Tuesday, March 8, 2011

မြတ်စွာဘုရား၏ ဉာဏ်တော်ဆယ်ပါးနှင့် အသုံးပြုပုံ

ဗုဒ္ဓမြတ်စွာတွင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့သော ကုသိုလ်အထောက်အပံ့တို့ကြောင့် အဂ္ဂသာဝက၊ မဟာသာဝကများတို့ထက်သာသော ဘုန်းတော် ဉာဏ်တော် များပိုင်ဆိုင်လာရသည်။ ထိုဉာဏ်တော်များမှာ (၁၀)ပါးရှိပါသည်။

၁။ အကြောင်းဟုတ်၊ မဟုတ်သည်ကို သိသောဉာဏ်
(ဌာနာဋ္ဌာနကောသလ္လဉာဏ်)

၂။ ကောင်းကျိုး၊ မကောင်းကျိုးကို သိသောဉာဏ်
(၀ိပါကဉာဏ်)

၃။ သတ္တ၀ါတို့ လားရာ ရောက်ရာကိုသိသောဉာဏ်
(သဗ္ဗထ္တဂါမိနိပဋိပဒါဉာဏ်)

၎။ အထူးထူးသောဓာတ်သဘောကို သိသောဉာဏ်တော်
(အနေကဓာတု နာနာဓာတုဉာဏ်)

၅။ သတ္တ၀ါတို့၏ အလိုဆန္ဒကိုသိသောဉာဏ်
(နာနာဓိမုတ္တိကဉာဏ်)

၆။ သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်ကိုသိသော ဉာဏ်
(ဣန္ဒြိယပရောပရိယတ္တ ဉာဏ်)

၇။ ဈာန်၊ ၀ိမောက္ခ၊ သမာဓိ၊ သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသောဉာဏ်
(ဈာန ၀ိမောက္ခ သမာဓိ သမာပတ္တိ ဉာဏ်)

၈။ ရှေးဖြစ်ဟောင်း ဘ၀ခန္ဓာအစဉ်ကိုသိသော ဉာဏ်
(ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်)

၉။ သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်းကို သိသောဉာဏ်
(စုတူပါတ (၀ါ) ဒိဗ္ဗစက္ခု ဉာဏ်)

၁၀။ အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းကိုသိသော ဉာဏ်
(အာသ၀က္ခယ ဉာဏ်)

အထက်ပါ ဉာဏ်တော်များကို မြတ်စွာဘုရားရှင်သည် သတ္တ၀ါတစ်ဦးတစ်ယောက်၏ အခြေအနေ အချိန်အခါကို ကြည့်၍ ၄င်းတို့၏ အကျိုးစီးပွာအတွက် အသုံးပြုတော်မူပါသည်။

သတ္တ၀ါတစ်ဦးတစ်ယောက်သည် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင် (သို့မဟုတ်) ရဟန္တာဖြစ်နိုင်မဖြစ်နိုင်ကို ဌာနာဋ္ဌာနကောသလ္လဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင် တော်မူပါသည်။

သတ္တ၀ါတစ်ဦးတစ်ယောက်သည် ဈာန် မဂ် ဖိုလ် ရမှုအတွက် အန္တရာယ် ( အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေနေမှု) ရှိ မရှိကို ၀ိပါကဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။

သတ္တ၀ါတစ်ဦးတစ်ယောက်၏ ဈာန် မဂ် ဖိုလ် ရမှုအတွက် အမိသတ်ခြင်း အဖသတ်ခြင်း စသော ကံကြီး(၅)ပါး ပဉ္စာနန္တိယကံ ထိုက်မှုရှိမရှိကို သဗ္ဗတ္ထဂါမိနိပဋိပဒါဉာဏ်တ်ာဖြင့် ကြည့်ရှုဆင်ခြင် တော်မူပါသည်။

အထက်ပါဉာဏ်တော်(၃)မျိုးဖြင့် ကြည့်ရှုပြီး  ဖေါ်ပြခဲ့သော အန္တရာယ်တို့ ကင်းရှင်းပါမှ ကယ်သင့်ကယ်ထိုက် ချွတ်သင့်ချွတ်ထိုက်သော သတ္တ၀ါတို့၏ အကျင့်စရိုက် (စိတ်အလို) နှင့်ကိုက်ညီမည့်တရားကို ဟောကြားဖို့ရန် သတ္တ၀ါတို့၏စရိုက်ကို အနေကဓာတု နာနာဓာတုဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။

သတ္တ၀ါတို့၏နှလုံးသွင်းသဘောထားကို သိပြီး သင့်လျော်သော တရားကို ဟောဖို့ရန် နာနာဓိမုတ္တိဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။

သင့်လျော်သောတရားကို ဟောဖို့၇န် သတ္တ၀ါတို့၏ သဒ္ဓါကောင်း မကောင်း စသောအချက်တို့ကို ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။

ဈာန်တရား၊ ၀ိမောက္ခတရား၊ သမာဓိ စသောတရားတို့၏ ညစ်ညူး ဖြူစင်ကြောင်းတို့ကို ဈာန၀ိမောက္ခ သမာဓိသမာပတ္တိ ဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင်တော်မူပါသည်။

ထိုသို့ဆင်ခြင်ပြီးပါက ကယ်သင့်ကယ်ထိုက် ချွတ်သင့်ချွတ်ထိုက်သော ဝေနေယျသတ္တ၀ါတို့ရှိရာသို့ အလျှင်အမြန် ကြွမြန်းကယ်ချွတ်တော်မူပါသည်။

ထိုသို့ကြွမြန်းပြီးနောက် သတ္တ၀ါတို့၏ ရှေးဘ၀ဖြစ်ပုံနှင့် လောလောဆယ် စိတ်ဖြစ်ပုံကို ပုဗ္ဗေနိဝါသာနုဿတိ
ဉာဏ်တော်ဖြင့်လည်းကောင်း၊ စူတူပါတ(၀ါ) ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့်လည်းကောင်း ကြည့်ရှုဆင်ခြင်တော်မူပါသည်။

ဝေနေယျတို့အား အရဟတ္တမဂ်ရရန် တရားဟောခြင်းအလို့ငှာ အာသ၀က္ခယဉာဏ်တော်ဖြင့် ကြည့်ရှုဆင်ခြင် တော်မူပါသည်။

ဤဉာဏ်တော်တို့ကို အသုံးပြုပုံကိုကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓသည် မိမိပိုင်ဆိုင်သမျှ ဉာဏ်အားလုံးကို ဝေနေယျသတ္တ၀ါများအတွက် အစွမ်းကုန်အသုံးပြုတော်မူသည့် ပုဂ္ဂိုလ်ထူး/မြတ် ဖြစ်ကြောင်း အာရုံပြု နှလုံးသွင်း၍ ပူဇော်နိုင်ပါသည်။

2 Comments:

At December 25, 2011 at 4:01 AM , Blogger Unknown said...

သဗ္ဗညုတညဏ်ဆိုသည်မှာ ဘယ်နှစ်ခုမြောက်ညာဏ်ပါလဲဘုရား အသီးအခြားဖြစ်ပါသလား ?

 
At April 8, 2012 at 11:09 PM , Blogger အတ္တ said...

သဗ္ဗညုတဉာဏ် ဆိုသည်မှာ ခပ်သိမ်းသောတရားတို့ကို သိတတ်သောဉာဏ်ဟု အဘိဓာန်တွင်ဖွင့်ဆိုထားသည်ကိုတွေ့ရပါသည်ဘုရား...။ တပည့်တော်ရေးထားသော ဉာဏ်တို့သည် သဗ္ဗညုတဉာဏ်အောက်တွင် ပါဝင်ပါသည်ဘုရား။

 

Post a Comment

Subscribe to Post Comments [Atom]

<< Home