Monday, October 24, 2011

အနာထပိဏ်သူဌေးကြီးအကြောင်း

          အနာထပိဏ်သူဌေးကြီးသည် သာဝတ္ထိပြည်က သုမနသူဌေးကြီးရဲ့သားဖြစ်ပါတယ်။ ငယ်နာမည်မှာ သုဒတ္တဟု ခေါ်ပါတယ်။ ဒါပေမယ့် ငယ်စဉ်ကပင် အားကိုးရာမဲ့ ဆင်းရဲနွမ်းပါးသူတို့အား လွန်စွာပေးကမ်းစွန့်ကျဲတတ်သောကြောင့် "အနာထပိဏ်သူဌေး" ဆိုတဲ့ အမည်နာမသာ တွင်ခဲ့ပါတယ်။အနာထပိဏ်သူဌေးကြီးဟာ ရာဇဂြိုဟ်သူဌေးကြီးနဲ့ မောင်လှယ် နှမလှယ်တော်စပ်ကြပါတယ်။ မောင်လှယ် နှမလှယ်ဆိုတာကတော့ အနာထပိဏ်သူဌေးက ရာဇဂြိုဟ်သူဌေးရဲ့ နှမကိုယူထားတယ်။ ရာဇဂြိုဟ်သူဌေးကလည်း အနာထပိဏ်သူဌေးရဲ့ နှမကို ယူထားတယ်။ ဒါကို မောင်လှယ် နှမလှယ်လို့ ဆိုပါတယ်။ အနာထပိဏ်သူဌေးကလည်း သူ့မြို့မှာရှိတဲ့ ကုန်တွေကို ရာဇဂြိုလ်သူဌေးထံ ယူလာပြီးရောင်းချတယ်။ ရာဇဂြိုဟ်သူဌေးကလည်း သူ့မှာရှိတဲ့ကုန်ပစ္စည်းတွေကို အနာထပိဏ်သူဌေးရဲ့ သာဝတ္ထိမြို့မှာယူလာပြီးရောင်းချတယ်။
       တနေ့တော့ အနာထပိဏ်သူဌေးဟာ ကုန်တွေကိုယူပြီး ရာဇဂြိုဟ်မှာရောင်းဖို့လာတယ်။ ခါတိုင်း အနာထပိဏ်သူဌေးလာတယ်ဆိုရင် ရာဇဂြိုဟ်သူဌေးက ထွက်ပြီးကြိုနေကျ၊ ဒီနေ့ကျတော့မှ ထွက်မကြိုပဲ သူ့အိမ်မှာရှိတဲ့သူတွေကို " ထမင်းတွေချက်ကြဟဲ့၊ ဟင်းတွေချက်ကြဟဲ့ "  နဲ့ ခိုင်းစေနေတာကို အနာထပိဏ်သူဌေးက အိမ်ရှေ့ကနေကြားရတယ်။ ကြားရတော့ "ဒီသူဌေးဟာ ခါတိုင်း ငါလာတယ်ဆိုရင် ထွက်ပြီးကြိုနေကျ ဒီနေ့ ထွက်မကြိုပါလား၊ ဧကန္တ ဒီသူဌေးမှာ အာဝါဟ ၀ိဝါဟ မင်္ဂလာများရှိနေလို့လား၊  ဒါမှမဟုတ် ဗိမ္ဗိသာရမင်းကြီးနဲ့စစ်သည်တော်တွေကိုများ ထမင်းဖိတ်ကျွေးမလို့လား" နဲ့ တွေးပြီး အိမ်ထဲဝင်သွားပါတယ်။
        ဒီတော့မှ ရာဇဂြိုဟ်သူဌေးကလဲ ထွက်ပြီး ခရီးဦးကြိုဆိုမှုပြုနိုင်တယ်။ အနာထပိဏ်သူဌေးကလည်း ခုနက သူ့စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်တယ်။ ဒီတော့ ရာဇဂြိုဟ်သူဌေးက မဟုတ်တဲ့အကြောင်း၊ ဗုဒ္ဓမြတ်စွာအမှူးရှိသော သံဃာတော်တွေကို ဆွမ်းကပ်မည့်အကြောင်းပြောပြလိုက်တော့ အနာထပိဏ်သူဌေးဟာ မေ့သွားတယ်။
နောက်သတိပြန်ရပြီး "နေစမ်းပါဦး သူဌေးကြီး၊ ခုနက သင်ဘာပြောလိုက်တာလဲ" လို့ ထပ်မေးတဲ့အခါ ရာဇဂြိုဟ်သူဌေးကလည်း "ဗုဒ္ဓ" လို့ပြောလိုက်ပါတယ်။ တစ်ခါ ထပ်မေ့သွားပြန်တယ်။ သုံးကြိမ်သုံးခါတိုင်အောင် မေ့သွားပြီးတော့မှ ပြန်သတိရတဲ့အချိန်မှာ-
"အဲဒီ ဗုဒ္ဓထံ ကျုပ်သွားချင်ပါတယ်။"
လို့ ပြောတော့ -
"အခုတော့ အချိန်မဟုတ်သေးဘူး၊ မနက်ဖြန်ဆိုရင် ဗုဒ္ဓမြတ်စွာ ကြွလာပါလိမ့်မယ်။၊ အဲဒီကျမှ ဖူးမြော်ပါ " လို့ပြောလိုက်တယ်။
       အနာထပိဏ်သူဌေးကြီးဟာ ဘုရားဆိုတဲ့ အသံကိုကြားတဲ့အချိန်ကစပြီး (အာရမ္မဏပစ္စည်း) အဲဒီ အာရုံနဲ့နေလိုက်တာ တစ်ညလုံးပဲ၊ ဒီလိုဘုရားအာရုံ ကြပ်ကြပ်ထုံလာတော့(အာသေ၀နပစ္စည်း) ခန္ဓာကိုယ်က အရောင်အ၀ါတွေ ထွက်လာတယ်။ ပထမညဥ့်ဦးယံမှာ ခန္ဓာကိုယ်က အရောင်အ၀ါတွေထွက်လာတော့ မိုးလင်းပြီးအထင်နဲ့ ထလိုက်တာ အပြင်ဘက်ထွက်ကြည့်တော့မှ စောနေသေးမှန်းသိလို့ အခန်းထဲ ပြန်အိပ်ပြန်တယ်။ နောက် အရုဏ်မတက်ခင် တစ်ခါနိုးလို့ကြည့်လိုက်တော့ အလင်းရောင်တွေက ထွက်နေပြန်တယ်။ ဒီတစ်ခါကျတော့ မိုးလင်းပြီးဆိုပြီး ထသွားတယ်။
        ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီး တဖြည်းဖြည်းနဲ့သွားလိုက်တာ မြို့တံခါးရောက်သွားတယ်၊ မြို့တံခါးစောင့်နတ်တွေကလည်း တံခါးတွေဖွင့်ပေးကြတယ်။ မြို့ပြင်ရောက်တော့ သူသေအလောင်းတွေကို တက်နင်းမိတယ်။ (ရှေးခေတ် အိန္ဒိယထုံးစံက အလောင်းကို မြေမမြှုပ်ပဲ မြို့ပြင်မှာပဲ ပစ်ထားလေ့ရှိတယ်။) ဒီလိုအလောင်းကိုတက်နင်းမိတော့ လန့်သွားပြီး ကိုယ်ရောင်ကိုယ်ဝါတွေလည်း ပျောက်ကုန်တယ်။ ဒီတော့ သုသာန်စောင့်နတ်က "သတံ ဟတ္ထီ သတံ အဿာ ...." အစရှိတဲ့ ဂါထာနဲ့ အားပေးပါတယ်။
      "သူဌေးကြီး ... ရှေ့ကိုသာ တိုးသွား၊ ရှေ့ကိုသာတိုးသွား၊ သင့်ရဲ့သွားခြင်းဟာ တန်ဖိုးမဖြတ်နိုင်ဘူး၊ ဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ အဿထိုရ်မြင်းတစ်သိန်း ကယှဉ်ထားတဲ့ ရထားပေါ်မှာ တန်ဆာဆင်ထားတဲ့ အမျိုးသမီးတစ်သိန်းတို့ရဲ့ တန်ဖိုးနဲ့ သင်သူဌေးကြီး ဘုရားထံသွားတဲ့ ခြေတစ်လှမ်းလောက် တန်ဖိုးမရှိပါဘူး" လို့ပြောတော့မှ သူဌေးကြီးလည်း တစ်ဖန်အားတက်ပြီး ရှေ့ကိုဆက်သွားပြန်တယ်။ ဒီပဲ သုံးကြိမ်သုံးခါတိတိဖြစ်ပြီး သွားလိုက်တာ မိုးလင်းသွားတယ်။
      ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီးဟာ ဘုရားနဲ့ မလှမ်းမကမ်းရောက်သွားတယ်။ ဒါပေမယ့် ဘုရားဆိုတိုင်း မယုံသေးတော့ သူစဉ်းစားပါတယ်။ ဘယ်လိုစဉ်စားသလဲဆိုတော့ ဧကန္တ ဘုရားဆိုရင် ငါ့ရဲ့နာမည်အရင်းဟာ သုဒတ္တ၊ ငါ့နာမည်ကို ငါ့မိဘမှတစ်ပါး ဘယ်သူမှမသိကြဘူး၊ ငါ့နာမည်အရင်ကို ဧကန်ဒိဋ္ဌသိရင်တော့ တကယ့်ဘုရားပဲလို့ တွေးပြီးသွားတယ်။
       မြတ်စွာဘုရားရှင်လည်း သိတော်မူတာနဲ့ "ဧဟိ သုဒတ္တ (သုဒတ္တ လာခဲ့၊ သုဒတ္ထ လာခဲ့) " လို့ခေါ်တော်မူတော့ သူဟာ ၀မ်းမြောက်ဝမ်းသာနဲ့ ဘုရားခြေတော်ရင်းမှာ သွားပြီး ၀တ်ချတယ်။ မြတ်စွာဘုရားတရားဟောလိုက်တော့ သောတာပန်ဖြစ်သွားတယ်။  လောကုတ္တရာရတနာကို ပိုင်ဆိုင်သွားတာပါ။ ဘယ်တော့မှ မပျောက်ပျက်တော့ပါဘူး။
        သာသနာကိုလည်း အထူးထောက်ပံ့ချီးမြောက်ပါတော့တယ်။ မြတ်စွာဘုရားကို (၅၄)ကုဋေတန်သော ဇေတ၀န်ကျောင်းတော်ကိုဆောက်လုပ် လှူဒါန်းပါတယ်။ ကျောင်းရေစက်ချပွဲကို သုံးလတိုင်တိုင် (၁၈)ကုဋေအကုန်အကျခံလှူကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် နေ့စဉ် -
၁။ စာရေးတံဆွမ်း ငါးရာ
၂။ လဆန်းလဆုပ်တို့၌ အထူးဝတ်ထား၍လှူသော ပက္ခိကဆွမ်းငါးရာ
၃။ စာရေးတံ ယာဂုဆွမ်း ငါးရာ
၎။ လဆန်းလဆုပ်တို့၌ အထူးဝတ်ထား၍လှူသော ပက္ခိကယာဂုဆွမ်းငါးရာ
၅။ ပုဂ္ဂလိက နိစ္စဘတ်ဆွမ်း ငါးရာ
၆။ အာဂန္တဆွမ်းငါးရာ
၇။ ဂမိကဆွမ်းငါးရာ
၈။ ဂိလာနဆွမ်းငါးရာ
၉။ ဂိလာနုပဋ္ဌကဆွမ်းငါးရာ
၁၀။ နေကထိုင်ငါးရာ............... စသည်တို့ဖြစ်ပါသည်။
        ထို့ကြောင့် မြတ်စွာဘုရားရှင်က လှူဒါန်းပေးကမ်းစွန့်ကြဲခြင်းအရာ၌ မွေ့လျော်ကြသည့် ငါဘုရား၏ ဥပါသကာတို့တွင် အနာထပဏ္ဍိက အမည်ရသော သုဒတ္တသည် အသာလွန်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်မိန့်ကြားတော်မူခဲ့ပါသည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home