earthquake (ကျကူနီ)
မနေ့က နေ့လယ်ပိုင်းလောက် ကျကူနီမှာလည်း ငလျင်ဒဏ် ခံရတယ်ကြားလို့ သွားခဲ့ပါတယ်။ တစ်ခေါက်မှလည်း မရောက်ဖူးတော့ ဟိုမေး ဒီမေးနဲ့ ရမ်းသန်းသွားခဲ့ရပါတယ်။ အရင်က ကားလမ်းရှိပေမယ့် အခု လမ်းကတော်တော်ဆိုးပါတယ်။ (4×4) ကားများသာ ခက်ခက်ခဲခဲသွားလို့ရပါမယ်။ မိုးရွာထားတော့ ကားတော့တော်တော်ခက်ခဲစွာ မောင်းရပါမယ်။ အဆင်မသင့်ရင် ချောက်ထဲ ကားကျနိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ ဆိုင်ကယ်နဲ့ဆိုတော့ ပြဿနာကြီးကြီးမားမား လမ်းမှာ မတွေ့ရပါဘူး။ သုံးလေးခါလောက် ဆိုင်ကယ်လဲတာပဲ ရှိပါတယ်။ :P
သွားတာက နှစ်ယောက်ဆိုတော့ ဆိုင်ကယ်ကို ရွံ့ဗွက်ထဲမှာ မနည်းထိန်းမောင်းရပါတယ်။ နောက် စမ်းချောင်း လေးငါးခါလောက်ဖြတ်ကျော်ရပါတယ်။ ရေသိပ်မနက်ပေမယ့် ကျောက်တုံးတွေကြီးလို့ ဆိုင်ကယ်စီး မရပဲ မနည်းတွန်းရပါတယ်။ ဒီလိုနဲ့ ညနေ ၅ နာရီ ခွဲလောက်မှာ အဲဒီရွာကိုရောက်ခဲ့ပါတယ်။
အဲဒီ လယ်ကွဲတွေထဲမှာ အက်ကြောင်းကြီး တောက်လျှောက်ရှိတယ်။
တချို့နေရာတွေက အက်ကွဲနေတာ တောက်လျှောက်ပါပဲ။
တချို့နေရာကတော့ နိမ့်ဆင်းသွားတယ်။
ရွာလယ်မှာ အဲလို မြေကြီးတွေအက်သွားတာ ရွာခါးလည်လောက်တောက်လျှောက်ပဲ...
ဘုရားဝတ်ပြုဆုတောင်းပွဲလုပ်နေတုန်း ငလျင်လှုပ်တာကြောင့် အဲဒီဘုရားကျောင်းမှာ 22 ယောက် ပွဲချင်းပြီးပါပဲ။
တချို့နေရော ပြိုကျနေပြီး
တချို့နေရာက ခုံးတက်လာတယ်။
အဲဒီရွာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ သွားလှူမယ့်သူတွေ မရောက်တဲ့နေရာပါ။
စစ်တပ်က လာလှူသွားတဲ့ ရေသန့်ဘူးနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေပဲ တွေ့ခဲ့ရပါတယ်။
ဒဏ်ရာပြင်းတဲ့ 57 ယောက် တာချီလိတ်ဆးရုံတင်ထားရပါတယ်။ တနေ့က တစ်ယောက်ထပ်မံ ဆုံးသွားပါတယ်။ နောက် အဲဒီရွာက Epicenter နဲ့ သုံးမိုင်လောက်ပဲဝေးတော့ သူတို့ပြောတဲ့ မြေကြီးအော်သံ (တော်လဲသံ) ခဏခဏကြားရပါတယ်။ ကျွန်တော်တို့ ရောက်တုံး တစ်ခါကြားရပါတယ်။ ကြက်သီးထစရာ အသံကြီးပါ။ လူမမာ ညဉ်းသံ အကြီးစားနဲ့ တူတယ်လို့ပြောရင်ရမယ်ထင်ပါတယ်။ ခုမှ အဲလို အသံမျိုးကြားဖူးတော့ မနှိုင်းပြတတ်ပါဘူး။ ကြောက်စရာကောင်းတာတော့ တော်တော့ကို ကြက်သီးထပါတယ်။ အဲဒီအသံကြားတော့ သူတို့ မျက်စိမျက်နှာပျက်သွားကြပါတယ် ။ နောက် ပြောသေးတယ် "လာတော့မယ်တဲ့.." ။ ပြောပြီး ခဏချင်းပဲ တစ်ချက်သိမ့်ကနဲ့ လှုပ်သွားပါတယ်။ ငငလျင်အကင်းမသေသေးပါဘူး။ ကျွန်တော်တို့ကတော့ သိပေမယ့် သူတို့ကတော့ သူတို့ရွာ မြေကြီးထဲရောက်တော့မယ်လို့ ယုံကြည်နေကြပါတယ်။ အဲလို အသံက ခဏခဏကြားရတော့ သူတို့ စိတ်ခြောက်ခြားတာဖြစ်ပါတယ်။ ရွာထဲမှာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ လူကြီး နှစ်ယောက် သုံးယောက်ပဲ ရှိနေတာတွေ့ရပါတယ်။
အခြေအနေမေးကြည့်တော့. . . ရွာကလူတွေက တချို့က ဆေးရုံစောင့်၊ တချို့က တခြားရွာမှာသွားနေကြပြီး တချို့က တောင်ယာတဲ၊ တောထဲမှာ သွားနေကြတယ်လို့ ပြောပါတယ်။ ရွာထဲမှာ မနေရဲကြတော့ပါဘူး။ တကယ့် သုသန်တစပြင်လို ပါပဲ တိတ်ဆိတ်နေပါတယ်။
ကပ်ဆိုးကြီးကလည်းကြုံ ၊ ဗဟုသုလည်းနည်းပါး၊ အသိပညာလည်းမရှိတော့ သူတို့ ဆောက်တည်ရာမရ ဖြစ်နေတာကို သနားသွားပါတယ်။ ရှင်းပြပေမယ့်လည်း နားဝင်မည့်ပုံမပေါ်ပါဘူး။ အဲလိုနဲ့ မှောင်လာတာနဲ့ ကျွန်တော်တို့ ပြန်လာခဲ့ပါတယ်။ အပြန်မှာတော့ ရွံ့ဗွက်ထဲ ကျလို့ နှစ်ယောက်သား မနည်းပြန်ထပြီး ဆိုင်ကယ်ကို ဗွက်ထဲကထမ်းထုတ်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ညရှစ်နာရီကျော်နေပြီ...။
1 Comments:
ရေးပြပေးထားတာလေးတွေက စိတ်ဝင်တရားရှိဖို့ကောင်းသလိုပဲ သနားဖို့လဲ ကောင်းပါတယ် ..
Post a Comment
Subscribe to Post Comments [Atom]
<< Home