Thursday, November 28, 2013

မျက်စိလည်စရာ ကံအကျိုးပေး

      လောကတွင် မကောင်းမှုလုပ်လျှင် မကောင်းကျိုးပေးမည်၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပေးမည်ဟု... ဗုဒ္ဓကဟောဖေါ်ညွှန်ပြပေးခဲ့ပါသည်။ သို့သော်လည်း ဗုဒ္ဓ၏အဆုံးအမကို "သတိ ဓာတ်လိုက်တတ်သည်၊ မကိုင်ရ" ဆိုသည့် လျှပ်စစ်မီးကြိုးလောက်ပင် ဗုဒ္ဓဘာသာဝင်များမယုံကြပေ။ အဘယ်ကြောင့်ဆိုသော် မီးကြိုးကိုင်ပါက လက်တွေ့ ဓါတ်လိုက်မည်ဖြစ်ပြီး ယခု မကောင်းမှုလုပ်သော်လည်း ချက်ချင်းမကောင်းကြိုးပေး/မပေးကား မသေချာသောကြောင့် "ကံနှင့်အကျိုးပေး" ကို ဓာတ်ကြိုးလောက် မယုံကြည် မလိုက်နာကြခြင်းဖြစ်သည်။
         လောကတွင် လိမ်လည်လှည့်ဖြား၊ လူပေါ်လူဇော်လုပ်၊ ကတုံးပပေါ်ထိပ်ကွက်၊ အကုသိုဖြင့် အသက်မွေးပြီး ကြီးပွားချမ်းသာနေကြသူများ ဒုနဲ့ဒေး ရှိနေကြပါသည်။ လက်ရှိ မိမိတို့ မြန်မာနိုင်ငံတွင် ပင် အများအပြားတွေ့ရှိနိုင်ပါသည်။
          ဘ၀ကို ရိုးရိုးသားသားနေထိုင်၊ သီလကို လုံနိုင်သမျှ လုံအောင်စောင့်ထိန်း၊ သူတစ်ပါးအား မလိမ် မညာ၊ မကွေ့၊ မကောက် အဟုတ်အမှန်အတိုင်း ကျင့်သုံးစီးပွားရှာနေသူများ ဒုံရင်း ဒုံရင်းနှင့်ပင် နှစ်ပါးသွား နေသူများလည်းရှိပါသည်။
       ထိုအခါ ဗုဒ္ဓ၏ ကံနှင့် အကျိုးပေး ကို မေးခွန်းထုတ်စရာအခြေအနေဖြစ်လာနေပါသည်။ လက်ရှိ ခေတ်ကိုက သိပ္ပံနှင့်နည်းပညာခေတ် ဖြစ်သဖြင့် လက်တွေ့ဝါဒက လွှမ်းမိုးကြီးစိုးနေသည်ဖြစ်ရာ ခေတ်လူများအနေဖြင့် ပိုမို စောဒကတက်ဖွယ်ဖြစ်နေပါသည်။
      ထိုသို့ဖြစ်နေရခြင်းမှာ ကံတို့၏ အကျိုးပေးပုံနှင့် ကာလကို မသိသောကြောင့်၎င်း၊ လက်ရှိဘ၀ တစ်ခဏကိုသာ ကွက်ကြည့်ပြီး သုံးသပ်သောကြောင့်၎င်း (တစ်နည်း) ဉာဏ်မျက်စိတစ်ဆုံး မကြည့်သောကြောင့်၎င်း ထိုသို့ သုံးသပ်ကာ ဆုံးဖြတ်နေကြခြင်းဖြစ်ပါသည်။
   မြတ်စွာဘုရားက အနာထပိဏ်သူဌေးကြီးကို ဟောကြားဆုံးမခဲ့ရာတွင် -
ပါပေါပိ ပဿတိ ဘဒြံ၊
ယာဝပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိပါပံ၊
အထ ပါပေါ ပါပါနိ ပဿတိ။
 အဓိပ္ပါယ်မှာ-
အကုသိုလ်ကံ အကျိုးပေးချိန် မရောက်သေးလျှင် မကောင်းမှုပြုသူသည် ကောင်းကျိုးကို ခံစားနိုင်၊ တွေ့မြင်ရနိုင်သည်။ အကုသိုလ်ကံ အကျိုးပေးချိန်ရောက်လျှင်ကား မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ တွေ့မြင်ခံစားရတော့သည် ဟုဆိုပါသည်။

ဆိုလိုသည်မှာ အကုသိုလ်ဖြင့် စီးပွားလမ်းဖြောင့်နေသူများကို အားမကျအပ်၊ သူပြုသော အကုသိုလ် အကျိုးမပေးခင်သာ စီးပွားလမ်းဖြောင့်ပြီး ကောင်းကျိုးကို ခံစားနေရခြင်းဖြစ်၏။ အကုသိုလ် အကျိုးပေးချိန် ရောက်လာလျှင်ကား မကောင်းကျိုးကိုသာ ခံစားရမည်ဖြစ်သည်။

ဘဒြောပိ ပဿတိ ပါပံ၊
ယာဝ ဘခြံ န ပဿတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊
အထ ဘဒြော ဘဒြာနိ ပဿတိ။
အဓိပ္ပါယ်မှာ-
ကုသိုလ်ကံ အကျိုးပေးချိန် မရောက်သေးလျှင် ကောင်းမှုပြုသူပင်ဖြစ်သော်လည်း မကောင်းကျိုးကို တွေ့မြင်ရ၊ ခံစားရနိုင်သည်။ ကုသိုလ်ကံ အကျိုးပေးချိန်ရောက်လျှင်ကား ကောင်းမှုပြုသူသည် ကောင်းကျိုးကိုသာ တွေ့မြင်ခံစားရတော့သည်ဟူ၍ ဖြစ်သည်။
ဆိုလိုသည်မှာ
 ကုသိုလ်ကောင်းမှုပြုလုပ်ပါလျှက် ဒုက္ခဆင်းရဲရောက်နေသူ၊ စီးပွားပျက်နေသူများကို အထင်မသေးအပ်၊ မိမိကိုယ်ကိုယ်လည်း အထင်မသေးရာ၊ သူပြုသောကုသိုလ်က ကောင်းကျိုးမပေးခင်သာ ဒုက္ခရောက်ရခြင်း ဖြစ်၏။ ကုသိုလ်အကျိုးပေးချိန် ရောက်လျှင်ကား ကောင်းကျိုးကိုသာ ခံစားရမည်ဖြစ်သည်။

အထက်ပါ ဘုရားဟော ပါဠိတော် နှစ်ပုဒ်အရ ကံအရာကို ဉာဏ်ဖြင့် ဆင်ခြင်ပြီး ကောင်းမှုများကို ယုံကြည်ပွားများနိုင်ကြပါစေ...။








Monday, November 25, 2013

ပဋိစ္စသမုပ္ပါဒ် အနုလောမနှင့် အဓိပ္ပါယ်

အနုလောမ ပဋိစ္စသမုပ္ပွါဒ် ဥဒ္ဒေသပါဠိတော်
   အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ
   သင်္ခါရ ပစ္စယာ ၀ိညာဏံ
   ၀ိညာဏ ပစ္စယာ နာမရူပံ
   နာမရူပ ပစ္စယာ သဠာယတနံ
   သဠာယတန ပစ္စယာ ဖေဿာ
   ဖဿ ပစ္စယာ ဝေဒနာ
   ဝေဒနာ ပစ္စယာ တဏှာ
   တဏှာ ပစ္စယာ ဥပါဒါနံ
   ဥပါဒါန ပစ္စယာ ဘဝေါ
   ဘ၀ ပစ္စယာ ဇာတိ
   ဇာတိ ပစ္စယာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊
   ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

      အဓိပ္ပါယ်
အ၀ိဇ္ဇာ ပစ္စယာ အဟုတ်အမှန်ကို မသိ မမြင်မှု ဟူသော အကြောင်းတရားကြောင့်၊ သင်္ခါရာ ပစ္စုပ္ပန်အမှု
သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းတို့သည်၊ သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
သင်္ခါရ ပစ္စယာ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းကြောင့် ၀ိညာဏံ ဘ၀သစ်မှာ ၀ိညာဏ်သစ်ဖြစ်ပေါ်မှုသည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဝိညာဏ ပစ္စယာ ဘ၀သစ်မှာ ၀ိညာဏ်သစ်ဖြစ်ပေါ်မှုကြောင့် နာမရူပံ နမ်အစု ရုပ်အစုတို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
နာမရူပ ပစ္စယာ  နမ်အစု ရုပ်အစုတို့ဖြစ်ပွားမှုကြောင့် သဠာယတနံ ဒွါရ(၆)ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ
ကိုယ်၊ ဟဒယ)တို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
သဠာယတန ပစ္စယာ  ဒွါရ(၆)ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာကိုယ်၊ ဟဒယ)တို့ကြောင့် ဖေဿာ အာရုံကိုတွေ့မှုဟူသော ဖဿ(၆)ပါးသည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဖဿ ပစ္စယာ  အာရုံကိုတွေ့မှုဟူသော ဖဿ(၆)ပါးကြောင့် ဝေဒနာ အာရုံကို ခံစားတတ်သော ဝေဒနာ( ဒုက္ခ၊ သုခ၊ ဒေါမနဿ၊ သောမနဿ၊ ဥပေက္ခာ) တို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဝေဒနာ ပစ္စယာ  အာရုံကို ခံစားတတ်သော ဝေဒနာ( ဒုက္ခ၊ သုခ၊ ဒေါမနဿ၊ သောမနဿ၊ ဥပေက္ခာ) တို့ကြောင့် တဏှာ အာရုံကိုကပ်ငြိသောသဘော တို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
တဏှာ ပစ္စယာ  အာရုံကိုကပ်ငြိသောသဘောကြောင့် ဥပါဒါနံ ထိုအာရုံကိုစွဲလန်းခြင်းသည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဥပါဒါန ပစ္စယာ  အာရုံကိုစွဲလန်းခြင်းကြောင့် ဘဝေါ ဘ၀သစ်အတွက် ကံတရား ၀ိပါက်တရားအစုတို့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဘ၀ ပစ္စယာ  ဘ၀သစ်အတွက် ကံတရား ၀ိပါက်တရားအစုတို့ကြောင့် ဇာတိ တစ်ဖန်ပဋိသန္ဓေမျိုးစေ့သည် သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဇာတိ ပစ္စယာ  ပဋိသန္ဓေမျိုးစေ့ကြောင့် ဇရာမရဏံ ရင့်ရော်အိုမင်းမှု၊ သေမှုတိုသည်၎င်း၊ သောက ပူပင်မှု၊ ပရိဒ၀ ပြင်းစွာစိတ်ပူပင်မှု၊ ဒုက္ခ ဆင်းရဲမှု၊ ဒေါမနဿ စိတ်ဆင်းရဲခြင်း၊ ဥပါယာသ ပြင်းစွာငိုကြွေးခြင်းတို့သည်  သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဧ၀ံ ဤသို့၊ ကေ၀လဿ ချမ်းသာမဖက် ဆင်းရဲသက်သက်သာဖြစ်သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ ထိုဆင်းရဲခြင်းအစုတို့၏ သမုဒယော ဖြစ်ပွားခြင်းသည် ဟောတိ ဖြစ်၏။


Friday, July 19, 2013

ဒိဋ္ဌိကိုဖြုတ်ရန်အရေးကြီးပုံ

ဒိဋ္ဌိကိုဖြုတ်ရန်အရေးကြီးပုံ ဟောကြားချက်များ

၁။    ဒိဋ္ဌိပြုတ်သစ္စာတရားနာဖို့အတွက် နေ့ဘက်မှာ အကြိမ်သုံးရာ၊ ညဘက်မှာအကြိမ်သုံးရာ လှံချွန်နဲ့ အထိုးခံပြီးမှ ဟောကြားမယ်ဆိုရင်တောင် လှံချွန်နဲ့အထိုးခံပြီး နာကြားရမယ်လို့ ဘုရားရှင်က ဟောကြားခဲ့ လေသည်။

၂။    မြတ်စွာဘုရားရှင်က ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်နေရင်တောင်၊ လှံကို နောက်မှနှုတ်၊ မီးကိုနောက်မှ ငြိမ်းသတ်ပါ၊ သူတို့အရင် သက္ကာယဒိဋ္ဌိကို အရှင်ပြုတ်အောင်ဖြုတ်ပါဦးဟု မိန့်ကြားတော်မူခဲ့လေသည်။ လှံမနှုတ်၊ မီးမငြိမ်းလို့သေရင် တစ်ဘ၀ပဲသေရမယ်၊ ဒိဋ္ဌိမပြုတ်ရင်တော့ ဘ၀ပေါင်းကြိမ်ဖန်များစွာ သေရလိမ့်မယ်ဟု ဟောကြားတော်မူခဲ့လေသည်။

၃။    " ဒိဋ္ဌိဗန္ဓန ဗန္ဓာတေ တဏှာသောတေန ၀ုယှရေ
    တဏှာသောတေန ၀ုယှန္တာ နတေဒုက္ခာ ပမုစ္စရေ"
   ယေနရာ အကြင်သူတို့သည်၊ ဒိဋ္ဌိဗန္ဓန ဗန္ဓာ သက္ကာယဒိဋ္ဌိတည်းဟူသောကြော့ကွင်းဖြင့် ဖွဲ့ချည်မိ ကြလေကုန်၏၊ တေနရာ ထိုသူတို့သည်၊ တဏှာသောတေန တဏှာတည်းဟူသောရေကြောင်းဖြင့်၊ ၀ုယှရေ မျောပါ၍နေကြလေကုန်၏။ တဏှာသောတေန ၀ုယှန္တာ တဏှာရေကြောင်းမျော၍ နေကြကုန်သော၊ တေ ထိုသူတို့သည်၊ ဒုက္ခာ ဆင်းရဲအပေါင်းမှ၊ နပမုစ္စရေ မလွတ်ကင်းနိုင်ကြလေကုန်။
    (၀ိသုဒ္ဓိမဂ်)
၎။    "ဒိဋ္ဌိမသတ် တဏှာသတ် မပြတ်သံသရာ
    တဏှာမသတ် ဒိဋ္ဌိသတ် အပြတ်သံသရာ"   
(ပခုက္ကူဝိပဿနာဆရာကြီးဦးကြင်ရွှေ)
၅။    စတင်တရားအားထုတ်သူ၏လုပ်ငန်းစဉ်
    တရားရလိုလျှင်သင်သည်ဦးစွာ ကုသိုလ်တရားတို့၌ အစဖြူလွ စင်ကြယ်အောင် သုတ်သင်ပါဦး၊ ကုသိုလ်တရားတို့၏ ဦးစွာအစဆိုသည်ကား -
    (က) သီလစင်ကြယ်ရခြင်း၊
    ( ခ ) အယူဖြောင့်မှန်ခြင်းတို့ဖြစ်၏ (ဒိဋ္ဌိ)

၆။    ဓါတ်သားပေါ်တွင်အရိပ်ထင်သို့
    အမှန်က ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးမျှသာရှိတာ၊ ငါ၊ သူ၊ ယောင်္ကျား၊ မိန်းမ၊ သား၊ သမီး၊ မြေး၊ မြစ်၊ တူ၊ တူမ ဆိုတာမရှိဘူး၊ ရှိတဲ့အပေါ်မှာ မရှိတာတွေတင်ထားပြီး ထင်မှားနေကြတာ။
    တရားအားထုတ်တဲ့သူတွေဟာ၊ အဲဒီဒိဋ္ဌိတွေကို ဦးစွာပထမအသိဉာဏ်နဲ့ (ဉာတပရိညာ) ဖယ်ရှားပါ၊ ပြီးမှတရားအားထုတ်ပါ။
    မဖယ်ရှားပဲ ဒိဋ္ဌိတွေတန်းလန်းကြီးနဲ့ အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မှ မဂ်ဖိုလ်မရနိုင်ဘူး။
   " ဒိဋ္ဌ မဂ္ဂါဓိဂမဿ နိဝရဏံ" ဒိဋ္ဌိအယူသည် မဂ်ဖိုလ်လမ်းခရီးမှာအဟန့်အတားပဲ။

၇။    ၀ိပဿနာအားထုတ်နည်း ၂-နည်း
    (၁)    ဒုဗ္ဗလ၀ိပဿနာအားထုတ်နည်း = ဒိဋ္ဌိတန်းလန်းကြီးဖြင့် ၀ိပဿနာအားထုတ်သောနည်းဖြစ်သည်။
        ကုသိုလ်သာရ၍၊ နိဗ္ဗာန်မရပေ။ အားနည်းသောဝိပဿနာအားထုတ်နည်းဖြစ်သည်။
    (၂)    ဗလ၀၀ိပဿနာအားထုတ်နည်း = ဒိဋ္ဌိကို ဉာတပရိညာဖြင့်ဖြုတ်၍ ၀ိပဿနာအားထုတ်သောနည်း
        ဖြစ်သည်။ ကုသိုလ်လည်းရ၊ နိဗ္ဗာန်လည်းရသည်။ အားကြီးသောဝိပဿနာအားထုတ်နည်း                 ဖြစ်သည်။

၈။    ဒိဋ္ဌိခွါမှုကိုဦးစွာရှေ့ထား
    (က) ဒါနကိုလည်းနောက်ထားဦး၊
    (ခ) သီလကိုလည်း နောက်ထားဦး၊
    (ဂ) သမထကိုလည်းနောက်ထားဦး၊
    (ဃ) ၀ိပဿနာကိုလည်းနောက်ထားဦး၊
        သူတို့အရင် ဒိဋ္ဌိခွါမှု၊ ဒိဋ္ဌိဖြုတ်မှုကို ရှေ့ထားပါ။
၉။    ဒိဋ္ဌိဖြစ်ခြင်းရဲ့ အကြောင်းရင်း(၈)ပါး
    ခန္ဓာ၊ အ၀ိဇ္ဇာ၊ ဖေဿာ၊ သညာ၊ တက္ကောစ၊ အယောနိသော၊ ဒုမ္မိတ္တော၊ ပရတောဃောသော၊ ဒိဋ္ဌိဌာနာနိအဋ္ဌဓါ။

    ဆောင်ပုဒ်
    ၁။ ခန္ဓာမသိ အ၀ိဇ္ဇာရှိတွေ့ထိအမှတ်မှား။
    ၂။ ကြံစည်နှလုံးသွင်း၊ မိတ်ပေါင်းသင်း၊ ပျက်ယွင်းနာတရား။
    ၃။ ဤရှစ်ပါးတွင် တအင်အင်ကြောင့် အမြင်ယွင်းဖေါက် ဒိဋ္ဌိရောက် တောက်လျှောက်အပါယ်သွား။

၁၀။        ခန္ဓာကချည်တိုင်၊ တဏှာကကြိုး၊ ဒိဋ္ဌိကလည်ပတ်
    ငါဆိုတာဒိဋ္ဌုပါဒါန်၊ ငါ့ဥစ္စာဆိုတာ ကာမုပါဒါန်
        ဒါဖြင့်ပုဂ္ဂိုလ်တစ်ဦးဟာ ဥပါဒါန်တန်းလန်းနဲ့ သေသွားတယ်ဆိုရင် ဥပါဒါနပစ္စယာ ကမ္မဘ၀၊         ကမ္မဘ၀ ပစ္စယာ ဇရာမရဏပါ။
        ခန္ဓာကချည်တိုင်၊ ငါ့ဥစ္စာကတဏှာကြိုးပဲ၊ ဒိဋ္ဌုပါဒါန်၊ ကာမုပါဒါန် ကိုမသိတဲ့ ပုဂ္ဂိုလ်က ပုထဇဉ်၊         အဲဒီပုထုဇဉ်ဟာ ခန္ဓာချည်တိုင်မှာ တဏှာကြိုးနဲ့ ချည်ထားခံရတဲ့ ခွေးနဲ့တူတဲ့ ပုထုဇဉ်။

၁၁။        တိုင်ကျိုး၊ ကြိုးပြတ်၊ လည်ပတ်ပြုတ်
        ခန္ဓာငါးပါးက(ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ) ဖြစ်တယ်။ အဲဒါတွေကိုÓဏ်နဲ့ကြည့်လိုက်တော့ဟိုနားကယား၊ ဒီနားကနာ၊ ဟိုနားကကိုက်၊ ဒီနားကခဲ၊ ဟိုနားကကျင် ဆိုတာတွေဟာ ဝေဒနာတွေပါပဲ၊ ကြည့်လိုက်တော့ ပျောက်ပျောက်ကုန်တယ်။ ဒါဖြင့် ဖြစ်ပြီးတော့ပျက် သွားတဲ့ အနိစ္စပဲ။ ဝေဒနာလေးတွေက ဖြစ်ပျက်ဆိုတော့ ငါဟုတ်သေးရဲ့လား၊ အနိစ္စပဲဟာ၊ အနိစ္စ ဖြစ်သွားတော့ ဒိဋ္ဌိလည်ပတ်ပြုတ်သွားပြီ။
    ငါ့ဥစ္စာကောဟုတ်သေးရဲ့လား၊ မဟုတ်ရင် တဏှာကြိုးလဲပြတ်ပြီ၊ ဒါဖြင့် ဖြစ်ပျက်ကလေး တစ်လုံး သည်လည်ပတ်နှင့် ကြိုးပြတ်တယ်၊ ဒါတင်ဘယ်ကအုန်းမလဲ ဖြစ်ပျက်တွေချည်းမြင်လာတော့ ခန္ဓာလည်းပျောက်မနေဘူးလား၊ ဒါဆိုရင်တိုင်လည်းကျိုးတော့တာပေါ့။
    ဒါဖြင့် ခွေးဘ၀ဇာတ်သိမ်းမယ်၊ နို့မဟုတ်ရင် သံသရာထဲမှာပုံစံအမျိုးမျိုးနဲ့ ခွေးကြီးဘ၀တွေ၊ ခွေးငယ်ဘ၀တွေ လုပ်နေရအုန်းမယ်။ ဒိဋ္ဌုပါဒါန်၊ ကာမုပါဒါန်ဆိုတဲ့ ဥပါဒါန်ကြီးတွေ အကုန်ပြတ်ပြီးတော့ ဥပါဒါန်တို့၏ချုပ်ရာငြိမ်းရာ နိဗ္ဗာန်သို့ ရောက်တော့တယ်။


၁၂။    ဒိဋ္ဌိရှိနေရင်မဂ်ဖိုလ်မရနိုင်
    ဝေဒနာပေါ်ထွန်းမှန်းသိတော့ ပျက်မှန်းလည်းသိတယ်၊ ဝေဒနာပေါ်တာကော၊ ပျက်တာကော ပုဂ္ဂိုလ်သတ္တ၀ါမဟုတ် ဝေဒနက္ခန္ဓာတွေသာဖြစ်တယ်။ အဲဒီလိုဉာဏ်ရောက်သွားတော့ သက္ကာယဒိဋ္ဌိ ပြုတ်တယ်။ ဒုက္ခဖြစ်လိုက်၊ သုခအစားထိုးလိုက်၊ သုခပျက်လိုက်၊ ဥပေက္ခာအစားထိုးလိုက် ဆိုတာသိလာရင် မခိုင်မြဲဘူးဆိုတာပေါ်လာတယ်။
    ဝေဒနာနဲ့ တရားနာနေတယ်လို့သိရင် သက္ကာယဒိဋ္ဌိပြုတ်ပြီ။
    တစ်ခုသောဝေဒနာလေး ပျက်သွားတာကိုသိရင် သဿတဒိဋ္ဌိ ပြုတ်ပြီ။
    နောက်ဝေဒနာလေး အစားထိုးတာကိုသိရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ်။
        အဲဒီဒိဋ္ဌိ ၃-ခုမပြုတ်ရင် မဂ်ဖိုလ်မရဘူး။

၁၃။ " ဒိဋ္ဌိတန်းလန်းနဲ့ အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မှ မဂ်မရနိုင်ဘူး" ဟူ၍ ခဏခဏမိန့်တော်မူ၏။

၁၄။    " ဒိဋ္ဌိခွါမှုကိုဦးစွာရှေ့ထားပါ"        ဒိဋ္ဌိသည်မဂ်တားဖိုလ်တားဖြစ်၏။ မိမိတို့သွားရာလမ်းခရီးတွင် အနှောင့်အယှက် အတားအဆီးဖြစ်၏။ သို့ဖြစ်၍လည်း မိုးကုတ်ဆရာတော်ဘုရားကြီးက "အဟန့်အတားကို ဦးစွာ ဖယ်ရှား ပစ်ပါဦး" ဟုမိန့်တော်မူလေ့ရှိ၏။

၁၅။    ၀ိပဿနာမလုပ်ခင်ဒိဋ္ဌိကိုအရင်ခွါပါဦး
        ဆိုသည့်စကားသည် မိုးကုတ်ဆရာတော်ဘုရားကြီး၏ စကားဖြစ်သည်၊ ဤကားမူသေစကား ဖြစ်၏။ ဤစကားကို မိုးကုတ်ဆရာတော်ဘုရားကြီးကသာ ပထမဆုံးစတင်၍ ကျယ်လောင်စွာ ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။

၁၆။    နိဗ္ဗာန်ရောက်တဲ့အမြင်မျိုးဆိုတာ
        ရုပ်ကိုအတုံးအခဲကြီး၊ အစိုင်အခဲကြီးမြင်နေသေးလို့ရှိရင် နိဗ္ဗာန်ရောက်တဲ့ အမြင်မျိုးမဟုတ် သေးဘူး၊ ပျက်ပျက်သွားတာကလေးတွေ၊ ပျောက်ပျောက်သွားတာကလေးတွေမြင်ရမှာ၊ ရုပ်ကို ကြည့်ရင်လည်း ပေါ်ပြီးပျောက်တာကလေးတွေမြင်အောင်ကြည့်ရမှာ အဲဒီလိုသိမ်မွေ့တဲ့ ဖြစ်မှုပျက်မှုကလေး တွေကိုမြင်အောင်ကြည့်ရမှာ။

၁၇။    သက္ကာယဒိဋ္ဌိ
        ဒိဋ္ဌိသက္ကာ မကွာသမျှ၊ လူတွင်စကြာ၊ နတ်မှာသိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊ ဖေါက်လွှဲပါယ်ရွာ၊ ရောက်မြဲသာတည်း။
    ဒိဋ္ဌိဖြုတ်ဖို့အရေးကြီးတဲ့အကြောင်း ဘုရားရှင်နဲ့ ဘုရားရှင်ဟောတဲ့တရားတွေကို ပြန်ဟောပေးတဲ့ မိုးကုတ်ဆရာတော်ကြီးတို့ ဆုံးမဟောကြားထားတာတွေကို ဖတ်ရှုပြီး ဒိဋ္ဌိဘယ်လောက်အရေးကြီးတယ် ဆိုတာသိလောက်ပါပြီ။ ဒိဋ္ဌိကိုပိုင်ပိုင်နိုင်နိုင် နားလည်သဘောပေါက်မှသာ ဒိဋ္ဌိကိုသတ်နိုင်မှာ ဖြစ်ပါတယ်။ သို့အတွက် နားလည်အောင်ဖတ်ရှုကြပါ။ တစ်ခေါက်နဲ့နားမလည်က နှစ်ခေါက် သုံးခေါက် နားလည်တဲ့ အထိဖတ်ရှုသင့်ပါသည်။ အသိမှန်မှ အကျင့်မှန်ပါလိမ့်မည်။ ကြိုးစားအားထုတ်ကြပါရန် တိုက်တွန်းလိုက် ရပါသည်။
    ဒိဋ္ဌိဖြစ်ရခြင်းအကြောင်းရင်းကို သေချာစွာပြန်သုံးသပ်ပါက ခန္ဓာငါးပါးကို အကောင်အထည် ထင်မိသော အမြင်မှားဒိဋ္ဌိကြောင့် ငါရယ်၊ သူရယ် ဆိုသည့် မာနတရားပေါ်လာရပေသည်။ မာနကြောင့် အာရုံကပ်ငြိခြင်းတဏှာကူးသွားခြင်းဖြစ်ပြီး တဏှာဖြစ်တော့ ဥပါဒါန် ကမ္မဘ၀ရောက်သွားသည်၊ ကမ္မဘ၀ကြောင့် ဇာတိ၊ ဇာတိဖြစ်တော့ ဇရာမရဏ မလွတ်တော့ပေ။ ဤသို့ဆိုပါက ပဋိစ္စသမုပ္ပါဒ် သံသရာ လည်သွားပြီးဖြစ်ပါသည်။

Wednesday, July 17, 2013

ကံ

ယခင်ဘ၀က သူတစ်ပါးကို သတ်ခဲ့သူ        ယခုဘ၀ အသက်တိုသည်။
ယခင်ဘ၀က သတ္တ၀ါများကိုညှဉ်းဆဲခဲ့သူ    ယခုဘ၀ ရောဂါထူပြောသည်။
ယခင်ဘ၀က ဒေါသကြီးခဲ့သူ                   ယခုဘ၀ အရုပ်ဆိုးသည်။
ယခင်ဘ၀က မနာလိုစိတ်ကြီးခဲ့သူ            ယခုဘ၀ အခြွေအရံနည်းသည်။
ယခင်ဘ၀က ဒါနအားနည်းခဲ့သူ               ယခုဘ၀ စီးပွားရေးညံ့သည်။
ယခင်ဘ၀က မာနကြီးခဲ့သူ                     ယခုဘ၀ အမျိုးနိမ့်ကျသည်။
ယခင်ဘ၀က ကုသိုလ်၊ အကုသိုလ်မစုံစမ်းခဲ့သူ ယခုဘ၀ ဉာဏ်ပညာညံ့သည်။
(စူဠကမ္မ၀ိဘင်္ဂသုတ္တန်)

ဆိုသော်လည်း ယခုလက်ရှိ ပစ္စုပ္ပန်ကံသည် လက်ရှိဘ၀ကို သုံးပုံနှစ်ပုံအကျိုးပေး၏။

ထို့ကြောင့်
 အရင်ကောင်းလို့ ၊ အခုကောင်းတယ်။
အရင်ဆိုးလို့ အခုဆိုးတယ်၊
အရင်ဆိုးဆိုးကောင်းကောင်း ၊ အခုကောင်းရင် နောင်ကောင်းမယ်။

ကံကိုနားလည်သဘောပေါက်ပြီး ကောင်းကံများများ ပွားနိုင်ကြပါစေ..။

Monday, February 11, 2013

ကြော်ငြာ...

              တိပိဋကယောဆရာတော်ဘုရားကြီးသည်  Air KBZ ဖြင့် 13.2.13(ဗုဒ္ဓဟူးနေ့) နံက် ကိုးနာရီခွဲခန့်တွင် တာချီလိတ်သို့ ကြွရောက်တော်မူလာမည်ဖြစ်ပြီး၊ ငွေတောင်ဦး ကမ္မဌာန်းကျောင်း (ပုန်းထွန်)တွင် သီတင်းသုံးမည်ဖြစ်ပါသည်။
         ညပိုင်းတရားပွဲကို ရှမ်းရိုးမကွင်းတွင် (၁၃-၁၄.၂.၁၃) နှစ်ညတိုင်တိုင် တရားရေအေး တိုက်ကျွေးမည် ဖြစ်ပါသည်။
           ဖူးမြော်လိုသူ သဒ္ဓါကြည်လင်သူတော်စင်များ သွားရောက်ဖူးမြော် တရားနာနိုင်ကြပါကြောင်း...

Friday, February 1, 2013

စွမ်ဟိန်းဂူ သို့တစ်ခေါက်

တနင်္ဂနွေနေ့(27.1.13) ကဆွမ်းလောင်းရင်းနဲ့ သူငယ်ချင်းတွေနဲ့ အဲဒီဂူသွားဖို့ အကြောင်းညီညွှတ် လာခဲ့ပါတယ်။  အစီအစီအစဉ်မရှိပဲ ရုတ်တရက်ထလိုက်လာခဲ့တာကြောင့် လမ်းမှာတော်တော်လေး  အေးပါတယ်။ တာလေ နားတ၀ိုက် နှင်းတွေအရမ်းကျနေပြီး ရှေ့ကလာတဲ့ ယာဉ်တွေ မြင်ရအောင် ဆိုင်ကယ်ကို မီးဖွင့်မောင်းရပါတယ်။ တာလေရောက်တော့ ခဏနားပြီး လက်အိတ်တို့ လက်နှိပ်ဓာတ်မီးတို့ ဖယောင်းတိုင်တို့ ၀ယ်ရင်းနဲ့ ကော်ဖီပူပူလေးတစ်ခွက်သောက်တော့မှာ နည်းနည်းအချမ်းပြေသွားပါတော့တယ်။ ဆက်ထွက်လာကြတော့ မနက် ၉း၀၀ နာရီလောက် ရှိပေမယ့် နေရောင် မမြင်ရသေးပါဘူး ။ မိုင်းဖြတ်ရောက်တော့မှာ နေရောင်တွေမြင်ရပြီး အချမ်းသက်သာလို့ ဆိုင်ကယ်ကို နည်းနည်း အရှိန်မြင့်မောင်းလို့ရပါတယ်။ 


ဒါပေမယ့် မိုင်းဖြတ်ကနေ မိုင်းယောင်းသွားတဲ့လမ်းက ကျောက်ခင်းမြေလမ်းဆိုတော့ ဖုန်တစ်လုံးလုံးနဲ့မောင်းရပါတယ်။ 16 မိုင်လောက်ရောက်တော့ ပြည်ငြိမ်းအေးဆိုတဲ့ တောင်ပေါ် အာခါရွာတစ်ရွာရောက်ပါတယ်။  အဲဒီရွာကနေ ဂူရှိတဲ့နေရာကို လမ်းခွဲသွားရတာပါ။


နေပူနေပေမယ့် ချမ်းနေတုံးပါပဲ။
21.027598, 100.119640
ဒါက google က မပညပါ။
မိုင်းဖြတ်-မိုင်းယောင်းကားလမ်းကနေ ဂူကိုရောက်ဖို့ 7 ကီလိုမီတာလောက် မောင်းရပါတယ်။ အသွားလမ်းကတော့ အဆင်းတွေချည်းပဲ အတက်က ၂ တောင်လောက်ပဲရှိတယ်။



ရောက်သွားတော့ အဲမှာ မိုင်းလင်းဆရာတော်သီတင်းသုံးခဲ့တဲ့ကျောင်းနဲ့ ဆောက်လက်စ သိမ် တို့ကိုတွေ့ရပါတယ်။  အဲမှာပဲ နေ့လည်စာစားကြပါတယ်။ အဲဒီမှာ နေကြတဲ့ ရဟန်းနဲ့ ကိုရင်၊ အလုပ်သမားတွေအားလုံး သတ်သတ်လွတ်ပဲ စားသုံးကြပါတယ်။ ဘာအသားမှမပါပေမယ့် ဆာနေလို့လားမသိဘူး ထမင်း ၃ ပန်းကန်လောက် အသာလေးဝင်သွားတယ်။ :D
ဝင်ပေါက်ကတော့ မြင်တဲ့အတိုင်း လူတစ်ယောက် ၀င်သာရုံပါပဲ။ အထဲမှာတော့ ပွဲတောင်ကလို့ရတယ်လို့ ပြောလို့ရအောင်ကျယ်ပါတယ်။







  ထုလုပ်နေဆဲ လျောင်းတော်မူဘုရားကြီး

တင်ပလ္လင်ခွေရုပ်ထုတော်ကြီး (ပြီးခါနီးနေပါပြီ)
 မိုင်းလင်းဆရာတော်ရုပ်ထု

တချို့နေရာတွေက ကျောက်ဆောင်တွေနဲ့မို့ နည်းနည်း သွားရလာရ ခက်ပါတယ်။
များသာအားဖြင့်တော့ အဲလို မြေညီပြင်မှာပဲ သွားရတာများပါတယ်။

 အဲနားက ကျောက်ချပ်တွေကို တီးရင် မောင်းသံထွက်ပါတယ်။ ဒါကြောင့် ကျောက်မောင်းလို့ခေါ်ကြတယ်


 ကျောက်ညောင်ပင်
  ကျောက်ညောင်ပင်
 ဂူစောင့် ဘီလူးမတဲ့... ။ (သူတို့ပြောပြတာ..)
 အဲလို တရုတ်စာလည်း ဂူထဲမှာတွေ့ခဲ့ရတယ်။ အဲနေရာရောက်ဖို့ မိနစ် ၂၀ လောက်လျှောက်ရတယ်။
 ဒီနေရာကိုရောက်ဖို့ကတော့ မိနစ် ၄၅ - ၅၀ မိနစ်လောက်သွားရတယ်။ ကျွန်တော်တို့လည်း အဲနေရာထိပဲ ရောက်ခဲ့ပြီး ပြန်လှည့်ခဲ့ရတယ်။ အပြန်ခရီး အချိန်မမှီမှာစိုးလို့ပါ။

 ကျောက်ဗုံ (တီးရင် ခြောက်လုံးပတ်က ဗုံအသံတွေအတိုင်းပဲ)

တော်တော်ကျယ်ပြီး မြင့်တဲ့နေရာတစ်ခုပါ။
 ကျောက်ရေတံခွန်

 အဲလို ရွှေရောင် ကျောက်စက်ပန်းဆွဲတွေက ရေတွေ တစ်စက်စက် ကျနေတယ်...။




 အထဲမှာ အလင်းရောင်လုံးဝမရှိတော့ ဓာတ်ပုံတွေက သိပ်အားမရချင်ဘူး။ ကိုယ်မြင်ရတဲ့အတိုင်း ဓာတ်ပုံမှာ မပေါ်လွင်ဘူးဖြစ်နေတယ်။ အထဲမှာ လက်နှိပ်ဓာတ်မီးထိုးကြည့်ရင်း  ငေးပြီးသွားရတာ... အဲလောက်လှတယ်။ အချို့နေရာတွေက ပေ ၆၀ x ပေ၂၀၀ ၀န်းကျင်လောက်ကျယ်တယ်။ လမ်းခွဲတွေလည်း လေးငါးခုလောက်တွေ့ရတယ်။ လမ်းပြသာမပါရင် ပြန်ထွက်ဖို့မလွယ်ဘူး။
အဲဒီဂူရဲ့ အဆုံး(သို့) ထွက်ပေါက်ကို ခုချိန်ထိ ဘယ်သူမှ မရောက်ဖူးကြသေးဘူး။
            တချို့ အသွား(၆)နာရီ အပြန်(၆)နာရီသွားဖူးတယ်...။ တချို့ အသွားအပြန် (၃)ရက်သွားဖူးတယ်။ ဒါပေမယ့် အဆုံး(သို့) ထွက်ပေါက်ကိုမတွေ့ရသေးဘူး ဆက်သွားလို့ရနေသေးတယ်တဲ့။ ၀င်ပေါက်ကနေ (၃)နာရီလောက်သွားရင် စမ်းချောင်းတစ်ခု ရှိပါတယ်တဲ့။ ဒဏ္ဍာရီလို ပုံပြင်တွေလိုလို တွေလည်း အဲဒီဂူထဲမှာ ရှိပါတယ်တဲ့..။ တစ်ခါတစ်လေ ကလေးငိုသံ၊ ချော့သံ၊ စကားပြောသံ၊ ကြက်တွန်သံတွေ ကြားရတယ်လို့ အဲဒီမှာနေတဲ့ သူတစ်ယောက်ကပြောပြပါတယ်။
           တစ်လစာ ရိက္ခာနဲ့ မီး(အလင်းရောင်) ယူသွားနိုင်ရင်တော့ အဆုံးကိုသွားလို့ရောက်နိုင်တယ်လို့ လည်းဒေသခံတစ်ဦး ပြောပြပါတယ်။ ဒါလည်းသူ့အထင်ကိုပြောတာပါ..။ အထဲမှာ နန်းတော်သိုက်တစ်ခု ရှိပြီး ဘီလူးစောင့်တယ်လို့လည်းပြောကြပါသေးတယ်။ အထဲဝင်သွားလို့ အဲဒီ ရတနာပုံကြီးတွေ့ရင်  မယူခဲ့နဲ့တဲ့... ယူခဲ့ရင် ဂူထဲမှာ မျက်စိလည်ပြီး ပြန်ထွက်လို့မရတော့ဘူးလို့လည်းပြောကြပါသေးတယ်...။ တစ်ချို့ အဲလို ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ကြရတာတွေ လက်တွေ့ရှိပါတယ်လို့ ပြောပြပါတယ်။

ဒီပုံနှစ်ပုံက ဂူကနေပြန်တဲ့လမ်း မှာတွေ့ရတဲ့ စမ်းချောင်းပါပဲ။ အဲဒီချောင်းရေတွေ ကျောက်ဂူတစ်ခုထဲ စီးဝင်သွားပြီး ပြန်ထွက်တဲ့အပေါက်မတွေ့ရပါဘူး။

အဲလိုထူးဆန်းမှုတွေရှိတဲ့နေရာကို တစ်ခေါက်ထပ်သွားဖို့တော့ စိတ်ကူးရှိပါတယ်။ အကြောင်း ညီညွှတ်လို့ သွားဖို့ အခွင့်အရေးရမယ်ဆိုရင် မြေအောက်မှာသုံးတဲ့လိုအပ်တဲ့ ပစ္စည်းတွေယူပြီး သွားပါဦးမယ် .... :)။

PS; ခမ်းမအကျယ်ကြီးတွေ ရိုတ်ထားတဲ့ပုံတွေက ကင်မရာ flash အားနည်းလို့ မည်းမှောင်နေတာနဲ့ တင်တဲ့အထဲမပါတော့ပါ။