Tuesday, November 27, 2012

တန်ဆောင်မုန်းလပြည့်ညနဲ့ အတွေးတစ်စ

            အဇာတသတ်မင်း ဆိုသည်နှင့် လွန်စွာရက်စက်သော အဖသတ်မင်းအဖြစ် ငယ်ငယ်ကတည်းက ဘိုးဘွားများ ပြောသောရှေးစကား(အိပ်ယာဝင်ပြောသောပုံပြင်)ထဲတွင် တိတ်တခိုး ရွံမုန်းကြောက်လန့်ခဲ့သော သူတစ်ယောက်ဖြစ်ခဲ့သည်။
       အရွယ်ရောက်လို့ အိမ်ထောင်တွေကျပြီး ကလေးတွေရလာလို့ ကိုယ့်ကလေးနှာစီးလို့ အသက်မရှုနိုင်တဲ့အခါ နှာခေါင်းကို စုပ်ရတယ်လို့ ပြောကြတော့ ကိုယ့်ကလေး ကျပ်နေတာကို သနားလို့ သူ့နှာခေါင်းသေးသေးလေးကို စုပ်ပေးနိုင်ပေမယ့် ပါးစပ်ထဲရောက်လာတဲ့ နှပ်ချေးတွေကိုတော့ ပြန်ထွေးထုတ်ခဲ့တယ်။ အဲလို လုပ်မိတဲ့အခါတိုင်း ဗိမ္ဗိသာရမင်းကြီးကို သွားသတိရပြန်တယ်။ သူဆို တိုင်းပြည်ရဲ့ အရှင်သခင်တစ်ပါးဖြစ်နေတာတောင် သူ့သားငိုနေတာကို ကိုယ်တိုင်ချီပိုးပြီး ချော့တယ်၊ နောက် လက်မှာပေါက်နေတဲ့ ခူနာကို ပါးစပ်မှာ ငုံပြီး ပြည်ပေါက်တာတောင် ထွေးမပစ်ပဲ မြိုချတယ်တဲ့။ သားအပေါ်ထားတဲ့ မေတ္တာက ကြီးမားလွန်းနေတော့  ပြည် အရိအရွဲတွေကို ရွံ့စရာအဖြစ် (ဒေါမနဿ) အတွေးတောင်ပေါ်ချိန်မရဘူး။ အိပ်နေတဲ့ သားတော်လေး နိုးသွားလိမ့်မယ်။ ချမ်းချမ်းသာသာ ဆက်အိပ်ပါစေ ဆိုတဲ့ အတွေးနဲ့ မြိုချခဲ့တယ်။ (ကိုယ်တောင် သူ့လောက် သားသမီးကိုချစ်နိုင်ပါ့မလား?)
       နောက်အသက်တွေရလာလို့ ဘာသာရေးဖက်လိုက်စားပြန်တော့ ၀ိပဿနာအလုပ်စခန်းတွေဝင်ပြန်တော့ အဇာတသတ်မင်းအကြောင်း ဆရာတော်တွေ ဟောတာ နာကြားရပြန်တယ်။ အဇာတသတ်မင်းဟာ ဘ၀များစွာကဖြည့်လာတဲ့ ပါရမီတွေကြောင့် အခုလက်ရှိဘ၀မှာ အရိယာဖြစ်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးပါလာတယ်။  ဒါပေမယ့် ဆရာမှားနဲ့ လက်တွဲမိခဲ့လို့ အကျိုးယုတ်ခဲ့ရတယ်။
        အဖေကို သတ်ခဲ့မိလို့ နောင်တရတဲ့အချိန် ခုလို တန်ဆောင်မုန်းလပြည့်ညမှာပဲ ဘုရားရှင်ထံ သမားတော်ကြီး ဆရာဇီဝကရဲ့ အကူအညီနဲ့ ရောက်ရှိ ဖူးမြှော်ပြီး သူသိလို့တဲ့ "ရဟန်းပြုရတဲ့အကျိုး" ကို မေးလျှောက်ပါတယ်။ ဘုရားရှင်က သာမညဖလသုတ္တန်( ရဟန်းပြုရတဲ့ အကျိုး) ကိုဟောတော်မူပါတယ်။ အဲဒီအချိန်မှာ အဇတသတ်မင်းဟာ  အဲဒီ တရားအဆုံးမှာ သောတာပန် ဖြစ်နိုင်တဲ့ ပါရမီပါလာခဲ့ပေမယ့် ဖခင်ကိုသတ်ခဲ့တဲ့ကံ(ပီတုဂါတကကံ) ရှိနေလို့ သောတာပတ္တိမဂ်ဉာဏ်နဲ့ လွဲခဲ့ရပါတယ်။

            ပါရမီတွေပါလာခဲ့ပေမယ့် ပါပမိတ္တလို့ ဆိုတဲ့ မကောင်းတဲ့ဆရာသမား၊ မိတ်ဆွေနဲ့ ပေါင်းသင်းမိရင် အဲဒီပါရမီက အကျိုးပေးလို့မရတော့ဘူး။ ဆိုတော့ကာ လက်ရှိမှာ ဆရာသမားကောင်းနဲ့လည်းတွေ့ဖို့ လိုသလို ကိုယ်တိုင်လည်း လုပ်မှ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိနိုင်မယ်လို့ တွေးမိပြန်တယ်။ ပါရမီချည်းလည်း အားကိုးလို့မရဘူးလို့ ပြောချင်တာပါ။


Friday, November 16, 2012

ကထိန စီဝရံ

ကထိန်ကပ်လှူခြင်းနှင့် အကျိုးတို့ကို မုဒုံဆရာတော်ကြီးရေးသားတော်မူတဲ့အတိုင်း မျှဝေပါတယ်...။


ကထိန် နီးလာပြီဖြစ်တော့ ကထိန်သင်္ကန်း အလှူရှင်များ သဒ္ဓါတရား တိုးပွားစေရန် ရည်ရွယ်ပြီး
ကထိန်သင်္ကန်း ဖြစ်ပေါ်လာပုံနဲ့ ကထိန်သင်္ကန်းသည် ရဟန်းတော်တို့အဖို့ အလွန်အရေးပါ  အရာရောက်၍
ကောင်းကျိုးချမ်းသာရပုံ အလှူရှင်များအတွက်လဲ တူသောအကျိုးများကို ခံစားရပုံများ တင်ပြပေးလိုပါတယ်။

“အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”(၀ိနယ-ပါဠိတော်)

“ရဟန်းတို့ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ၀ါဆို၍ သီတင်းကျွတ်လပြည့်နေ့ ပ၀ါရဏာပြုပြီူးလျှင် ၀ါမှ
ထတော်မူကြသော ရဟန်းတော်တို့အား အာနိသင်ငါးဝ အကျိုးရသည့် ကထိန်သင်္ကန်း အလှူတော်ကို ငါဘုရား
ခွင့်ပြုတော်မူသည်” ဟု ဘုရားအဖြစ်သို့ ရောက်တော်မူလို့ (၁၄)၀ါမြောက် သာဝတ္တိပြည်
ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူခိုက်မှာ ခွင့်ပြုတော်မူခဲ့ပါတယ်။
ကထိန်သင်္ကန်း ခွင့်ပြုတော်မူခြင်းဟာ အကြောင်းမဲ့မဟုတ်ပါဘူး၊ ပါဝေယျက အမည်ရတဲ့ ရဟန်းတော်
သုံးကျိပ်တို့သည် ခြောက်ယူဇနာ ကွာဝေးတဲ့နေရာမှ မြတ်စွာဘုရား သီတင်းသုံးတော်မူတဲ့  သာဝတ္ထိပြည်သို့
ရွံ့တွေညွံတွေ ရေတွေထဲမှာ ဖြတ်သန်းလာခဲ့ကြရတယ်၊ အထပ်ထပ်ချုပ်စပ်ထားတဲ့ ပံ့သကူသင်္ကန်းတွေက
ရေတွေစိုလို့ ဖိုသီဖတ်သီနဲ့ ပင်းပန်းကြီးစွာ ဘုရားထံလာကြတဲ့ ရဟန်းတော် သုံးကျိပ်ရဲ့ပင်ပန်းဆင်းရဲမှုကို
သိတော်မူ မြင်တော်မူလို့ ဘုရားရှင်က ကရုဏာကြီးစွာ ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူတာပါ။
မြတ်စွာဘုရားရှင် ရွှေလက်ထက်တော် အခါတုံးက ရဟန်းတော်တွေဟာ ၀ါဆိုရန် နီးကပ်လာ ပြီဆိုရင်
ဘယ်အရပ်မှာပဲနေနေ မြတ်စွာဘုရားရှင် ရှိတော်မူရာကို လာရောက်ဖူးမျှော် ကန်တော့ခြင်းအလေ့
ရှိကြပါတယ်။ မြတ်စွာဘုရားရှင်နဲ့ ၀ါတွင်းလေးလ ကာလပတ်လုံး ကင်းကွာ နေကြရမှာဖြစ်လို့ မြတ်စွာဘုရားထံ
လာရောက်ဖူးမြော် လိုသူတို့ကဖူးမြော် - ကမ္မဋ္ဌာန်း တောင်းလိုသူတို့က ကမ္မဋ္ဌာန်းတရား တောင်းကြဖို့ပါပဲ။
မြတ်စွာဘုရားရှင်က သင့်လျော်တဲ့သြ၀ါဒ ပေးသင့်သူကို သြ၀ါဒပေး- ကမ္မဋ္ဌာန်းတရား ပေးသင့်သူကို ကမ္မဋ္ဌာန်း
ပေးတော်မူပါတယ်။ ဒီလို ဆောင်ရွက်မှုကို ပြုတော်မူကြပြီးမှ မိမိတို့ဆိုင်ရာ ၀ါဆို  ၀ါကပ်မူကြမည့်
ဝါဆိုကျောင်းရှိရာသို့ ကြွရောက် ၀ါကပ်တော်မူလေ့ ရှိကြပါတယ်။
သီတင်းကျွတ်လို့ ပ၀ါရဏာ ပြုပြီးပြီဆိုတော့လဲ ဒီလိုပါပဲ မြတ်စွာဘုရားရှင် သီသင်းသုံး နေထိုင်တော်မူရာသို့
လာရောက်ဖူးမြော် ကန်တော့လေ့ ရှိကြပြန်ပါတယ်။ သီတင်းဝါလ ကျွတ်တဲ့အခါ လာရောက်ဖူးမြော်
ကန်တော့ကြတာကတော့ မိမိတို့ ၀ါတွင်းလေးလ ကာလပတ်လုံး နေထိုင်ကျင့်သုံး ခဲ့ကြရတဲ့
အကြောင်းအရာနဲ့တကွ အားထုတ်ရှုမှတ် ပွားများခဲ့ကြတဲ့ ကမ္မဋ္ဌာန်းတရားများကို လျှောက်ကြားကြရန်
ဖြစ်ပါတယ်။ ယခု ကထိန်ခွင့်ပြုရန် ဖြစ်ပေါ်လာခဲ့ရတဲ့ ပါဝေယျက ရဟန်းတော် သုံးကျိပ်မှာလဲ ဒီလိုပါပဲ
သီတင်းဝါလကျွတ်လို့ ဘုရားရှင်ထံ ဖူးမြော်ကန်တော့ရန် ရောက်လာကြတဲ့အခါ ဆင်းရဲပင်ပန်းစွာ
လာကြရတာကို ဘုရားရှင် သိတော်မူလို့ ထိုရဟန်းတော်တို့အား သနားခြင်း ကရုဏာကြီးစွာ ဖြစ်တော်မူသဖြင့်
အနာဂါတ် သာသနာမှာ ရဟန်းတော်များ သင်္ကန်းနှင့်ဆက်စပ်၍ ပင်ပန်းမှု မဖြစ်ကြရလေအောင် ချမ်းသာမည့်
နည်းလမ်းကို ဘုရားရှင် ဆင်ခြင်တော်မူတဲ့အခါ အာနိသင်ငါးပါး အကျိုးရနိုင်မည့် ကထိန်ကို ခွင့်ပြုလျှင်ဖြင့်
ချမ်းသာကြမည်ကို မြင်တော်မူပါတယ်။ ရှေးဘုရားရှင်တို့ ဒီလိုကထိန် ခွင့်ပြုရိုးရှိ- မရှိကို ဆင်ခြင်တော်
မူပြန်တဲ့အခါ ရှေးရှေးဘုရားရှင် တို့သည်လဲ ခွင့်ပြုတော်မူရိုး ရှိတာကို မြင်တော်မူတဲ့အတိုင်း “ အနုဇာနာမိ
ဘိက္ခဝေ” စတဲ့ အထက်မှာ ပြဆိုခဲ့တဲ့အတိုင်း ခွင့်ပြုချက် အမိန့်တော်ကို မိန့်ဆိုပညတ်တော်မူခဲ့ပြီး
ရဟန်းတော်များ ရရှိနိုင်တဲ့ ကထိန်အာနိသင် ငါးပါးကို ထိုရဟန်းတော် သုံးကျိပ်  အကြောင်းပြု၍
ဟောကြားတော် မူခဲ့ပါတယ်။

“အတ္ထတ ကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စ ကပ္ပိဿန္တိ၊ အနာမန္တစာရော အသမာဒါနစာရော  ဂဏဘောဇနံ
ယာဝဒတ္တစီဝရံ ယောစတတ္ထ စီဝရုပ္ပါဒေါ ၊ သော နေသံ ဘ၀ိဿတီတိ၊ အတ္ထတ ကထိနာနံ ဝေါ ဘိက္ခဝေ
ဣမာနိ ပဉ္စ ကပ္ပိဿန္တိ” (၀ိနယ-ပါဠိတော်)


ဒါကတော့ ဘုရားဟောပါဠိတော်ကို ကြည်ညိုရအောင်
ဖေါ်ပြပေးတာပါ။
မြန်မာပြန်ကတော့….. ကထိန်သင်္ကန်း အလှူခံပြီး ကထိန်ခင်းတဲ့ ရဟန်းတော်တို့ ရအပ်တဲ့ ကထိန်အကျိုး
ငါးပါးဆိုတာ…
(၁) ဘောဇဉ်ဖြင့် ပင့်ဖိတ်သည်ကို လက္ခံထားသော ရဟန်းတော်တို့မှာ ထင်ရှားသော ရဟန်းအား
ပန်ကြားပြီးမှသာ တစ်ခြားသော ဒါယကာအိမ်သို့ သွားလိုက သွားရတယ်၊ မပန်ကြားပဲသွားရင် စာရိတ္တ
သိက္ခာပုဒ်အရ အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် ပန်ကြားစရာ မလိုပဲ သွားလိုရာကို
လွတ်လွတ်လပ်လပ် သွားခွင့်ရသွားတယ်၊ အပြစ်မသင့်တော့ဘူး။ (လွတ်လပ်စွာ သွားနိုင်တဲ့ အကျိုးတစ်ခုပေါ့)။
(၂) တိစီဝရိတ် (အပေါ်ရုံသင်္ကန်း+ခါးဝတ်သင်္ကန်း+ နှစ်ထပ်သင်္ကန်း) ဓူတင်ဆောင်ထားတဲ့ ရဟန်းတော်တို့မှာ
ထိုသင်္ကန်း သုံးထည်တို့တွင် တစ်ထည်နဲ့မှ ညဥ့်ကင်းပြီး မနေကောင်းဘူး၊ တစ်ထည်ထည်နဲ့  ညဥ့်ကင်းသွားရင်
ဒုတိယ ကထိနသိက္ခာပုဒ်အရ အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် ဘယ်သင်္ကန်းနဲ့
ညဥ့်ကင်းကင်း အပြစ်မရှိတော့ဘူး။ (ပေါ့ပေါ့ပါးပါး နေနိုင်သွားနိုင်တဲ့ အကျိုးတစ်ခုပေါ့)။
(၃) မပင့်ဖိတ်တတ်တဲ့ ဒါယကာက အရှင်ဘုရား ထမင်းစားကြွပါ၊ မုန့်စားကြွပါ..  စသည်ဖြင့် ဘောဇဉ်အမည်နဲ့
ပင့်ဖိတ်ရင် လေးပါး လေးပါးထက်အလွန် တစ်ပေါင်းတည်း သုံးဆောင်က ဂဏဘောဇန သိက္ခာပုဒ်အရ
အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် ဘယ်လိုပြောပင့်ပင့် စားနိုင်တယ် အပြစ်မရှိဘူး
(အပြစ်မရှိတဲ့- ဘေးကင်းတဲ့ အကျိုးတစ်ခုပေါ့)။
(၄) မိမိ ရထားတဲ့သင်္ကန်းကို အဓိဋ္ဌာန်+ ၀ိကပ္ပနာ မပြုပဲ ဆယ်ရက်ထက်လွန်ပြီး မထားအပ်ဘူး။ ထားခဲ့ရင်
ပထမ ကထိနသိက္ခာပုဒ်အရ အာပတ်သင့်တယ်။ ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင်တော့ သင်္ကန်း
ရပြီးတဲ့နောက် ငါးလအတွင်း အဓိဋ္ဌာန်+၀ိကပ္ပနာ မပြုပဲ ထားခွင့်ရှိတယ်၊ အပြစ်မသင့်ဘူး (ကိုယ့်ပစ္စည်းကို
လွတ်လပ်စွာ သိမ်းထားပိုင်ခွင့် အကျိုးတစ်ခုပေါ့)။
(၅) “သံဃဿဒေမ” လို့ဆိုပြီး သံဃာအား လှူဒါန်းသော အပ်စပ်သည့် ပစ္စည်းလေးပါး, နှုတ်မှရွတ်ဆိုခြင်း
မပြုသော်လဲ လှူသူ၏ စိတ်ထဲမှာ သံဃာအား ညွတ်ပြီး လှူဒါန်းသော အပ်စပ်သောပစ္စည်း, အတူနေ
ပျံလွန်တော်မူသော ရဟန်း၏ မတက ပစ္စည်း, ကထိန်ခေတ်အတွင်း ကျောင်းအသုံး အဆောင်ပစ္စည်းအဖြစ်
လှူဒါန်းသော အပ်စပ်သော ပစ္စည်းများကို ကထိန်ခင်းထားတဲ့ ရဟန်းဆိုရင် အလိုလို ပိုင်ဆိုင်ခွင့်
ရသွားပါတယ်။ (ဖြစ်ပေါ်လာသော ပစ္စည်းမှန်သမျှ ရပိုင်သည့် အကျိုးတစ်ခုပေါ့)။
ယခုပြဆိုခဲ့တဲ့ အကျိုးငါးပါးသည် ကထိန်သင်္ကန်း အလှူခံရပြီး ကထိန်ခင်းသော ရဟန်းတော်များ ရအပ်သော
အကျိုးတွေပဲ ဖြစ်ပါတယ်။ ကထိန်သင်္ကန်း လှူဒါန်းသူ ဒါယကာတို့ အဖို့မှာလဲ “သုတ္တာနုလောမ” ဒေသနာအရ
ရဟန်းတော်များ ရတဲ့အတိုင်း တူသောအကျိုးငါးပါးကို ရနိုင်ပါတယ်။ ဒီနေရာမှာ ကထိန်ဆိုတာ ဒါယကာက
ခင်းရတာမဟုတ်ပဲ ရဟန်းကသာ ခင်းရတာပါ။ အချို့က ကထိန်ခင်းတယ်ဆိုတာ ဒါယကာတွေက
ခင်းရတယ်လို့ သင်္ကန်းလှူရတာကိုပင် ကထိန်ခင်းတာပဲလို့ ထင်မှတ် နေတတ်ကြပါတယ်။ ဒါယကာတွေက
ကထိန်သင်္ကန်းကိုပဲ ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် လှူဒါန်းပေးရုံ သက်သက်ပါ။ဒါယကာတွေ
လှူထားတဲ့ သင်္ကန်းထဲက များရင်လဲ တစ်ထည်ပဲ၊ နည်းရင်လဲ တစ်ထည်ပဲ၊ နည်းနည်းများများ တစ်ထည်ပဲ
ခင်းရတာပါ။ တထည်ရရင်ကိုပဲ ကထိန်ခင်းနိုင်နေပါပြီ။ ခင်းးပုံခင်းနည်းတွေကိုတော့  မပြောတော့ပါဘူး၊
မှတ်သားရတာ ရှုပ်ထွေးကုန်မှာ စိုးရပါတယ်။ ဒါက ရဟန်းတော်များနဲ့သာ ဆိုင်တာမို့ ထားခဲ့ပါမယ်။
အဲဒါကြောင့် ကထိန်သင်္ကန်းဆိုတာ အခြားသော အချိန်တွေမှာ ပေးလှူကြသည့် သင်္ကန်းအလှူ အကျိုးတို့ထက်
အဆပေါင်းများစွာ သာလွန်လှပါတယ်။ အခြားသော အချိန်မှာ ပေးလှူကြသည့် သင်္ကန်းတို့သည်
လှူဒါန်းသူတို့အတွက် ကောင်းကျိုး ကုသိုလ်ရလျက် အလှူခံ ရဟန်းတော်တို့မှာ ချမ်းသာစွာ ၀တ်ရရုံမျှသာ
အကျိုးရှိပါတယ်၊ သင်္ကန်း အကျိုးကို ထူးထူးခြားခြား မရနိုင်ပါဘူး။ အလှူရှင်တို့၏ မျက်မှောက်ဘ၀နှင့်
သံသရာဘ၀ အဆက်ဆက် ကောင်းကျိုးတွေ ဆက်နိုင်ဖို့ သင်္ကန်းအလှူ သက်သက်မျှသာ ဖြစ်ပါတယ်။ ယခု
ပြောနေတဲ့ ကထိန်သင်္ကန်းမှာကတော့ အဲဒီအကျိုးလောက်သာ မဟုတ်ပါဘူး၊ သင်္ကန်းကို  အလှူခံရတဲ့
ရဟန်းတော်များကို အကျိုးတရား အထူးတွေရနိုင်ဖို့ အဓိကထား လှူကြရတာပါ။ ဘယ်လိုပုံစံ မျိုးနဲ့မှ
ပေးလို့မရတဲ့၊ လှူလို့မရတဲ့… နားလည်လွယ်အောင် ပြောရရင်.. တန်ခိုးဣဒ္ဓိပါတ် ပြည့်စုံကြတဲ့ နတ်တွေ
ဗြဟ္မာတွေနှင့် ဘုရာရှင်တို့သည်ပင် မပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေရဖို့ ပေးလှူကြရတာ ဖြစ်တယ်ဆိုတာ
နားလည်ကြဖို့ပါ။ ထူးခြားသော အကျိုးငါးပါး ရရှိတဲ့သင်္ကန်း အလှူဖြစ်ပါတယ်။ ပေးလှူသူ ဒါယကာတို့မှာလဲ
သင်္ကန်းအလှူ အကျိုးတွေနဲ့အတူ ရဟန်းတော်များ ရအပ်တဲ့ အကျိုးငါးပါးလဲ ရကြတာဖြစ်လို့
ထူးခြားမြင့်မြတ်တဲ့ သင်္ကန်းအလှူလို့ ဆိုရမှာဖြစ်ပါတယ်။

 ကျောင်းအလှူမှာ “သိမ်”သင်္ကန်းအလှူမှာ
“ကထိန်”
ဆိုတဲ့ ရှေးဆရာ အရှင်သူမြတ်တို့ မိန့်ဆိုခဲ့ကြတဲ့ မှတ်သားစရာ သင်္ကန်းအလှူတော် ဖြစ်ကြောင်းကို
တင်ပြပေးလိုက်ပါတယ်။
မုဒုံဆရာတော်