Tuesday, October 6, 2009

အတ္တ၏ ဒဏ်ရာ

သူငယ်ချင်းတစ်ယောက်က ဘာလို့အတ္တဖြစ်သွားတာလဲလို့ မေးလာပါတယ်။ ကျွန်တော်လည်း ရေးမယ်နဲ့ မရေးဖြစ်တာ အခု သူ့ကောင်းမှုကြောင့် သတိရပြီး ရေးဖြစ်ပါတယ်။
အတ္တ ကို အဘိဓာန်မှာ လေးမျိုးဖွင့်ပါတယ်။
(၁) အတ္တ  =(အတွ) (န) အ-အဖြစ် ။
(၂) အတ္တ  =(တီ-ကိတ် အသ်+တ) (န) စားခြင်း ။
(၃) အတ္တ  =(အာတ္တ) (တီ-ကိတ် အာ-ဒါ+တ) (တိ) ယူအပ်သည်။ (န) အယူ။ အလို။
(၄) အတ္တ  =(အသ္တ) (တီ-ကိတ် အသ်+တ) (တိ) ပစ်အပ်သည်။
(န)= နပုလ္လိင် ၊ (တိ)=လိင်သုံးပါး(ပုလ္လိင်၊ ဣတ္ထိလိင်၊ နပုလ္လိင်)

အဲ....အတ္တဟာ သူ့ရဲ့ချည်းသက်သက် ကတော့ အဓိပ္ပါယ် မပြည့်စုံသလိုပါပဲ။ အသက်မ၀င် သလိုပါပဲ။ သူနဲ့ တွဲတဲ့ စာလုံး၊ စကားဆက်တွေနဲ့မှ အဓိပ္ပါယ်ပေါ်လွင် လာတာတွေ့ရ ပါတယ်။ အောက်မှာ ဥပမာတချို့ ရေးပြပါမယ်။
အတ္တကမ္မ =(န) မိမိ၏အမှု ။
(ဖလူပဂ)(တိ) မိမိပြုအုပ်သောမကောင်းမှု၊ ကောင်းမှုကံ၏အကျိုးဖြင့် ကပ်သည်။
အတ္တကိလမထ = (ပ) ကိုယ်၏ပင်ပန်းခြင်း
အတ္တဒိဋ္ဌိ = (ဣ) မိမိကိုယ်ကိုစွဲသောအယူ။
အတ္တာ = (အာတ္ဓန်) (ပ) ကိုယ်။ မိမိကိုယ်။ အတ္တဘော။
စသဖြင့် အဓိပ္ပါယ်ပိုပြီး ပြည့်စုံလာပါတော့တယ်။ ဆိုတော့ကာ.....
အတ္တ ကိုခြုံငုံ သုံးသပ်လျှင် ငါ ၊ ငါ့အတွက်လို့မြန်မာလိုပြောရမယ်ထင်ပါတယ်။
ငါ ၊ ငါ့အတွက်ဆိုပီး သိတတ်စကနေ ခုချိန်ထိ အသက်ရှင်သန်နေပါသည်။ လူတိုင်းနီးပါး လည်း အဲလိုပဲ ထင်ပါတယ်။ မွေးကင်းစကနေ ဘ၀ကို ရုန်းကန် ခဲ့ကြရပါတယ်။ ဘာအတွက်လည်းဆိုရင် ငါ အတွက် ငါ့ အတွက်ရှင်သန်ဖို့ပါပဲ။ ကြီးလာတော့ ပညာ၊ စီးပွားဥစ္စာတွေ ရှာကြ ဖွေကြပြန်ပါတယ်။ ဒါလဲ ငါချမ်းသာဖို့ ငါကောင်းကောင်းနေဖို့ ထိုင်ဖို့ပါပဲ။ ဒါပေမယ့် ကိုယ်ရည်မှန်းတဲ့အတိုင်း ရာနှုန်းပြည့်သူက မရှိသလောက်ပါ ။ မပြည့်လေလေ ပိုကြိုးစားလေ ပါပဲ။ ပိုကြိုးစားလေ....ပိုပင်ပန်းလေ.... ဘ၀မှာ ဒဏ်ရာတွေ နာကျင်မှုတွေ တိုးလာပါတော့တယ်။ ကိုယ်၏နာကျင်ခြင်း၊ စိတ်၏နာကျင်ခြင်းများကို မလွဲမသွေတွ့ကြုံကြရပါတော့တယ်။ အဲဒါကအသက်ကြီးလာလေလေ ပိုပြီးရင်ဆိုင်တွေ့ရလေလေပါပဲ။
ဒဏ်ရာရဖူးတဲ့ သတ္တ၀ါ တွေဟာတဲ့ လောကကြီးကိုယုံကြည်မှုလျော့လာ ပါတယ်လို့စိတ်ပညာရှင်များက ဆိုထားပါတယ်။
 ယုံကြည်မှုလျော့လာတာနဲ့အမျှ အားငယ်စိတ်ဖြစ်လာ ပါတယ်။ နောက် အစွန်းရောက်သွားတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို စိတ်ဒဏ်ရာ မဖြစ်စေဖို့ မနက်ရှိုင်းစေဖို့ အတင်းဖိနှိပ်တာမျိုးမလုပ်ဖို့ ပြောကြတာပါပဲ။
ဘယ်လိုပဲ နေထိုင်ကြီးပြင်းခဲ့စေကာမူ လောကကိုရောက်လာရင်တော့ဖြင့် လောကရဲ့ဒဏ် လောကဓံကို ရင်ဆိုင်ရစမြဲပါ။ အဓိက ကတော့ ကျော်လွှားနိုင်ဖို့ပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်ဖို့ ၊ ဇွဲရှိဖို့၊ မဆုတ်မနစ်လုံ့လနဲ့ ရှေ့ကိုတိုးဖို့ဆိုတာတွေက တော့ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် ဘ၀အခြေအနေတွေ ကွားခြားနေကြရတာပါ။ အတိတ်က ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်လည်း အထောက်အပံ့အဖြစ်ပါပါတယ်။ တချို့က အတိတ်ကိုချည်းပဲ ပုံချနေကြပါတယ်။ လက်ရှိ မိမိပြုနေတဲ့ အလုပ်ကိုတော့ သတိမမူမိကြပါ။ ဘုရားကတော့ လက်ရှိအချိန်သည်သာ မိမိအတွက် အကောင်းဆုံးလို့ ဟောခဲ့ပါတယ်။ အတိတ်ကံဆိုတာက အထောက်အပံ့ပဲပေးနိုင်တာပါ။ အတိတ်တွေ၊ အနာဂါတ်တွေ၊ ပစ္စုပ္ပန်တွေ စဉ်းစားငြီးတွားမနေပဲ လက်ရှိအချိန်ကို အကျိုးရှိစွာ အသုံးချတဲ့သူတွေသာ လောကီမှာဖြစ်ဖြစ် လောကုတ္တရာမှာပဲဖြစ်ဖြစ် ထိပ်ဆုံးကိုရောက်ကြပါတယ်။
အသက်ကြီးလာလေလေ... ဒဏ်ရာများလာလေပါပဲ။
တချို့ကတော့ ကျက်သွားပြီး အမာရွတ်တောင် မကျန်ပါ။ တချို့ကတော့ အမာရွက်ကလေး တော့ ရှိနေခဲ့တယ်။ ဒဏ်ရာက မနာပေမယ့် အမာရွတ်ကိုမြင် တော့ အဲဒီဒဏ်ရာရခဲ့တဲ့ အကြောင်းတွေ ကိုသတိရပီး ပြန် နာတတ်တာပေါ့။ တချို့ကတော့ မြုံသွားပါတယ်။ အညှော်နဲ့တူတဲ့ ပတ်ဝန်းကျင်နဲ့ဆုံမှ အုံကြွလာကာ အကြီးကြီးဖြစ်သွားပါတယ်။ တချို့ကတော့ ခုထိ သွေးစိမ်းရှင်ရှင်နဲ့ပါ။ ဘယ်လို ဒဏ်ရာမျိုးပဲ ဖြစ်ပါစေ.....နာကျင်တာ ချည်းပါပဲ။ အကောင်းဆုံးကတော့ ဒဏ်ရာမရှိတာပဲ။ ဒဏ်ရာမရှိဖို့ကတော့ ဒဏ်ရာ ဖြစ်စေတဲ့ အကြောင်းကို ရှာရမှာဖြစ်ပါတယ်။ အကြောင်းကိုရှင်းပစ်မှ အကျိုးပေါ်မလာမှာပါ။

သမိုင်းမှာ ပန်ထွာဘုရင်မနဲ့ ဗိဿနိုးမြို့ကိုလိုချင်တဲ့ ဒွတ္တဘောင် မင်းကြီးဟာ သူသွားတိုက် တိုင်း မြို့ဘေးက ရန်ပယ်ချောင်းရေ ကြီးလာပြီး စစ်သည်ဗိုလ်ပါတွေ ရေထဲမျောပါပြီး အမြဲ နောက်ဆုတ်ခဲ့ရပါတယ်။ ဒါနဲ့ ရေကြီးတဲ့အကြောင်းကို စုံစမ်းတော့ စည်တီးသံကြောင့် သိလာ ရတယ်။ စည်တီးလို့ စည်သံကြောင့် ရေတံခါးဖွင့်လိုက်လို့ ရေကြီးတာကို သိလာရတယ်။ ဒီနေရာမှာ ရေကြီးတဲ့အကြောင်း နှစ်ခုပါ။ ရေတံခါးဖွင့်လို့ကတစ်ကြောင်း၊ စည်သံက တစ်ကြောင်းပါ။ အဲဒီနှစ်ခုမှာ ရေတံခါးကို ဖျက်ဆီးရင်လည်း ရေမကြီး နိုင်တော့ပါဘူး၊ စည်သံ ထွက်မလာအောင်လုပ်ရင်လည်း ရေမကြီးနိုင်တော့ပါဘူး။ ဒီနှစ်ခုမှာအနီးဆုံးအကြောင်း ဖြစ်တဲ့ စည်သံကိုသာထွက်မလာအောင် လုပ်ဖို့ဆုံးဖြတ်ပြီး သူလျှိုလွှတ်ပြီး ဗိဿနိုးရဲ့ အတုလစည်တော်ကို ဖျက်ဆီးခဲ့ပါတယ်။ နောက်ဗိဿနိုးကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။
အဲလိုပဲ ကျွန်တော်တို့ ငါ့အတွက် လုပ်ကြတာမှာ အဆင်မပြေမှု ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှု တွေ ခံကြရပါတယ်။ ငါအတ္တကြီးတဲ့သူက များများပိုလုပ်၊ ပိုပင်ပန်းကာ ၊ ဒဏ်ရာများများ ရကြပါတယ်။ အဲဒီမှာ ကိုလိုချင်တဲ့ အရာ ဖြစ်ချင်တဲ့အရာက ရေတံခါးပါ၊ ငါ့အတွက်ဆိုတဲ့ အတ္တက စည်နဲ့တူပါတယ်။ ရေတံခါးကို ဖျက်ဆီးဖို့မလိုသလို လိုချင်တဲ့အရာတွေ ဖြစ်ချင်တာတွေကို ဖျက်ဆီးဖို့ စွန့်လွန့်ဖို့ မလိုပါဘူး။ စည်နဲ့တူတဲ့ ငါ့အတွက်ဆိုတာကိုပဲ ဖျက်ဆီးပစ်ရမှာပါ။ ကိုယ်ကြိုးစားတာ၊ ကိုယ်ရှာတာ၊ ကိုယ်လုပ်တာတွေဟာ ငါ့အတွက် မရည်ရွယ်ပဲ လုပ်ရမဲ့အလုပ်တစ်ခုကို အတ္တကင်းကင်းနဲ့ ဆောင်ရွက်လိုက်ပေးလိုက်မယ် ဆိုရင် မအောင်မြင်လည်း ဆုံးရှုံးသွားလည်း ဒဏ်ရာမရတော့ပါဘူး။
ဆိုလိုတာက ဘာပဲဖြစ်ဖြစ် ငါ့အတွက်လို့မရည်ရွယ်ခဲ့ရင် ပျက်စီးသွားလည်း မအောင်မြင်လည်း ရှုံးသွားလည်း သိပ်ပီးမခံစားရပါဘူး။ မခံစားရတော့ ဒဏ်ရာတွေ နည်းတာပေါ့..။ အတ္တမရှိရင် ဒဏ်ရာလည်း မပေါ်တော့ဘူး ပေါ့။
အာလုံး...............ဒဏ်ရာ ကင်းနိုင်ကြပါစေ...............။

3 Comments:

At October 7, 2009 at 4:12 AM , Anonymous ကျော်ကျော်အောင် said...

ဒါဆိုရင်စိုင်းစိုင်းမှာဒဏ်ရာဒဏ်ချက်တွေ
အများကြီးဖြစ်နေမှာပေါ့
လူဆိုတာကဒီလိုပါဘဲအနဲနဲ့အများးကတော့
ဒဏ်ရာတွေနဲ့လူတွေချည်းပါဘဲ
စည်တီးလို့ရေကြီးတာတော့ကြားဘူးတယ်
ဒါပေမယ့်ရေတံခါးဖွင့်တာတော့အခုမှသိရတယ်
ငါ့နဲ့နော်ပြည်မှာနေပြီးဒါတောင်မသိဘူးးတော်တော်
တုံးသေးတာဘဲ..ဟဲဟဲကိုယ့်ဂုဏ်ကိုဖေါ်သွားတယ်

 
At October 7, 2009 at 7:21 AM , Blogger maylay said...

မှတ်သွားပါတယ် ပါးပါးစိုင်း အတ္တမများအောင် နေရင်းနဲ့ များများလာတာကိုက အင်းးးးးးပြောတော့ပါဘူး။။လူက သူ့အတ္တနဲ့ သူ ပိ ။ ကျေးဇူးတင်ပါတယ် နည်းနည်းစီလာဖတ်တာ တန်သွားတယ်။ မအားလို့မဖတ်နိုင်တာ နည်းနည်းချင်းစီ တနေ့လုံးဖတ်နေတာလေ အခု ငြိမ်းချမ်းသွားသလိုပဲ တခုခု အရိပ်အောက် ရောက်သွားသလိုမျိုးဖြစ်သွားတယ်။ အတိုင်းထက်အလွန် ကျေးဇူးပါ ပါးပါးစိုင်း

 
At October 7, 2009 at 11:00 AM , Blogger ဝက်ဝံလေး said...

အယ် စာလုံးတွေ ကြီးလိုက်တာလား အခုမှ ဖတ်ရတာ ကောင်းသွားတော့တယ် အရင်က သေးတယ် ဟိဟိ

ဖတ်သွားတယ် သိသွားပြီနော် ဒဏ်ရာဆိုတာ အချစ်တွေလား အိုးးး ဒဏ်ရာတွေကိုချစ်နေမှာ အယ် ဘာမှလဲ ဆိုင်ဘူးနော် ဟိဟိ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home