Friday, March 11, 2011

ဓာတ်တော်ကျမှရဟန္တာ

လွန်ခဲ့သော 2005ခုလား 2006ခုလား မမှတ်မိတော့ပါ။ မုံလည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ တာချီလိတ်မြို့သို့လာရောက်ရပြီး (၅)ရက်အထူးတရားစခန်းချီးမြှင့်ခဲ့ပါသည်။ စာရေးသူ၏ ပထမဆုံးဝင်ဖြစ်သော တရားစခန်းဖြစ်ပါသည်။
ညပိုင်း ၈း၀၀ နာရီ တရားပွဲပြီးချိန်တွင် ဆရာတော်ကြီးအား ၀တ်ဖြည့် ကြပါသည်။( ဘုန်းတော်ကြီးများအား နင်းနှိပ်ပေးခြင်းအား ၀တ်ဖြည့်သည်ဟုခေါ်ပါသည်။)
ထိုသို့ဝတ်ဖြည့်စဉ်အတွင်း မိမိမသိ နားမလည်၊ မရှင်းလင်းတာများကို လျှောက်ထားမေးမြန်းခွင့်ရပါသည်။

ထိုစဉ်အချိန်က မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈) တာချီလိတ်တွင် အဆောက်အဦများ ဆောက်ကာ လုပ်အားဒါနပြုနေချိန် ဖြစ်သည်။ ထို့ပြင် မိုးကုတ်ဆရားတော်ကြီး၏ ဥပနိဿယဖြင့် ဘုရား၏တရားတော်များကို လေ့လာနေချိန်လည်းဖြစ်သည်။ လူကြီးသူမများက သောတာပန်ဆို ဘယ်လို ဘယ်ပုံ၊ သကဒါဂါမ်ဆို ဘယ်လို၊ အနာဂါမ်၊ ရဟန္တာ စသည်ဖြင့် ပြောဆိုသည်များကိုလည်း ဘေးနားမှ ငေပြီး နားထောင်ကာ စိတ်ဝင်စားသောအချိန်ကာလလည်းဖြစ်သည်။

ထိုပြောဆိုမှုများတွင် သောတာပန်သေလျှင် လူ့ဘ၀သို့ ပြန်လာ၊ မလာ၊ လူပြန်ဖြစ်၊ မဖြစ်။
ရဟန္တာ သေလျှင် ဓါတ်တော်ကျ ၊ မကျ စသည့် အမြင်မရှင်းသည့် မေးခွန်းများ ၀ိစိကိစ္ဆာသံသယရှိနေချိန်လးည်ဖြစ်ပါသည်။

မိမိတွင်ရှိသော မရှင်းသည့်အချက်များကိုမေးရန် အခွင့်သာခိုက်မေးမြန်းရန် ဆရာတော်ကြီးအား လျှောက်ထားခဲ့သည်။
ထိုအချိန်ကပင် မုံလည်ဆရာတော်ကြီးသည် ရဟန်းကိစ္စပြီးစီးနေပြီဟု ကျော်ကြားနေပြီဖြစ်ပါသည်။
(ရဟန်းကိစ္စပြီးသည် ဆိုသည်မှာ ရဟန္တာဖြစ်ပြီဟုဆိုလိုပါသည်။)

ဒီနေရာတွင်ဖြတ်ပြောလိုသည်မှာ ရဟန်း၏အလုပ်ကိစ္စသည် မိမိကိုယ်တိုင် ၀ိပဿနာကျင့်ကြံအားထုတ်ပြီး သံသရာဝဲသြဂမှလွတ်မြောက်အောင်အရင်ကူးခတ်ပြီးမှ မိမိသာဝကများကို ခြေချွတ်ရန်ဖြစ်သည်။
ထို့ကြောင့်ရဟန်းကိစ္စတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ မပါဝင်ပါ။
မြတ်စွာဘုရားမှလည်း ထိုနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအလုပ်များကို ဆောင်ရွက်နေသော ရဟန်းများကို တိရစ္ဆာန်နှင့် ခိုင်းနှိုင်းကာ တိရစ္ဆာန်အလုပ်လုပ်နေသူများဟု ရှုံ့ချကဲ့ရဲ့ပါသည်။

ဆရာတော်ကြီးအား ရဟန္တာခန္ဓာဝန်ချလျှင်(သေလျှင်) ဓာတ်တော်ကြွင်း၊ မကြွင်း၊ ကျ၊ မကျ မေးလျှောက်ပါသည်။
ဆရာတော်ကြီးမှ တိုတိုတုတ်တုတ်ပင် "ကျတယ်" ဟုဖြေတော်မူပါသည်။
ကျွန်တော်လည်း ပုထုဇဉ်ပီပီ လျှာရှည်ကာ အချို့စာအုပ်စာပေများတွင် အဓိဋ္ဌာန်မှသာ ဓာတ်တော်ကျကြောင်း ရေးသားထားသည်ကို ဖတ်ရှုရဖူးပါသည်။ ဟုတ်ပါသလားဘုရားဟု ထပ်မံမေးလျှောက်ပါသည်။
ဆရာတော်ကြီးက "အာသဝေါတရားလေးပါးလုံးကုန်နေပေါ့၊ ဘာဓိဋ္ဌာန်စရာလိုမလဲ" ဟုမိန့် ပါသည်။
မိမိမှ ထပ်မံ၍ အားနာမှုမရှိပဲ ဆရာတော်ကြီးအားချည်တုပ်သလို ထပ်မေးခဲ့ပါသည်။
ဒါဆို ဘယ်လောက်နာမည်ကျော်ကျော်ဓာတ်တော်မကျရင် ရဟန္တာမဟုတ်ဘူးပေါ့ဟု ထပ်မံ Confirm သဘောမျိုးထပ်မေးပါသည်။
"အေး...၊ ကျရင်ဟုတ်တယ်၊ မကျရင် .. မဟုတ်ဘူး" တိုရင်းလိုရှင်းဖြေတော်မူပါသည်။
ကျွန်တော့စိတ်ထဲတွင်လည်း အင်း.. ရဟန္တာလို့ သမုတ်ခံထားရတဲ့ ဆရာတော်ကြီးကိုယ်တိုင်က မိန့်တာ ဟုတ်မဟုတ် ဆရာတော်ကြီး သေမှပဲ ကြည့်ဦးမယ်ဟု မှတ်ထားလိုက်ပါသည်။
အရိယာပုဂ္ဂိုလ်အား ပြစ်မှားသကဲ့သို့ ဖြစ်သွားမည်လားဟုပင် တွေးမိပါသေးသည်။

2011 ဖေဖေါ်ဝါရီလ 16 မှ 25 ရက်နေ့ထိ (၄၃)ကြိမ်မြောက် တရားစခန်းကို မိုးကုတ်ရိပ်သာအဖွဲ့ခွဲ (၃၄၈)တွင် ကျင်းပနေပါသည်။ ကမ္မဋ္ဌာနာစရိယဆရာတော်ကတော့ ဦးသုမန(စစ်ကိုင်း) ဆရာတော်ဖြစ်ပါသည်။ တရားကို အပိုအလိုမရှိ ခန္ဓာကိုရွံမုန်းအောင် လှည့်ပတ်ဟောနေရာတွင် အလွန်ကောင်းပါသည်။
တရားပွဲ နောက်ဆုံးရက်(25.2.11) စခန်းသိမ်းပွဲညတွင် ဆရာတော်မှ ဒီနေ့မနက် (၈)နာရီလောက်က မုံလည်ဆရာတော်ဘုရားကြီး မန္တလေးမှာ ပျံလွန်တော်မူပီလို့ပြောပါတယ်။ ဆရာတော်ကြီးဟာ ရဟန္တာလို့ ကျော်ကြားတဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ ရဟန္တာဖြစ်ဖြစ်တော့ သူတပ်အပ်မပြောနိုင်ပေမယ့် အသေစိတ်ချရတဲ့ပုဂ္ဂိုလ်တစ်ယောက်တော့ သေချာပါတယ်လို့ ပြောပါတယ်။ ရဟန္တာဟုတ်မဟုတ်ကတော့ ထင်းပုံပေါ်ရောက်မှ သိရမယ်လို့ ပြောပါတယ်။

(ဖေဖော်ဝါရီ (၂၅) ယနေ့နံနက် (၈)နာရီတိတိ အချိန်တွင် မိုးကုတ်ဝိပဿနာ ကမ္မဌာနာ စရိယ မုံလယ်တောရ ဆရာတော် ဘုရားကြီး အဂ္ဂမဟာ ကမ္မဌာနာ စရိယဘဒ္ဒန္တသံဝရသည် မန္တလေးမြို့၊ ရေတံခွန်တောင်ခြေ၊ မုံလယ် တောရကျောင်း၌ ခန္ဓာဝန်ချ ချုပ်ငြိမ်းတော် မူသည်။ ရဟန္တာဟု သမုတ်ကြသော ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်သည် သက်ရှိထင်ရှား ရှိနေသကဲ့သို့ ဝင်းအိပျော့ပျောင်းလျက်ရှိပြီး ညာဖက် မျက်လုံးတော်၏ ဘေးဖက်၊ နှာရိုးတော် ညာဖက်အနီးတွင် ချွေးစစိုစို ထွက်ရှိနေသည်ကိုလည်း ထိုနေ့ ညခင်းပိုင်း အချိန်က ထူးထူးခြားခြား ကြည်ညိုဖွယ်ရာ ဖူးတွေ့ရသည်။ ထို့အပြင် ဆရာတော်ဘုရားကြီး ခန္ဓာဝန်မချမီ ရက်ပိုင်း၊ လပိုင်းအလို နေ့ရက်များတွင် ထူးခြားဖြစ်စဉ် အများအပြား ရှိခဲ့သည်ဟု တပည့် သာဝကများက ဆိုကြသည်။ မုံလယ် ဆရာတော် အလောင်းအလျာကို အနောက် ဂန့်ဂေါမြို့နယ်နေ ခမည်းတော် ဦးငွေထွန်း၊ မယ်တော် ဒေါ်ဆေးရန်တို့မှ (၁၂၈၂) ခုနှစ်၊ နတ်တော် လပြည့်ကျော် (၁၃)ရက်၊ သောကြာနေ့ နံနက် (၁)နာရီ အချိန်တွင် မီးရှူး သန့်စင် မွေးမြင်ခဲ့ပါသည်။ ငယ်အမည်မှာ မောင်ဝသိန်း ဖြစ်ပြီး ညီအစ် ကိုမောင်နှမ (၄)ယောက် ရှိသည့်အနက် တတိယမြောက် သားရတနာ ဖြစ်သည်။ သက်တော် (၅၆)နှစ် အရွယ်၌ မုံလယ်တောရ ဆရာတော် �ဦးဇာဂရ� ထံတွင် ရှင်သာမဏေ ပြုခဲ့သည်။

သက်တော် (၅၇)နှစ် သာမဏေ(၁) ဝါအရတွင် အနောက် ဂန့်ဂေါရွာ၊ မာန်အောင်ကျောင်း (သုဿာန်ကျောင်း) ဆရာတော် ဦးသုစိတ္တာလင်္ကာရ မဟာထေရ်ကို ဥပဇာယ်ပြု၍ ကုန်သည်ကြီး ဦးအေးဖေ၊ ဒေါ်အုန်းကြည်တို့က ရဟန်းဒါယကာခံကာ ရဟန်းဘောင်သို့ သွတ်သွင်း ချီးမြှင့်ခဲ့ကြသည်။ ရဟန်းဝါ (၆)ဝါ အရတွင် မန္တလေးမြို့၊ မြို့ဟောင်း မင်္ဂလာတိုက် ဆရာတော် �ဦးဓမ္မိဿာရ� မြို့ဟောင်း တောင်ပြင်တိုက်ဆရာတော် �ဦးသုမန� တို့ထံတွင် မိုးကုတ် ဝိပဿနာ နည်းနိဿရည်းခံ ကျင့်ကြံရှုပွား အားထုတ်တော် မူခဲ့သည်။ ဆရာတော် ဘုရားကြီးသည် အနောက် ဂန့်ဂေါ၊ မုံလယ်တောရကျောင်း အပြင် ပဲခူး၊ ဆယ်မိုင်ကုန်း (အမှတ်-၁-တိုက်ခွဲ) ကျိုင်းတုံမြို့(အမှတ်-၂-တိုက်ခွဲ)နှင့် မန္တလေးမြို့၊ ရေတံခွန်တောင် (အမှတ်-၃-တိုက်ခွဲ) များတွင် မုံလယ်ဓမ္မရိပ်သာ ကျောင်းတိုက်ခွဲများ ဖွင့်လှစ်ကာ ပြည်တွင်းပြည်ပ သာသနာပြု ခရီးများ ကြွရောက်ပြီး တရားဓမ္မများ ဟောကြား ပြသခဲ့သည်။ ဆရာတော် ဘုရားကြီးအား ၁၃၆၁ ခု၊ တပေါင်း လပြည့်နေ့တွင် (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ၏ အဂ္ဂမဟာ ကမ္မဌာနစရိယဘွဲ့ ဆက်ကပ်ခြင်းကို ခံယူရရှိတော် မူခဲ့ပါသည်။ ဆရာတော် ဘုရားကြီး၏ အဆိုအမိန့် တစ်ခုမှာ �သီလက မပေးနိုင်သော အရာဟူ၍ ဘာမှမရှိ၊ သီလလုံခြုံမှ အကျိုးရှိမည်� ပင်ဖြစ်သည်။ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို (၁၃၇၂)ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃)ရက် (၃၊၃၊၂၀၁၁)နေ့၊ (၁)နာရီအချိန်တွင် မုံလယ်တောရကျောင်း၊ ရေတံခွန်တောင်၊ မန္တလေးတွင် အန္တိမဂ္ဂိဈာပန ပူဇော် ကျင်းပမည် ဖြစ်ကြောင်း သိရှိ ရသည်။
)
အဲဒီမှာ အထက်ပါအတိုင်းဖေါ်ပြထားတာတွေ့ရပါတယ်။ ဒါနဲ့ ဆရာတော်ကြီး မီးသဂြိုဟ်တဲ့ သတင်းကို ဟိုလူမေး ဒီလူမေးနဲ့ ဒီနေ့မှ ဖုန်းအဆက်အသွယ်ရလို့ ဓာတ်တော်တွေကျတယ်ဆိုတာ တိတိကျကျသိရပါတော့တယ်။ ဓာတ်တော်တွေကို ရေတံခွန်တောင်ကျောင်း ဓမ္မာရုံမှာ ပူဇော်ခံထားတယ်လို့ သိရပါတယ်။
ရဟန္တာခန္ဓာဝန်ချရင် ဓာတ်တော်ကျတယ် ဆိုတဲ့ စကားကိုလည်း လုံးဝရှင်းလင်းသွားခဲ့ရပါတယ်။ ဆရာတော်ကြီးက ဓာတ်တော်တွေနဲ့ သက်သေပြခဲ့ပါပြီ။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home