Tuesday, October 6, 2009

ဟိုတုံးက ကျွန်တော့ဘ၀ (၅)

ကျွန်တော်တို့ဆီမှ ဆူဆူညံညံအသံများ ကြားသဖြင့် ငှက်ပျောတောမှ အဖွဲ့မှ အူသံပေးပါ သည်။ (တောထဲတောင်ထဲတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ နာမည်တပ်မခေါ်ကြပါ။ အူသံပေး၍သာ အချိတ်အဆက်လုပ်ကြသည်။ နာမည်ခေါ်လျှင် မလိုသည့်တောမှ သင်းခွေချပ်က နာမည်မှတ်ထားပီး လူယောင်ဆောင်ခေါ်တတ်သည်၊ ထိုသို့ခေါ်သည်ကို ထူးမိလျှင်သေတတ်သည်ဟု အယူရှိသည်။) အူသံကြားသောအခါ မြင့်ဌေးသည် နားရွက်ကား ကာနှာမောင်းထောင်၍ အနံ့စစ်နေသည်။ ကျွန်တော်တို့လည်း အူသံမှာ မြင့်ဌေးနှင့် ပေလေးငါးဆယ် အကွာမှ ဖြစ်၍ အမြန်ပြန်အူကာ နောက်ဆုတ်ဖို့ အော်ကြရပါသည်။ အကယ်၍ မြင့်ဌေးသာ လိုက်တိုက်ပါက သူတို့အဖွဲ့မလွယ်ချေ။ ကပ်စရာ ခံစရာ သစ်ပင်ကြီး ကြီးမားမားမရှိချေ။ ထို့ကြောင့်အော်ပြောပြီး ကျွန်တော်တို့ဖက် အာရုံပြောင်းစေရန် ကမ်းပါးအစပ်သို့ သွားကာ စကြပြန်သည်။ ထိုအကြိမ်တွင် မြင့်ဌေးပါမက သူ့တွဲဆင်မ သောင်းစိန်ခိုင်ပါ နှစ်ကောင်သား လိုက်တိုက်ကြသည်။ ကျွန်တော်တို့လည်း ကမ်းပါးကို ရုတ်တရက်မတက်နိုင်သည်ကိုသိထားသောကြောင့် အဝေးကြီး မပြေးကြတော့ပဲ နောက် အနည်းငယ်သာဆုတ်ကာ သူတို့ဆုတ်လျှင် သွားစလိုက် တိုက်လာလျှင် နောက်ဆုတ်လိုက် နှင့် နှစ်ကြိမ်သုံးကြိမ် လုပ်ပြီးသောအခါ မြင့်ဌေးတို့ မလိုက်တော့ချေ။ သူတို့လိုက်၍ မရမှန်း သိသွားပုံပေါ်ပါသည်။ ထို့နောက် ချောင်းဖက်သို့သာ တလှမ်းခြင်းထွက်သွားတော့သည်။ ငှက်ပျောတောမှ အဖွဲ့လည်း တောင်ပေါ်သို့ ပန်းတက်လာကာ ရောက်ရှိလာတော့သည်။ နှစ်ဖွဲ့ပြန်ဆုံမိလျှင် ဒီအတိုင်းဖမ်း၍မရနိုင်သည်ကို ပြောဆိုကာ စခန်းပြန်ကာ လူကြီးများထံ အစီရင်ခံတင်ပြကြရန်သာဆုံးဖြတ်ပြီး စခန်းပြန်ခဲ့ကြသည်။ အတော်လေးမှောင်မှ စခန်းရောက်တော့သည်။ စခန်းမှ လူများကား တမျှော်မျှော်နှင့် ရောက်သွားတော့မှ စိတ်အေးသွားကြကာ အခြေအနေမေးမြန်းကြပါသည်။ ကျွန်တော်၊ ကိုရာဘော်နှင့် ကိုထွန်းလင်းတို့က ဆင်အုပ်ကြီးတို့ထံသွားကာ အခြေအနေကို တင်ပြပါသည်။ ဒီတစ်ကြိမ် ဆင်ချင်းထိုးကာ ဖမ်းရန် ဆင်ဆရာဝန်ကြီးက ပြောပါသည်။ ကိုရာဘော်က ကျွန်တော်တို့ ဆီမှ လိုက်လာသော ဆင်များမှာ ယ္ခု မြင့်ဌေးကို မည်သို့မျှ မယှဉ်နိုင်ကြောင်းပြောပါသည်။ ပါလာသောဆင်များမှာ အလုပ်ပင်ပန်းသဖြင့် ၀၀ဖြိုးဖြိုး မရှိ၊ မြင့်ဌေးမှာမူကား အလုပ်က လည်းသိပ်မပင်ပန်း၊ အစာကလည်းပေါသောကြောင့် အလွန်ဝဖြိုးကာ အားအင်တောင့်တင်း လှပါသည်။ မြင်ကာစက ကျွန်တော်တို့ပင် မမှတ်မိကြောင်း တကယ်တန်းယှဉ်လျှင် မရနိုင် ကြောင်း ကျွန်တော်တို့လည်းထောက်ခံပြောကြပါသည်။ မြင့်ဌေးအား မြင့်ကျော်တစ်ကောင် သာယှဉ်နိုင်ကြောင်း နှစ်ကောင် သုံးကောင်ဝိုင်းတိုက်လျှင်လည်း ဆင်နာမည်စိုးရကြောင်း အချင်းချင်းရောရောထွေးထွေးရှိမည်ဖြစ်သဖြင့် မဖြစ်နိုင်ကြောင်း၊ မြင့်ကျွန်းမယ်နှင့် တွဲကာ ဖမ်းမည့်ကိစ္စမှာလည်း ယ္ခု တွဲဆင်မ သောင်းစိန်ခိုင်ရှိနေပြီ ဖြစ်သောကြောင့် ထိုအစီအစဉ်မှာ မဖြစ်နိုင်တော့ချေ။ အတန်ကြာမှ ကိုရာဘော်က တောကောင်များ သုတ်ကိုင်းထောင်ကာ ဖမ်းသလို ဖမ်းလျှင်ဖြစ်နိုင်ကြောင်းပြောပါသည်။ ဆင်အုပ်ကြီးက မင်းပြောတာတော့ မှန်ပါတယ် ဒါပေမယ့် ဆင်ကိုခိုင်မယ့်ကြိုး ငါစဉ်းစားမရဘူးဟု ရယ်သွေးပြောပါသည်။ ကျွန်တော်တို့လည်း အကြံမပေးတတ်အောင်ဖြစ်သွားသည်။ ထိုစဉ် ဆင်ဆရာဝန်ကြီးတို့ အဖွဲ့ အားလိုက်ပို့သော ရုံးကားမောင်းသူ ကိုအာဝါးမှ ဆင်ခိုင်သော သံကြိုးရှိကြောင်း နတ်ရေကန် လမ်းဖောက်သော ဆောက်လုပ်ရေးဝိုင်းတွင် ရှိသည်ကို မြင်ဖူးကြောင်း စတီးလ်ကြိုးဖြစ်ပြီး ကြိုးကဲ့သို့ ပျော့ပြောင်းကာ အလွန်ခိုင်ကြောင်း ကြိုးတံတားဆောက်ရာတွင် သုံးကြောင်း ၀င်ပြောပါသည်။ ထိုအခါမှ အားလုံး မျက်နှာဝင်းလက်သွားကာ မနက်ဖြန် ထိုစတီးလ်ကြိုးအား သွားငှားကြရန်နှင့် တဖွဲ့ကို မြင့်ဌေး အခြေအနေသွားရောက်ကြည့်ရန်ဆုံးဖြတ်လိုက်ကြသည်။ နောက်တစ်နေ့တွင် ကျွန်တော်တို့မှာ ဆင်ကြည့်လည်းမပါ သံကြိုးငှားလည်းမလိုက်ဖြစ်ပဲ စခန်းတွင် အနားယူကြပါသည်။ နောက်တစ်နေ့အတွက် အားမွေးကြခြင်းဖြစ်ပါသည်။ ထို့နောက် ဆင်ခေါင်းကြီးဦးဖိုးလှိုင်က မနက်ဖြန် သွားလျှင် စတီးကြိုးနှင့် မုန်ထူးမုန်ကြိုးများ သယ်ရန် မည်သည့်ဆင်ခေါ်သွား၇န် အကြံတောင်းပါသည်။ ကျွန်တော်တို့လည်း ကျွန်တော် တို့ဆီမှ လိုက်လာသောဆင်များမှာ အားချင်းမယှဉ်နိုင်သဖြင့် ဆင်ခေါင်းကြီးတို့ဝိုင်းမှ ခေါင်ဆင် မြင့်ကျော်ကိုသာလျှင် ခေါ်သွားသင့်ကြောင်းပြောပြကြ၏။ ဆင်ခေါင်းကြီးလည်း သဘောတူကာ ဦးစီးကိုကျော်ဝင်းအား မြင့်ကျော်အား ညနေစောင်းလောက် စခန်းနားတွင် သွားရောက်ကောက် ထားရန်နှင့် လှံကိုင်ပဲချိတ်တစ်ယောက်ခေါ်သွားရန်ညွှန်ကြားပါသည်။ ညနေစောင်းလျှင် ကျွန်တော်လည်း မြင့်ကျော်နှင့်ခွဲသည်မှာ တစ်နှစ်ကျော်ပီဖြစ်၍ မြင်ဖူးချင် သောကြောင့် ကိုကျော်ဝင်းအား တခြားလှံကိုင်မခေါ်စေတော့ပဲလှံတစ်ချောင်းဆွဲ ဓါးမြှောင် ခါးထိုးကာ ကိုကျော်ဝင်းနှင့်လိုက်သွားပါသည်။ မြင့်ကျော်အားတွေ့လျှင် ကိုကျော်ဝင်းအား ပုန်းနေရန်ပြောပြီး ကျွန်တော့အသံ ပေးကာဦးစွာ ခေါ်ကြည့်ပါသည်။ မုံအိုးများ မို့ဖေါင်းကာ မုန်ရည်များ စီးနေသည်မှာ လက် နှစ်သစ်သုံးသစ်ခန့်ပင်ရှိနေပါသည်။ သို့သော် မြင့်ကျော်၏ မုန်စီးကြောင်းမှာ မုန်အာသောက် အမျိုးအစားမဟုတ်ပဲ ဘေးလွဲပါသည်။ ထိုဆင်မျိုးများမှာ မုန်ယိုသော်လည်း မဆိုးကြပါ။ မြင့်ဌေး မှာမူ မုန်စီးကြောင်းမှာ မုန်အာသောက်မျိုးဖြစ်ပါသည်။ မုန်အာသောက်ဆိုသည်မှာ မုန်ပေါက်မှစီးကြသော မုန်ရည်များ ခံတွင်းသို့စီးခြင်းကို ခေါ်ပါသည်။ ထိုမုန်ရည်ကို သောက်ရ သောဆင်သည် အလွန်ဆိုးသွမ်းပါသည်။ ယ္ခုလည်း ကျွန်တော့ကိုမြင်သော မြင့်ကျော်သည် မုန်ကျနေသော်လည်း မည်သို့မျှ ၇န်လိုဟန်မပြပါ။ ကျွန်တော်လည်း လှံကို အသင့်ကိုင်ကာ တဖြေးဖြေးတိုးသွားပါသည်။ အနားရောက်၍ နားရွက်ဆွဲကာ မက်(၀ပ်)ခိုင်းလိုက်ပါသည်။ သို့သော် မ၀ပ်ပေးပဲ ချာကနဲ့လှည့်ကာ ဖင်ပေးနေပါတော့သည်။ ကျွန်တော် ထပ်ဝင်သော်လည်း အ၀င်မခံပဲ ဖင်သာလှည့်လှည့်နေပါတော့သည်။ ထိုအခါမှ ကိုကျော်ဝင်း လည်း အသံပြုကာ ပုန်းနေရာမှထွက်လာပါတော့သည်။ ထိုအခါမှ မြင့်ကျော်သည်း ချီး(ချေး) သေးချကာ ၀မ်းယုတ်သံ(သခင်အားအသိမှတ်ပြုသောအသံ) ပေးကာ ၀ပ်ပေးပါတော့သည်။ ကျွန်တော်လည်း ခေါင်းပေါ်တက်ကာ မောင်းပြန်လာခဲ့တော့သည်။ မြင့်ကျော်ငယ်ငယ် ဒုတိတယဆင်ဘ၀က ကျွန်တော်နှင့်တစ်ဝိုင်းတည်းနေခဲ့ဖူးကာ အလွန်ခိုင်းကောင်းပါသည်။ သူ့အား အလုပ်သင်ပေးသော ဦးစီးကိုထွန်းကြိုင်မှာ တောင်ကိုင်အလွန်ရဲပါသည်။ တက်သစ်စအလုပ်ဆင်နှင့် သွေးကောင်းသောဦးစီးတို့တွဲမိကြသောအခါ မြင့်ကျော်အား အသက်အစိတ်ပြည့်လျှင် ပထမတန်းဆင်စာရင်းသွင်းလိုက်ကြတော့သည်။ သူ့ဦးစီးလည်း ရာထူးတိုးကာ လက်ထောက်ဆင်ခေါင်းဖြစ်သွားသည်။ ထိုကတည်းက မြင့်ကျော်ကို ကျွန်တော်သဘောကျခဲ့ပါသည်။ ယ္ခုမူ မြင့်ကျော်မှာ အလွန်ဝကာ လည်ဂုတ်မှာပြည့်ဝ နေသောကြောင့် ဒူမနည်းခွကာ မောင်းလာခဲ့သည်။ စခန်းနားရောက်သော် ထူးခတ်ကာ သံကြိုးတပ်ပီး လွတ်ပေးလိုက်သည်။
နောက်နေ့မနက်တွင် ငှာလာသော စတီးကြိုးနှင့် မုန်ထူးမုန်ကြိုးများကို မြင့်ကျော်အား ကုန်းပြင်ပြီး တင်ကာ မြင့်ဌေးရှိသော ပနီဆုံရွာဘက်ဆီသို့ ထွက်လာခဲ့ကြသည်။ စခန်းနှင့် ပနီဆုံရွာသည်။ ၁၂မိုင်ကျော်ကျော် ၁၃မိုင်ခန့်ရှိမည်ထင်ပါသည်။ ကိုးနာရီဆယ်နာရီခန့်တွင် ပနီဆုံရွာနားသို့ရောက်ကြသည်။ ထို့နောက် မြင့်ကျော်၏အနံ့ရမည်စိုးသောကြောင့် သုတ်ကိုင်းထောင်၍ အကွက်အကွင်းကောင်းသောနေရာတွင် သံကြိုးများချကာ ပြန်လွှတ် လိုက်ပါသည်။ စီးဆင်ခေါင်းကိုရာဘော်မှာ မုဆိုးအလုပ်လည်း အလွန်ကျွမ်းသည်။ ထို့နောက် သူအား တစ်ဖွဲ့ကူကာ တဖွဲ့မှာ မြင့်ဌေးတို့ရှိရာကို စုံစမ်းရန်ထွက်ခွာသွားကြသည်။ ကျွန်တော်တို့မှာ ကိုရာဘော်ခိုင်းရာ ကူလုပ်ပေးကြပါသည်။ ဦးစွာ နှစ်ပေ လေးပေခန့် ကျင်း တစ်ကျင်းအား သုံးပေခန့်အနက်ရအောင် ချောင်းစပ်၌တူးကြပါသည်။ ထိုနောက်စတီးကြိုးကို မုံသံကြိုများနှင့် ခိုင်ခံအောင်ချည်ကာ ထိုကျင်းနှင့် ငါးပေခန့်အကွာချုံထဲတွင်ဖွက်ထား လိုက်ကြသည်။ ထို့နောက် ၁၅ပေ ခန့်ဝါးသုံးချောင်းခုတ်ကာ ကျင်းနှင့် လေးပေခန့်တွင် စိုက်ပါသည်။ ထိုနောက်အဖျားတွင် စတီးလ်ကြိုးချည်ကာ ကျင်းဝနားတွင် လျောကွင်းပြုလုပ်ကာ သစ်သားခလုပ်(ကလန့်) နှင့်ထိန်းကာ ထိုကလန့်ပေါ်တွင် သစ်ခက်များ အမှိုက်များဖုံးကာ ကျင်းကိုပြန်အုပ်ထားလိုက်ကြသည်။ ကျင်းရှေ့တွင် နှစ်ပေလုံးပတ်ကျော်ကျော်ရှိသော သစ်တုံးတစ်တုံးရှာက ချထားကြပါသည်။ သို့မှာသာ တုံးကို ကျော်နင်းလိုက်လျှင် ကျင်းဝရှိကလန့်ကို နင်းမိကာ စတီးလ်ကြိုး ကွင်းလျောက နင်းသော လက်ကိုလျောတိုက်ဖမ်းမိမည်ဖြစ်သည်။ အားလုံပြင်ဆင်ပြီးသောအခါ ချောင်းအောက် ဝေးဝေးသို့သွားကာ ထမင်းထုတ်ဖြည်ကာ နေ့လည်စာစားကြပါသည်။ နီးနီးဆိုလျှင် အနံရသွား မှာစိုးသောကြောင့်ဖြစ်သည်။ မြင့်ဌေးကို လျော့မတွက်ရဲကြတော့ပေ။ ထို့နောက် ဆင်ခေါင်းကြီးဦးဖိုးလှိုင်ဦးဆောင်ကာ ဆေးလိပ် ကွမ်းယာနှင့် ဥဒိန္နနတ်အား တင်မြှောက်ကြ ပါသည်။ အားလုံးပြီးသောအခါ ဆင်ခေါင်းကြီးမှ မြင့်ဌေးအား မျှားခေါ်၇န် တွဲဆင်မပါလာ ပါက လောက်လေးဖြင့် ၀ိုင်းပစ်ကာ ခွဲကြရန် ပစ်ရာတွင် မျက်စိကိုမမှန်စေရန် မှာကြားပါသည်။ မြင့်ဌေးကိုမူ စိတ်ဆိုးစေရန် စပြီးခေါ်လာရန် အတင်းလိုက်မှ ထွက်ပြေးရန် သုတ်ကိုင်းထောင်သောနေရာရောက်ပါက မျှားလာသောသူများ လုံခြုံရာမျက်ကွယ်သို့ ပုန်း အောင်ပြေးကြရန်၊ သုတ်ကိုင်းတစ်ဖက်ကမ်းမှ စောင့်နေသောသူများကသာ ချောင်းတစ်ဖက်မှ ဆက်လက်လိုက်လာစေရန် မြှုဆွယ်စကြရန် ၊ အဘယ်ကြောင့်ဆိုသော် သုတ်ကိုင်းထောင်သောလမ်းအတိုင်းပြေးလာပါက မတော်တဆ သုတ်ကိုင်းအား နင်းမိကာ ဆင်မမိခင် လူမိသွားနိုင်သောကြောင့်ဖြစ်ကြောင်းရှင်းပြသည်။ အားလုံး နားလည်အောင် ရှင်းပြီးသောအခါ အဖွဲ့ လေးဖွဲ့ခွဲပါသည်။ တစ်ဖွဲ့က မြင့်ဌေးနှင့်သောင်းစိန်ခိုင်ကိုခွဲရန် တစ်ဖွဲက ၀ါးလက်ခုပ် ဒန်အိုးများ စလောင်းများဆောင်ထားကာ နောက်မှ လိုအပ်ပါက တောခြောက်ရန်၊ တစ်ဖွဲ့က သုတ်ကိုင်းတစ်ဖက်ကမ်းမှ သုတ်ကိုင်းအား စောင့်ရန်နှင့် မြင့်ဌေးလာပါက မြှူဆွယ်စရန်၊ တစ်ဖွဲ့ကမူ မြင့်ဌေးအား စကာ သုတ်ကိုင်းဆီသို့ခေါ်လာ၇န် သတ်မှတ်လိုက်သည်။ မြူဆွယ်အဖွဲ့တွင်မူ အပြေးသန်သော၊ သတ္တိရှိလူငယ်လူရွယ်များသာ ရွေးဖွဲ့လိုက်သည်။ ထိုအဖွဲ့မှာ စွန့်စွန့်စားစား လုပ်ရမည့်အဖွဲ့ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်တော်လည်း ထိုအဖွဲ့တွင်ပါသွားသည်။ သတ္တိရှိတာထက် ကိုယ့်ခြေထောက်ကိုယုံသော ကြောင့်ဖြစ်ပါသည်။ :D
ထို့နောက် ကျွန်တော်တို့ အဖွဲ့လည်း မြင့်ဌေးတို့စုံတွဲရှိရာ ချောင်းအောက်သို့ ထွက်ခွာလာကြသည်။ ဆယ့်ငါးမိနစ်လောက် လျှောက်လာသောအခါ ခလောက်သံ ကြားရတော့သည်။ အပြေးသန်သော ကိုအောင်ဝင်းနှင့် တင်မောင်ဝင်းတို့က ရှေ့မှ သွားကြပါသည်။ ကျွန်တော်၊ ဇော်မင်းသန်းနှင့် သောင်းစိန်ခိုင်ဦးစီး ရွှေသွားတို့က နောက်မှ လိုက်ကြသည်။ ကိုထွန်းလင်းနှင့် တစ်ဖွဲ့က တောင်ခါးပန်းမှ ပန်းတက်ကာ မြင့်ဌေးတို့နောက်ကြောသို့ သွားကြပါသည်။ ထို့နောက် နောက်မှာ ဆူညံအောင် အသံမျိုးစုံပြုကာ တောခြောက်ကြတော့သည်။ ဆင်နှစ်ကောင်ရုတ်တရက်လန့်သွားပြီး လယ်ကွင်းဘက်ထွက်လာကြတော့သည်။ ကျွန်တော်တို့အဖွဲ့နှင့် တွေ့လျှင် စ စရာပင်မလိုပဲ အတင်းလိုက်ပါတော့တယ်။ ကျွန်တော်တို့လည်း နောက်ကျခြေထောက်သစ္စာဖောက်သတ် မှတ်ကာ တအားပြေးကြပါတော့တယ်။ ပေတရာလောက်ကျော်လောက်ဝေးသောအခါ လိုက်လာသော ဆင်နှစ်ကောင် နှေးသွားပါတယ်။ ကျွန်တော်တို့လည်း ပြေးတဲ့အရှိန်ကိုလျော့ ချပြီး စောင့်ရပြန်ပါတယ်။ နောက် ခြေကားယား လက်ကားယားနှင့် အင်္ကျီ ပုဆိုးချွတ်ပြီး ဝေ့ယမ်းကာ စကြပြန်ပါတယ်။ မြင့်ဌေးလည်း လိုက်လာပြန်ပါတယ်။ ဆင်မကတော့ နောက် ပေလေးဆယ်လောက်ကျန်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဘေးချောင်းရိုးအတိုင်းလိုက်လာတဲ့ အဖွဲ့က ဆင်မသောင်းစိန်ခိုင်ကို လေးခွ ကျောက်ခဲတို့ဖြင့် ထုကာ နောက်ကြောင်းကို ပြန်လှည့်မောင်းထုတ်ပါတယ်။ မြင့်ဌေးကတော့ ရှေ့ကိုသာ မဲပြီးလိုက်လာပါတယ်။ ဒီလိုနဲ့
သုတ်ကိုင်းထောင်ထားတဲ့ နေရာနဲ့ ပေသုံးလေးရာအကွာသို့ရောက်လာပါပီ။ ကျွန်တော်နဲ့ ဇော်မင်းသန်းလည်းမောတာကြောင့် လယ်ကွင်းထဲမှ နံဘေး ဂျင်းရဲပင်တော့ထဲ ပြေးကာပုန်းအောင်ပြီး ချောင်းကူးပြီးတဖက်တောင်ကမ်းပါးမှာ အမောဖြေကြပါတယ်။ ကိုအောင်ဝင်းနဲ့ တင်မောင်ဝင်းသာကျန်ပါတော့တယ်။ မြင့်ဌေးလည်း မောလာပုံရပါတယ်။ စိတ်လည်း အလွန်တိုနေပုံရပါတယ်။ သုတ်ကိုင်းနား ပေငါးဆယ်လောက်ရောက်သောအခါ  အင်္ကျီစွပ်ကျယ် အနီရောင်ဝတ်ထားသော တင်မောင်ဝင်းကို ဖိလိုက်ပါတော့တယ်။ ကမ်းပါးပေါ်ကကြည့်ရသောကြောင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ ကိုအောင်ဝင်းကတော့ ဂျင်းရဲတော့ထဲပုန်းချိန်ရသွားပြီး ချောင်းကမ်းပါမှာ ကပ်နေပါတယ်။  တင်မောင်ဝင်းမှာ ထိုအချိန်ကျမှ လမ်းဘေးဖဲ့ဆင်းကာပုန်းချိန်မရတော့ချေ။ သုတ်ကိုင်းရှိရာ သို့သာ တအားပြေးရပါတော့တယ်။ ဆင်ကလည်းသူ့နောက် ဆယ်ပေ မကွာ့ တကွာကနေ လိုက်နေတာကြောင့် ပြေးအားကိုလျော့လို့မရပါဘူး သုတ်ကိုင်းနားအရောက် စိုးရိမ်တာကြောင့် စောင့်နေတဲ့အဖွဲ့က ခုန်ကျော် ခုန်ကျော်ဟု ၀ိုင်းအော်ကြပါသည်။ တင်မောင်ဝင်းကတော့ သတိလစ်ပုံမရပါ။ သုတ်ကိုင်းနားရောက်သော် သစ်တုံးကိုနင်းပြီး လွှားကနဲ့ခုန်ကာ ကျော်လိုက်ပါတယ်။ အဲဒီနောက်ရေချောင်းမှာ ဒူးဆစ်ခန့်နစ်သဖြင့် အမြန်မပြေးနိုင်တော့ပါ။ အားလုံးကစိုးရိမ်တကြီးဝိုင်းကြည့်နေကြပါသည်။ မြင့်ဌေးလည်း အပိုင်မိပြီဟုတွက်ကာ အတင်းလိုက်လာပါတော့သည်။ သစ်တုံးကို ညာလက်ဖြင့်ကျော်ကာ ကျင်းဝတည့်တည့်သို့ နင်းချလိုက်ပါတော့သည်။ ၀ုန်းကနဲမည်ကာဝါးသုံးချောင်းကန်ထား သောသုတ်ကိုင်းတည်း သူ့ညာလက်ကို တင်းကနဲနေအောင် စတီးလ်ကြိုးက ဆွဲလိုက်ပါသည်။ ထိုအခါ မြင့်ဌေးသည် တန်းမလိုက်ပဲ ကျင်းထဲတွင် ငြိမ်နေကာ စတီးလ်ကြိုးအား နှာမောင်းဖြင့်စမ်းနေပါသည်။  စောင့်နေသောအဖွဲ့လည်း မိနေသော ညာလက်ပြန်ရုတ်သွားလျှင် စတီးကြိုးကွင်းလျောက ပြေသွားကာလွတ်သွားမည်စိုးသော ကြောင့် ပုန်းနေရာမှ ထွက်လာကာ စကြပါသည်။ မြင့်ဌေးကာ လုံးဝလိုက်မလာပဲ စတီးလ်ကြိုး ကိုသာလိုက်စမ်းကာ သုတ်ကိုင်းအဖျား ၀ါးသုံးချောင်းကို စမ်းတွေ့သည်နှင့် နှာမောင်ဖြင့်ဆွဲယူကာ ဖြောင်းနဲ့ ချိုးပစ်လိုက်ပါတော့သည်။ ထို့နောက် ညာလက်ကို ကျင်းမှ ထုတ်ကာ ရုတ်တရက်ထလိုက်ပါတော့သည်။ ဆင် မလိုက်၍ ချောင်းလည်အထိသွားကာ စကြသော သူများ ၀ရုန်းသုန်းကာဖြင့် ပြေးကြ၇ပါတော့သည်။ ထို့နောက်ချောင်းကူးလာပြီး လယ်ကွင်းပြင်ရောက်လျှင် သေသေချာချာကြည့်သောအခါမှ မိထားသောစတီးလ်ကြိုးမှာ မပြုတ်ပဲ တန်းလန်းရှိနေသည်ကိုမြင်ကြရမှ စိတ်အေးသွားကြသည်။ စတီးလ်ကြိုးမှာ ပေးငါဆယ်ကျော်ရှည်ပြီး နောက်မှ မုန်ကြိုး ပေငါးဆယ်ဆက်ထားသည်။ (မုံကြိုးဆိုသည်မှာ ပိုမိုတုတ်ခိုင်သောသံကြိုး အကြီးစားဖြစ်ပြီး သာမန်ထူးကြိုးထက် လေးကာ ပိုမိုရှည်သည်။ သာမာန်ထူးကြိုးမှာ ပေသုံးဆယ်သာရှည်သည်။ မုန်ကြိုးမှာ ပေးငါးဆယ်ရှည်ပါသည်။) မိကာစတွင် မုန်ကြိုးနှင့်စတီးလ်ကြိုးကို သာသာလေးသယ်ကာ လိုက်နိုင်သော်လည်း တဖြေးဖြေးနှင့် တဖွဲ့မောလျှင် တဖွဲ့က စကာ မောအောင်လုပ်ကြသည်။ တဖြေးဖြေးနှင့် မကျီးကိုင်းရွာနားသို့ပင် ရောက်လာတော့သည်။ ရွာမှ လူများလည်း ကုန်းမြင့်ကမ်းပါးမှလည်းကောင်း၊ သစ်ပင်ပေါ်မှလည်းကောင်း တက်ကြည့်ကြသည်။ ကြာလာသော်စတီးလ်ကြိုးက လက်ကို တဖြေးဖြေးစစ်လာသဖြင့် နာလာဟန်တူပါသည်။ လိုက်ရာတွင် သံကြိုးကို နှာမောင်းဖြင့်မကာ လိုက်နေတော့သည်။ ထိုသို့လိုက်နေရင်းဖြင့် စခန်းဘက်သို့ မျှားခေါ်လာကြသည်။ နဘဲတောနားအရောက်တွင် မြင့်ဌေးသည် မောလာဟန် တူပြီး ဆက်မလိုက်ပဲ နဘဲတောတွင်ခိုနေတော့သည်။ နဘဲပင်များမှာ ခြေသလုံး ပေါင်လုံးခန့်ရှိပြီး လူနှစ်ဖက်လောက်ရှိသည့်ဥန္နဲပင်ကြီးကြီးတစ်ပင်လည်းရှိသည်။ ထိုတောတွင်နေကာ ထွက်မလိုက်တော့ချေ ။ ကျွန်တော်တို့လည်း မည့်သို့ပင်စစ နဘဲတော လွန်လျှင် ဆက်မလိုက်ပဲ  ဥန္နပင်ကြီးဆီသို့ပြန်ဆုတ်ကာ ခံနေတော့သည်။ ထိုအခါ အားလုံး မောကာ ခေတ္တနားကာ အမောဖြေကြပြီး မည်သို့ဆက်လုပ်ကြလျှင် ကောင်းမည်ကို တိုင်ပင် ကြသည်။ ကိုထွန်းလင်းက လူအားလုံးမ၀င်ပဲ ရှေ့မှ နှစ်ယောက်လောက်က စက မျှားခေါ်သွားပြီး နောက်မှ တစ်ယောက်က နဘဲပင်ကြီးကြီး (သို့) ဥန္နဲပင်တွင် သံကြိုးကိုချည် ရန် ထို့နောက် ချည်ထားသော သစ်ပင်ကို ပတ်မောင်းကာ တဖြေးဖြေးသံကြိုးတိုလာက လှံနှင့် ၀ိုင်းထောက်ကာ မက်(၀ပ်)ခိုင်းပြီး ဖမ်း၇န် ၀ပ်မပေးက ဥန္နဲပင်ပေါ်တက်ကာ ခေါင်းပေါ် သို့ခုန်ချရန်စီစဉ်ပါသည်။ (ဆင်တို့မည်သည် သူတို့ခေါင်းပေါ် သခင်(သို့) ဆင်ကိုင်ကျွမ်းသော သူရောက်ပါက အရှုံးပေးကြပါသည်။ တချို့ဆင်မှာ ခါချသော်လည်း ဦးစီးက ရအောင်တွယ်ပြီး ခေါင်းကို ဓါး တုတ် ချွမ်း တစ်ခုခုဖြင့် နာအောင်ရိုတ်ကာ နှိပ်ကွပ်ပါက သခင်အဖြစ်အသိမှတ် ပြုကာ အရှူံးပေးကြပါသည်။)
အမောပြေသောအခါ ရှေ့မှနှစ်ယောက်က မျှားကာ နောက်မှ ကိုစံမောင်းက သံကြိုးသွားချည်ပါသည်။ ဥန္နဲပင်ကို သံကြိုးပတ်ရုံရှိသေး မြင့်ဌေးနောက်ဆုတ်လာကာ ကိုစံမောင်းကိုတိုက်ပါတော့သည်။ ကိုစံမောင်းလည်း သံကြိုးထားကာ ထွက်ပြေးရပြန်သည်။ သူ့အား သစ်ပင်တွင်ချည်ရန်ကြိုးစားသည်ကို မြင့်ဌေး သိသွားသည်။ ထို့ကြောင့် သံကြိုးများကို နှာမောင်းဖြင့်ဆွဲကာ သူကအနားတွင်သာပုံထားသည်။ နောက်တစ်ခေါက် စသော်လည်း ဟန်ပြသာလိုက်ပြီး နောက်ပြန်ဆုတ်လာ၍ သံကြိုးချည်ချိန်မရပဲ ပြန်ပြေးလာရပြန်သည်။ လူတို့ ပြန်ပြန်ပြေးသည်ကို သိသောမြင့်ဌေးသည် အဝေးကြီးမလိုက်တော့ချေ။ ထိုအခါ ကိုအောင်ဝင်း၊ သိန်းဌေး၊ ကိုရာဘော်၊ ကိုစံမောင်း၊ တင်မောင်ဝင်းတို့က စိတ်မရှည်တော့ပါ ။ ဆင်ခေါင်းကြီးထံ လှံဖြင့်ထိုးခွင့်တောင်းလေတော့ သည်။ ဆင်ခေါင်းကြီးလည်း မတတ်သာသည့်အဆုံး မျက်စိ၊ မုံအိုးစသည့် အချက်အချာမှလွဲ၍ ထိုးနိုင်ကြောင်း ချွင်းချက်ဖြင့်ခွင့်ပြုပါသည်။ ထိုအခါ ၀င်ထိုးမည့် ကိုအောင်ဝင်းနှင့်သိန်းဌေးက အာမခံနိုင်ကြောင်း၊ ဆင်ကလည်း သူတို့ကို ဘယ်နေရာပဲ ရွေးပီး နှာမောင်းဖြင့်ရိုက်မည်ကို မပြောကြောင်း သူတို့လည်း အသက်ရင်းကာလုပ်ရသောကြောင့် မိချင်ရာမိ ထိုးရမှာဖြစ်ကြောင်း တင်ပြကာ အခြေအတင် စကားများကြပြန်တော့သည်။ ထိုအချိန်တွင် ဆင်အုပ်ကြီးနှင့်အဖွဲ့ ရောက်လာပြီး အခြေအနေကိုမေးမြန်းကာ ဒီနေ့ရအောင်ကောက်မည် ဆိုလျှင် မသေ၊ မကန်းလျှင်ပြီးရော လုပ်ဟု ခွင့်ပြုချက်ပေးလိုက်သည်။ အရေးအကြောင်းဆို လျှင် ဆုံးဖြတ်ချက်ကိုရဲရဲကြီး ချနိုင်မှသာ ခေါင်းဆောင်ကောင်းဖြစ်ပေသည်။ ထိုအမိန့်ရသော အခါ အောင်ဝင်းနှင့်သိန်းဌေးတို့က ရှေ့မှဝင်ကာ ခေါ်ပါသည်။ ကိုစံမောင်းက နောက်မှ သံကြိုးချည်ရန်ပြင်ပါသည်။ ကျန်လူများကိုမူ နဘဲတောမှာ အောက်ခြေအနည်းငယ်ရှုပ်သဖြင့် ရှောင်တိမ်းလျှင် တစ်ဦးနှင့်တဦး ခက်ခဲသောကြောင့် သုံးယောက်သာ ၀င်ကြသည်။ စိတ်တိုနေပြီဖြစ်သော ကိုအောင်ဝင်းနှင့် သိန်းဌေးမှာ တိုက်လာလျှင်ပြန်မဆုတ်ရန်ဆုံးဖြတ် ထားပြီးဖြစ်သလို ဓါးပင်မယူသွားပဲ လှံတစ်ချောင်းစီသာ ကျစ်ကျစ်ပါအောင် ဆုပ်ကာ ၀င်သွား ကြသည်။ အနည်းငယ် အမောပြေနေသော မြင့်ဌေးသည် လူနှစ်ယောက်ဝင်လာသည်ကို တွေ့လျှင် ထွက်ကာ တိုက်တော့သည်။ ကိုအောင်ဝင်းနှင့် သိန်းဌေးသည် နီးရာ နဘဲပင်ကြီး ကြီးကိုကပ်ကာ လှံဖြင့် မုဆိုးထိုင်ထိုင်ကာ စောင့်ကြသည် လူနှစ်ယောက်မပြေးသောအခါ မြင့်ဌေးလည်း တုံ့ကနဲရပ်သွားကာ နှစ်ယောက်အား ကြည့်နေပါသည်။ ကိုအောင်ဝင်းတို့ နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် ဆယ်ပေခန့်စီခွာကာ ဆင်အားလှံဖြင့်ချိန်ထားသည်။ မြင့်ဌေးသည် နောက်သို့ တစ်လှမ်းဆုတ်သွားပါသည်။ နောက်မှ သံကြိုးဝင်ချည်ရန်ရောက်နေသော ကိုစံမောင်းက သူ့စီးခဲ့ဖူးသော ဆင်ဖြစ်၍ အထာပေါက်ကာ ကိုသိန်းဌေးအား တိုက်တော့မည်ကိုသိကာ သတိထားရန် အော်တော့သည်။ ကိုသိန်းဌေးမှာ လှံကို တစောင်းစိုက်ကာ ဆင်အတိုက်ကို လှိမ့်ထွက်ကာ ရှောင်သွားသည်။ ကိုအောင်ဝင်းမှာ ကြောင်ရပ်မနေဲ့ နှာမောင်းအိုးကို လှံဖြင့်ဝင်ကာ ဆောင့်ထိုးပါတော့သည်။ ကိုသိန်းဌေးစိုက်ထားခဲ့သော လှံကိုရှောင်နိုင်သော်လည်း ကိုအောင်ဝင်း၏လှံချက်ကို မူ မရှောင်နိုင်ပဲ မိမိရရကြီး ထိသွားတော့သည်။  ကိုရာဘော်လည်း သိန်းဌေးအား ၀င်တိုက်သည်ကိုမြင်သောအခါ အသင့်ကောက်ထားသော ထန်းသီးလုံးခန့်ရှိကျောက်တုံးဖြင့် ကျောက်ပြင်တည့်တည့်အားကုန် ထုလိုက်တော့သည်။ ထိုအခါ နာကျင်လွန်း၍ အောဟစ်သံမှာ တစ်တောလုံးညံသွားသည်။ ကိုရာဘော်မှာ လှည်း ကြီးတစ်စီးလုံ အုပ်စုံအား တမိုင်ခန့် လောင်းကြေးဖြင့်ထမ်းနိုင်သော သူဖြစ်သည်။ အရပ် ခြောက်ပေခန့်ရှိပြီး ကိုင်းကောင်းကောင်းဖြစ်သည်။ ထိုသို့ လှံချက်နှင့်ကျောက်ခဲဒဏ် ထိထိ မိမိခံရသောအခါ မြင့်ဌေးမှာ လိုက်မတိုက်တော့ပဲ ပေခံနေတော့သည်။ ကိုစံမောင်းလည်း နီးရာ နဘဲပင်ကြီးကြီးတွင် သံကြိုးကိုချည်ပြီးဖြစ်သောကြောင့် သံကြိုး တဆုံးခန့်မှ ၀င်ကောက် ၇န်ပြောပါသည်။ ထို့နောက်လေးယောက်သား ဆင်ကိုလှံတစ်ချောင်းစီဖြင့်ဝိုင်းပါတော့သည်။ ရှေ့အာရုံရောက်နေစဉ် နောက်မှ သိန်းဌေးက ဖနောင့်ကို လှံဖြင့် ပစ်ထိုးထိုးလိုက်ပြန်သည်။ သိန်းဌေးဘက်အလှည့်တွင် နှာမောင်းစွယ်ပတ်နားသို့ ကိုရာဘော်က လှံဖြင့်ပစ်လိုက်ပြန်သည်။ ထိုသို့ လှံချက်များထိသောအခါ မြင့်ဌေးမှာ လူအား ရန်ပြုလိုသော အရိပ်အရောင်များ ပျောက်သွားသည်။ မျက်လုံးပေကလပ်ပေကလပ်ဖြစ်လာသည်။ အရင်လို မျက်လုံးပြူးကြီးနှင့်မကြည့်တော့ပေ။ နားရွက်ခတ်လာသည်။ ထိုအခါ ကျွန်တော် သိန်းဇော်ဦး နှင့်တင်မောင်ဝင်းတို့လည်း လောက်လေးတစ်ယောက်တစ်လက်ဖြင့်  နောက်မှ ၀ိုင်းထုကြပါသည်။ ဥန္နပင်ကြီးကိုပတ်မောင်း၍ သံကြိုးကုန်သောအခါ လှံဖြင့်ဝိုင်းထောက်ကာ အမက်တောင်းကြည့်ပါသည်။ မရသောအခါ ကိုစံမောင်းသည် ဥန္နပင်ပေါ်တက်ကာခေါင်းပေါ် ခုန်ချပြီး ဓားဖြင့် မျက်ခုံးအား နှစ်ချုက်ခုတ်လိုက်ပါသည်။ ဓားနှောင့်ဖြင့် လေးငါချက်ခန့် ထုပါသည်။ မျက်ခုံးမှ ခုတ်ထားသော ဓားချက်မှ သွေးများစီးကာ မျက်လုံးထဲဝင်သောအခါမှ မြင့်ဌေးသည် ချီးသေးပါကာ လူတို့အား အရှုံးပေးလိုက်ပါတော့သည်။ ထိုနောက် သစ်ပင်တွင် ပတ်ထားသောသံကြိုးကိုဖြေကာ ရှေ့မှာ ဘယ်ညာ လှံဖြင့်ထောက်ကာနှစ်ယောက် နောက်မှ လှံကိုင်နှစ်ယောက် ခြံရံကာ စခန်းသို့မောင်းခဲ့ပါတော့သည်။ နဘဲတောမှ ဆင်အားစီးကာ မောင်းထွက်လာသောအခါ ကြည့်နေကြသော ရွာသားများက အားရ၀မ်းသာ အော်ဟစ်ကြပါသည်။ သူတို့လည်း ယာချောင်းကို အေးအေးဆေးဆေးသွားနိုင်ပြီဖြစ်သည်။ သူတို့၏ငှက်ပျောပင်သီးပင်စားပင်များ အဖျက်ဆီးခံရမည့်ဘေးမှလည်း အေးသွားပြီဖြစ်သည်။  စခန်းရောက်သော် ချောင်းရေရှိရာ သစ်ပင် ကြီးကြီး လူကြီး သုံးလေးယောက်ဖက်ခန့် ကိုရွေး ကာ မုံထူးခတ်ကာ သစ်ပင်နှင့်ချည်ထားလိုက်တော့သည်။ ထိုအခါမှဇင်ပြွန်းရွာသူရွာသားများ စခန်းမှအမျိုးသမီးများ ကလေးများ လာရောက်ဝိုင်းအုံကြည့်ကြပါသည်။ ဆင်အုပ်ကြီးမှ စိတ် မချ၍ လှံကိုင်နှစ်ယောက်အစောင့်ချထားပါသည်။ စခန်းပြန်ရောက်သောအခါ မောရပမ်းရ မှန်းပင် မသိ အားလုံးပျော်ရွှင်နေကြပါသည်။ ထိုညတွင် လူကြီးများမှ ၀က်တစ်ကောင် ပေါ်ကာ ဆင်ဖမ်းအဖွဲ့များအား ပွဲလုပ်ပေးပါသည်။ တောထဲတောင်ထဲ ကရာအိုကေလည်း မရှိ ဆင်ဝိုင်းအလည်တွင် မီးပုံဖိုကာ တစ်ယောက်တခွက် ၀ါးကျည်တောက်များနှင့် ပျော်ရွှင် စွာသောက်စားပြီး အောင်ပွဲခံကြပါတော့သည်။ နောက်နေ့တွင် အားလုံး ကိစ္စပြီးပီဖြစ်၍ ပြန် ကြပါတော့သည်။ မြင့်ဌေးကိုမူ ဆင်ဆိုးစာရင်းသွင်းလိုက်ပြီး လှံကိုင်တစ်ယောက် တရားဝင် ခန့်လိုက်ပါသည်။ ဆင်ဆရာဝန်မှ မုန်တိတ်အောင် အစာအနည်းငယ်သာကျွေးရန်နှင့် နှစ်ပတ်ခန့် အစာဖြတ်ရန် ညွှန်ကြားပါသည်။ မြင့်ဌေးကာ နှစ်ပတ်လောက် အစာငတ် ရေမ၀တ၀နှင့်နေရပေအုံးတော့မည်။ ယခုတော့လည်း.....သနားစရာပါ....တကား...။

ဒီပုံလေးကတော့ ကျွန်တော်နှင့် ခိုင်လွင်မောင်လို့ အမည်ရတဲ့ ဆင်ကလေးပါ။ သူ ဆယ့်သုံးနှစ် ကျွန်တော်ဆယ့်ရှစ်နှစ်လောက်က ပုံလေးပါ။ အဲတုန်းက ပိန်ပိန်သေးသေး လေးပါ။
အခုတော့ အဲဒီ နှစ်ဆ၀နေပါပြီ။ :D



5 comments:

  1. ကျော်ကျော်အောင်October 6, 2009 at 3:43 AM

    မဆိုးဘူးဗျဖတ်လို့ကောင်းတယ်
    စိုင်းစိုင်းကဆင်တွေနဲ့နီးစပ်တယ်
    ထင်တယ်ကျွန်တော်ကိုဆင်မြီးလေး
    လက်ဆောင်ပေးပါလားအဲ့ဒါကိုကွင်း
    ဝတ်ရင်လဏ်ကောင်းတယ်လို့ပြော
    ကြတယ်

    ReplyDelete
  2. လာဘ်ကောင်းတော့ နင်က ဘာလုပ်မှာလဲ ကော်ကျို ဟိဟိ ထီထိုးမလို့လား ပေါက်မှာဟုတ်ဘူး ထိုးမနေနဲ့ အီးပဲပေါက်လိမ့်မယ် ဘူ တဲ့ ဟားဟားးးးးးးးးးးးးး

    အတ္တရေ လာဖတ်သွားတယ်ဟေ့ စိတ်ဝင်စားစရာ ဆင်တွေ အကြောင်းပဲ ငါက မုန်ယိုတယ် ဘာညာတော့ ကြားဖူးတယ် အဲလောက်ကြီး အသေးစိတ်မသိဘူး ဟ ဟဲဟဲ အခုသိရပြီ ကျေးဇူးးးးးး သယ်ရင်း
    ဘတ်လဘိုင် တာ့တာ

    ReplyDelete
  3. စာပိုဒ်လေး ဘာလေးခွဲပါလား ဦးလေးရယ်

    စာလုံးဖောင့်ကသေးရတဲ့အထဲ ...

    အဲဆင်ကြီးမြင်ဖူးပါတယ်ဆို လက်စသတ်တော့ စိုင်းကို.. :P

    ReplyDelete
  4. ကျော်ကျော်အောင်October 7, 2009 at 3:58 AM

    ဝက်နင်ပါးစပ်ပုပ်ကြီးနဲ့နော်
    အဲ့ဒီထီထိုးတာငါရဲ့အိမ်မက်
    ကလေးဟနင်ဘာသိလို့တုန်း
    သောကြာနေ့တိုင်းမက်တဲ့
    အိမ်မက်..အခုချိန်ထိတော့
    ဆုသေးးတွေကြီးဘဲပေါက်
    သေးတယ်ဟာ..ငါကိုဆုကြီး
    ပေါက်အောင်ဆုတောင်းပေး
    နင်တို့ကိုတိုက်တစ်လုံးကားတစ်
    စီးပေးမယ်..တစ်ကယ်ပြောတာ
    စိုင်းစိုင်းဆုတောင်းပေးနော်..

    ReplyDelete
  5. ကော်ကျိုး တောင်းတဲ့ဆုပြည့်ဖို့ အဟောင်းမှာရှိတယ်လေ...။ ပြန်ကြည့်ပြီး တောင်းလိုက်..။ ပြည့်မယ်။

    ReplyDelete