Tuesday, June 28, 2011

သစ်ကျုတ်ဥပုသ်

     တစ်ခါက သစ်ကျုတ်အိုတစ်ကောင် တောထဲ အစာရှာရင်း လိုက်ဖမ်းရင်းနဲ့ ဘာကောင်မှ ဖမ်းလို့မမိဘူးဖြစ်နေတယ်။(သစ်ကျုတ်ဆိုတာ ကျားသစ်ထက်ငယ်တယ်၊ ကြောင်ထက်လည်းကြီးတယ်။ သစ်ပင်တွေပေါ်မှာနေတာများတယ်။) သူက အိုလည်းအိုပီဆိုတော့ အရင်လို လျင်မြန်သွက်လက်စွာ သားကောင်တွေ ကိုမဖမ်းနိုင်တော့ဘူးပေါ့။ ဟိုအကောင်လိုက်လဲမမှီ၊ ဒီအကောင်လိုက်လဲ မမိ ဖြစ်နေတော့ မောမောနဲ့ လျှာထွက်ပြီး သစ်ပင်ရိပ်မှာနားနေတယ်တဲ့။ 
    အဲလိုနားနေရင်း စိတ်ကူးတစ်ခုရတယ်တဲ့။ အင်း.. ဘာကောင်မှ မဖမ်းမိတဲ့တူတူ ဥပုသ်စောင့်ရင် ကောင်းမယ်ဆိုပြီး သူက ဥပုသ် ဆောက်တည်လိုက်တယ်တဲ့။ ဒါကို အဲဒီသစ်ပင်မှာရှိတဲ့ ဘုရားအလောင်းရုက္ခစိုးက မြင်တော့ အင်း.. ဒီအကောင် သီလ မြဲ မမြဲ စမ်းဦးမှလို့ အတွေးပေါ်ပြီး ... သစ်ပင်နဲ့ မလှမ်းမကမ်း မြက်ခင်းမှာ ခြေကျိုးနေတဲ့ သမင်ငယ်ကလေးဟန်ဆောင်ပြီး ထော့နဲ့ ထော့နဲ့ နဲ့မြက်စားနေတယ်တဲ့။
          အဲဒီလို သမင်ကလေး မြက်စားနေတာကို သစ်ပင်ရိပ်မှာ ဗိုက်ဆာဆာနဲ့ခွေနေတဲ့ သစ်ကျုတ်က သိသွားတယ်တဲ့။ သူကဗိုက်ကလည်းဆာနေ၊ နောက် သူတွေ့နေရတဲ့ သမင်ကလေးကလည်း ခြေကျိုးလို့ ထော့နဲ့ ထော့နဲ့ ဆိုတော့ အင်းငါလိုက်ဖမ်းရင် တော့ ရလောက်တယ် ၊ ဥပုသ်က ဘယ်တော့စောင့်စောင့်ရပါတယ်လေ..။ လောလောဆယ် အစာမစားရလို့ရှိရင် ငါသေသွားနိုင်တယ်။ ဒီတော့ ဥပုသ်ကိုနောက်မှပဲ စောင့်တော့မယ် လောလောဆယ်တော့ ဒီသမင်လေးကို ဖမ်းစားလိုက်ဦးမှ လို့ တွေးပြီး... သမင်ကလေးကို လိုက်ဖမ်းရောတဲ့။ သမင်က တကယ့်သမင်မဟုတ်တော့ ဖမ်းလို့မမီဘူး၊ လိုက်ရင်းလိုက်ရင်းနဲ့ အတော်မောပြီး လျှာထွက်ပြီး ကျန်ခဲ့တယ်။ သမင်ကတော့ ပျောက်သွားရော။ 
        ဒီတော့ သစ်ကျုတ်က ကိုယ့်ကိုယ်ကို အားပေးတယ်တဲ့.. 
"အင်း တော်သေးတာပေါ့... သမင်မမိလို့၊ နို့မို့ဆိုရင် ဥပုသ်ကျိုးတော့မလို့"

ကျွန်တော်တို့ တစ်တွေလည်း သီလတော့ စောင့်ကြပါတယ်။ အကျိုးပေးတွေနည်းကြရတာကတော့ သစ်ကျုတ်ဥပုသ်လိုဖြစ်နေလို့ပါ။ အခြေအနေပေးမှ အားလပ်မှ အလုပ်မရှိမှ နားရက်မှ အလုပ်ပိတ်ရက်မှသာ ဥပုသ်စောင့်ကြပါတယ်။ ဒါတောင် ဘုန်းကြီးကျောင်းသွားမဲ့ မနက်စောစော မြိုးမြိုးမြက်မြက်ကလေး ရမယ့် ခွင်ကလေးပေါ်လာရင် အဲဒီအလုပ်နောက်ပါသွားတတ်ပါသေးတယ်။ အဲ ခွင်မတည့်ရင်တော့ ဘုန်းကြီးကျောင်းပြန်သွားတာပေါ့။ ဒီတော့ ဒီလိုဥပုသ်အကျိုးမပေးတာ သီလက အစွမ်းမထက်လို့ မဟုတ်ပါဘူး။ ဆောက်တည်သူကိုယ်က စေတနာညံ့ဖျင်းလို့ပါ။ စေတနာအားကြီးမှ အကျိုးပေးလည်းသန်ပါတယ်။ ကောင်းတဲ့စေတနာအားကြီးရင် ကောင်းကျိုးပေးတာသန်မယ်။ မကောင်းတဲ့ စေတနာအားကြီးရင် မကောင်းကျိုးပေးတာများမယ်။ ကိုယ့်စေတနာ ပေါ်မူတည်ပြီး အကျိုးပေးတွေဖြစ်မှာပါ။
      "သီလက မပေးနိုင်တာ ဘာမှမရှိ၊ သီလလုံရင် လိုချင်တာအကုန်ရနိုင်တယ်" လို့ မုံလယ်ဆရာတော်ကြီးက မိန့်သွားခဲ့ပါတယ်။ သီလဆိုတာ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် သူ့ကို အထူးပြု ဆောက်တည်ရမှာဖြစ်ပါတယ်။ သီလလုံမှ သမာဓိအ၇မြန်မယ်၊ မြဲမယ်၊ သမာဓိကောင်းမှ ရုပ်နာမ်ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်ကို ရှင်းရှင်းမြင်မယ်။ သီလ၊ သမာဓိ၊ ပညာ ဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့်သွားရမှာဖြစ်ပါတယ်။ အဆင့်ကျော်လို့မရသလို တစ်ဆင့်မှာ အခြေမခိုင်ရင် နောက်တစ်ဆင့် တက်လို့ မရပါဘူး။ 
      ဒါကြောင့် အခြေခံဖြစ်တဲ့ သီလကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ၊ အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ လုံခြုံအောင်ဆောက်တည်ကြပါလို့...

1 Comments:

At June 29, 2011 at 12:17 AM , Blogger mstint said...

ကောင်းလိုက်တဲ့ ဥပမာလေး 'သစ်ကျုတ်ဥပုသ်' ဖတ်သွားပါပြီကွယ်။ ဒါကြောင့်ရှေးလူကြီးများက သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် ချီနှောင်ထားရမယ်လို့ ပြောကြတာပေါ့နော်။

မေတ္တာဖြင့်
အန်တီတင့်

 

Post a Comment

Subscribe to Post Comments [Atom]

<< Home