Tuesday, September 29, 2009

ဟိုတုံးက ကျွန်တော့ဘ၀ (၂)


           အခုသတ်ခံရသော ဦးစီးမှာ ဆင်ကိုင်မဆိုးလှသော်လည်း အသောက်အစား  အနည်းငယ်ရှိကြောင်း၊ အနည်းငယ်မူးနေသည်ဟု သတင်းရကြောင်း၊ ထို့ထက်ပိုဆိုးသည်က မိန်းမ ကိစ္စအရှုပ်အရှင်း ရှိသည်ဟု သိုးသိုးသဲ့သဲ့ကြားရကြောင်း၊ ဆင်ဦးစီးဆိုတာ အိမ်ထောင်အပေါ်မှာ သစ္စာရှိဖို့ အင်မတန်အရေးကြီးကြောင်း မိန်းမက ဖောက်ပြန်လျှင်လည်းမိမိမှာ အန္တရာယ်မကင်းကြောင်း ၊နောက်နောင် ဦးစီးများ သတိပြု ဆင်ခြင်ကြဖို့လိုကြောင်း အဖွင့်မှာတော့ ယဉ်သကိုဖြစ်သွားပါသည်။ ဆင်းဖမ်းမည့်ကိစ္စတွင်တော့ ခေါင်ဆင်(ဆင်ဝိုင်း၏ခေါင်းဆောင်ဆင်) နှစ်ကောင်နှင့် ဆင်မ သန်သန်မြန်မြန်နှစ်ကောင် ခေါ်သွားမည်`ဟုပြောပါသည်။ ထိုအခါ ဦးစွာ ခေါင်ဆင်ကို ရွေးကြပါသည်။ စကားချပ်။ ။ခေါင်ဆင်ဆိုသည်မှာဆင်ဝိုင်းတွင် အင်အားအတောင့်တင်းဆုံး၊ လုပ်ငန်းမခိုမကပ် တော်သော ၊ ချောက်ကမ်းပါး၊ တောင်စောင်းများတွင်မကြောက်မရွံ့ ဦးစီးခိုင်းသည့်နေရာသို့ ရဲရဲဝံ့ဝံ့ သွားလာလုပ်ကိုင်ဝံ့သော စွယ်စုံဆင်ပေါက်ကြီးများဖြစ်သည်။ တချို့ဝိုင်းတွင်တယ်ဆင် (အစွယ်တစ်ဖက်တည်းရှိဆင်) ကိုလည်း ခေါင်ဆင်ထားသည်ကို တွေ့ဘူးသည်။
မုန်းနယ်တွင် ဆင်ဝိုင်းဆယ်နှစ်ဝိုင်းရှိရာ တစ်ဝိုင်းလျှင် ၆ ကောင်နှုံးဖြင့်ဆင်ကောင်ရေ ၇၂ကောင် ရှိသည်။ ဆင်အိုရုံနှင့် စီးဆင်ပါပေါင်းလျှင် ၈၉ ကောင်ရှိသည်။ ဆင်အိုရုံဆိုသည်မှာ အသက် ၆၀ကျော် ဆင်အိုများ၊ မမာမကျန်း၊ နာတာရှည်ရောဂါဆင်များ၊ ကလေးမွေးစဆင်မများနှင့် လုပ်ငန်းခွင် ဒဏ်ရာရသောဆင်များကို ဆေးကုရန်၊ အနားပေးရန်ထားသော ဆင်ဝိုင်းဖြစ်သည်။ စီးဆင်ဆိုသည်မှာ  အသက် ၅နှစ်အရွယ်ထိရှိ ဆင်ပေါက်များကို ရိက္ခာသယ်ရန်နှင့် ဆင်ပေါက်ကလေးများအား လေ့ကျင့်ရန် ဖွဲ့စည်းထားသော ဆင်ဝိုင်းဖြစ်သည်။
ထို အလုပ်ဆင်ဝိုင်းမှ ခေါင်ဆင်များထဲမှ မုန်ယိုပြီးလူသတ်ထွက်ပြေးနေသော မြင့်ဌေးနှင့် ယှဉ်နိုင်သော ဆင်ပေါက်ကြီးနှစ်ကောင်ကိုရွေးချယ်ကြခြင်းဖြစ်ပါသည်။ တဖြေးဖြေးနှင့်ရွေးကြရာ  စကာတင်အဖြစ် ကျွန်တော်တို့ဝိုင်းမှ ခေါင်ဆင် စံလွန်း၊ ကိုညိုခင်ဝိုင်းမှ မြသိန်းခိုင် ကိုရွေးကြပါသည်။ ဆင်မထဲမှ ဦးချင်းအိုဝိုင်းမှ ဘော်ဘင်နှင့် ကိုတေးမောင်ဝိုင်းမှ မြင့်ကျွန်းမယ်ကိုရွေးကြပါသည်။ ထိုသို့ ရွေးရာတွင် ဆင်ပေါက်နှစ်ကောင်နှင့် ဆင်မ ဘော်ဘင်ကို ငြင်းစရာ မရှိသော်လည်း  မြင့်ကျွန်းမယ်ကိုရွေးကြသည်ကို ကျွန်တော်သဘောမပေါက်ချေ။ မြင့်ကျွန်းမယ်ဆိုသည့် ဆင်မသည် လေးလေးမှန်မှန် အမျိုးအစားထဲကဖြစ်သည်။ သွက်သွက်လက်လက်မရှိ၊ ခန္ဓာကိုယ်ကျတော့တောင့်တင်းတင်းမရှိ ထိုဆင်မနှင့် သွားမြှူဖမ်းလျှင် ဦးစီးရောဆင်မပါ အန္တရာယ်ကြီးလှပေသည်။ ထိုကြောင့် ကျွန်တော်တို့ဆင်ခေါင်းကြီးအားလက်ကုပ်၍ အသာမေးကြည့်ရာ သူလည်းမသိကြောင်း ဆင်အုပ်ကြီးနဲ့ ဆင်ခေါင်းကြီး ဦးချင်းအိုရွေးတာဖြစ်လို့ သူလည်း မပြောတတ်ကြောင်းသာ တိုးတိုးပြန်ဖြေပါသည်။ကျွန်တော်အမြင်တွင် ထိုဆင်မကို ရွေးတာအကြောင်းတော့ရှိမည် ဘာအကြောင်းလည်းသိလိုလှ၍ ဆင်အုပ်ကြီးဖိုးစိုတင့်အားကျွန်တော် မေးကြည့်ပါသည်။
ထိုအခါမှ ဆင်အုပ်ကြီးက ပြုံးပြုံးရယ်ရယ်နဲ့  အေးကွ...၊ မသိမေး မစင်ရင်ဆေးကွ၊ အဲလို မသိရင် ရှင်းရှင်းမေးတာကောင်းတယ်၊ သိသလိုလိုနဲ့ ကြောက်ပီး မမေးတာတော့ မကောင်းဘူးကွ၊ ဒီဆင်မကို ငါရွေးတာမဟုတ်ဘူးကွ၊ မင်းတို့ဖိုးချင်းအို ရွေးတာ၊ ရွေးရတာကတော့ အရင် မြင့်ဌေးစီးဆင်တုံးက သူကအဲဒီဝိုင်းမှာ ဆင်ခေါင်းလုပ်ဖူးတယ်။ ဒါကြောင့် သူကငါ့ထက်ပိုပီး သိတယ်။ အခုရွေးတဲ့ ဆင်မမြင့်ကျွန်းမယ်နဲ့ မြင့်ဌေးက တွဲဆင်တွေတဲ့။ အလုပ်ဝိုင်းရောက်တော့မှတနယ်စီးဝေးသွားလို့ ကွဲသွားတာလို့ပြောတယ်။ ဒါကြောင့် ငါလည်း သဘောတူလိုက်တယ်။ (တွဲဆင်ဆိုသည်မှာတစ်ကောင်နှင့်တစ်ကောင် အတူစား၊ အတူသွား၊ အတူလာ အမြဲတန်း တူတူနေကြသော ဆင်ကိုဆိုလိုပါသည်။ ဆင်ထီးနှင့်ဆင်မတွဲသည်ရှိသလို ဆင်မအချင်းချင်းတွဲသည်လည်းရှိသည်။ )
            လူတို့၏ ဉာဏ်နီဉာဏ်နက်ကား စပေါ်လာပါတော့သည်။ အဆိုပါ ဆင်မ မြင့်ကျွန်းမယ်နှင့် မုန်ယိုနေသော မြင့်ဌေးကို မြူဆွယ်ဖမ်းကြရန်စီစဉ်လေတော့သည်။ ငယ်ချစ်ဆိုတာ နှစ်တွေဘယ်လောက်ကြာကြာ မမေ့ကြဘူးမဟုတ်ပါလား ။ အခုလည်း ငယ်ချစ်နဲ့ ဖြားယောင်းကြပေတော့မည်။ ဒီလိုနဲ့ စီစဉ်စရာများစီစဉ်ပြီး မန်းနယ် ဇင်ပြွန်းကြိုး သို့ ထွက်ခွါလာကြပါသည်။ လမ်းတွင် နှစ်ညအိပ်သုံးရက် ခရီးနှင်ပြီးမှ ဇင်ပြွန်းဆင်ဝိုင်းသို့ရောက်ပါတော့သည်။
ကျွန်တော်တို့အုပ်စုရောက်သွားသောအခါ ဆင်ဝိုင်းမှလူများ အလွန်ပျော်ရွှင်သွားကြပါတော့သည်။ မကြာမှီနယ်ရုံးမှ ဆင်ဆရာဝန်နှင့် သစ်အုပ်ကြီး ချောင်းအုပ် ချောင်းခေါင်းများလည်း ကားဖြင့်ရောက်ရှိလာကြရာ ဆင်ဝိုင်းမှာတော်တော်လေး စည်စည်ကားကားဖြစ်သွားတော့သည်။ ညစာကို ဆင်ခေါင်းကြီးဦးဖိုးလှိုင် က ၀ိုင်းကြီးတဲ့မှာ ကျွေးပါသည်။လူကြီးများကို သူ့တဲ့မှာ သပ်သပ်ကျွေးပါသည်။  ကျွန်တော်တို့ လူငယ်များနှင့် ဆင်ဖမ်းကူရန်လိုက်လာကြသော ဦးစီး လှံကိုင်ပဲ့ချိတ်များ မှာ ခရီးပမ်းသည်ကိုအကြောင်းပြ၍ ပုလင်းထောင်ကြပါတော့သည်။ ထိုဝိုင်းတွင် ကျွန်တော်နှင့် လွန်စွာရင်းနှီးသောလက်ထောက်ဆင်ခေါင်း ကိုထွန်းလင်းက ထိုညအတွက်ဒကာခံပါသည်။ သောက်ရင်းစားရင်း မြင့်ဌေး ၏ အဖြစ်သနစ်အစုံအလင်ကို နတ်သံမနှောပဲ ခွက်သံရောကာ အာသွက်လျှာသွက် ပြောပြပါတော့သည်။
သူတို့ လုပ်ကိုင်ရသည့် ဒေသသည် ကားလမ်းကောင်းမွန်သည့်အတွက် သစ်ကုန်သည်များ အလုပ်ဖြစ်ကြသည်။ ထို့ကြောင့် သစ်လုပ်ငန်းနှင့် ဆက်နွယ်နေသည့် ဆင်သမားများ ၀င်ငွေ ထောကြသည်။ အစိုးရဆင်ဝိုင်းဆိုတော့ တော်ရုံ ရဲနဲ့တောခေါင်းလည်း အနားမကပ်တော့။ ရဲနှင့် ဆင်သမားရာဇ၀င်တွေက ရှိခဲ့ဖူးသည်။ ဆင်ဝိုင်းက အောက်ဆိုဒ်ဆွဲထားသောသစ်ကို ရဲကသွားဖမ်းသည်။ တစ်ယောက်နှင့်တစ်ယောက်အခြေအတင်စကားများကြသည်။ နောက်ရဲကပြန်ပြီးသူ့အဖေါ်တွေပါ ခေါ်လာသည်။ ဒါကိုသိသော ဆင်သမားက သူ့ဝိုင်းက ဆင်ဆိုးလှံကိုင်နဲ့ ညှိပြီး ရဲတွေ လာမည့်လမ်းကစောင့်ကာ ဆင်နှင့် တိုက်လွှတ်သည်။ အစိုးရဆင်ဖြစ်နေ၍ သေနတ်ပါသော်လည်း မပစ်ရဲသောကြောင့် ထွက်ပြေးကြသည်။ သေနတ်တွေ ကျကျန်ခဲ့သည်။ ကျန်ခဲ့သည့် သေနတ်ကို ဆင်က နှာမောင်းနှင့်ဆွဲယူကာ သစ်ပင်နှင့် ရိုတ်ချိုးလိုက်သည်။ပြဿနာတွေက တော်တော်ရှုပ်ထွေးကုန်သည်။ နောက်ဆုံး ပြဿနာဖြစ်သည့် ရဲနှင့် ဆင်ဦးစီး ရာထူးချခံလိုက်ရသည်။ နောက်ဆင်ဝိုင်းဆို ရဲတွေ ဝေးဝေးရှောင်ကြတော့သည်။  ဆိုတော့ ဇင်ပြွန်ဝိုင်းတွင်လည်း အစိုးရ လျှာထားချက်သတ်မှတ်ထားသည့် သစ်များ ထုတ်ပြီးသောအခါ အားလပ်ချိန်တွင် အောက်ဆိုက် ရှာကြသည်။ မန်းနယ်သည်သစ်ထုတ်ရာတွက် လွန်စွာမှ လွယ်ကူသည်၊ တောင်ကြီးကမ်းကြီးမရှိပါ။ ဆင်ခြေလျောများသည်။ ကဲ့ထောက်ကားခံ နီးသည်။ထို့ကြောင့် သတ်မှတ်တန်ချိန်ကို စောစီးစွာ ပြီးစီးကြသည်။ ကျွန်တော်တို့ မုန်းနယ်နှင့် တော့ ဆန့်ကျင်ဘက်ဖြစ်သည်။
မုန်းနယ်သည် သစ်ပေါသည်၊ တောင်ကမ်းချောက်ကမ်းပါးကြီးသည်၊ လမ်းဖေါက်ရန်ခက်ခဲသည်၊ ထို့ကြောင့်
သစ်ဆွဲလမ်းရှည်သည်။ ဆင်ရော လူပါ ပင်ပန်းသည်။ သတ်မှတ်ချိန်အမြဲနောက်ကျသည်။ ထို့ကြောင့် မန်းနယ်ဆိုလျှင်ဆင်သမားများ အလွန်သွားချင်ကြသည်။
ထိုသို့ အစစအရာရာ အဆင်ပြေနေသော အခါ လူတို့သည် ဖောက်ပြန်လာသည်။ ဦးစီးတင်သန်းစီးသောဆင်မြင့်ဌေးသည် ဟိုင်းဆင်ဖြစ်သည်။ အစွယ်မရှိချေ၊ သို့သော် အလွန်တောင့်တင်းကာ ၀ိုင်းတွင် ဒုတိယဆင်ဖြစ်သည်။ ထို့ကြောင့် သစ်များများဆွဲကာ ၀င်ငွေကောင်းနေသော ကိုတင်သန်းသည် ဆင်ဝိုင်းအနီးမှ ၀က်စာကျင်းရွာသူနှင့် ရည်ငံလေတာ့သည်။ သူတွင်လက်ရှိအိမ်ထောင်ရှိ၍ ဆင်ခေါင်းကြီးက ဆုံးမသော်လည်း ပြန်မပြော နားမထောင်လုပ်နေခဲ့သည်။ ရွာထဲတွင် ကျွန်တော်တို့ ဆင်သမားများ ဆင်နှင့်သွားပါက အလွန်မျက်နှာပွင့်ပါသည်။ ဆင်တွင် အများချစ်ခင်စေသည့်မျက်နှာပွင့်သည့်သတ္တိတစ်မျိုးရှိသည်ဟု ရှေးဆင်ဦးစီး ကြီးများပြောသည်ကို မှတ်သားရဘူးပါသည်။ ကိုတင်သန်းသည်လည်း ထိုအချက်ကို ကောင်းစွာအသုံးချသွားသည်ထင်ပါသည်။ သို့သော် ထိုသို့ လူမှုရေးဖောက်ပြားပါက ဦးစီးဖြစ်က
အန္တရာယ်ကြုံရတတ်သည်။ ထို့ကြောင့် ဆင်ခေါင်းကြီးက ဆုံးမခြင်းဖြစ်သည်။ ကိုတင်သန်းကိုင်သော မြင့်ဌေးသည် ဆင်ဆိုးစာရင်းမ၀င်သေးသော်လည်း လူတိုင်း ခိုင်းမရချေ။ ဦးစီးရွေးသည်။ ကောက်လျှင်လည်း တစိမ်းကောက်၍မရချေ။
(ဆင်ကောက် ဆိုသည်မှာ ဆင်ကို အလုပ်စေခိုင်းရန်အတွက်သော်လည်းကောင်း၊ ရေတိုက်၊ မန်ကျီးသီးကြွေးရန်အတွက်သော်လည်းကောင်းတောတွင်း ၌သွားရောက်ခေါ်ဆောင်မောင်းနှင်ခြင်းကို ဆင်သမားစကားရ ဆင်ကောက်သည်ဟု ပြောပါသည်။)
ဆင်ဆိုးဦးစီးများ ဦးစီးဖောက်ပြန်က ဆင်က တစ်ကြိမ်နှစ်ကြိမ် သတိပေးပါသည်။ ဆက်လက်ဖောက်ပြန်ပါက
သတ်ပစ်တတ်ပါသည်။ အိမ်သူ မိန်းမ ဖောက်ပြန်ပါက ပန်းချိုးကာ မိမိသခင်အား အသိပေးပါသည်။ ဤကား ဆင်သမားတို့၏အမှတ်သင်္ကေတ ဖြစ်သည်။ ထို့ကြောင့် ဆင်သမားများ မိမိ ဇနီးမယားကို စိတ်ချလက်ချထားကာ တောင်ထဲတောင်ထဲတွင်လုပ်ငန်းခွင်ဝင်နိုင်ကြခြင်းဖြစ်ပါသည်။
ကိုတင်သန်းသည် လူကြီးများ ဆိုဆုံးမသည်ကို မနာခံရုံမျှမက မူးလာလျှင် ဆင်ခေါင်းပေါ်တက်လာ  `ဟေ့ ဒီဆင်လူစီးတာကွ နတ်စီးတာမဟုတ်ဘူးဟု ကြွေးကြော်လေ့ရှိပါသည်။ အခင်းမဖြစ်ခင် တစ်ပတ်ခန့်က

ကိုတင်သန်းဆင်သွားကောက်ရာ ဆင်က ခါတိုင်းလိုမဟုတ်ပဲ ပေပေကြီးရပ်ကာ ကြည့်နေပါသည်။ ကိုတင်သန်းက ငေါက်ငန်းကာ ခဲနဲ့ထု ဆဲဆိုမှ လေးကန်ကန်နှင့် သူခေါ်ရာသို့လိုက်လာပါသည်။ အနားရောက်လို့ စီးရန် မက်(၀ပ်)ခိုင်းသောအခါ ဆင်က ငြင်းဆန်လေသည်။ အမျိုးမျိုးစီးရန်ကြိုးစားသော်လည်း မရသဖြင့် နောက်ဆုံး ကိုတင်သန်း နောက်မှတုတ်တစ်ချောင်းဖြင့် ဆင်ဝိုင်းသို့မောင်းလာပါတော့သည်။ သခင်၏အမိန့်ကို ငြင်းဆန်လာခြင်းဖြစ်သည်ကို  ကိုတင်သန်းသဘောမပေါက်ခဲ့ချေ။ အဲဒီနောက် မြင့်ဌေးသည် ငေးငေးငိုင်ငိုင်နှင့် ဖြစ်လာပါသည်။ မုန်အိုးများ ဖေါင်းကြွလာကာ မုန်ပေါက်မှမုန်းချေးများ ထွက်စပြုလာပါသည်။ ထိုအခြေအနေကို သိ၍ သတိနဲ့ ကိုင်ရန် ဆင်ကောက်လျှင် ပဲချိတ်တစ်ယောက်ခေါ်သွားရန် လှံအမြဲဆောင်ရန် ဆင်ခေါင်းကြီးမှ ညွှန်ကြားထားပါသည်။ အခင်းဖြစ်မည့်နေ့က ၀က်စာကျင်းရွာသို့သစ်ဆွဲရန်သွားကြပါသည်။ သစ်ကုန်သည်အိမ်တွင် ပါလာသည့် ၀န်စည်များချကာ သစ်ကုန်သည်တည်ခင်းသော အရက်ကို အနည်းငယ်စီသောက်ကြ ပါသည်။ ထို့နောက် ဆင်လွှတ်ရန်သွားကြသည်။ အဖေါ်အဖြစ် ပဲချိတ်ကျော်လှိုင်လည်းပါသွားသည်။သူတို့လည်း နီးနီးနားနား အစာပေါသည့်နေရာတွင် သံကြိုးရှည်ရှည်ဖြင့် ချည်ထားမည်ဟု ပြောကာ ရွာနောက်ဖက်သင်းချိုင်းသို့ မောင်းသွားကြသည်။

ဆက်လက်ဖေါ်ပြပါမည်...........

2 Comments:

At September 29, 2009 at 3:32 AM , Anonymous သက်တန့်ချို said...

ကိုစိုင်းရဲ့ဟိုတုန်းကဘ၀လေးတွေလာဖတ်သွားပါတယ်ဗျာ...

 
At September 29, 2009 at 6:21 AM , Blogger ဝက်ဝံလေး said...

ဟဲ့ စိတ်ဝင်စားစရာပါလား ဆက်ရေးနော်

 

Post a Comment

Subscribe to Post Comments [Atom]

<< Home