Tuesday, March 22, 2011

the best religion

"ကမ္ဘာ့အကောင်းဆုံး ဘာသာတရားဆု ဗုဒ္ဓဘာသာရရှိ"

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် "ဘာသာတရားများနှင့် စိတ်ဓာတ်တိုးတက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီး" သည် ကမ္ဘာ့ဘာသာရေးခေါင်းဆောင် ကိုယ်စားလှယ် 200 ကိုဖိတ်ခေါ်၍ အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ တက်ရောက်သူများထဲတွင် နိုင်ငံတကာမှ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျူး စသည့် ဘာသာပေါင်းစုံမှ ဦးစီးခေါင်းဆောင်များပါဝင်သည်။
      ထိုအဖွဲ့ကြီးသည် ယခု ၂၀၀၉-ခုနှစ်တွင် "ကမ္ဘာ့အကောင်းဆုံးဘာသာဆု" ဟူ၍သတ်မှတ်ပြီး ထိုဆုအတွက် ဗုဒ္ဓဘာသာကို နှင်းအပ်ရန် ရွေးချယ်လိုက်ကြသည်။
        ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ်ရွေးချယ်၍ ဆုအပ်နှင်းသည်ကို အခြားဘာသာဝင်များက လုံးဝကန့်ကွက်ခြင်းမရှိ၊ တညီတညွှတ်တည်းပင် သဘောတူလက်ခံလိုက်ကြသည်။
        ထိုအဖွဲ့ကြီးမှ သုတေသနညွှန်ကြားရေးမှူး Mr. Jonna Hult က "ဗုဒ္ဓဘာသာတရားအား ကမ္ဘာ့အကောင်းဆုံး ဘာသာတရားဆု နှင်းအပ်လိုက်ကြသည်ကို ကျွန်ုပ်အဖို့ အံ့သြခြင်းမရှိပါ။ အဘယ့်ကြောင့် ဆိုသော် ဗုဒ္ဓဘာသာတရားသည် အခြားသော ဘာသာတရားများအတွက်သော်လည်းကောင်း လုံးဝ စစ်တိုက်ခြင်းမရှိ၊ ငြိမ်းချမ်းရေးကိုသာ ဖေါ်ဆောင်သော ထူးခြားသည့် ဘာသာတရားဖြစ်ပါသည်" ဟူ၍ ဖွင့်ဟ ပြောဆိုခဲ့လေသည်။
     ထိုပုဂ္ဂိုလ်တို့ သုတေသနပြုထားသည့်အတိုင်းပင် ဗုဒ္ဓဘာသာသည် စစ်ပြုခြင်း၊ စစ်တိုက်ခြင်းကို လုံးဝ မလိုလားသော ဘာသာတရားဖြစ်သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ကပ္ပိလ၀တ်ပြည်နှင့် ကောလိယ ပြည်တို့ နှစ်ပြည်ထောင်ကြားရှိ ရောဟိဏီမြစ်ရေကို ရယူလိုသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် စစ်တိုက်မည်ပြုကြသည်။ ဤတွင် ဗုဒ္ဓဘုရားရှင်က "အနည်းငယ်မျှ တန်ဖိုးရှိသော ရေအတွက် အဖိုးမဖြတ်နိုင်သော အသက်သွေးများကို မဖျက်ဆီးသင့် " ဟူ၍ ဆုံးမတော်မူခဲ့သည်။ ကိုယ်တော်တိုင်လည်း စစ်ဖြစ်မည့်အရေးကို တားဆီးတော်မူခဲ့သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာသည် စစ်မက်ကို မလိုလား၊ ငြိမ်းချမ်းရေးကိုသာ လိုလားသော ဘာသာတရားဖြစ်သည်။
        ထို့အပြင်ဗုဒ္ဓဘာသာသည် မိမိတို့နှစ်သက်ယုံကြည်မှသာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူစေလိုသော ဘာသာဝါဒဖြစ်သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်က ဝေသာလီပြည်မှ နိဂဏ္ဍ၏ တပည့်တစ်ဦးဖြစ်သော စစ်သူကြီး သီဟသေနာပတိသည် ဗုဒ္ဓ၏တရားကိုနှစ်သက်သဖြင့် ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ဥပါသကာအဖြစ် မှတ်ယူပါရန် ဗုဒ္ဓအားလျှောက်ထားသည်။ ထိုအခါ ဗုဒ္ဓကစည်းရုံးတိုက်တွန်းခြင်းမပြု။ "စဉ်းစားချင့်ချိန်ပြီးမှသာ ဥပါသကာအဖြစ်ခံယူပါ။ ထိုသို့ခံယူရာတွင်လည်း မိမိဆည်းကပ်အားထားသော နိဂဏ္ဍတို့ကို ဆက်လက်လှူဒါန်းမြဲ လှူဒါန်းပါ" ဟူ၍ အံ့ဖွယ် သဘောထားကြီးစွာဖြင့် မိန့်ဆိုတော်မူခဲ့သည်။ ထိုသို့ဆိုသဖြင့်လည်း စစ်သူကြီးသီဟသေနာပတိသည် ဗုဒ္ဓ၏အဆုံးအမကို ပိုမိုနှစ်သက်ကာ ဥပါသကာအဖြစ် လှိုက်လှဲစွာခံယူခဲ့သည်။
      ဤသို့လျှင် ဗုဒ္ဓဘာသာသည် စစ်မက်မပြု၊ငြိမ်းချမ်းရေးကို အဓိကထားသော လွတ်လပ်သော ဘာသာတရား ဖြစ်သည်၊ ထို့ကြောင့် အဆိုပါအဖွဲ့ကြီးက ဗုဒ္ဓဘာသာအား ကမ္ဘာ့အကောင်းဆုံး ဘာသာတရားဆုကြီးကို ရွေးချယ်သတ်မှတ် အပ်နှင်းလိုက်ခြင်းဖြစ်သည်။
        ဗုဒ္ဓဘာသာတရား၏ အကျဉ်းချုပ်မှာ ဒါန၊ သီလ၊ ဘာဝနာ သုံးရပ်ကို ပြုကျင့်ရေးဖြစ်သည်။ ထိုအချက်ကို ကျွနုပ်တို့သည် အထူးသတိပြု ဆင်ခြင်၍ ဒါန၊ သီလ၊ ဘာဝနာ သုံးရပ်စလုံးကို ဟန်ချက်ညီညီ ကြိုးစားဆောင်ရွက်ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။
        ဗုဒ္ဓဘာသာတရားကို အကောင်းဆုံး ဘာသာတရားအဖြစ် ထောက်ခံရွေးချယ်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သော အစ္စရေးလူမျိုး Mr. Rabbi Shmue Wasserstein က "ကျွန်ုပ်သည် ဂျူးဘာသာတရားကို မြတ်နိုးသည်။ ဂျူးဘာသာတရားသည် ကြီးကျယ်မြင့်မြတ်ဆုံးဟု ခံယူပါသည်။ သို့ရာတွင် လက်တွေ့အားဖြင့် ဂျူးဘာသာဖြင့်ဘုရားရှိခိုးခြင်းမပြုမှီ ၀ိပဿနာတရားကို နေ့စဉ်ရှုမှတ်ပါသည်။ 1993 ခုနှစ်မှ စတင်၍ ရှုမှတ်လာခဲ့သည်မှာ ယနေ့ထိဖြစ်ပါသည်။ ထိုသို့ရှုမှတ်သဖြင့်လည်း ကောင်းကျိုး ချမ်းသာများ ခံစားရရှိနေပါသည်" ဟူ၍ ဖွင့်ဟပြောဆိုပေသည်။

ယခုလက်ရှိပိုင်ဆိုင်ထားသောဘ၀တွင် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ရခြင်းသည် မည်၍မည်မျှ ဂုဏ်ယူဝမ်းမြောက်ဖွယ် သာဓုခေါ်ဖွယ်ဖြစ်ကြောင်း သိစေလိုသော ဆန္ဒမွန်ဖြင့် လက်ဆင့်ကမ်း ဓမ္မဒါနပြုပေးကြပါရန် နှိုးဆော်အပ်ပါသည်။

တရားစခန်းဝင်တုန်းက ရခဲ့တဲ့ သူများတွေဝေတဲ့ စာရွက်ကလေးတစ်ရွက်ထဲကပါ။ အထက်မှာပါတဲ့အတိုင်း လက်ဆင့်ကမ်းမျှဝေပါဆိုလို့ ဗုဒ္ဓဘာသာဝင်အများ သာဓုခေါ်ဆိုနိုင်အောင်ပါ။


မူရင်းလင့်



0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home