Friday, November 12, 2010

အတွေးအခေါ်

ညက တရားပွဲသွားတော့ ရခဲ့တဲ့ လက်ကမ်းစာစောင်ထဲက နှစ်သက်မိတဲ့ အတွေးအခေါ်လေးတွေကို မျှဝေပါတယ်။
ဓမ္မကထိက ဆရာတော်ကတော့ အရှင်ဇ၀န (မေတ္တာရှင်) ဖြစ်ပါတယ်။ ပရိတ်သတ် နှစ်သောင်းလောက်ဆိုတော့ ကွင်းပြင်ထဲမှာ နှင်းရည်စိုရွဲ ချမ်းအေးတဲ့ တရားပွဲဖြစ်ပါတယ်။ တ ခ လ မှာတော့ တော်တော်အေးနေပြီ..။
 
မွေးမည့်မွေးလျှင် ကြက်တွေ ဘဲတွေ ၀က်တွေသာမွေးပါ။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကို မမွေးပါနှင့်၊ အကုသိုလ်ဖြစ်တာချင်း၊ အပါယ်ကျတာချင်းတူသော်လည်း ကြက်တွေ ဘဲတွေ မွေးခြင်းက ကြက်ဥ ဘဲဥစားပြီးမှ အပါယ်ကျရသည်။ မနာလိုစိတ်နှင့် ၀န်တိုစိတ်ကိုမွေးခြင်းကား ဘာမျှမစားရဘဲ အပါယ်သို့ကျရသောကြောင့်တည်း။

စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ လ၊ ရက်၊ နှစ်စသော အချိန်တိုလေးများကို ပေါင်းစည်းထားခြင်းကိုပင် အသက်ဟုခေါ်သည်။ ထို့ကြောင့် အချိန်ဟူသည် အသက်၊ အသက်ဟူသည်အချိန် အသက်ကိုတန်ဖိုးထားသူသည် အချိန်ကို တန်ဖိုးထားရမည်။ အချိန်ကို တန်ဖိုးထားလျှင် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ဥစ္စာ၊ ပညာ ဤသုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ရအောင်ယူရမည်။

မိမိတရားရ၊ မရကို လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိစသော ကိလေသာများလျော့ပါးကုန်ပျောက်သွားခြင်း ရှိ မရှိ ဟူသောအချက်ဖြင့်သာ တိုင်းတာကြည့်ရ၏။

သဒ္ဓါဓာတ်များတဲ့ ပုဂ္ဂိုလ်အတွက် လှူစရာပစ္စည်းတွေ အမြဲတမ်း ပေါများပိုလျှံနေတတ်ပါတယ်။
လောဘဓာတ်များတဲ့ ပုဂ္ဂိုလ်အတွက် ယူစရာပစ္စည်းတွေဟာ အမြဲတမ်းလောက်ငတယ်လို့ကို မရှိပါဘူး။

သတ္တ၀ါတို့သည် မိမိကိုယ်ကို မိမိတို့ ဖန်ဆင်းကြခြင်းဖြစ်၏။
ထိုဖန်ဆင်းသူကား (စေတနာ=ကံ) ပင်ဖြစ်သည်။

မျှော်လင့်ချက်ဖြင့်ပေးကမ်းမှုသည် အမြတ်ရဖို့ အရောင်းအ၀ယ် လုပ်ခြင်းတစ်မျိုးဖြစ်သည်။

မျှော်လင့်ချက်မပါဘဲ ပေးကမ်းမှုသည်သာ လောဘဦးဆောင်သော ကိလေသာကုန်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဒါနပါရမီ ဖြည့်ဆည်းခြင်းဖြစ်သည်။

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသောကျင့်ထုံးများကို ကျင့်သုံးနေပါက မိမိသည်ပင်လျှင် သာသနာပျောက်ကွယ်အောင် ဖန်တီးနေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။

"တရားရှိတယ်" ဆိုတာ လောဘဖြစ်စရာ အာရုံနဲ့တွေ့ရင် လောဘမဖြစ်အောင် ဒေါသဖြစ်စရာ အာရုံနဲ့တွေ့ရင် ဒေါသမဖြစ်အောင် နှလုံးသွင်းဆင်ခြင်နေနိုင်တာပါ။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home