Saturday, March 26, 2011

earthquake Tarlay & MongLin Video Clips

မနေ့က ထပ်သွားပါတယ်။ ထိုင်းက ရေသန့်သူဌေးတစ်ယောက် ဆေးဝါး၊ စားစရာနဲ့ရေသန့်ဗူးတွေ သွားလှူချင်တယ်ဆိုလို့ လိုက်ပို့တာပါ။ စိတ်မကောင်းစရာ သနားဝမ်းနည်းစရာတွေပဲ မြင်တွေ့ခဲ့ရပါတယ်။
လက်လှမ်းမှီသလောက်ရိုတ်လာခဲ့တာပါ။ အခုသူတို့ လိုအပ်တာက ရေပါပဲ။ အဲဒီဒေသက ရေတွင်းတွေ၊ စမ်းချောင်းတွေ အာလုံး နောက်သွားတဲ့အတွက် သောက်ရေ၊ သုံးရေ ခက်ခဲသွား ပါတယ်။ တောင်ပေါ်စမ်းရေသွယ်ထားတဲ့ပိုက်တွေလည်း ပြတ်တောက်သွားတဲ့အတွက်လည်း  ပါပါတယ်။ ရေတွင်းတစ်ချို့က ရေတွေက အမဲရောင်ဖြစ်နေပါတယ်။ အချို့တွင်းတွေက ဆီတွေ ဝေ့ပါတယ်။
သူတို့ အဓိကထားတောင်းတာကတော့ ရေပါပဲ။ 
နောက်လိုတာက မိုးကာ(သို့) ရွက်ဖျင်တဲပါပဲ။
သူတို့ပြောကြပါတယ်။ 
"တောင်းရတာ အရမ်းအားနာပါတယ်...တဲ့။ ဘယ်လိုမှ မတတ်နိုင်လို့ သူများဝေတာ ယူရပါတယ်...။" 
 လို့ပြောကြပါတယ်။ ပစ္စည်းတွေ သွားဝေတော့ ရပီးတဲ့လူက ရပြီးပီ လို့ပြောပါတယ်။ တော်တော်များများ တန်းစီပြီးရပ်စောင့်ကြပါတယ် ။ လုယက်ယူတာမျိုးတော့ မရှိပါဘူး။
ဒါပေမယ့် တချို့က ကားပေါ်ကနေ ကျဲချတာတော့ရှိပါတယ်။ မြင်ရတာ စိတ်မချမ်းသာပါဘူး။ အမှန်က ကိုယ်က သွားလှူတာဖြစ်တဲ့အတွက် အလှူခံပုဂ္ဂိုလ်ကို ရိုသေလေးစားစွာလှူမှ ကိုယ်ဒါန အကျိုးများပါတယ်။ ပစ်ပေးတော့ ဒါနမြောက်တော့ မြောက်ပါတယ်။ ဒါပေမယ့် အကျိုးမှာတော့ သူများပစ်ပေးမှ ကိုယ်လည်းရတတ်ပါတယ်။ ဒါကြောင့် ရိုသေ လေးစာစွာ ပေးပါ။ ဖြစ်နိုင်ရင် ကားပေါ်ကဆင်းပြီး ဖိနပ်ချွတ်ပီး လက်နှစ်ဖက်နဲ့ကိုင်ပြီး ပေးပါ။ စိတ်ထဲမှာလည်း ၀မ်းသားကြည်နူးနေပါ။ ကြက်သီးထအောင် ၀မ်းသာပီတိဖြစ်ပီဆို ပိုကောင်းပါတယ်။  ဒါဆို သေချာပီ ဒီအလှူ (၇)ရက်၊ (၇)လ၊ (၇)နှစ်အတွင်း အကျိုးပေးတော့မယ်။
 ကယ်ဆယ်ရေးစခန်းတွေကို ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့လို ကွင်းပြင်တွေမှာ မိုးကာတဲထိုးပီး ဖွင့်ထားပါတယ်။ တပ်မတော်သားတွေ၊ ကြက်ခြေနီတွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဆောက်လုပ်ရေးတွေ၊ ရဲတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊  Volunteer အဖွဲ့တွေ စသည်ဖြင့် အဖွဲ့လိုက် အလှည့်ကျ ကူညီပေးနေကြပါတယ်။

 ဒီဒဏ်ရာတွေလောက်ကို ဆေးရုံဆေးခန်းမပြကြတော့ပါဘူး။
အတင်းလှုယက် တာတော့ လုံးဝ မရှိပါဘူး။ ရပြီးတဲ့သူက ပြန်သွားပါတယ်။
 မိုင်းလင်းက ပြိုကျတဲ့အိမ်တစ်အိမ်ပါ။ အဲဒီ အိမ်ကလူတွေတော့ သေတာမရှိဘူးလို့ပြောပါတယ်။ အနည်းငယ်လောက်ပဲ ဒဏ်ရာရပါတယ်တဲ့။
 အဲဒီလို ရွက်ဖျင်တဲတွေ အများကြီးလိုအပ်နေပါသေးတယ်။ အခုဆို မိုးတွေရွာနေပါပီ။

 တာလေတံတားကတော့ အပေါ်မှာ သံဗေလီတံထားတစ်ခု ထပ်ဆင်နေပါပြီ။ အဲဒါမှ ယာဉ်ကြီးတွေ သွားလို့ရမှာပါ။
 သူတို့ပြောပါတယ်။ "အခုလိုတောင်းယူရတာ .. အရမ်းအားနာပါတယ်တဲ့...။"
 လောလောဆယ်တော့ ဖြစ်သလိုပဲ နေကြပါရတယ်။

လှူဒါန်းလိုသူများ soelintck@gmail ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

မနေ့ညက 3း00 နာရီကျော်လောက်ထင်ပါတယ်။ နည်းနည်းလှုပ်ပါတယ်။ ဒီနေ့ (27.3.11) နံက် 07း05 နာရီလောက်က မိုးခြိမ်းသံလို မြည်ပြီး ခပ်ပြင်းပြင်းတစ်ချက် ထပ်လှုပ်သွားပါတယ်။ အိမ်ပေါ်နေသူများ အောက်ကိုဆင်းပြေးကြရပါတယ်။ ဟိုမှာတော့ ဘယ်လောက်လှုပ်လဲ မသိရသေးပါ။ ပြိုခါနီး အဆောက်အဦးများ ထပ်ပြိုနိုင်ပါတယ်။

2 Comments:

At March 27, 2011 at 7:34 AM , Blogger နိုင်းနိုင်းစနေ said...

ကူနိုင်တဲ့လူတွေက ကူကြပြီ... လှူနိုင်တဲ့လူတွေက လှူကြပြီ...

ကျေးဇူးတင်ပါတယ် စိုင်း..
ရှယ်ယာလုပ်ဖို့ ဘလော့မှာရှယ်ယာခလုတ်တွေ ထည့်လိုက်ရင် ကောင်းမယ်

 
At March 27, 2011 at 8:55 PM , Blogger အတ္တ said...

ဟုတ်... လုပ်ကြည့်လိုက်မယ်

 

Post a Comment

Subscribe to Post Comments [Atom]

<< Home