Saturday, April 23, 2011

အလှူနဲ့ပါတ်သက်လို့...

ပြည်တွင်းပြည်ပက စေတနာရှင်များရဲ့ စုပေါင်းအလှူငွေကို ငွေသားပဲ လှူဖြစ်ခဲ့တာနဲ့ပါတ်သက်လို့ ကျွန်တော် နည်းနည်းပြောပြချင်ပါတယ်..။  တချို့က ငွေသားပဲကောင်းတယ်၊ တချို့ပစ္စည်း ၊ တချို့ကအဆောက်အဦ စသဖြင့် အမျိုးမျိုးအကြံပေးကြတယ်.. ။ ကျွန်တော်ကတော့ အဆောက်အဦဖြစ်ဖြစ်၊ ရေအတွက်ဖြစ်ဖြစ်လုပ်ပေးချင်ခဲ့တာ..။ ဒါမှမဟုတ် အများနဲ့ဆိုင်တဲ့ ဟာ တစ်ခုခု ကြီးကြီးမားမားပေါ့ဗျာ..။ ကျွန်တော်တို့ ကောက်ခံရရှိတဲ့ ငွေပမာဏက စာသင်ကျောင်းတစ်ကျောင်း အဆောင်ငယ်တစ်ခုတော့ ကောင်းကောင်းလုံလောက်ပါတယ်။ နောက် ရေသွယ်ပေးမယ်ဆိုရင်လည်း ရေပိုက်တွေ သွယ်တန်းခတွေအတွက် လုံလောက်တဲ့ ပမာဏပါပဲ။ ကျွန်တော်ရောက်သွားတော့ ကျောင်းဆောက်ဖို့ အုတ်နဲ့ သံချောင်းတွေတောင်ရောက်နေပီ၊ ရေကလည်း သူတို့ ယာယီတဲ အထိ ရေပိုက်တွေရောက်နေပီ။
နောက် ရွာလူကြီးနဲ့ တွေ့တော့ စကားပြန်ကတဆင့် ရှင်းပြတယ်။ စောင်၊ ခြည်ထောင်၊ ဒန်အိုး၊ ဆန်၊ ဆီ၊ စသဖြင့် ဘာလိုအပ်လဲလို့ မေးတော့ ... လိုတာတော့ လိုတာပါပဲတဲ့။ ဒါပေမယ့် ငွေက အဓိကလိုပါတယ်လို့ ပြန်ပြောတယ်။ လောလောဆယ် နေဖို့ အိမ်ဆောက်ဖို့ ငွေလိုတယ်လို့ပြောပါတယ်။ အခု သူတို့အတွက် မြေရှင်းထားတဲ့ ရွာအတွက်နေရာမှာ အိမ်တွေ ဆောက်ပေးမယ်လို့ လူကြီးတွေက ပြောထားပါတယ်တဲ့။ ဆောက်ပီးတဲ့ အခါ အလွယ်တက်နေရုံပါပဲတဲ့။ 

ဒါပေမယ့် လောလောဆယ် နေဖို့က ပြဿနာပါ။ အိမ်တွေဆောက်ဖို့က အချိန်ဘယ်လောက်ကြာမယ် ဆိုတာ မပြောနိုင်ပါဘူး။ အခုမိုးက တဖြိုက်နှစ်ဖြိုက်နဲ့ လိုက်လာနေပါပီ။ ယာယီတဲတွေက နေလုံပေမယ့် မိုးမလုံပါဘူး။ တောင်ပေါ်မှာ မိုးစွေရင် လေးငါးရက်နဲ့ မပြတ်ပါဘူး။ ဒါကြောင့် သူတို့ သက်ကယ်တဲတွေ မဖြစ်မနေဆောက်ရမှာပါ။ တစ်ရွာလုံး တစ်ပြိုင်နက်ဆောက်ကြမှာဖြစ်တဲ့အတွက် တောထဲက သက်ကယ်၊ ၀ါး၊ တိုင် တွေရဖို့ အခက်အခဲရှိပါတယ်၊ ဒါတွေကို နီးစပ်တဲ့ရွာတွေမှာ ၀ယ်မှရပါမယ်။ အဓိကကတော့ သက်ကယ်နဲ့ ၀ါးပါပဲ။ သူတို့ဆီမှာ ငွေမရှိတော့ အဲဒါတွေဝယ်ဖို့ အခက်အခဲရှိပါတယ်။ ဒါပေမယ့် တဲအတွက်ကတော့ မဖြစ်မနေဆောင်ရွက်ကြရမှာပါပဲ။ ကိုယ့်မိသားစု လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေအားလုံး တောထဲသွား သက်ကယ်ရိတ်၊ ၀ါးခုတ်၊ သစ်ခုတ်၊ သယ်ယူတာတွေ လုပ်ကြရပါတယ်။ တစ်ရွာလုံး ၀င်ရိတ်၊ ၀င်ခုတ်တာဖြစ်လို့ အရင်လို အနီးအပါးက တောမှာ မရတော့ပါဘူး၊ ပိုဝေးတဲ့တောကို သွားကြရပါတယ်။ တဲတစ်လုံးပြီးဖို့ အရင် 2 ရက်ကြာရင် အခု 15 ရက်လောက်ကြာပါတယ်။ အရင်က တဲတစ်လုံးကို ရွာမှာ အားတဲ့သူတွေက ၀ိုင်းကူညီဆောက်တဲ့အတွက် တစ်ရက်နှစ်ရက်ဆိုပြီးပါပီ၊ အခုက တောင်မင်း မြောက်မင်းမကယ်နိုင်ဆိုသလို အားလုံးပြောင်းကြ၊ ရွေ့ကြ၊ အသစ်ဆောက်ကြဆိုတော့ ....။
ဒါကြောင့် ငွေပဲလိုချင်ပါတယ်တဲ့။ သူတို့လိုတဲ့ သက်ကယ်တို့ ၀ါးတို့ဝယ်လှူမယ်ဆိုရင်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၀ယ်တာနဲ့ သူတို့ဝယ်တာ ဈေးချင်းမတူပါဘူး။ သူတို့ဝယ်တာ ဈေးချိုပါတယ်။ 
နောက် သွပ် လှူမယ် ယူမလားလို့ မေးပါသေးတယ်. ..။ လိုတော့ လိုချင်တယ် မတတ်နိုင်ဘူးလို့ပြန်ပြောပါတယ်။ ဘာလို့လဲဆိုတော့ သွပ်မိုးမယ်ဆိုရင်.. အိမ်ကို သစ်နဲ့ပဲ အားလုံးဆောက်ရမယ်တဲ့။ သွပ်မိုးဖို့ အချဉ်၊ ထုတ်၊ ယောက်၊ ဒိုင်း၊ မြားတွေက သစ်ဖြစ်မှ သွပ်မိုးလို့ရမယ်။ သွပ်ရှိပေမယ့် အဲဒါတွေ လောလောဆယ်မ၀ယ်နိုင်သေးလို့ သူတို့အတွက် အဆင်မပြေဘူးလို့ပြောပါတယ်။
နောက်တစ်ခုက ရေအားလျှပ်စစ်လုပ်ပြီး လှူမလို့ စဉ်းစားပီး တိုင်းကြည့်ခဲ့သေးတယ်။ အခု ရွာဟောင်းမှာဆို အဆင်ပြေနိုင်ပါတယ်။ ချောင်းနဲ့ ရွာက ကပ်နေတော့ ဗို့အားကျတာမရှိပဲ မီးအားပြည့်ပြည့်နဲ့ သုံးလို့ရနိုင်ပါတယ်။ အခုရွာသစ်ကျတော့ ချောင်းနဲ့ ရွာက 2.5 ကီလိုမီတာကျော်ကျော်ဝေးတဲ့အတွက် အဆင်မပြေပါဘူး။ High Tension line သွယ်တန်းမှ အဆင်ပြေပါမယ်။ အဲဒီလောက်ထိ ငွေပမာဏ မလုံလောက်လို့ လက်လျှော့ခဲ့ပါတယ်။

နောက်ထပ် ငွေလှူဖို့ အကြောင်းပေါ်လာတာက သူတို့ ထဲက တချို့ ဆေးရုံက မဆင်းသေးပါဘူး၊ အဲဒီအတွက် ဆေးရုံမှာ သုံးဖို့ ငွေလိုပါတယ်။
အဲဒီလို အကြောင်းကြောင်းတွေကြောင့် ငွေပဲလှူဖြစ်ခဲ့ပါတယ်။ ဘတ်(1700) ဆိုတဲ့ ငွေဟာ မများပေမယ့် တဲတစ်လုံးအတွက် သက်ကယ်တော့ ၀ယ်လောက်ပါတယ်။ ဆန်ဆိုရင်လည်း တစ်အိတ်ခွဲတော့ဝယ်လို့ရတာပါပဲ။
ဒါကြောင့်..မိသားစု အားလုံးရအောင်ဆိုပီး မနက်ကတည်းက သွားပီး တစ်နေကုန်စောင့်ပီး မိသားစုတိုင်းကို ပေးလှူခဲ့ပါတယ်။ အားလုံး ပျော်ကြပါတယ်။ သူတို့ ရပြီး ပျော်သွားတာကိုကြည့်ပီး ကျွန်တော် လည်း တော်တော်ပျော်ခဲ့ပါတယ်။
ဒါကြောင့် စေတနာရှင်အားလုံး ၀မ်းမြောက်ဝမ်းသာနဲ့ပဲ သာဓုခေါ်ကြပါ...လို့...။
အားလုံးကို ကျေးဇူးတင်လျှက်.....

1 Comments:

At April 24, 2011 at 1:26 AM , Anonymous ဝက်ဝံလေး said...

သာဓု သာဓု သာဓု

 

Post a Comment

Subscribe to Post Comments [Atom]

<< Home