Saturday, November 27, 2010

မရောင်းကောင်းသောကုန်စည်(၅)မျိုး

ဗုဒ္ဓဘာသာဝင် ဥပသကာ(သရဏဂုံတည်သူ) တစ်ယောက်အနေဖြင့် မရောင်းကောင်း/သင့်သော  ကုန်ပစ္စည်း(၅)မျိုး ကို မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်ကို အဂုင်္တ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ၀ဏိဇ္ဇသုတ်တော်တွင် တွေ့ရပါသည်။ ထိုငါးမျိုးတို့မှာ-

၁။ သတ္ထ၀ဏိဇ္ဇာ = အများသေစေကြောင်း လေး မြား စသောလက်နက် အမျိုးမျိုးတို့ကို ရောင်းခြင်း။
                         (လက်နက်အားလုံး အကျုံးဝင်ပါသည်။)

၂။ သတ္ထ၀ဏိဇ္ဇာ = ဆင်မြင်းလူ စသော အစေခံ သတ္တ၀ါများကို ရောင်းခြင်း။

၃။ မံသ၀ဏိဇ္ဇာ = ၀က်၊ အမဲ၊ သမင် စသော အသားစားရန်အတွက် သတ္တ၀ါများကို ရောင်းခြင်း။

၎။ မဇ္ဇ၀ဏိဇ္ဇာ = သေရည်အရက် အမျိုးမျိုးကို ရောင်းခြင်း။

၅။ ၀ိသ၀ဏိဇ္ဇာ = သတ္တ၀ါ အများကိုသေစေတတ်သော အဆိပ်အမျိုးမျိုး ရောင်းခြင်း။

        ဗုဒ္ဓမြတ်ဘုရားသည် ဓား လှံ လေးမြား သေနတ်စသော (လူသတ်) လက်နက်တို့ကို မိမိကိုယ်တိုင် ပြုလုပ်၍ လည်းကောင်း၊ သူတစ်ပါးကို ပြုလုပ်ခိုင်း၍လည်းကောင်း၊  သူတစ်ပါးပြုလုပ်ပြီးသည်ကို တဆင့်ဝယ်ယူ၍ လည်းကောင်း၊ ရောင်းဝယ်ခြင်းမပြုရဟု တားမြစ်တော်မူပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ လက်နက်တို့သည် တပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။

        ဗုဒ္ဓမြတ်ဘုရားသည် မိစ္ဆာစာရ(မကောင်းသောအသက်မွေးမှု)ဖြင့် အသက်မွေးသော မိန်းမပေါ့/ပျက်(ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊ လူအများကိုကျွန်ဖြစ်စေရန် ရောင်းဝယ်ခြင်းစသော ကူးသန်းရောင်းဝယ်ခြင်းကို မပြုလုပ်ရဟု တာမြစ်တော်မူပါသည်။ အကြောင်းမှာ သူ့ကျွန်၏အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။

      ဗုဒ္ဓမြတ်စွာသည် သား သမင် နွား ကြက် ၀က် စသော ဟင်းလျာ သတ္တ၀ါတို့ကို မွေးမြူ၍လည်း၊ သူတပါးထံမှ တဆင့်ဝယ်ယူ၍လည်းကောင်း ရောင်းဝယ်ခြင်းကို တာမြစ်တော်မူပါသည်။ အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်းဟူသော အကုသိုလ်ကြောင့် ဖြစ်ပါသည်။

       မြတ်စွာဘုရားရှင်သည် လတ်တလောသေစေတတ်သော အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး ကိုယ်ဝန်ကို ပျက်စေတတ်သော ဆေးမျိုး ရောင်းစားခြင်းကို မပြုလုပ်အပ်ဟု တားမြစ်တော်မူပါသည်။ သတ္တ၀ါတို့ကို သေစေတတ်သောကြောင့် ဖြစ်ပါသည်။

     ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်း မပြုပဲ ရှောင်ကြဉ်ရပါမည်။ ထိုသို့ရှောကြဉ်မှသာလျှင် နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော သုစရိုတ်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။ သို့မှသာ ကောင်းမြတ်သောစိတ်ထား ပြည့်ဝပြီး သင့်တင်ညီညွှတ်မျှတသော ကုန်သွယ်မှု (သမ္မာအာဇီဝ)၊ ကောင်းသောအသက်မွေးမှု ဖြစ်ပေမည်။

1 Comments:

At November 29, 2010 at 4:40 AM , Blogger Aeimt Kabyar Mon said...

ကျေးကျေးပါ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home