ဖြစ်စေ မဟုတ်မှန်လျှင် မုသာဝါဒပါပဲ။
၁။ မဟုတ်မမှန်သောအကြောင်းအရာဖြစ်ဖြင်း
၂။ လိမ်ပြောလိုစိတ်ရှိခြင်း
၃။ ပြောလည်းပြောခြင်း
၎။ ပြောသည့်အတိုင်းသူတစ်ပါးယုံကြည်သွားခြင်း။
ဒီလို လေးချက်နဲ့ ပြည့်စုံရင်တော့မုသာဝါဒကံ မြောက်ပါတယ်။

(င) သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
လူငယ်တော်တော်များများ မကင်းနိုင်ခဲ့ကြတဲ့ သိက္ခာပုဒ်ပါ။ အတ္တလည်းပါပါတယ်။ :P
၁။ သေရည်စသည် တစ်မျိုးမျိုးဖြစ်ခြင်း
၂။ သောက်စားလိုစိတ်ရှိခြင်း
၃။ သောက်ဖြစ်အောင်လုံ့လပြုခြင်း
၎။ သောက်စားခြင်း

ငါးပါးသီလမြဲရင်တော့ ဘယ်မှာနေနေ ကြီးပွားမှာသေချာပါတယ်။ ရင်ဆိုင်ရမယ့်အခက်အခဲတွေလည်း အောင်မြင်စွာကျော်နိုင်ပါတယ်။ ငါးပါးလုံး မမြဲတောင် တစ်ပါးနှစ်ပါး စသည် ကိုယ်နိုင်သမျှ စောင့်ထိန်းရင် အရေးကြုံတဲ့အခါ သစ္စာပြုလို့ရပါတယ်တဲ့။

3 Comments:

At October 23, 2009 at 6:24 AM , Anonymous ဆောင်းမြူခိုး said...

(ဂ) (ဃ) (င) က နည်းနည်းစဉ်းစားရင် လည်လည်သွားတယ်။
(ဂ) က တစ်နေရာမှာ ရှင်းအောင်ဖတ်ဖူးတယ်..ဒါပေမယ့် တမျိုးပဲ..ရှုပ်ပြီး ပြန်မေ့သွားတယ်..နောက်ပြန်ရှာတွေ့ မှ ပြန်ပြမယ်..အဲ..(ဃ) နဲ့  ပတ်သက်ပြီးမေးမယ်..ကောင်းစေချင်တဲ့ တကယ့်ဆန္ဒနဲ့  ညာပြောရင်ကော အဲ့ဒီကံကို ကျူးလွန်ရာကျသလား (င)နဲ့  ပတ်သက်ရင် အလုပ်လုပ်တဲ့အခါ ကိုယ့် အထက်လူကြီးတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ သောက်တဲ့အခါ မသောက်တတ်ဘူးလို့  ငြင်းရမှာ အားနာတယ်..သူတို့ နဲ့ အလိုက်အထိုက် အလုပ်သဘောအရ၊ လူမှုရေးအရ အနည်းအကျဉ်းသောက်ရင်ကော အဲ့ဒီကံကိုကျူးလွန်ရာရောက်သလား

 
At October 23, 2009 at 8:58 AM , Blogger ဝက်ဝံလေး said...

အင်း ၅ ပါးမှာ နံပါတ် ၄ ကတော့ နဲနဲ လေးတော့ပါတယ် ဟီးးးးး ကျန်တာတွေ လုံတယ် ဟက်

 
At October 23, 2009 at 6:41 PM , Blogger အတ္တ said...

(ဃ)မှာ ကောင်းစေချင်တဲ့ဆန္ဒစေတနာဦးစီးပြီးပြောရင် (လိမ်လည်လိုတဲ့စိတ်စေတနာမပါရင်) မုသာဝါဒကံမမြောက်ပါ။
(င)မှာလည်း အလုပ်သဘောရ၊ လူမှုရေးအရ အနည်းအကျဉ်းသောက်ရင် အနည်းအကျဉ်းကျူးလွန်ရာရောက်ပါတယ်။
သီလ ဆိုတာ အကျင့်လေ။ ကျင့်ကိုကျင့်ရမယ့်အကျင့်။ ဖြောင့်တန်းနေရမယ်။ မကောက်ရဘူး။ အလုပ်နဲ့ယှဉ်လာလို့လည်း မကောက်ရဘူး၊ သူငယ်ချင်း မိတ်ဆွေ ဆရာသမား လူမှုရေးယှဉ်လာလို့လည်း မကောက်ရဘူး။ ဖြောင့်ဖြောင့် ကျင့်မှသီလလုံတယ်လေ။ အဲဒါကြောင့်သာ အရေးကြုံရင် သစ္စာဆိုလို့ရတာ။

 

Post a Comment

Subscribe to Post Comments [Atom]

<< Home