Saturday, October 3, 2009

ဟိုတုံးက ကျွန်တော့ဘ၀(၄)

မုန်ယစ်နေသော ဟိုင်းဆင်မြင့်ဌေးမှာ နှစ်ကောင်သား ရင်ဆိုင်မိလျှင် မြင့်ကျော်၏ အစွယ်နှစ်ချောင်းအား သူ့၏သန်မာသော နှာမောင်းကြီးဖြင့် လိမ်ချိုးရန်ကြိုးစားတော့ သည်။မြင့်ကျော်လည်း သူ့အစွယ်ချိုခံရမည်စိုး၍ ခေါင်းကိုလိမ်ထွက်ကာ အစွယ်နှစ်ချောင်းကို မြေကြီးထဲ ထိုးစိုက်ထား လေတော့သည်။ မြင့်ဌေးလည်း နောက်မှ ဘေးမှ နှာမောင်းဖြင့်ရိုက် ဦးခေါင်းဖြင့် တွန်းကာ လဲကျစေရန် အမျိုးမျိုးကြိုးစားတော့သည်။ ဘေးမှလူများလည်း ဒီအတိုင်းဆို မြင့်ကျော်ရှုံးသွားနိုင်သည်ကိုသိသော်လည်း မည်သို့မှ ၀င်ကူရန် မတတ်နိုင်ချေ။ ထိုအခါ ဆင်ခေါင်းကြီးက အကြံရကာ အားလုံးကို အသံညီညီနှင့် ၀ိုင်းအော်ကာ မြင့်ကျော်ကို အမိန့်ပေးရန် ပြောသောကြောင့် လူများ ကမ်းပါးပေါ်မှတစ်ချို့ သစ်ပင်ပေါ်မှ တစ်ချို့ ၀ိုင်းကာဆင်ခေါင်းကြီး အော်သည့်အတိုင်းလိုက်အော်ကြလေသည်။ ဆင်ခေါင်းကြီးက ဦးစွာ ထ ထ ဟု အော်၍ အားလုံး ထ ထ ဆိုပြီး ၀ိုင်းအော်ပါသည်။ မြင့်ကျော်လည်း သူ့ကို သူ့သခင်များက အားပေးသည်ကိုသိသောအခါ အားတက်လာကာ အစွယ်ကိုမြေကြီထဲစိုက်ထိုးထားရာမှ ရုတ်ကနဲထကာ ရင်ဆိုင်ပါသည်။ မြင့်ဌေးလည်း အပိုင်ဟုတွက်ကာ ညာဘက်မှဝင်ကာ အစွယ်ချိုးရန်နှစ်မောင်းဖြင့် ပတ်လိုက်ပါသည်။ ထိုအခါ ဆင်ခေါင်းကြီးက ဆုတ် ဆုတ် ဟုအော်ပြန်၍ ကျန်လူများ လည်း ဆုတ်ဆုတ် ဟု ၀ိုင်းအော်ကြပါသည်။ မြင့်ကျော်လည်း တစ်လှမ်းဆုတ်သွားချိန်တွင် ဘေးတိုက်မှ နှာမောင်းဖြင့် ပတ်ထားသော မြင့်ကျော်၏ ညာဘက်အစွယ်တစ်ချောင်းမှာ မြင့်ဌေးအာခေါင်နှင့် တည့်တည့်အနေအထားပြောင်းသွားပါသည်။ ထိုအခါမှ ဆင်ခေါင်းကြီးက ဆောင့်ထိုး ဟု အော်ပါသည်။ ထိုအခါ မြင့်ကျော်သည် နားလည်သွားသည့်အလား ရှေ့ကို ဆောင့်ထိုး ထိုးလိုက်သောအခါ မြင့်ဌေး၏အာခေါင်ကို အစွယ်နှင့် ထောက်မိသွားပါသည်။ မြင့်ဌေးလည်း နာကျင်လွန်း၍ အသံကုန်အော်ကာ  အစွယ်နှစ်ချောင်းကို ချိုးရန်ပတ်ထားသော နှာမောင်းကိုဖြေကာ လှည့်ထွက်သွားကာ ကျောပေးပါတော့သည်။ဆင်များ ကျောပေးလျှင် အရှုံးပေးသည့်လက္ခဏာဖြစ်သည်။ ထိုအခါ ဆင်ခေါင်းကြီးက ထိုး ဖိ ထိုး ဖိ ဟုအော်ကာ အမိန့်ပေးပြန်ပါသည်။ မြင့်ကျော်လည်း မြင့်ဌေး၏ကျောလည်အား နောက်မှ အစွယ်နှစ်ချောင်းဖြင့် ထောက်ကာ ဖိလိုက်ပါသည်။ မြင့်ဌေး ကာ ခါးကော့ကာ ဖင်ထိုင်ကျသွားပါသည်။ ရှေ့လက်နှစ်ချောင်းကာ မတ်မတ်ရပ်ကာ အားတင်းတောင့်ထား ပါသည်။ ထိုအခြေအနေတွင် မြင့်ဌေးအား ၀င်ကောက်ရမည်ဖြစ်သော်လည်း မည်သူမျှ မ၀င်ရဲချေ။ ဆက်ထိုးခိုင်းလျှင်လည်း မြင့်ဌေး ဒဏ်ရာအကြီးအကျယ်ရသွားနိုင်သလို၊ ခါးပါကျိုးသွားနိုင်၍ အားလုံးက ဆုတ်ဆုတ်ဟု အော်ကြသည်။ ထိုအခါ ကျောပေါ်အစွယ်ဖြင့်ဖိထားသည်ကို နောက်နှစ်လှမ်းခန့် ဆုတ်ပေးလိုက်ပါသည်။ ထိုအခါမှ မြင့်ဌေးလည်း ထကာ ချောင်းတဖက်ကမ်းသို့ ထွက်ပြေးသွားပါသည်။ မြင့်ကျော်က နောက်မှ လိုက်ဟန်ပြင်သောကြောင့် ဟောင်ဟောင် ဟုအော်ကာ တားကြပါသည်။ ချောင်းတစ်ဖက်ကမ်းရောက်မှ မြင့်ဌေးလည်း ဆက်မပြေးပဲ  ကမ်းပါးထိပ်မှ ရပ်ကာ တွေတွေကြီး ပေစောင်းပေစောင်းဖြင့် ကြည့်နေပါသည်။ သူရှုံးသည်ကို ကျေနပ်ဟန်မတူပါ။ မကျေပွဲနွဲရန် တာစူနေသည့်သဘောဖြစ်ပါသည်။ ထိုနောက် တစ်လှမ်းချင်း တောင်ပေါ်ပြန်တက်သွားပါသည်။ တွဲဆင်မ သောင်းစိန်ခိုင်လည်း အတူပြန်ပါသွားသည်။  ထိုအခါမှ မြင့်ကျော်ကို ပြန်ခေါ်ကာ ဆင်ဝိုင်းသို့ပြန်ကြပါတော့သည်။  မြင့်ကျော်အား ယခင်က သံကြိုးတစ်ဖက်ချည်ပြီးလွှတ်ရာမှ မတော်တဆ မြင့်ဌေးနှင့် ပြန်ဆုံပါက အချင်းချင်းတိုက်ကြလျှင်လွတ်လွတ်လပ်လပ်ဖြစ်စေရန် လက်လားနှင့် ခလောက် တစ်လုံးဆွဲကာ လွတ်ခိုင်းလိုက်၏။  ထိုညတွင် ထင်သည့်အတိုင်း သန်းခေါင်းကျော် တစ်ချက်တီး လောက်တွင် ဟိုင်းဆင်မြင့်ဌေးသည် လူကိုမကျေနပ်၍လား၊ ဆင်မြင့်ကျော်ကို မကျေနပ်၍လားမသိ ဆင်ဝိုင်းနားသို့ရောက်လာပါတော့သည်။ သံကြိုးသံနှင့်ခလောက်သံ ကြားကြသောအခါ တ၀ိုင်းလုံး အိပ်ယာမှ နိုးလာပါတော့သည်။ သို့သော်လည်း မိမိတဲ့အောက် မဆင်းရဲပဲ ကိုယ့်တဲတွင်အသာငြိမ်နေကြရပါသည်။ ဦးစွာ မြင့်ဌေးသည် သူ့ဦးစီးတင်သန်း၏ တဲ့သို့ အရင်သွားပြီး အနံ့ခံနေပါသည်။ ကိုတင်သန်းမိန်းမသည် သူ့ယောက်ျားဆုံးကတည်းက တစ်ယောက်တည်း ကြောက်သည်ဟုဆိုကာ ဇင်ပြွန်းရွာထဲရှိ အသိအိမ်တွင်သာ သွားအိပ်ပါသည်။ နေ့မှ ၀ိုင်းသို့လာကာ ချုက်ပြုပ်စားသောက်ပါသည်။ ထို့နောက် မြင့်ဌေးသည် စခန်းအလည်မှ တလှမ်းခြင်းလျှောက်ကာ စခန်းထိပ်ရောက်မှ ကျည်ကနဲ့ တစ်ချက်အော်ကာ ထွက်သွားပါတော့သည်။ ထိုညက တစ်ချို့ချောင်းကြည့်သူများက ခေါင်းပေါ်တွင် လူတစ်ယောက် ထိုင်နေဟန် ၀ိုးတ၀ါးမြင်လိုက်ရသည်ဟု ပြောကြရာ အားလုံးက ကိုတင်သန်း မကျွတ်မလွတ်ပဲ ဆက်လက်၍ မြင့်ဌေးကို စီနေခြင်းဖြစ်သည်ဟု ယုံကြည်ကြကာ ပိုမိုကြောက်ရွံ့ကြပါတော့သည်။ ဆင်ဝိုင်းဘေးတွင် နေကြသော တံတားဆောက်လုပ်ရေးမှ အဖွဲ့များကလည်း သူတို့လည်း မြင်လိုက်သည့်သူများရှိသည်ဟုဆိုကာ နောက်နေ့တွင် မနေရဲကြတော့ပဲ တဲများကိုစွန့်ခွာကာ ပဒါန်းသို့ပြန်သွားကြပါတော့သည်။ ထိုအခါမှ စ၍ မြင့်ဌေးအား ပိုမိုကြောက်ရွံ့လာကြတော့သည်။ ယခင်က မုန်ယိုနေသော ဆင်အဖြစ်သာ သာမန်မျှ ကြောက်ရွံ့ကြသော်လည်း  ယခုတွင်မူ ခေါင်းပေါ်တွင် သူ့သခင်မကျွတ်ပဲစီးနေသည်ဟု ယုံကြည်ကာ ဆင်ကြောက်သည့်အပေါ် တစ္ဆေသူရဲပါ လွှမ်းမိုးသွားတော့သည်။ နဂိုကတည်းက ပညာမတတ်၊ စာမတတ်၊ ပေမတတ် ရိုးရာယုံကြည်မှုများနှင့်သာ ကြီးပြင်းလာခဲ့ရသော ဆင်သမားအသိုင်းအ၀ိုင်းမှာ ပိုပြီးထိတ်လန့်ကြတော့သည်။ မိသားစုရှိသူများ ညဖက်တွင် မိန်းမနှင့်ကလေးများကို ဇင်ပြွန်းရွာ ဘုန်းကြီးကျောင်းတွင်သွားအိပ်ကြတော့သည်။ ညအခါ ယောက်ျားများလည်း ကိုယ့်တဲကိုမအိပ်ရဲကြတော့ပဲ တဲ့တစ်တဲတွင် လေးငါးယောက်စုကာ အိပ်ကြတော့သည်။ နောက်နှစ်ညသုံးညဆက်တိုက်ပင် ညသန်းခေါင်အချိန်တွင် မြင့်ဌေးသည် စခန်းသို့ ပုံမှန်လာတော့သည်။ လဆန်းရက်မို့ လက စောစောကွယ်သောကြောင့် မြင့်ဌေးလာချိန်တွင်မူ ကြယ်ရောင်အနည်းငယ်သာရှိသဖြင့် တောရိပ်တောင်ရိပ်နှင့်ရောကာ ဆင်ကလည်းမည်းမည်းမို့ မျက်စိအမြင်မှားကြသည်ထင်ပါသည်။ သို့သော်အားလုံးမှာ ထိတ်လန့်မှုကို မည်သူမျှ ဖြေဖျောက်၍မရနိုင်ချေ။ ထို့နောက်ပိုင်းတွင် မြင့်ဌေးကို ဖမ်းရန်မဆိုထားဘိ မြင့်ဌေး ဘယ်တော၊ ဘယ်စားကျက်တွင်နေသည်ကိုပင် သွားရောက် မကြည့်ရဲကြတော့ပေ။  လက်ထောက်ဆင်ခေါင်းကိုထွန်းလင်းနှင့် သတ္တိကောင်းသူ သုံးလေးယောက်ပေါင်းကာ မြင့်ဌေးကို မုန်ယိုတိတ်စေရန် ကျောက်ဖယုံသီး ကြွေးရန်သွားကြပါသည်။ ဆင်နှစ်ကောင်တွေ့သောအခါ အမြင့်ပိုင်းမှ အသံပေးကာ ကျောက်ဖယုံသီးကို တောင်ပေါ်မှ လိမ့်ချကာကြွေးပါသည်။ အစတွင် ဆင်၏အခြေအနေမှာ ပုံမှန်ဖြစ်နေ၍ အားလုံးက သဘောကျနေကြပါသည်။ မန်ကျည်းလုံးကြွေး၍ တဖြည်းဖြည်းခေါ်၍ ရလျှင် ကောက်သွားမည်ဟုပင် ပြောဆိုထားကြပါသည်။ နောက်ထပ် ကျောက်ဖယုံးတစ်လုံးအား လိမ့်ကာကြွေးပြန်ပါသည်။ ကိုထွန်းလင်းလည်း သူ့အသံ မှတ်မိစေရန် တတွက်တွက်နှင့် မြင့်ဌေးအား စကားပြော အသံပေးနေပါသည်။ ဒုတိယအကြိမ် ကျောက်ဖယုံသီး လိမ့်ချလိုက်ပြီးနောက် အခြေအစောင့်ကြည့်နေကြပါသည်။ ဆင်သည် နမ်းကြည့်ပီးနောက်  ကျောက်ဖယုံသီးအားမစားပဲ အစ်တချက်ထိုးကာ လိုက်ပါတော့သည်။ ကိုထွန်းလည်းလည်း ဟောင် ဟောင် ဟုအော်ကာပြေးပါတော့သည်။ ကျန်လူများကတဖက် ကိုထွန်းလင်းကတဖက် လမ်းခွဲပြေးကြရာ ကိုထွန်းလင်းနောက်သာ လိုက်တော့သည်။ ကိုထွန်းလင်းမှာ အနည်းငယ်ဝသောကြောင့် တောင်ပေါ်သို့ မနည်းပြေးကာ မျက်ခြေဖြတ်ရပါသည်။ ထို့နောက်လူအားလုံး ဆုံသော် စခန်းသို့ပြန်ကြတော့သည်။ ပနီချောင်းသို့ရောက်သော် မောလွန်းသောကြောင့် ခဏနားကြပါသည်။ အမောဖြေရင်း ကိုထွန်းလင်းက တင်သန်းဆိုတဲ့ကောင် သေတာတောင် ငါ့ကို အမြင်ကပ်တုံးရှိသေးတယ်ဟု ငြီးပါသည်။ လုပ်ငန်းခွင်တွင် တိတိကျကျလုပ်သော ကိုထွန်းလင်းနှင့် ပီးပြီးရောလုပ်တတ်သော ကိုတင်သန်းမှာ တကျက်ကျက်စကားများကြသည်။ ဤသည်ကိုရည်ရွယ်ပြီး ကိုထွန်းလင်းက ပြောခြင်းဖြစ်ပါသည်။ မျက်နှာသစ်၊ ခြေထောက်လက်ထောက်ဆေးကာ အမောဖြေကြပါသည်။ တချို့လည်း ဆေးလိပ်ဖွာကာ မြက်ခင်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်အနားယူနေကြပါသည်။ နာရီဝက်လောက်နားပြီး အမောပြေ၍ဆက်လက်ထွက်ကြဖို့ ပြင်ဆင်ကြပါသည်။ ထိုအချိန်တွင် မြင့်ဌေး၏ သံကြိုးသံနှင့် ခလောက်သံကို ကြားကြရပါတော့သည်။ အားလုံး အံ့အားသင့်သွားကြသည်။ သူတို့ ကျောက်ဖယုံသီးကြွေးသည့်နေရာသည် အနည်းဆုံး တစ်မိုင်ကျော်ကျော် နှစ်မိုင်ခန့်ဝေးပါသည်။ ထိုနေရာမှ ချောင်းစပ်အထိ လိုက်လာစရာအကြောင်းမရှိချေ။ ထို့ကြောင့် ချောင်းမှ ခွာကာ ကမူပေါ်တက်ပြီးကြည့်ကြပါသည်။ မြင့်ဌေးနှင့် တွဲဆင်မကာ နှာမောင်းကို လေပေါ်မြောက်ကာ မြောက်ကာ အနံ့စစ်ပြီး တလှမ်းခြင်းလိုက်လာသည်ကို တွေ့ကြရတော့သည်။ အာလုံး အလွန်အံ့သြသွားကြတော့သည်။ ကိုထွန်းလင်းက ဒီအတိုင်း ဆိုရင်တော့ တို့စခန်းကို ဒီအတိုင်းပြန်လို့မဖြစ်ဘူး ဒီတော့ ပါလာတဲ့ အ၀တ်အစား လွယ်အိတ်တွေ အကုန်လုံး သူလှမ်းမမှီလောက်တဲ့ သစ်ပင်ခွဆုံပေါ်တင်ထားခဲ့မှရမယ် ဟုပြောကာ အားလုံး ပါလာသည့် အင်္ကျီ ပုဆိုးများချွတ်ကာလွယ်အိတ်ထဲထည့်ကာ သစ်ပင်ကြီးကြီး ပေါ်တက်ကာ မြင့်ဌေး မမှီလောက်သည့် အမြင့်တွင် ချိတ်ထားကြပါသည်။ အားလုံး ဘောင်းဘီတို့ဖြင့်သာစခန်းသို့ ပြန်ခဲ့ကြရပါသည်။ ထိုညတွင် ကိုထွန်းလင်းလည်း သူ့တဲတွင် မအိပ်ရဲတော့ပါ။ ညဉ့်ဦးယံတွင် စခန်းမှအိပ်မည်ဟုတွေးထားသော်လည်း ဆယ်နာရီလောက်တွင် သူမနေရဲတော့ပဲ အဖေါ်တစ်ယောက်ခေါ်ကာ ဇင်ပြွန်းဘုန်းကြီးကျောင်းသို့ ပြေးတော့သည်။ သန်းခေါင်ကျော်လောက်တွင် မြင့်ဌေးရောက်လာပါတော့သည်။ ထို့နောက် ကိုထွန်းလင်းတဲရှေ့တွင် အတန်ကြာရပ်နေကာ အနံ့စစ်လိုက် ခွာရှပ်လိုက်ဖြင့် ဆယ့်ငါးမိနစ်လောက်နေပြီး ၀ိုင်းမှ ပြန်ထွက်သွားသည်။ ဆင်ခေါင်းကြီးလည်း ၀ိုင်းသူဝိုင်းသားများနှင့်တိုင်ပင်ကာ ပရိတ်ရွတ်ရန် စီစဉ်တော့သည်။ သံဃာငါးပါးပင့်ကာ ၀ိုင်းတွင် ပရိတ်ရွတ်လိုက်တော့သည်။ ထို့နောက် ပရိတ်ချည်များအား စခန်းဝင်းတစ်ခုလုံး ပတ်တော့သည်။ လူဝင်လမ်းတွင် ၀ါးလုံးနှင့်မြှောက်ကာထားသည်။ ပရိတ်သဲများကိုလည်း စခန်းပတ်ချာလည် ဖြန်းထားတော့သည်။ ထို့နောက် ၀က်စာကျင်းသင်းချိုင်းသို့သွားကာ ကိုတင်သန်းအား အမျှပေး ပရိတ်ရွက်ပေးလိုက်သည် ဟု လက်ထောက်ဆင်ခေါင်း ကိုထွန်းလင်းကပြောပြသည်။ ကျွန်တော်တို့ရောက်သည့်ညမှာ ပရိတ်ရွတ်ပြီးစ ညဖြစ်သည်။ ကိုထွန်းလင်းနှင့် အခြေအနေများ ပြောဆိုပြီးချိန်တွင် ည ဆယ်နာရီပင် ထိုးလုနီးချေပြီး အားလုံး ထမင်းစားကာ သောက်ဝိုင်းကို လက်စသပ်လိုက်ကြ သည်။ ထိုညတွင်မူ ဆယ်နာရီလောက်ထိ ဆင်ဝိုင်းမှာ အသံမတိတ်နိုင်သေးပဲ အခြားတဲများမှလည်း မီးရောင်များ မြင်ရသေးသည်။ ကျွန်တော်တို့ အဖွဲ့လည်း ခရီးပမ်းသည်ကတစ်ကြောင်း ယမကာတန်းခိုးကြောင့်လည်းကောင်း အိပ်ယာဝင်ကြတော့သည်။ နောက်တစ်နေ့နံက်လင်းသည်အထိ အခြေအနေမှာ အေးအေး ဆေးဆေးရှိနေသည်။ နံက်ခြောက်နာရီခွဲလောက်တွင် အားလုံး ထမင်းကျန်စားပြီး ရေနွေးကြမ်းသောက်၊ ဆေးလိပ်ဖွာနေကြသည်။ ခုနစ်နာရီလောက်တွင် ဆင်အုပ်ကြီးနှင့် ဆင်ဆရာဝန်တို့ ဆင်ခေါင်းကြီးတဲမှ ထွက်လာကာ ဆင်ဖမ်းမည့် အစီအစဉ်ပြောပြပါသည်။ ဦးစွာ ဆင်နှစ်ကောင် မည့်သည့် နေရာ စားကျက်တွင် အနေများသည်ကို သွားရောက် စုံစမ်းရန် ထို့နောက်မည့်သို့မည်ပုံဆက်လက်ဆောင်ရွက်သင့်သည်ကို ဆင်အုပ်ကြီးနှင့် တိုင်ပင်၍ လုပ်ဆောင်ကြရန်ပြောပါသည်။ မိမိတို့အစီအစဉ်နှင့် ဖမ်းဆီးမရပါက သစ်ထုတ်ရေး ဆင်ဖမ်းအဖွဲ့သို့ အကူအညီတောင်းကာ မေ့ဆေးသေနတ်ဖြင့် ဖမ်းရန် အစီရင်ခံတင်ပြထားပြီးဖြစ်ကြောင်း အထက်မှ ခွင့်ပြုပြီးဖြစ်ကြောင်း မေ့ဆေး ဆင်ဖမ်းအဖွဲ့မှာ နောက်တစ်ပတ်လောက်တွင် ရောက်လာမှာဖြစ်ကြောင်း ထို့ကြောင့် လူနှင့် ဆင် အသက်အန္တရယ်ဖြစ်မည့် အစီအစဉ်ဖြစ်ပါက စွန့်စားပြီး မလုပ်ဆောင်စေလိုကြောင်း မေ့ဆေးသေနတ်နှင့်ဖမ်းလျှင် လွယ်ကူသောကြောင့် အန္တရယ်များလျှင် ဆင်မပျောက်စေရန်သာ သွားရောက်အဝေးမှနေ့စဉ် ကြည့်ရှုလျှင် ဖြစ်ကြောင်းပြောပါသည်။
    ထို့နောက် ဆင်ဝိုင်းမှ ၇ယောက်နှင့် ကျွန်တော်တို့ ဆင်ဖမ်းအဖွဲ့မှ ၁၀ယောက် ပေါင်း ၁၇ ယောက်တို့ သည် တပျော်တပါးကြီး ထွက်ခွာကြပါတော့သည်။ လမ်းတွင် ကိုထွန်းလင်းက ကျွန်တော့အား ညက မြင့်ဌေး မလာသည်မှာ သူ့ဦးစီး တင်သန်းအား ပရိတ်ရွတ်လိုက်၍ဖြစ်ကြောင်း ထို့ကြောင့်သာ မလာခြင်းဖြစ်ကြောင်းပြောပါသည်။ ကျွန်တော်လည်း ဒါဟာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သေပြီး စီးနေသည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်းငြင်းပါသည်။ ထိုသို့နှစ်ယောက်သားငြင်းခုံးရင်း သွားကြရာ ရုတ်တရက် ချွမ်ဆိုသောအသံကြားလိုက် သလိုလိုရှိသောကြောင့် အသံတိတ်သွားသည်။ ဆင်ဖမ်းတွင် ပါလာသော စီးဆင်ဝိုင်းဆင်ခေါင်း ကိုရာဘော်က တိုးတိုးတိတ်တိတ်သွားကြရန် ငြင်းစရာမကုန် သေးပါက စခန်းပြန်ရောက်မှ ငြင်းကြရန် ပြောပါသည်။ သူပြောတာ ကျိုးကြောင်းဆီလျော်သောကြောင့် နှစ်ယောက်သား တိတ်သွားတော့သည်။ နေ့လည် ၁၂ နာရီခန့်တွင် မကျီးကိုင်း ရွားနားရှိ ပနီချောင်းသို့ရောက်ကာ ထမင်းထုပ် ဖြေစားကြပါသည်။ ထို့နောက် ကိုင်းထဲဝင်ကာ ကျွဲကျောင်းသားများကို ဆင်အခြေအနေစုံးစမ်းကြပါသည်။ ဆင်နှစ်ကောင်မှာ ငှက်ပျောဥယျာဉ်များတွင်သာ နေကြောင်း မနက်က ပနီဆုံ ရွာ အထက်တွင် ခလောက်သံကြားသည်ဟု ပြောသံကြားကြောင်း စုံစမ်းသိရှိရသည်။ ထိုနောက် အဖွဲ့များ ၄-၅မိုင်ခန့်ဝေးသော ပနီဆုံ ရွာသို့ ဆက်လက်ထွက်လာခဲ့သည်။ ရွာအောက်ဖက်ရှိ ငှက်ပျောခြံများမှာ မှိုင်းညို့ကာ ဧက လေးငါးဆယ်ခန့်ရှိပါသည်။ ဆင်နှစ်ကောင်မှာ ထိုငှက်ပျောတောထဲတွင် ဇိမ်ကျနေပေလိမ့်မည်မှာသေချာပေသည်။ ရွာသို့ဝင်ကာ အခြေအနေစုံးစမ်းကြပြန်သည်။ သူကြီးက ဆင်နှစ်ကောင်ရောက်လာမှ ယာထဲကိုင်းထဲ သွားရ လာရသည်မှ မလွတ်လပ်ကြောင်း အမြန်ဖမ်းဆီးပေးရန်ပြောပါသည်။ တနေ့တွင် သူ့ရွာမှ ခြံပိုင်ရှင်တစ်ယောက် ငှက်ပျောခိုင်ခုတ်ရန် လှည်းဖြင့်သွားရာ သူ့ခြံထဲတွင် ဆင်နှစ်ကောင်ရောက်နေကာ ငှက်ပျောပင်များ လှဲကာ ဖျက်ဆီးသောကြောင့် သွားရောက် မောင်းနှင်ရာ ဆင်နှစ်ကောင်မှ တိုက်လွှတ်သောကြောင့် ထွက်ပြေးလာရာ ကြောက်ကြောက်နှင့် အိမ်ရောက်သည်အထိပြေးခဲ့ပါသည်။ အိမ်ရောက်၍ မိန်းမက ပုဆိုးရောဟုမေးကာမှ သူ့တွင် ပုဆိုးမပါကြောင်းသိကာ သတိဝင်လာပါတော့သည်။ ထိုနောက်တွင် မည်သူမှ ဆင်နှစ်ကောင်အား သွားရောက်မောင်းနှင်ခြင်း မပြုဝံ့တော့ချေ။ ထို့ကြောင့် သူကြီးမှ ဆင်ဖမ်းပေးရန်နှင့် လိုအပ်သော အကူအညီရှိက ပေးမည်ဖြစ်ကြောင်း ပြောပါသည်။ ထို့နောက် အဖွဲ့သားများ ဆင်နှစ်ကောင်အခြေအနေကြည့်ရန် ရွာမှ ထွက်လာကြသည်။ ရွာမှ ဆင်းပြီး သိပ်မကြာပါ ငှက်ပျောတောထဲတွင် မြင့်ဌေး၏သံပတ်သံကို ကြားရတော့သည်။ ဆင်ဝိုင်းမှလူများမှာ ဖိနပ်ချွတ်သူချွတ်၊ ပုဆိုးပြင်ဝတ်သူဝတ်နှင့် ဖြစ်ကုန် ပါတော့သည်။ ကျွန်တော်နှင့် ဆင်ဖမ်းအဖွဲ့ကလူများကမူ နားမလည်ဟန်နှင့် ခုမှ ခလောက်သံကြားရကာရှိသေး ဘာလို့ အဲလောက် အဖြစ်သည်းကြောက်တာလဲဟု လှောင်မေး မေးကြရာ၊ သူတို့မှာ စိတ်မဆိုးသည့်အပြင် မျက်နှာငယ်လေးတွေနှင့် ခင်ဗျားတို့က မကြုံသေးလို့ ၊ ကျုပ်တို့တော့ သူ့ခလောက်သံကြားကတည်းက  ချီးယိုချင်သလိုလို သေးပေါက်ချင်သလိုလိုဖြစ်လာတာဗျဟု ပြန်ဖြေကြပါသည်။ ကျွန်တော်တို့ ဆင်ဖမ်းအဖွဲ့မှာလူများက ရယ်ပြုံးပြုံးဖြင့် ကဲဒါဆိုလည်း ဒီမှာပဲနေခဲ့တော့ ခလောက်သံကြားရပီပဲ ကျုပ်တို့ဖာသာ သွားကြည့်မယ်ဆိုပီး ထားခဲ့တော့သည်။ ကျွန်တော်တို့နှင့် အတူဆင်ဝိုင်းမှ ပဲချိတ်ပေါက်စ သိန်းဇောဦး တစ်ယောက်သာလိုက်လာခဲ့သည်။ သူကတော့ ကိုတင်သန်းနှင့် ယောက်ဖတော်သူဖြစ်သည်။ ခုမှ အသက် ၁၄-၁၅နှစ်လောက်သာရှိသေးသည်။ မြင့်ဌေးကို သူလည်း စီးဖူးသည်။ ခိုင်းလည်း ခိုင်းဖူးသည်။ မကြောက်ချေ။ ထို့ကြောင့် သူတစ်ယောက်သာ ပါလာသည်။ ကျွန်တော်တို့ အဖွဲ့ ဆူညံဆူညံအသံကြားလို့လားမသိ ဆင်ခလောက်သံတိတ်သွားသည်။ ထိုအခါမှ ကျွန်တော်တို့လည်း တိတ်သွားကာ ပတ်ဝန်းကျင်အခြေအနေ လေ့လာတော့သည်။ ကိုရာဘော်က သဲမှုံ့ အနည်းငယ် လေတွင်မြှောက်ကြည့်လိုက်ပြီး ကိစ္စမရှိဘူး ဆက်သွား တို့က လေအောက်ကပဲ၊ ဒါပေမယ့်  ခြေသံတော့လုံပစေ နှစ်ဖွဲ့ခွဲပြီး တိုးတိုးတိတ် တိတ်သွားကြဟု ပြောပါသည်။ ကျွန်တော်က တောင်ခြေကို ပန်းတက်ကာ သွားမည့် အဖွဲ့တွင် လိုက်ပါသွားသည်။ ကျန်လူများ ဥယျာဉ် ငှက်ပျော်ပင်များကြားတွင် အသံနားစွင့်ရင်း တရွေ့ရွေ့ ခလောက်သံကြားခဲ့သော နေရာသို့ မှန်းသွားနေကြသည်။  ကျွန်တော်တို့အဖွဲ့မှာ တောင်ပေါ်ဖုန်းဆိုးတောတိုးကာသွားနေရသဖြင့် ခရီးသိပ်မတွင်ချေ။ ထို့ကြောင့် သစ်ပင်တစ်ပင်ပေါ်တက်ကြည့်ရန် အကြံပေးကြသောကြောင့် ပဲချိတ်တစ်ယောက် တက်ကြည့်ပါသည်။ ထိုချိန်တွင် လေမှာ လမ်ကြောင်းပြောင်းကာတိုက်တော့သည်။ ကျွန်တော်တို့ က လေညာအရပ်က ဖြစ်သွားသောကြောင့် သိပ်မကြာခင်  ပေငါးဆယ်ခန့်အကွာ ကမ်းပါးအောက်မှ ခလောက်သံ ရုတ်တရက်ကြားလိုက်ရသည်။ အားလုံး လည်း သစ်ပင်ကြီးကြီးကိုသာ ရှာကြတော့သည်။ ထို့နောက် ကိုစံမောင်း(ယခင် မြင့်ဌေး ဦးစီး) ကမူ လှံတစ်ချောင်းကိုင်ကာ မကြောက်ပဲခလောက်သံကြားရာဆီသို့ တောတိုး သွားသည်။ ကျွန်တော်နှင့် အခြားသူများလည်း လူဖြန့်ကာ နောက်မှလိုက်သွားသည်။ ပေသုံးဆယ်ခန့်ရောက်သောအခါ ရှေ့တွင် ကမ်းပါးပြတ်တစ်ခု ခံနေသည်ကိုတွေ့ရသည်။ ဆင်ခလောက်သံကို ထိုကမ်းပါးပြတ်အောက်မှ ကြားရခြင်းဖြစ်သည်။ ထိုအခါမှ အားလုံး ဟင်းချကာ ကမ်းပါးအနားသို့ သွားကာ အောက်ဖက် ငှက်ပျောပင်များကြားထဲသို့ လှမ်းကြည့်ကာ ဆင်နှစ်ကောင်အား ရှာကြသည်။ သို့သော် တိတ်ဆိတ်နေသဖြင့် ရုတ်တရက် ရှာမတွေ့ချေ။ ကိုစံမောင်းလည်း စိတ်မရှည်သဖြင့် အဟမ်း ဟုချောင်းတစ်ချက်ဟန့်ကာ အသံပေးလိုက်သည်။ ထိုအခါမှ ရှေ့ ဆယ့်ငါးပေခန့်မှ ခလောက်သံပေါ်လာကာ နှာမောင်းထောင်ကာ အနံ့စစ်နေသော ဆင်ပေါက်ကြီးမြင့်ဌေးကို မြင်ကြရတော့သည်။ ဆင်ကိုမြင်လိုက်ရမှ ကျွန်တော်တို့လည်း ပြေးလမ်း ဆုတ်လမ်းကို ကြိုကြည့်ထားပါသည်။ ထို့နောက် ကိုစံမောင်းက သူအသံပေးကာ ခေါ်ကြည့်မည် အခြေအနေမဟန်လျှင် ပြေးရန် အသင့်ပြင်ကြရ့န်ပြောပါသည်။ ထို့နောက် ကျွန်တော်တို့သည် ကမ်းပါးမှ နောက်ထပ် ဆယ်ပေလောက် ဆုတ်ကာ ၀ါးရုံပုတ်တခုဘေးမှ ကြည့်နေကြပါသည်။ ကိုစံမောင်းနှင့် ကိုအောင်ဝင်း နှစ်ယောက်သာ ကမ်းပါးစပ်တွင်ရပ်ကာ လူလုံးပြကြပါသည်။ ကမ်းပါးမှာ ရှစ်ပေခန့်ရှိသောကြောင့် ဆင်ရုတ်တရက်တက်မလာနိုင်ချေ။ ထို့ကြောင့် ကိုစံမောင်းသည် အသံပေးကာ ခေါ်တော့သည်။ ပထမတွင် ပေတေတေရပ်နေသော်လည်း နောက် ခဲများ လောက်လေးများနှင့် ထုကာ ခေါ်သောအခါ တလှမ်းခြင်းရှေ့တို့လာပါတော့သည်။ ကိုစံမောင်းကမူ သူ့အသံမှတ်မိသွားပီ ဖြစ်၍ အေးအေးဆေးဆေး ကောက်သွား၍ ရပီဖြစ်ကြောင်း ပြောနေသည်။ ကိုအောင်ဝင်းကမူ အရဲမကိုးသင့်ကြောင်း ကမ်းပါးအောက်ကိုမဆင်းသင့်ကြောင်း အပေါ်မှ ခေါ်ကာ အနီးရောက်မှ အခြေအနေမဟန်လျှင် ပြေးရလွှားရလွယ်ကူကြောင်း ပြောကာ ကိုစံမောင်းအားတားပါသည်။ ကျွန်တော်တို့လည်း ကိုစံမောင်းအား ၀ိုင်းတားကြပါသည်။ ထို့နောက်ဆက်ခေါ်ရာ တဖြေးဖြေးနှင့် ကမ်းပါးနှင့် ၇ -၈ပေလောက်အရောက်တွင် မြင့်ဌေးသည် ရုတ်တရက် ခြေလှမ်းမြန်လာက တိုက်ပါတော့သည်။ ကျွန်တော်တို့အုပ်စုမှာ ထိုအခါမှ ၀ရုန်းသုန်းကားဖြင့် ထွက်ပြေးရတော့သည်။ တစ်ယောက်လှံ တစ်ယောက်ထိုးမိမည်မှာ သီသီလေး လွဲကြသည်။ ဆင်သည် ကမ်းပါးကိုရုတ်တရက်တက်မရသဖြင့် နောင်ပြန်ဆုတ်သွားသည်။ ကိုစံမောင်းလည်း တော်တော်ဖြုံသွားသည်။ ယခုမြင့်ဌေးသည် သူစီးခဲ့တုန်းက မြင့်ဌေး မဟုတ်တော့ ပရိယာယ်မာယာများသော မြင့်ဌေးဖြစ်သွားသည်။




ဆက်လက်ဖေါ်ပြပါမည်..........







2 Comments:

At October 4, 2009 at 12:51 AM , Anonymous Anonymous said...

ဘယ်နှပိုင်းတောင်မှလဲ။ မှန်မှန်တင်ပေးနော်။

 
At October 4, 2009 at 2:18 AM , Blogger ဝက်ဝံလေး said...

အတ္တရေ ဆင်တွေ သိပ်လည်တယ်နော် ဗဟုသုတ ရစရာပဲဟဲ့ အားရင် ဆက်တင်ဦးနော်

သီတင်းကျွတ်သွားပြီ နင်ကတော့ ကျွတ်စရာ မလိုဘူး ဟုတ် ဟိဟိ ဘိုင် တာ့တာ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home