Sunday, June 27, 2010

ရှေးဦးမှတ်ဖွယ်(၂)

(နောက်တစ်နာရီလောက် အားထုတ်ပြီးပြန်လာတော့)
 ''မင်း အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာ ဟာ ၀ီရိယရှိလို့ပေါ့။ အဲဒါ 'သမ္မာဝါယမ' လို့ခေါ်တယ်။ မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း ရင်ညွှန့်ကိုရောက်တိုင်း ရောက်တိုင်း သိရဲ့လား။ (သိပါတယ်ဘုရား)

     အေး... မင်းအဲဒါကိုသိနေတယ်ဆိုတာ သတိကို လက်မလွတ်လို့ သိတာ၊ အဲဒါ "သမ္မာသတိ" လို့ခေါ်တယ်။ မင်း အာနာပါနကို အားထုတ်နေတုန်း မင်းစိတ်ဟာ ထားတဲ့ ရင်ညွှန့်မှာပဲရှိနေပြီး တခြားအာရုံသို့ ရောက်မသွားတာကို "သမ္မာသမာဓိ" လို့ခေါ်တယ်။ စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။

     အေး ... မင်းသမာဓိတော့ရပါပြီ၊ ဒါပေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်ရန် လိုနေသေးတယ်။ ၀င်လေ- ထွက်လေ ရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်။ ပါးစပ်ကမရှူရဘူး၊ နှာခေါင်းက ရှူလည်း ဘယ်ကရှူတယ်၊ ညာဘက်ကရှူတယ်ဆိုတာ တွေ လိုက်နေဖို့မလိုဘူး။ သမာဓိရဖို့ပဲ အရေးကြီးတယ်။ နှာခေါင်းကရှူရင် ရှူတာသိရမယ်။ ရှိုက်ရင် ရှိုက်တာသိရမယ်။
မင်းကို ပထမအာနာပါန အားထုတ်ခိုင်းစဉ်ကလည်း စိတ်ကို ရင်ညွှန့်မှာ အကပ်ခိုင်းတယ်။ အခုတစ်ခါ အားထုတ်ရမှာက (နှာသီးဖျား ရင်ညွှန့် ၊ ချက်) ရောက်တိုင်းရောက်တိုင်း ၀င်လေရှူလိုက်တဲ့အခါ နှာသီးဖျားကအစ၊ ရင်ညွှန့်အလယ်၊ ချက်အဆုံး ၀င်တာကိုသိရမယ်။ လေထုတ်လိုက်တဲ့အခါမှာလည်း ချက်အစ၊ ရင်ညွှန့်အလယ်၊ နှာသီးဖျားအဆုံး ထွက်တာကိုသိလိုက်ရမယ်။ ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတခြားထွက်မသွားပဲ၊ သမာဓိ ကောင်းကောင်းကြီးရနိုင်တယ်။
နောက် အလေ့အကျင့် ကောင်းကောင်းရသွားရင် ၁၅-မိနစ်လောက်နဲ့ သမာဓိ ထူထောင်နိုင်တယ်။

          မင်းသိဖို့ရာက မင်း အခုရှူရှိုက်နေတာက ရုပ်၊ ဒီရှူရှိုက်နေတာကို သိတာက နာမ်၊ အဲဒီရုပ်နာမ် ၂-ပါး ပိုင်းခြားသိတဲ့အခါ 'နာမရူပ ပရိစ္ဆေဒဉာဏ်' ။ ၀ိသုဒ္ဓိလိုပြောရင် 'ဒိဋ္ဌိဝိသုဒ္ဓိ' တစ်ပေါင်းတည်းဖြစ်လာတယ်။ မြဲမြဲမှတ်ထားနော်၊ မင်း ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ သိဖို့ရာက -
၁။ အာရုံနဲ့ သိမှတ်တဲ့စိတ်လို့ ၂-မျိုး မှတ်ထားရမယ်။
၂။ အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှုရမယ်။
၃။ အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။
၎။ ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ စိတ်က ဘာတစ်ခုမှ မစဉ်းစားနဲ့၊ ဘာအာရုံမှ ၀င်မလာစေနဲ့။
     မင်းဟာ စိတ်တစ်လုံးကို နိုင်အောင် ဆုံးမနိုင်ရင် ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်။
     စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလို မင်းချမ်းသာရာ ရမှာမဟုတ်ဘူး။  လောကုတ္တရာအလိုလည်း ထောင့်ငါးရာကိလေသာနူနာ အမြစ်ပြတ်မှာမဟုတ်ဘူး။

        မင်းစိတ်ကို နိုင်အောင် ဒီလိုဆုံးမ၊ ငါဥပမာလေးပြမယ်။
၁။ နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာ ကြိုးနဲ့မြဲမြဲချည်ပြီး ဆုံးမသလိုပဲ၊
ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း 'အာရုံ' မှာ၊ နွားရိုင်းနဲ့တူတဲ့ "စိတ်" ကိုကြိုးနဲ့တူတဲ့ 'သတိ' တရားဖြင့် တင်းတင်းကြပ်ကြပ် ချည်ပြီး ဆုံးမရမယ်။ မင်းစိတ်ကို ဒီအတိုင်းဆုံးမ။ 

၂။ ကဲကွာ - မင်းကို နောက်တစ်မျိုးထပ်ပြောပါဦးမယ်။
    အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာ ရှိနေတဲ့ ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင် အပေါက် ၅-ပေါက်ကို လုံအောင်ပိတ်၊ ကျန်တဲ့ အပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကို မိသလို၊ မင်းရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့ ဒွါရ ၅-ပေါက်ကို ပိတ်ပြီး ကျန်တဲ့ မနောဆိုတဲ့ အပေါက် စောင့်ဖမ်းရင် မင်းရဲ့ ဖွတ်နဲ့တူတဲ့ စိတ်ကို မိရောပေါ့။ 

ကဲ ... ကဲ.. မင်းသမာဓိကို ကောင်းကောင်းရအောင် ထပ်ပြီး အားထုတ်ချေဦး။

(နောက်တစ်နေ့ရောက်တော့)
မင်းမနေ့က သမာဓိကောင်းကောင်းရရဲ့လား၊
(ထိနမိဒ္ဓ(အိပ်ငိုက်ခြင်း) ၀င်လို့ သမာဓိခပ်ကျဲကျဲပဲရတယ်ဘုရား)
မင်း... တယ်ရှော်တာကိုး။ အဲဒါ မင်း သမာဓိလွန်လို့ပဲ၊ သမာဓိလွန်တော့လဲ ထိနမိဒ္ဓ ၀င်တာပဲ။ အဲဒီအချိန်မှာ မင်းထိုင်တဲ့ဣရိယာပုထ်ကို ဖျက်ပြီး လမ်းလျှောက်ရင် အားထုတ်ရတယ်။ မင်းမြဲမြဲ မှတ်ထား။ သတိသာလွန်တယ်လို့မရှိတာ၊ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယ ဆိုတာကို ညီတူတစ်ပြိုင်တည်း လွှတ်ရတယ်။ တစ်ပြိုင်တည်း တညီတညွှတ်တည်းဖြစ်အောင် အားမထုတ်နိုင်ရင် ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မှု) ဖြစ်ဖြစ်၊ ထိနမိဒ္ဓ (စိတ်ထိုင်းမှိုင်းမှု) ဖြစ်ဖြစ် တစ်ခုခုတော့ဝင်လာမှာပဲ၊
(အခုအားထုတ်ခိုင်းတာက) သမထသက်သက် သမာဓိရရုံခိုင်းတာ၊ ၀ိပဿနာနဲ့ မရောစေနဲ့ဦး။
"သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယ" တို့ကို အပိုအလိုမရှိ၊ မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို အားထုတ်ရမယ်။ မင်းက တစ်ခါမှ အားမထုတ်ဖူးလို့ ငါက ဒါလောက် အချိန်ကုန်ခံပြီး ပြောပြနေရတာ။ ဒီအာနာပါန ၀င်လေထွက်လေ ရှူရှိုက်ပြီး အားထုတ်တာ၊ ဘာခက်တာလိုက်လို့၊ ကဲ အကျင့်ရအောင် သွားအားထုတ်စမ်း၊ သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။

(၂-နာရီလောက် အားထုတ်ပြီး ပြန်လာတော့)
မင်းသမာဓိ ကောင်းကောင်းရပြီလား၊
(ရပါပြီဘုရား)
မင်းက သမာဓိကောင်းကောင်းရတယ် သာပြောတာ၊ မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာမဟုတ်သေးဘူး။ သမာဓိရတဲ့ လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ အပုံကြီးခြားနားတယ်ဆိုတာ နောက်တော့ ငါပြောပြမယ်။ မင်းအခု ထမင်းစား၊ ရေချိုး နောက် ခန္ဓာဝန်ကိုပြည့်စုံအောင်ဆောင်ရွက်၊ တရားထိုင်ချိန်ကျမှ အခင်းကြီး၊ အခင်းလေးတွေ မပေါ်စေနဲ့၊ ဒီကိစ္စတွေဟာ အများကြီး အနှောက်အယှက်ဖြစ်တယ်။
ကဲ - ဒါတွေပြည့်စုံအောင်လုပ်ပြီး အားထုတ်ချေ။

(၂- နာရီလောက်အားထုတ်ပြီး ပြန်လာတော့)
မင်းသမာဓိ ကောင်းကောင်းရပြီလား
(ရပါပြီဘုရား)
အေးဒါလောက်ဆိုရင် တော်လောက်ပြီ။ ဒီတစ်ခါ ၀ိပဿနာရှုရမယ်။
ရှေးဦးစွာ သမာဓိကောင်းကောင်းထူထောင်ရမယ်။ နောက် ၀ိပဿနာဘက်ပြောင်းပြီး ရှုရမယ်။ ၀ိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွှတ်ပြီး ရုပ်နာမ်လက္ခဏာဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ။
ယခုလက်ရှိခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး သေသည့်တိုင်အောင် မပြတ်မစဲ၊ ထပ်တလဲလဲ ဖြစ်ပျက်နေကြပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာရေး ၃-ပါးတို့သာ မုချဧကန် ဖြစ်ပျက်နေကြပါတကား လို့သိမြင်ရမယ်။
ရုပ်နာမ်နှစ်ပါးတို့သည်ကား မမြဲ၊ ဆင်းရဲ၊ ငါလည်းမဟုတ်၊ ရုပ်နာမ်တွေဟာ "အနတ္တ" ဟုထင်မြင်မှုများလာတဲ့အခါ၊ ဖြစ်လိုက် ချုပ်လိုက်နဲ့ ချုပ်ပျောက်နေကြတာကို တွေ့မြင့်တဲ့အခါ 'ဥဒယဗ္ဗယဉာဏ်' ရောက်တယ်လို့သိရမယ်။ နားလည်ပြီလား။ တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုမရှင်းထားရင် ခရီးရောက်မှာမဟုတ်ဘူး။ အဲဒီတော့ ဒိဋ္ဌိ ၀ိစိကိစ္ဆာကို ထပ်ပြီး ပါယ်ပေးရဦးမယ်။
မင်း သောတာပန်ဖြစ်ချင်ရင် "ဒိဋ္ဌိ ၀ိစိကိစ္ဆာ" ကိုအရင်ပါယ်ရမယ်။

ဆက်ရန်..

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home