Monday, October 24, 2011

အနာထပိဏ်သူဌေးကြီးအကြောင်း

          အနာထပိဏ်သူဌေးကြီးသည် သာဝတ္ထိပြည်က သုမနသူဌေးကြီးရဲ့သားဖြစ်ပါတယ်။ ငယ်နာမည်မှာ သုဒတ္တဟု ခေါ်ပါတယ်။ ဒါပေမယ့် ငယ်စဉ်ကပင် အားကိုးရာမဲ့ ဆင်းရဲနွမ်းပါးသူတို့အား လွန်စွာပေးကမ်းစွန့်ကျဲတတ်သောကြောင့် "အနာထပိဏ်သူဌေး" ဆိုတဲ့ အမည်နာမသာ တွင်ခဲ့ပါတယ်။အနာထပိဏ်သူဌေးကြီးဟာ ရာဇဂြိုဟ်သူဌေးကြီးနဲ့ မောင်လှယ် နှမလှယ်တော်စပ်ကြပါတယ်။ မောင်လှယ် နှမလှယ်ဆိုတာကတော့ အနာထပိဏ်သူဌေးက ရာဇဂြိုဟ်သူဌေးရဲ့ နှမကိုယူထားတယ်။ ရာဇဂြိုဟ်သူဌေးကလည်း အနာထပိဏ်သူဌေးရဲ့ နှမကို ယူထားတယ်။ ဒါကို မောင်လှယ် နှမလှယ်လို့ ဆိုပါတယ်။ အနာထပိဏ်သူဌေးကလည်း သူ့မြို့မှာရှိတဲ့ ကုန်တွေကို ရာဇဂြိုလ်သူဌေးထံ ယူလာပြီးရောင်းချတယ်။ ရာဇဂြိုဟ်သူဌေးကလည်း သူ့မှာရှိတဲ့ကုန်ပစ္စည်းတွေကို အနာထပိဏ်သူဌေးရဲ့ သာဝတ္ထိမြို့မှာယူလာပြီးရောင်းချတယ်။
       တနေ့တော့ အနာထပိဏ်သူဌေးဟာ ကုန်တွေကိုယူပြီး ရာဇဂြိုဟ်မှာရောင်းဖို့လာတယ်။ ခါတိုင်း အနာထပိဏ်သူဌေးလာတယ်ဆိုရင် ရာဇဂြိုဟ်သူဌေးက ထွက်ပြီးကြိုနေကျ၊ ဒီနေ့ကျတော့မှ ထွက်မကြိုပဲ သူ့အိမ်မှာရှိတဲ့သူတွေကို " ထမင်းတွေချက်ကြဟဲ့၊ ဟင်းတွေချက်ကြဟဲ့ "  နဲ့ ခိုင်းစေနေတာကို အနာထပိဏ်သူဌေးက အိမ်ရှေ့ကနေကြားရတယ်။ ကြားရတော့ "ဒီသူဌေးဟာ ခါတိုင်း ငါလာတယ်ဆိုရင် ထွက်ပြီးကြိုနေကျ ဒီနေ့ ထွက်မကြိုပါလား၊ ဧကန္တ ဒီသူဌေးမှာ အာဝါဟ ၀ိဝါဟ မင်္ဂလာများရှိနေလို့လား၊  ဒါမှမဟုတ် ဗိမ္ဗိသာရမင်းကြီးနဲ့စစ်သည်တော်တွေကိုများ ထမင်းဖိတ်ကျွေးမလို့လား" နဲ့ တွေးပြီး အိမ်ထဲဝင်သွားပါတယ်။
        ဒီတော့မှ ရာဇဂြိုဟ်သူဌေးကလဲ ထွက်ပြီး ခရီးဦးကြိုဆိုမှုပြုနိုင်တယ်။ အနာထပိဏ်သူဌေးကလည်း ခုနက သူ့စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်တယ်။ ဒီတော့ ရာဇဂြိုဟ်သူဌေးက မဟုတ်တဲ့အကြောင်း၊ ဗုဒ္ဓမြတ်စွာအမှူးရှိသော သံဃာတော်တွေကို ဆွမ်းကပ်မည့်အကြောင်းပြောပြလိုက်တော့ အနာထပိဏ်သူဌေးဟာ မေ့သွားတယ်။
နောက်သတိပြန်ရပြီး "နေစမ်းပါဦး သူဌေးကြီး၊ ခုနက သင်ဘာပြောလိုက်တာလဲ" လို့ ထပ်မေးတဲ့အခါ ရာဇဂြိုဟ်သူဌေးကလည်း "ဗုဒ္ဓ" လို့ပြောလိုက်ပါတယ်။ တစ်ခါ ထပ်မေ့သွားပြန်တယ်။ သုံးကြိမ်သုံးခါတိုင်အောင် မေ့သွားပြီးတော့မှ ပြန်သတိရတဲ့အချိန်မှာ-
"အဲဒီ ဗုဒ္ဓထံ ကျုပ်သွားချင်ပါတယ်။"
လို့ ပြောတော့ -
"အခုတော့ အချိန်မဟုတ်သေးဘူး၊ မနက်ဖြန်ဆိုရင် ဗုဒ္ဓမြတ်စွာ ကြွလာပါလိမ့်မယ်။၊ အဲဒီကျမှ ဖူးမြော်ပါ " လို့ပြောလိုက်တယ်။
       အနာထပိဏ်သူဌေးကြီးဟာ ဘုရားဆိုတဲ့ အသံကိုကြားတဲ့အချိန်ကစပြီး (အာရမ္မဏပစ္စည်း) အဲဒီ အာရုံနဲ့နေလိုက်တာ တစ်ညလုံးပဲ၊ ဒီလိုဘုရားအာရုံ ကြပ်ကြပ်ထုံလာတော့(အာသေ၀နပစ္စည်း) ခန္ဓာကိုယ်က အရောင်အ၀ါတွေ ထွက်လာတယ်။ ပထမညဥ့်ဦးယံမှာ ခန္ဓာကိုယ်က အရောင်အ၀ါတွေထွက်လာတော့ မိုးလင်းပြီးအထင်နဲ့ ထလိုက်တာ အပြင်ဘက်ထွက်ကြည့်တော့မှ စောနေသေးမှန်းသိလို့ အခန်းထဲ ပြန်အိပ်ပြန်တယ်။ နောက် အရုဏ်မတက်ခင် တစ်ခါနိုးလို့ကြည့်လိုက်တော့ အလင်းရောင်တွေက ထွက်နေပြန်တယ်။ ဒီတစ်ခါကျတော့ မိုးလင်းပြီးဆိုပြီး ထသွားတယ်။
        ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီး တဖြည်းဖြည်းနဲ့သွားလိုက်တာ မြို့တံခါးရောက်သွားတယ်၊ မြို့တံခါးစောင့်နတ်တွေကလည်း တံခါးတွေဖွင့်ပေးကြတယ်။ မြို့ပြင်ရောက်တော့ သူသေအလောင်းတွေကို တက်နင်းမိတယ်။ (ရှေးခေတ် အိန္ဒိယထုံးစံက အလောင်းကို မြေမမြှုပ်ပဲ မြို့ပြင်မှာပဲ ပစ်ထားလေ့ရှိတယ်။) ဒီလိုအလောင်းကိုတက်နင်းမိတော့ လန့်သွားပြီး ကိုယ်ရောင်ကိုယ်ဝါတွေလည်း ပျောက်ကုန်တယ်။ ဒီတော့ သုသာန်စောင့်နတ်က "သတံ ဟတ္ထီ သတံ အဿာ ...." အစရှိတဲ့ ဂါထာနဲ့ အားပေးပါတယ်။
      "သူဌေးကြီး ... ရှေ့ကိုသာ တိုးသွား၊ ရှေ့ကိုသာတိုးသွား၊ သင့်ရဲ့သွားခြင်းဟာ တန်ဖိုးမဖြတ်နိုင်ဘူး၊ ဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ အဿထိုရ်မြင်းတစ်သိန်း ကယှဉ်ထားတဲ့ ရထားပေါ်မှာ တန်ဆာဆင်ထားတဲ့ အမျိုးသမီးတစ်သိန်းတို့ရဲ့ တန်ဖိုးနဲ့ သင်သူဌေးကြီး ဘုရားထံသွားတဲ့ ခြေတစ်လှမ်းလောက် တန်ဖိုးမရှိပါဘူး" လို့ပြောတော့မှ သူဌေးကြီးလည်း တစ်ဖန်အားတက်ပြီး ရှေ့ကိုဆက်သွားပြန်တယ်။ ဒီပဲ သုံးကြိမ်သုံးခါတိတိဖြစ်ပြီး သွားလိုက်တာ မိုးလင်းသွားတယ်။
      ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီးဟာ ဘုရားနဲ့ မလှမ်းမကမ်းရောက်သွားတယ်။ ဒါပေမယ့် ဘုရားဆိုတိုင်း မယုံသေးတော့ သူစဉ်းစားပါတယ်။ ဘယ်လိုစဉ်စားသလဲဆိုတော့ ဧကန္တ ဘုရားဆိုရင် ငါ့ရဲ့နာမည်အရင်းဟာ သုဒတ္တ၊ ငါ့နာမည်ကို ငါ့မိဘမှတစ်ပါး ဘယ်သူမှမသိကြဘူး၊ ငါ့နာမည်အရင်ကို ဧကန်ဒိဋ္ဌသိရင်တော့ တကယ့်ဘုရားပဲလို့ တွေးပြီးသွားတယ်။
       မြတ်စွာဘုရားရှင်လည်း သိတော်မူတာနဲ့ "ဧဟိ သုဒတ္တ (သုဒတ္တ လာခဲ့၊ သုဒတ္ထ လာခဲ့) " လို့ခေါ်တော်မူတော့ သူဟာ ၀မ်းမြောက်ဝမ်းသာနဲ့ ဘုရားခြေတော်ရင်းမှာ သွားပြီး ၀တ်ချတယ်။ မြတ်စွာဘုရားတရားဟောလိုက်တော့ သောတာပန်ဖြစ်သွားတယ်။  လောကုတ္တရာရတနာကို ပိုင်ဆိုင်သွားတာပါ။ ဘယ်တော့မှ မပျောက်ပျက်တော့ပါဘူး။
        သာသနာကိုလည်း အထူးထောက်ပံ့ချီးမြောက်ပါတော့တယ်။ မြတ်စွာဘုရားကို (၅၄)ကုဋေတန်သော ဇေတ၀န်ကျောင်းတော်ကိုဆောက်လုပ် လှူဒါန်းပါတယ်။ ကျောင်းရေစက်ချပွဲကို သုံးလတိုင်တိုင် (၁၈)ကုဋေအကုန်အကျခံလှူကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် နေ့စဉ် -
၁။ စာရေးတံဆွမ်း ငါးရာ
၂။ လဆန်းလဆုပ်တို့၌ အထူးဝတ်ထား၍လှူသော ပက္ခိကဆွမ်းငါးရာ
၃။ စာရေးတံ ယာဂုဆွမ်း ငါးရာ
၎။ လဆန်းလဆုပ်တို့၌ အထူးဝတ်ထား၍လှူသော ပက္ခိကယာဂုဆွမ်းငါးရာ
၅။ ပုဂ္ဂလိက နိစ္စဘတ်ဆွမ်း ငါးရာ
၆။ အာဂန္တဆွမ်းငါးရာ
၇။ ဂမိကဆွမ်းငါးရာ
၈။ ဂိလာနဆွမ်းငါးရာ
၉။ ဂိလာနုပဋ္ဌကဆွမ်းငါးရာ
၁၀။ နေကထိုင်ငါးရာ............... စသည်တို့ဖြစ်ပါသည်။
        ထို့ကြောင့် မြတ်စွာဘုရားရှင်က လှူဒါန်းပေးကမ်းစွန့်ကြဲခြင်းအရာ၌ မွေ့လျော်ကြသည့် ငါဘုရား၏ ဥပါသကာတို့တွင် အနာထပဏ္ဍိက အမည်ရသော သုဒတ္တသည် အသာလွန်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်မိန့်ကြားတော်မူခဲ့ပါသည်။

Friday, October 21, 2011

အစစ်ကို ဘာကွယ်နေသလဲ?

         ရှေးလူကြီးတွေက ဘုန်းကြီးကိုပြောဖူးတယ်။
ဘုရားအစစ်ကို ဆင်းတုတော်တွေက ဖုံးနေတယ်။
တရားအစစ်ကို အချို့ တရားဟောဓမ္မကထိကတွေနဲ့ ကျမ်းစာတွေက ဖုံးနေတယ်။
သံဃာအစစ်ကို တို့ ဘုန်းကြီးတွေက ဖုံးနေတယ်။ ... တဲ့။
          ဘုန်းကြီးက ဒါတွေကို ကိုးကွယ်လို့ အပြစ်ရှိတယ်လို့ မဆိုလိုပါဘူး၊ အစစ်ကိုရောက်အောင် အာရုံမပြုနိုင်လို့ ပြောတာပါ။ အစစ်ကို အာရုံမရောက်တော့ အကျိုးပေးနည်းတာပေါ့။ နောင်လာမယ့်နှစ် ကလေးတွေက ဘာသာကိုမယုံတာက အစစ်အမှန်ကို မတွေ့ရလို့ မယုံတာ၊ အစစ်အမှန်ကို တွေ့ဖို့ကလဲ အဖိုးအဖွားတွေက အရေးကြီးတယ်။
          တစ်ခါက ဇာတ်ပွဲတစ်ခုထဲမှာ လူတစ်ယောက်က ရသေ့လိုဝတ်ပြီး တပည့်တစ်ယောက်နဲ့ ထွက်ခဲ့ရာ ဆိုင်းကတီးတော့ ရသေ့ကြီးကွေးနေအောင်က ပြီး မောတော့ ကုလားထိုင်ပေါ်ပစ်ထိုင်လိုက်တယ်။ နောက်တပည့်က "တို့ဆရာကြီး ဒါလောက်တောင် ကြိုးစားတာ ဈာန်မဂ်ဖိုလ် မရတာ နာလိုက်လေကွာ " တဲ့။
 အခုလည်း တို့ သာသနာကို ဘာသာခြားတွေက မဖျက်ပါဘူး၊ တို့ ဗုဒ္ဓဘာသာဝင်တွေကပဲ ဖျက်နေတာ၊ မပျက်လို့တော်သေးတာပေါ့၊ သာသနာ ဘာသာဆိုတာ တို့က အချိုးမကျရင် ပျက်တော့မှာ၊ ဘုန်းကြီးက ဒါကြောင့် ပြောနေတာ၊ ဘုန်းကြီးကလည်း ကိုယ်တော်တို့စိတ် မသိ၊ ကိုယ်တော်တို့ကလဲ ငိုက်ချင်သလို ငိုက်နေကြ၊ မသိ, မသိချင်းဆိုတော့ ဘာမှ မဖြစ်ဘူးပေါ့။
(တောင်မြို့ မဟာဂန္ဓာရုံဆရာတော်)

Friday, October 7, 2011

မေတ္တာသုတ် သမိုင်း

 မေတ္တာသုတ် ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို မသိသေးသူများသိရှိနိုင်ပါစေခြင်းအကျိုးငှာ...

         သာဝတ္ထိပြည် ၊ ဇေတ၀န်ကျောင်းတွင် ဂေါတမမြတ်စွာဘုရား သီတင်းသုံးနေစဉ် (၅၀၀)သော ရဟန်းအစု တစ်စုသည် ၀ါဝင်ခါနီးကာလ၌ မြတ်စွာဘုရားရှင်အား ဖူးမြော်ရှိခိုး၍ တရားအားထုတ်နည်းများ လျှောက်ထားတောင်းယူကာ တောအုပ်တစ်ခုတွင် ကမ္မဋ္ဌာန်းတရားအားထုတ်ကြလေသည်။
       ရဟန်းတော်များသည် တောအုပ်အနီး ရွားများတွင် နံက်ဆွမ်းခံပြီး ညအခါ တောအုပ်အတွင်းရှိ သစ်ပင်ကြီး များကိုမှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး တရားကျင့်တော်မူကြလေ၏။ ထိုအချိန်တွင် သစ်ပင်ပေါ်မှ ရုက္ခစိုးများသည် ရဟန်းတော်များ၏ အထက်တွင် မနေ၀ံ့ကြသဖြင့် မြေပြင်တွင်ဆင်း၍ ဒုက္ခခံကာ နေထိုင်ကြရလေသည်။
      အချို့ရုက္ခစိုးများမှာ ကလေးငယ်များရှိကြသဖြင့် ရဟန်းတော်များ တစ်နေ့ပြန်နိုး တစ်ရက်ပြန်နိုးဖြင့် စောင့်စားပါသော်လည်း မပြန်ကြသဖြင့် အချင်ချင်း ညှိနှိုင်းကာ ငါးရာသောရဟန်းတို့ ကြောက်လန့် ထွက်ပြေးစေရန် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီးသဏ္ဍာန်ပြ၍၄င်း၊ ထိတ်လန့်ဖွယ်ရာ အသံနက် အသံဆိုးကြီးများပြု၍၄င်း၊ စက်ဆုပ်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့်၎င်း ခြောက်လှန့် ကြလေသည်။
      ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရသည်ဖြစ်ရာ ကမ္မဋ္ဌာန်း ဘာဝနာကို အားထုတ်ရာတွင် သမာဓိမရသည့်အပြင် ကြောက်လန့်ကြ၍ ခေါင်းဆောင်မထေရ်ကြီးအား အသိပေးလျှောက်ထားကာ မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ကြလေသည်။
        ဘုရားရှင်ရှေ့မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းအရာများကို လျှောက်ထားသည့်အခါ မြတ်စွာဘုရားက ရဟန်းငါးရာတို့ကို မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းကြစေရန် မေတ္တာသုတ်တော် ဟောပြောသင်ကြားပေး၍ အဆိုပါ တောအုပ်သို့ပင် ပြန်လည်စေလွတ်လိုက်လေသည်။
        မေတ္တာကမ္မဋ္ဌာန်းစီးဖြန်း၍ မေတ္တာသုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်သွားကြသော ရဟန်းတော်များကို ရုက္ခစိုးနတ်တို့က မနာလိုစိတ်များပျောက်ကွယ်၍ လူအသွင်ဖန်ဆင်းကာ ခရီးဦးကြိုသူကြို၊ ဆွမ်းကိစ္စလုပ်ကျွေးသူက လုပ်ကျွေးကြလေသည်။ အေးချမ်းစွာ တရားအားထုတ်ကြရ၍ သီတင်းဝါကျွတ်သည့်အခါ ရဟန်းငါးရာတို့မှာ ကောင်းစွာတရားထူးရကြလေသည်။ ထိုအချိန်မှစ၍ မေတ္တာသုတ် ဖြစ်ပေါ်ကာ ရွတ်ဖတ်ခဲ့ကြပါသည်။
မေတ္တာပွားပုံ
၁။ သတ္တ၀ါများအားလုံး ချမ်းသာကြပါစေ။
၂။ အသက်ရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ။
၃။ ကြောက်တတ်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၎။ တည်ငြိမ်သော(မကြောက်တတ်သော) သတ္တ၀ါများ ချမ်းသာကြပါစေ။
၅။ ခန္ဓာကိုယ်ရှည်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၆။ ခန္ဓာကိုတိုသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၇။ ခန္ဓာကိုယ် မတိုမရှည်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၈။ ခန္ဓာကိုယ်ကြီးသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၉။ ခန္ဓာကိုယ် သေးငယ်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၀။ ခန္ဓာကိုယ် မကြီးမသေးသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၁။ ၀သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၂။ ပိန်သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၃။ မပိန်မ၀သော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၄။ မြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၅။ မမြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၆။ အဝေးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၇။ အနီးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ။
၁၈။ သတ္တ၀ါအချင်းချင်း စိတ်မဆိုးပဲ သည်းခံနိုင်ကြပါစေ။
၁၉။ ဘ၀ဇာတ်ဆုံးပြီးသော(ရဟန္တာ) သတ္တ၀ါများ ချမ်းသာကြပါစေ။
၂၀။ ဘ၀ဇာတ်မဆုံးသေးသော(ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်) သတ္တ၀ါများ ချမ်းသာကြပါစေ။
၂၁။ သတ္တ၀ါအချင်းချင်း မညှဉ်းဆဲပဲ အကျိုးကိုဆောင်ရွက်နိုင်ကြပါစေ။
၂၂။ သတ္တ၀ါအချင်းချင်း ရန်ငြိုးမထားဘဲ ချစ်ခင်ကြပါစေ။
၂၃။ သတ္တ၀ါအချင်းချင်း လေးစားကြည်ညိုနိုင်ကြပါစေ။
၂၄။ သတ္တ၀ါအချင်းချင်း ဆင်းရဲဒုက္ခမပေးပဲ ချမ်းသာသုခ ပေးနိုင်ကြပါစေ။
၂၅။ သတ္တ၀ါအချင်းချင်း မေတ္တာပွားနိုင်ကြပါစေ။

 မေတ္တာပွားရာတွင် တစ်ဦးတည်းသောသားကလေးအပေါ် သူ့မိခင်ကထားရှိသော မေတ္တာကဲ့သို့ သတ္တ၀ါအားလုံးအပေါ်တွင် တန်းတူထားရှိ မေတ္တာပို့ကြရပါမည်။ သို့မှသာ မိမိ၏ မေတ္တာသည် စူးရှသက်ရောက်ပါလိမ့်မည်။

.... ရေးသားဖေါ်ပြလိုက်ရပါသည်။ :)

Saturday, October 1, 2011

ချ​စ်ြ​ခ​င်း နှ​င့်ေ​မ​တ္တာ

'မေတ္တာ' ဆိုတဲ့ စကားလုံးကို အများသူငါ သုံးစွဲကြပါတယ်။
နောက် "ချစ်ခြင်းမေတ္တာ" လို့လည်း ပေါင်းစည်းသုံးစွဲကြ နားလည်ကြ ယျေဘူယျသိရှိကြပါသည်။
အမှန်တကယ်မှာမူကား ချစ်ခြင်းနှင့် မေတ္တာသည် ဆန့်ကျင်ဘက်သဘော အဓိပ္ပါယ်ဆောင်ပါသည်။ သို့သော်လည်း များသောအားဖြင့် ချစ်ခြင်းမေတ္တာသည် သဘောတူ၊ အနက်တူ၊ အဓိပ္ပါယ်တူဟု သိရှိနားလည်ထားကြပါသည်။
ချစ်ခြင်းကိုပင်လျှင် မေတ္တာ၊
မေတ္တာကိုပင်လျှင် ချစ်ခြင်းဟု ယူဆထားကြပါသည်။ ကျွန်ုပ်လည်း ထိုသဘောအတိုင်းပင်။ ဆရာကြီးဒေါက်တာမင်းတင်မွန်၏ မေတ္တာနှင့်သစ္စာအဖွင့် စာအုပ်ဖတ်လိုက်မှပင် ချစ်ခြင်းနှင့် မေတ္တာ သည် သဘောတရားဆန့်ကျင်ဘက်ဖြစ်နေသည်ကို ဂဃနဏ သိရှိခဲ့ရသောကြောင့်ပြန်လည်မျှဝေပါသည်။
ကောင်လေးနှင့်ကောင်မလေး သဘောကျနှစ်သက်လျှင် "ချစ်ကြိုက်နေပြီ" "မေတ္တာရှိနေပြီ" ဟု ပြောကြပါသည်။
ထို့အတူ မိခင်၏ သားသမီးအပေါ် ချစ်သည်ကိုလည်း ချစ်ခြင်းမေတ္တာဟု သုံးနှုံးကြပါသည်။
ဘုရားရှင်များ၏ သတ္တ၀ါအများအပေါ်ထားရှိသော သဘောထားကိုမူ မဟာဂရုဏာတော်မေတ္တာဟု သုံးကြပါသည်။
ထိုသို့သုံးနှုံးကြရာတွင် ရှေးဆရာကြီးများ၏ ဉာဏ်ကြီးမားမှု၊ ဝေါဟာရရွေးချယ်မှုတို့ကို ချီးကျူးရမည်ဖြစ်ပါသည်။
ကောင်လေးနှင့်ကောင်မလေးတို့၏အချစ်သည် ကိုယ်ချစ်သလို သူကလည်ပြန်ချစ်စေလိုသည်။ မချစ်ပါက ပူလောင်ကာ ဒေါသဖြစ်ရသည်။
မိဘနှင့် သားသမီးတို့သည်လည်း ကိုကတော့ ချစ်လိုက်ရတာ၊ ကျွေးမွေးလိုက်ရတာ ကြီးလာရော ခြေစုံကန်သွားပြီး လှည့်တောင်မကြည့်တော့ဘူးဆိုတဲ့ အတွေးဝင်ချိန်ကတော့ သားသမီးအပေါ်ချစ်ခဲ့ခြင်းရဲ့ အကျိုးပေးချိန်ပေါ့၊ သူ့ဟာနဲ့သူအဆင်ပြေနေတာပဲ ၀မ်းသာလှပါပီ၊ အဲဒါ ကျမသား/သမီးပေါ့လို့ ကြည်နူးရတဲ့ အချိန်ကတော့ မေတ္တာရဲ့ အကျိုးပေးချိန်ပေါ့။
ချစ်ကြိုက်ခြင်း နှင့် မေတ္တာရှိခြင်း တို့သည် အဓိပ္ပါယ်တူသယောင်ယောင်နှင့် သဘောချင်းကွဲလွဲကြပါသည်။ ချစ်ကြိုက်ခြင်း ဆိုသည်တွင် လိုချင်တပ်မက်သည့် သဘောပါ၏။ မေတ္တာတွင် လိုချင်မှုမပါ၊ အေးငြိမ်းစေလိုသော၊ ချမ်းသာစေလိုသော စေတနာသာပါ၏။
ချစ်ကြိုက်ခြင်းတွင် ကိုယ့်အတွက်လောဘပါ၏။ မေတ္တာတွင် ကိုယ့်အတွက်လောဘမပါ။
ချစ်ခြင်းသည် တဏှာနွယ်၍ လောဘ စေတသိက်ဖြစ်၏။ 
မေတ္တာသည် သူတစ်ပါးအားအေးငြိမ်းစေလိုသောစေတနာဖြစ်၍ အဒေါသ စေတသိက်ဖြစ်၏။
လောဘ စေတသိက်သည် အကုသိုလ် တရားဖြစ်၏။
အဒေါသ စေတသိက်သည် ကုသိုလ်တရားဖြစ်၏။
ထို့ကြောင့် ချစ်ခြင်းနှင့် မေတ္တာသည် ဆန့်ကျင်ဘက်တရားများဖြစ်ကြ၏။
ပုထုဇဉ်များသည် ချစ်ခြင်းနှင့်မေတ္တာရောထွေးနေကြသည်။ တစ်ခါတရံ မေတ္တာသက်သက်စိတ်ဖြစ်လိုက် တစ်ခါတစ်ရံ ချစ်ခြင်းဖြစ်လိုက်နှင့် ကုသိုလ်နှင့်အကုသိုလ် ရောထွေးစွာပြုလုပ်ကြသည်။ ထို့ကြောင့် အကြောင်းမရှင်းခဲ့သောကြောင့် အကျိုးမှာလည်း မသန့်စင်ပါ။
ချစ်ခြင်းနှင့် မေတ္တာကို သေသေချာချာ နားလည်သဘောပေါက်ပါက ကုသိုလ်တရားဖြစ်သည့် မေတ္တာများများ ထားနိုင်ကြပါစေသောဝ်....။