Friday, October 23, 2009

ရွှေဥမင်.... ကောက်နှုတ်ချက်များ




သတိ
ချမ်းသာပျော်ရွှင် နေလိုလျှင်
မြဲပင်သတိထား။
သတိထားလျှင် စိတ်ကြည်လင်
ပျော်ရွှင်ချမ်းသာပွား။
သတိတလုံး စွဲမြဲသုံး
အဆုံနိဗ္ဗာန်လား။

ဒုလ္လဘ
ဒုလ္လဘဆိုတာ ခဏတဖြုတ် သင်္ကန်းဝတ်တာလို့
အများက မှတ်နေကြတယ်။
စင်စစ်တော့ ... လောဘ၊ ဒေါသ၊ မောဟကင်းခြင်းဟာ ဒုလ္လဘပဲကွဲ့။

မီးလွတ်
လောဘမီး၊ ဒေါသမီး၊ မောဟမီးဆိုတဲ့
မီးတွေလွတ်အောင်စားနိုင်မှ မီးလွတ်တယ်။
သစ်သီးသစ်ဖုတွေ စားရုံနဲ့ မီးမလွတ်နိုင်ဘူးနော်။

ရက်ရာဇာနဲ့ ပြဿဒါး
ရက်ရာဇာတို့ ပြဿဒါးတို့ဆိုတာ သိကြရဲ့လား။
ကောင်းသော စိတ်ရှိတဲ့နေ့၊ ကောင်းသောအလုပ်လုပ်တဲ့နေ့
ကုသိုလ်ရတဲ့နေ့ဟာ ရက်ရာဇာပဲ။
မကောင်းသော စိတ်ရှိတဲ့နေ့၊ မကောင်းသော အလုပ်လုပ်တဲ့နေ့၊
အကုသိုလ်ဖြစ်တဲ့နေ့ဟာ ပြဿဒါးပါ။

သူတော်ကောင်းဆိုတာ
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ  ဆိုတော့၊
သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်ဆိုတဲ့ သဘောပေါ့နော်။
ဒါဆို အတော်ကို ကြောက်စရာကောင်းတာပဲ။
သူတော်ကောင်းဆိုတာ သင်ကောင်းကောင်း မကောင်းကောင်း
ကျွန်ုပ်ကတော့ အမြဲကောင်းနေရမယ်လေ။

စေတနာကို မတွန့်တိုနဲ့
စေတနာသည် လူတိုင်းနဲ့ မတန်ပါလို့
စာတမ်းတွေ ကပ်ထားကြတာ အိမ်တချို့မှာ တွေ့ရတယ်။
အလကားရတဲ့စေတနာကိုပဲ နှမျောတွန့်တိုရာရောက်နေရင်
ကောင်းပါ့မလား၊ စဉ်းစားကြနော်။

စကားကြီး (၃)ခွန်း
မြစ်ကြီးလည်း မခမ်းပါစေနဲ့
သစ်ပင်ကြီးလည်း မလဲပါစေနဲ့
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။
မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာဖြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်း မေတ္တာထားကြ ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ။

သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်း ကိုရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။

ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာဓလေ့ ထုံးစံတွေကိုပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ကောင်းတွေ မပျောက်ပျက် ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာ ဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။

သတိနဲ့ အချစ်
သတိနဲ့နေခြင်းဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုချစ်ရင် သတိနဲ့ အသိကပ်ပြီးနေရမယ်။

ဘုန်းကြီးပျင်းတော့ ဘုရားရွှေ့
သာသနာ့ဘောင်ကို ၀င်ရောက်လာပြီဆိုရင် စွမ်းနိုင်ပါက ဂန္ထဓုရ (ပိဋကတ်စာပေ ပို့ချခြင်း) ၊ ၀ိပဿနာဓုရ (၀ိပဿနာတရား အားထုတ်ခြင်း) နှစ်မျိုးစလုံး ၊ မစွမ်းနိုင်ပါက တစ်မျိုးကိုတော့ မဖြစ်မနေ လုပ်ရမှာပဲ။ ဘာတစ်ခုမှ မလုပ်ဘူးဆိုရင် သာသနာဝန်ကို ခိုစီးရာရောက်တာမို့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းမဖြစ်နိုင် ပါဘူး။ ဆန်ကုန် ပိတ်ဖြုန်း မောင်ကတုံး ပဲဖြစ်နိုင်ပါတယ်။

ဘုန်းကြီးတွေ ပျင်းလာပြီဆိုရင် ဘုရားရွှေ့တတ်ပါတယ်။ ဘုရားရွှေတယ်ဆိုလို့ တချို့က ရုပ်ပွားတော်များကို ကျောင်းဆောင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့တာမျိုးလားလို့ ထင်တတ်ကြပါတယ်။ မဟုတ်ပါဘူး။ ဂေါတမ ဘုရားရှင်ရဲ့ သာသနာတော်ကြီးနဲ့ ကြုံကြိုက်နေပါလျှက် နောင်ပွင့်မည့် အရိမေတ္တယျ ဘုရားရှင်လက်ထက်မှာ သာဝကဖြစ်ရပါလို၏ ကျွတ်တမ်းဝင်ရပါလို၏လို့ ဆုတောင်းနေကြပါတယ်။ ဒါဟာ သာသနာတော်နဲ့ ကြုံခိုက် တရားအားထုတ်ရမှာပျင်းလို့ ဘုရားရွှေ့တာမျိုးပါပဲ။

မှတ်သားလိုက်နာ ကျင့်သုံး သင့်တာလေးတွေမို့ ဝေမျှလိုက်ပါတယ်။

3 Comments:

At October 23, 2009 at 10:22 PM , Anonymous ဆောင်းမြူခိုး said...

ငါ့ စိတ်ရင်းက တကယ်တမ်း မကောင်းဘူး။
An eye for an eye လို "ဟမ္မူရာဘီ"ရဲ့ "ကိုဓ"ဥပဒေလိုမျိုး
ကိုယ့်ကိုလုပ်ရင် ပြန်လုပ်ရမှ စိတ်ကျေနပ်တာမျိုး။
နောက်ပိုင်း မိဘတွေ နွေရာသီဖတ်ခိုင်းတဲ့
ဓမ္မပဒ၊ မြတ်မင်္ဂလာ...အဲ့ဒါလေးတွေက စပြီး..
မကောင်းတာလုပ်တဲ့ ကံက
အမြဲ ကိုယ့်နောက်လိုက်ပါနေတတ်တာ၊
"ပြုသူအသစ်..ဖြစ်သူအဟောင်းတွေ သိလာတော့မှ ကိုယ့်ကိုယ်ကို နည်းနည်းချင်းစီ ပြင်ယူခဲ့တာ။
ဒါပေမယ့် တခါတခါကျတော့လည်း ဆင်မုန်ယိုသလို မူရင်းစိတ်ထိန်းမရဘဲ လွတ်လွတ်သွားတာမျိုးလည်း ရှိတယ်။
ဒီရောက်မှ အရင်ကထက် ပိုစိတ်တိုတတ်လာတယ်။

 
At October 24, 2009 at 12:46 AM , Anonymous ကျော်ကျော်အောင် said...

စေတနာသည် လူတိုင်းနဲ့ မတန်ပါလို့

စာတမ်းတွေ ကပ်ထားကြတာ အိမ်တချို့မှာ တွေ့ရတယ်။

အလကားရတဲ့စေတနာကိုပဲ နှမျောတွန့်တိုရာရောက်နေရင်

ကောင်းပါ့မလား၊ စဉ်းစားကြနော်။
အဲ့ဒီစာသားလေးကိုကြိုက်တယ်ဗျာ

 
At October 24, 2009 at 11:00 AM , Blogger ဝက်ဝံလေး said...

အတ္တရေ အကုန်လုံးတော့ ဖတ်သွားပေမယ့် တချို့တလေပဲ ခေါင်းထဲရောက်တယ်ဟာ အကုန်လုံး လိုက်နာနိုင်အောင် တော်တော် တော့ ကြိုးစားရဦးမယ်နော်

 

Post a Comment

Subscribe to Post Comments [Atom]

<< Home