Sunday, August 28, 2011

ကံအကျိုးပြ

တိုတိုနဲ့ ထိမိတဲ့ ကဗျာလေးမို့ပါ...။ အမရပူရမြို့(တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ) ရေးစပ်ခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။

၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာ တို။
၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက် ကို။
၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲမူ၊ ပြောထူ ရောဂါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နှင်း၊ ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြွေရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြွေရံကို။
၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခမ်းဥစ္စာကို။
၁၀။ စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
                                                     (မဟာဂန္ဓာရုံဆ၇ာတော် အရှင်ဇနကာဘိဝံသ)

Thursday, August 11, 2011

ဟာသ

ညက တရားပွဲမှာ ဆရာပြောပြတဲ့ ဟာသပုံပြင်လေးတွေပါ...

   တစ်ခါက စိတ္တဇဆေးရုံတစ်ခုမှာ ဝေဒနာရှင်တစ်ဦးက သစ်ပင်ပေါ်ကိုတက်ပြီး ဟိုး သစ်ကိုင်းအဖျားမှာသွားထိုင်နေတယ်။
     အဲဒီအချိန်မှာပဲ ဆရာဝန်ရောက်လာပြီး သူ့လူနာကိုမြင်ပီး လိမ့်ကျမှာစိုးရိမ်သွားတယ်။ ဒါနဲ့ သူ့ကို အောက်ကို ပြန်ဆင်းဖို့ ခေါ်တာပေါ့။ အမျိုးမျိုးချော့ခေါ်ပေမယ့်လည်း ခေါင်းရမ်းပဲပြနေတယ်၊ ဆင်းမလားဘူး၊ ဒါနဲ့ ခြိမ်းချောက်ခေါ်တော့လည်း ဆင်းမလားဘူး။ အကြံတစ်ခုထပ်ရပြီး ဓားတစ်ချောင်းသွားရှာလာပြီး အပေါ်က လူနာကို မင်းဆင်းမှာလား မဆင်းဘူးလား ဆင်းမလာရင် သစ်ပင်ကိုခုတ်ချလိုက်မယ်လို့ တကယ်သစ်ပင်ကို ခုတ်မဲ့ဟန်နဲ့ခြိမ်းခြောက်တာပေါ့။ ဒါပေမယ့် အပေါ်က ဝေဒနာရှင်ကတော့ ဆင်းမလာဘူး၊ ခေါင်းပဲရမ်းပြနေတယ်။ 
        ဒီအချိန်မှာပဲ ဝေဒနာရှင်တစ်ဦး သူတို့အနားရောက်လာပြီး ဘာဖြစ်နေတာလဲဆရာလို့ မေးပါတယ်။ ဒီတော့ ဆရာဝန်လည်း သစ်ပင်ပေါ်က ဝေဒနာရှင်ကို လိမ့်ကျမှာစိုးလို့ အောက်ကိုခေါ်တာ ခေါ်မရလို့ သူစိတ်ညစ်နေတဲ့ အကြောင်း ပြောပြပါတယ်။ ဒီအခါမှာ ဝေဒနာရှင်က ဒါများအလွယ်လေး ကျွန်တော်ဆင်းအောင် လုပ်ပေးမယ်လို့ပြောပြီး၊ ဆရာဝန်လက်ထဲက ဓားကိုယူပြီး သစ်ပင်ပေါ်ကိုကြည့်ကာ "ဟေ့ကောင် ဆင်းမလား၊ မဆင်းဘူးလားလို့" အော်မေးတဲ့အခါ သစ်ပင်ပေါ်က ဝေဒနာရှင်က ချက်ချင်းပဲ ဆင်းမယ်ဆင်းမယ်ဆိုပြီး ကြောက်လန့်တကြား ဆင်းချလာပါတယ်။
      မြေပြင်ပေါ်ရောက်တော့ ဆရာဝန်လည်း မကျေမနပ်နဲ့ အဲဒီ သစ်ပင်ပေါ်က ဆင်းလာတဲ့လူနာကိုမေးတယ်တဲ့။ ခင်ဗျား ကျွန်တော်ခေါ်တုံးက ဆင်းမလားပဲနဲ့ ဘာလို့ ဟိုတစ်ယောက်ခေါ်မှ ဆင်းလာတာလဲလို့ မေးတယ်တဲ့။
    ဒီတော့ လူနာက 
"ဟာ... ဆရာက လူကောင်း တကယ်မလုပ်ဘူးလေဗျာ၊ ဟိုကောင်က အရူး တကယ်လုပ်မှာဗျ"  ဟူသတည်း :)

         တစ်ခါက စိတ္တဇဆေးရုံတစ်ခုမှာ စိတ်အခြေအနေပြန်ကောင်းလာတဲ့ လူနာတွေကို အိမ်ပြန်ပို့ဖို့အတွက် စစ်ဆေးတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်တယ်တဲ့။
        အခန်းတစ်ခန်းမှာ စားပွဲ ကုလားထိုင်တွေ ချထားပြီး လူနာတွေကို ထိုင်ခိုင်းပါတယ်။ ပြီးတော့ လက်ဖက်ရည်ခွက်တွေနဲ့ ကိတ်ပန်းကန်ကို ဘာမှမပါပဲ လာချပါတယ်။ နောက် ခရာအိုးအလွတ်တစ်ခုကို တစ်ယောက်ယူလာပြီး လက်ဖက်ရည်ခွက်ထဲကို လက်ဖက်ရည်တွေငဲ့ပေးဟန်ပြုပါတယ်။ အဲဒီနောက် စားပွဲထိပ်က ဆရာဝန်က ကဲ ကဲ.. လက်ဖက်ရည်နဲ့ မုန့်သုံးဆောင်ကြပါဦး လို့ ပြောပြီး သူလည်း စားဟန် သောက်ဟန်ပြုပါတယ်။ အဲဒီအခါမှာ ကျန်တဲ့ ဝေဒနာရှင်တွေလည်း ဘာမှ မပါတဲ့ ခွက်တွေကိုကိုင်ပြီး အားရပါးရ စားကြသောက်ကြတာပေါ့။
           အဲ.. တစ်ယောက်ကတော့ ခပ်တည်တည်ထိုင်နေတယ်တဲ့ ဘာမှမလုပ်ဘူးတဲ့။ ဒါနဲ့ စားပွဲထိပ်က ဆရာဝန်က "အင်း... ဒီလူနာတော့ ကောင်းသွားပီ၊ သူ့ကို ဆင်းခွင့်ပေး လိုက်တော့မယ်လို့ " တွေးမိတယ်တဲ့။
           ဒီလိုနဲ့ စမ်းသပ်မှုပြီးတော့ ဘာမှမစားတဲ့လူနာကိုချန်ထားပြီ ကျန်လူနာတွေကိုပြန်ခိုင်းလိုက်ပါတယ်။ စမ်းသပ်ဆရာဝန် အဖွဲ့လည်း သူတို့ ကုလို့ တစ်ယောက်တော့ အောင်မြင်ပြီဆိုပြီး ၀မ်းသာနေကြတယ်တဲ့။ ဒါနဲ့ အဲဒီလူနာကို မေးကြတယ်တဲ့ "ခင်ဗျား ခုနင်က ဘာလို့ ကော်ဖီနဲ့ မုန့်တွေ မစားတာလဲ"လို့ပေါ့။
ဒီအခါလူနာက " ဟာ... ဒီလောက် ပူနေတဲ့ဟာ သွားသောက်ရင် လျှာကျွတ်သွားမှာပေါ့ဗျ"  
ဟူသတည်း :D